← Chapters

ခြေတစ်လှမ်းချင်း၊ အစီအစဥ် တစ်ခုချင်း

Vol. 26 Ch. 362

ခြေတစ်လှမ်းချင်း၊ အစီအစဥ် တစ်ခုချင်း

Vol. 26 Ch. 362

ဝေ့ဝူယင် ပြန်လည် ရောက်ရှိသည်မှာ အချိန် သုံးရက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဂိတ်တံခါး အနီး ဖြစ်ပျက်ခဲ့သည့် မတော်တဆမှုက တောမီးတစ်ခုလို ပျံ့နှံ့နေသည့်တိုင် မည်သူမှ အထူးတလှယ် မစုံစမ်းဝံ့ချေ။ အထူးသဖြင့် ၎င်းက အာရုံဦး အာဏာရှင် ဧကရာဇ်နှင့်တိုက်ရိုက် ပတ်သက်နေရာ မဟာ အင်ပါယာ သူတော်စင်များပင် လက်ရှောင်နေကြသည်။

သို့သော်လည်း မတော်တဆမှုတွင် သေဆုံးသွားသည့် လူများ၏ ကျန်ရစ်သည့် မိသားစုများမှာ အနန္တဧကရာဇ်ဂိုဏ်းထံမှ လျော်ကြေးငွေများကို မြိုးမြိုးမြက်မြက် ရရှိလိုက်သည်။ ငွေကြေးက လူတစ်ယောက် နေရာတွင် အစားမထိုးနိုင်သည့်တိုင် အနည်းဆုံးတော့ ၎င်းက သူတို့၏ ပူဆွေးကြေကွဲမှုများကို လျှော့ချပေးနိုင်လိမ့်မည် ဖြစ်သည်။

ကျင့်ကြံခြင်းလောကကမှာ လူသေဆုံးမှုများဖြင့် ပြည့်နှက်နေသည့် နေရာ ဖြစ်သည်။ တစ်ခါတစ်ရံ အင်အားကြီး ပုဂ္ဂိုလ်များ၏ တိုက်ပွဲတွင် အပြစ်မဲ့လူ သန်းချီမှာ မြေစာပင် ဖြစ်ကာ သေဆုံးသွားလေ့ ရှိသည်။ သို့သော်လည်း သူတို့ကို မည်သူက အဖက်လုပ်ခဲ့သနည်း။ ထိုကဲ့သို့ အခြေအနေများနှင့် နှိုင်းစာလျှင် ယခုကဲ့သို့ တာဝန် သိတတ်သည့် အနန္တ ဧကရာဇ်ဂိုဏ်း၏ လုပ်ရပ်က အများကြီး ချီးကျူးစရာ ကောင်းလှသည်။

စုမေ့နှင့် ဝေ့ဝူယင်တို့မှာ ကောင်းကင်နန်းတော်၏ ဧည့်ခန်းမထဲတွင် ရပ်နေခဲ့ကြ၏။ စုမေ့က သေဆုံးသူများ၏ မိသားစုများကို လျော်ကြေးငွေပေးခြင်း အပါအဝင် သူမအား ပေးအပ်ထားသည့် တာဝန်များကို အစီရင်ခံနေခဲ့သည်။

ဝေ့ဝူယင် ငြိမ်သက်စွာပင် နားထောင်နေ၏။ စုမေ့မှာ ပေးအပ်လိုက်သည့် တာဝန်များကို ကိုင်တွယ်တာရာတွင် သူ့ထက်ပင် အဆပေါင်းများစွာ ပိုမို သေသပ်သည်။ အနုနည်းဖြင့် ရှင်း၍ ရသူကို အနုနည်းဖြင့် ရှင်းကာ အကြမ်းနည်း သုံးသင့်လျှင် သုံးသည်။ လျော်ကြေးငွေ လက်မခံပဲ ဝေ့ဝူယင်အား လက်စားချေဖို့ ကြိုးစားသူများမှာ သူမ၏ နှုတ်ပိတ်ခြင်းကို ခံခဲ့ရသည်။ ၎င်းက အတော်လေး ရက်စက်သည် ဟု ဆိုနိုင်သည့်တိုင် ကျူပင်ခုတ်ကျူငုတ် မကျန်‌စေရ ဆိုသော စကားလည်း ရှိသေးသည် မဟုတ်ပါလား။

