မဟာ အင်ပါယာ သူတော်စင်များ တွေ့ဆုံခြင်း
Vol. 26 Ch. 363
ယခုလပိုင်း၌ အနန္တ ဧကရာဇ်ဂိုဏ်းမှာ သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံး၏ အာရုံစိုက်စရာ ဖြစ်နေခဲ့သည်။ ဝေ့ဝူယင်၏ ပေါ်ထွက်လာမှု၊ ထို့ပိဟန်၏ အဆင့်တက်လှမ်းမှုတို့နှင့် အတူ သူတို့မှာ အားလုံး၏ စိတ်ဝင်တစား စောင့်ကြည့်စရာ တစ်ခု ဖြစ်လာခဲ့သည်။
အပြင်လောကကြီး တစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေစဥ်တွင် အနန္တ ဧကရာဇ်ဂိုဏ်း၏ ခေါင်းဆောင်ကြီး ငါးဦးမှာ အဋ္ဌမမြောက် ကောင်းကင်အလွှာထက်ရှိ နန်းတော်တစ်ခုထဲ၌ စည်းဝေးနေကြ၏။ သူတို့သည် စက်ဝန်း သဏ္ဌာန် စားပွဲခုံ၏ ပတ်လည်တွင် ပဉ္စဂံကျကျ ထိုင်နေခဲ့ကာ ထို့ပိဟန်မှာ ခေါင်းဆောင်နေရာကို ရယူထားသည်။ ထူးကဲပြီး မြင့်မြတ်သော စွမ်းအင်များမှာ သူ့ခန္ဓာကိုယ်မှ တစ်ချက်တစ်ချက် ထွက်ပေါ်နေခဲ့၏။
လောကသခင် အဆင့်ကို အသစ်စက်စက် ရောက်ရှိလာခဲ့သည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ထိုအဆင့်နှင့် ပြီးပြည့်စုံစွာ အသားကျရန် သူ့တွင် အချိန်လိုအပ်ဆဲ ဖြစ်သည်။ ရံဖန်ရံခါ၌ ခန္ဓာကိုယ်မှ ထုတ်လွှတ်သည့် အာကာသ စွမ်းအင်လှိုင်းဂယက်များကို သူ ထိန်းချုပ်နိုင်စွမ်း မရှိသေးချေ။
အင်ပါယာ တောင်ထွတ်သခင် ဇင်က ထို့ပိဟန်ကို လေးစားစွာ ကြည့်လိုက်၏။ လောကသခင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့်တိုင် ထို့ပိဟန်မှာ ဘာမှ မပြောင်းလဲချေ။ အရင်လို မီးခိုးရောင် ဝတ်ဆင်ထားဆဲ၊ မီးခိုးရောင် ဆံပင်များကို ပိုင်ဆိုင်ထားဆဲ... ပျင်းရိဆဲ ပျင်းရိဆဲ ဖြစ်သည်။ သို့သော်လည်း အစွမ်းထက်သော ကိုယ်ရောင် ကိုယ်ဝါကတော့ သူ့ကို ယခင်ကထက် အဆပေါင်းများစွာ ပိုမို ခန့်ညားလာစေခဲ့သည်။
“အသက်ရှင်ကျန်ရစ်တဲ့ လူတွေ ကိစ္စကို ကိုင်တွယ်ဖြေရှင်းပြီးပြီ... ဒဏ်ရာ ရသွားတဲ့ လူတွေကိုတော့ ကျုပ်တို့ရဲ့ ထိပ်တန်း ဆေးသူတော်စင်တွေက ကုသပေးနေတယ်... နောက်ပြီး ကောင်းကင်ဧကရာဇ်ဝေ့က အဆင့်ခုနစ် အသက်ဆေးရည်ပုလင်းတွေကို အကန့်အသတ်မဲ့ ထောက်ပံ့ပေးထားတယ်... အဆိုးဆုံး အခြေအနေကို ရောက်သွားတဲ့ လူတွေတောင် တစ်နှစ်၊ နှစ်နှစ် အတွင်း ပြန်ကောင်းလာမှာပါ”
ယောင်ကျန်းက အစီရင်ခံလိုက်၏။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ထိုပြဿနာများကို ဖြေရှင်းရန် သူ စုမေ့ကို များစွာ ကူညီပေးခဲ့သည်။ အကယ်၍ ယောင်ကျန်းနှင့် ထို့ပိဟန်တို့၏ အကူအညီသာ မပါပါက စုမေ့မှာ ပြဿနာ အားလုံးကို နှစ်ရက်တည်းနှင့် ပြီးအောင် ရှင်းဖို့ ခက်လိမ့်မည် ဖြစ်သည်။
နတ်ဆိုးတောင်ထွတ်၏ မဟာအင်ပါယာ သူတော်စင် တစ်ပါး အနေဖြင့် ယောင်ကျန်းမှာ ပုံမှန်ဆိုလျှင် ထိုကဲ့သို့ ပြဿနာမျိုးထဲ၌ ဝင်ပါလေ့ မရှိချေ။ သို့သော်လည်း ဤသည်က ဝေ့ဝူယင်၏ တောင်းဆိုမှု ဖြစ်ရာ သူ အစွမ်းကုန် ကြိုးစားပေးခဲ့သည်။ ထို့ပိဟန်က ယောင်ကျန်းကို ပြုံးပြရင်း ဂုဏ်ယူမှု အငွေ့အသက်တို့ကို ထုတ်ဖော် ပြသလိုက်၏။
“မတော်တဆ ဖြစ်ရပ်က အားလုံး အဆင်ပြေသွားပြီ ဆိုတော့ အနန္တ ဧကရာဇ်ဂိုဏ်းရဲ့ စည်းကမ်းတွေ အကြောင်းလည်း ငါတို့ ဆက်ပြီး ဆွေးနွေးသင့်တယ