မကြာခင်မှာပင် စုမေ့မှာ အစီရင်ခံမှု ပြီးဆုံးသွား၏။ ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးလိုက်သော်လည်း သူမ အပေါ် အပြစ်မတင်‌ချေ။ ထိုမိန်းက‌လေး လုပ်ခဲ့သမျှက သူ့အတွက်ချည်းသာ ဖြစ်သည်။

“ငါ ဝိညာဥ်ဆင်းတု အဆင့်ကို ရောက်သွားပြီ”

ဝေ့ဝူယင်က ခေါင်းစဥ်ကို ပြောင်းလိုက်၏။

“ဟုတ်လား....”

စုမေ့၏ မျက်လုံးထဲ၌ အံ့အားသင့်ခြင်းများ ဖြစ်ပေါ်လာ၏။ ပုံမှန်ဆိုလျှင် ဝိညာဥ်ဆင်းတု အဆင့်များမှာ ဝိညာဥ် ပုံရိပ်ယောင် စွမ်းအင်များဖြင့် ဖြာထွက်နေတတ်သည်။ သို့သော်လည်း ထူးဆန်းစွာပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်၌ ဘာကိုမှ သူမ မမြင်ရချေ။

ဝေ့ဝူယင်က စကားဆက်လိုက်၏။

“ငါသုံးခဲ့တဲ့ နည်းလမ်းက နည်းနည်းတော့ ပရမ်းပတာ နိုင်တယ်... နင်သိတဲ့ အတိုင်း ဝိညာဥ်ကွင်းက ပိုကြီးလေလေ၊ ဝိညာဥ် ပုံရိပ်ယောင် စွမ်းအင်တွေ ပိုလိုအပ်လေလေ... အခြေခံ အုတ်မြစ် ပိုသိပ်သည်းလေလေ ကျော်ဖြတ်ရ ပိုခက်လေလေပဲ... ငါ ကပ်ဘေးကို စိန်ခေါ်တုန်းက ဝိညာဥ်ကွင်းတွေက ကြယ်တာရာ နယ်မြေထက်တောင် ပိုကြီးနေသေးတယ်... အရမ်းဝေးတဲ့ နေရာတွေဆီကိုတောင် ငါ ရောက်သွားသေးတယ်”

“ ... “

စုမေ့မှာ မယုံကြည်နိုင်စွာဖြင့် နားထောင်နေ၏။ သူမသည်လည်း ဝိညာဥ်ဆင်းတု အဆင့် ကပ်ဘေးကို ဖြတ်ကျော်ခဲ့ရာ ကပ်ဘေး၏ သဘောတရားကို နားလည်ပေသည်။ ဝိညာဥ်ကွင်းများမှာ နေရာကူးပြောင်း ပေးနိုင်စွမ်း ရှိပြီး သူမဆိုလျှင် နဝမမြောက် ကောင်းကင်အလွှာကိုပင် ဖြတ်ကျော်ကာ လေထုအပြင်ဘက် အထိ ရောက်ရှိသွားခဲ့သည်။ ကံကောင်းထောက်မစွာပင် ၎င်းက တစ်ခဏမျှလေးသာ ကြာမြင့်ခဲ့သည်။

ရုတ်တရက် ဝေ့ဝူယင် သယ်ဆောင်လာသည့် အအေးဓာတ်ကို သူမ ပြန်လည် စဥ်းစားလိုက်မိ၏။ သူက သုံးလွှာ ကြယ်တာရာ နယ်မြေကိုပင် ကျော်လွှန်ကာ ပို့ဆောင်ခံလိုက်ရသည်လား။ သူ၏ ကျင့်ကြံခြင်း အခြေခံ အုတ်မြစ်က ဘယ်လောက်တောင် သိပ်သည်းနေသနည်း။

“ငါ ကြယ်တာရာ နယ်မြေသုံးခုလောက် အထိတောင် ရောက်သွားခဲ့တာ... ဟင်းလင်းပြင် ဓာတ်လုံးနဲ့ ယာယီ ဂိတ်တံခါး ဖန်တီးတဲ့ နည်းလမ်းတစ်ခု စဥ်းစားထားမိတာ တော်သေးတယ်... အဲဒါက အလုပ်ဖြစ်လို့ပေါ့.... မဟုတ်ရင် အဲဒီနေရာက အမှောင် ဟင်းလင်းပြင်ရဲ့ အအေးဓာတ်ကြောင့် ငါ သေသွားလောက်ပြီ”

စုမေ့၏ နှလုံးသားမှာ အရှိန်ပြင်းပြင်းနှင့် တုန်ခါသွား၏။ ဝေ့ဝူယင်က အခြား ကြယ်တာရာ နယ်မြေ သုံးခုကိုပင် ရောက်ရှိခဲ့သည်လား။ သူမတွင် မေးခွန်းများစွာ ရှိသေးသော်လည်း မေးရန် မလိုအပ်ဟု ခံစားလိုက်ရသည်။ စုမေ့ ပင့်သက်တစ်ချက် ရှိုက်ရင်း စိတ်ကို ရှင်းလိုက်၏။

“ဘာပဲဖြစ်ဖြစ် အရှင်ဝေ့ အဆင်ပြေနေသေးတာပဲလေ”

ဝေ့ဝူယင်က စုမေ့၏ ကြည်လင်နေသည့် အနက်ရောင် မျက်လုံးလေးများကို ကြည့်ရင်း နွေးထွေးစွာ ပြုံးပြ လိုက်သည်။

“အင်း... ငါအဆင်ပြေပါတယ်”

ထို့နောက် သူတို့ နှစ်ယောက်မှာ အတန်ကြာ ငြိမ်သက်သွား၏။ စုမေ့က ခေါင်းအား ငုံ့လိုက်ည်။

“အခြားကိစ္စမရှိတော့ဘူး ဆိုရင်... ကျွန်မ”

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။

“အင်း... နင် ပင်ပန်းသွားပြီ... အနားယူလိုက်ဦး”

စုမေ့က ဦးတစ်ချက် ညွှတ်ကာ ထွက်ခွာသွား၏။ မကြာခင်မှာပင် သူမ၏ ခန္ဓာကိုယ်လေးမှာ တံခါးဝမှ ထွက်ကာ ပျောက်ကွယ်သွားခဲ့တော့သည်။

ဝေ့ဝူယင် မျက်နှာကျက်ကို မော့ကြည့်လိုက်၏။ သူ၏ တလက်လက် တောက်ပနေသည့် ငွေရောင် မျက်လုံးများမှာ ဝိညာဥ်စွမ်းအင်များနှင့် ပြည့်နှက်နေသည်။ ကျင့်ကြံခြင်း အဆင့် တိုးတက်လာသည်နှင့် အမျှ ကမ္ဘာကြီး၏ လျှို့ဝှက် ဆန်းကြယ်မှု အမျိုးမျိုးကို သူ ပိုမို ထိတွေ့လာနိုင်ခဲ့သည်။ လျှောက်လှမ်းခဲ့သည့် လမ်းကြောင်း တစ်လျှောက် အဖြေအချို့ကို သူ ရရှိခဲ့သော်လည်း မေးခွန်းများကလည်း ထပ်မံ တိုးပွားလာခဲ့သည်။ ဘယ်အချိန်ရောက်မှ သံသယနှင့် ရှုပ်ထွေးမှုများ မရှိပဲ ရှင်သန်နိုင်မည်နည်း။

ဘာကြောင့်မှန်း မသိသော်လည်း ထိုအခိုက်၌ သုံးလွှာ ကြယ်တာရာ နယ်မြေမှာ ပျက်စီးခြင်းနှင့် သတ်ဖြတ်ခြင်း ချောက်ကမ်းပါး တစ်ခုထက်၌ တည်ရှိနေသလို သူ ခံစားလိုက်ရသည်။ အကြောင်းရင်းကို မပြောနိုင်သည့်တိုင် ၎င်းက ထိုလမ်းကြောင်းအတိုင်း သွားနေသည်မှာ သေချာလှသည်။

နေ့တိုင်းနေ့တိုင်း၌ ထရီလီယံပေါင်းများစွာသော အသက်များမှာ ဆိုးရွားလှသည့် ကံကြမ္မာကို မသိလိုက်ပဲ ဖြတ်သန်းနေကြသည်။ ကြယ်တာရာ နယ်မြေ အသေများမှ ပျောက်ဆုံးနေသည့် နေများနှင့်  ယနေ့ ကောင်းကင်တွင် ထွန်းလင်းနေသည့် နေသုံးစင်း အကြား တစ်စုံတစ်ရာ ဆက်စပ်နေ၊ မနေ မသေချာသည့်တိုင် ထိုအာရုံခံစားမှုက သူ့ အတွေးများကို ဆက်လက် ခြောက်လှန့်နေဆဲ ဖြစ်သည်။ တစ်နေ့ သူတို့၏ ကံကြမ္မာမှာရော ထိုကြယ်တာရာ နယ်မြေများလို အဆုံးသတ်ရမည်လော။ ဝေ့ဝူယင် ထိုင်ခုံပေါ်တွင် ထိုင်ရင်း တစ်နာရီမျှ ကြာအောင် တွေးတောနေမိခဲ့၏။

“တစ်ကြိမ်ကို ခြေတစ်လှမ်းပဲ လှမ်း... အစီအစဥ်ကို ကြိုစဥ်းစားထား... အောက်ကို ငုံကြည့်ဖို့ မမေ့နဲ့... ခြေလှမ်းတွေ မှန်ပါစေ...”

အကိုကြီး၏ စကားများက သူ့ခေါင်းထဲ တဝဲလည်လည် ပြန်လည် ပေါ်လာခဲ့သည်။ ဟုတ်သည်။ ဝေးလံ‌‌ခေါင်သီသော အတွေးများမှာ လက်တွေ့ဘဝကို ဝေဝါးစေနိုင်စွမ်း ရှိသည်။ သူ မကြာခင် ငရဲ၏ ကပ်ဘေးကို ရင်ဆိုင်ရမည် ဖြစ်သည်။ စက္ကန့်တိုင်း၊ စက္ကန့်တိုင်းက အလွန် အဖိုးတန်သည်။ အပိုအကြောင်းအရာများ တွေးတောနေရန် သူ့အတွက် အချိန်မရှိချေ။ ထိုအတွက် သူ ပြင်ဆင်ရမည်။ စိတ်ပိုင်းဆိုင်ရာ ဖြစ်ဖြစ်၊ ရုပ်ပိုင်ဆိုင်ရာ ဖြစ်ဖြစ်... တစ်လက်မလောက် တိုးတက်လာလျှင်ပင် ၎င်းက အလွန် အရေးပါလာနိုင်သည်။

သည်ကြယ်တာရာ နယ်မြေ ဖျက်ဆီးခံလိုက်ရတော့ရော ဘာအရေးနည်း။ အချိန်ကျလျှင် ကိုယ့်အသက်ကို ကာကွယ်နိုင်ရန် နည်းလမ်းတစ်ခုတော့ ပေါ်လာပေလိမ့်မည်။

“ငါ့မှာ ကိုင်တွယ်စရာ ကိစ္စတွေ ရှိသေးတယ်... ဂိတ်တံခါးထဲကိုလည်း ဝင်ရမယ်.. အဲဒီနေရာမှာ ငါ ရှာဖွေနေတဲ့ အဖြေတချို့ကို တွေ့ကောင်း တွေ့နိုင်တယ်... ဒါပေမဲ့ ခုလောလောဆယ်တော့ အဂ္ဂိရတ် အစည်းအရုံးကို သွားပြီး သူတို့နဲ့ တွေ့ရမယ်... သူတို့ ဘာလိုချင်လဲ၊ ဘာဖြစ်ချင်လဲ ဆိုတာက အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်”

ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်ရင်း ကိုယ်ပိုင် ခွန်အား တိုးတက်လာရေး အပါအဝင် အစီအစဥ်များကို ချမှတ်လိုက်၏။  သူက ယခုတွင် ဝိညဥ်ကွင်း ကိုးကွင်းကို ပိုင်ဆိုင်ထားသော်လည်း ထိုအရာက သမာရိုးကျ အကန့်အသတ်မျှသာ ဖြစ်သည်။

ဝိညာဥ်ကွင်းများမှာ ထာဝရ တည်မြဲနေခြင်း မရှိပဲ သင့်တော်သည့် ရင်းမြစ်ဖြင့် ထောက်ပံ့ပေးပါက အပြောင်းအလဲ ဖြစ်နိုင်သည့် ဖြစ်တည်မှုများ ဖြစ်သည်။ သူ လောကခြေချခြင်း ဆေးရည်ကို ဖော်စပ်ကာ ထို့ပိဟန်ကို ဝိညာဥ်ကွင်းခြောက်ကွင်းမှ ကိုးကွင်းအထိ ရောက်ရှိအောင် ကူညီပေးခဲ့ဖူးသည်။ အသစ် ဖြစ်ပေါ်လာသည့်  ကွင်းများမှ ဆေးရည်၏ အရည်အသွေးပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်သည်။ အရေးအသွေးနိမ့်လျှင် အားနည်းသွားမည် ဖြစ်ပြီး အရည်အသွေး မြင့်မားလျှင် ပုံမှန် ကွင်းများထက်ပင် ခွန်အား ပိုမို ကြီးမားလိမ့်မည် ဖြစ်သည်။

အဂ္ဂိရတ် လမ်းစဥ်တွင် “ဝိညာဥ်နတ်ဘုရား ဆေးရည်” ဆိုသည့် နဝမ အဆင့် မူကွဲ ဆေးရည် တစ်ခု ဖြစ်သည်။ ၎င်းကို သောက်သုံးပါက ဒဿမမြောက် ဝိညာဥ်ကွင်း ပေါ်ထွက်လာနိုင်မည်လော။ ဝေ့ဝူယင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့် တောက်ပလာ၏။

အကယ်၍ ကြယ်တာရာ ဝိညာဥ် လေးခုလုံး ‌ပေါင်းစည်းထားသည့် ဆယ်ခုမြောက် ဝိညာဥ်ကွင်းကို ဖန်တီးနိုင်ပါက သူ့ ခွန်အားက နားမလည်နိုင်သည့် အဆင့်တစ်ခု ‌ရောက်အောင် မြင့်တက်သွားလိမ့်မည် ဖြစ်သည်။ ယင်းက အန္တရာယ် အလီလီ ဖြတ်ကျော်ရနိုင်သည့် ဂိတ်တံခါးအတွင်း သူ့အသက်‌ ဘေးကင်းလုံခြုံဖို့ကို အာမခံချက် ပေးနိုင်လိမ့်မည် ဖြစ်သည်။

ဆေးရည် ဖော်စပ်ရန် လိုအပ်သည့် ပစ္စည်းများကို စဥ်းစားရင်း ကြိုးစားခွင့် အကန့်အသတ်နှင့်သာ ရှိကြောင်း ဝေ့ဝူယင် နားလည်လိုက်၏။  ဝိညာဥ် နတ်ဘုရားဆေးရည် ဖော်စပ်ရန် အလွန်ရှားပါးသည့် ဆန်းကြယ် ကျောက်စိမ်း ဝိညာဥ်ပြာ ကို လိုအပ်သည်။ သူ့တွင် ခြောက်ခုသာ ရှိရာ ဆိုလိုသည်က ခြောက်ကြိမ်သာ ကြိုးစားခွင့်သာ ရှိပေသည်။ ထိုခြောက်ခုပင်လျှင် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း အမျိုးမျိုးသော စျေးများမှ နေ၍ ပိုက်စိပ်တိုက်ကာ တန်ကြေးကြီးကြီး ပေး၍ ရှာဖွေထားခဲ့ခြင်း ဖြစ်သည်။ ၎င်းအား ထပ်မံ ရရှိရန် ဘယ်လိုမှ မလွယ်ကူတော့ချေ။

ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်ရင်း ကောင်းကင်ကိုပင် တော်လှန်နိုင်သည့် ထိုထုတ်ကုန်အား ဖော်စပ်ရန် ဆုံးဖြတ်လိုက်တော့၏။

***

All Chapters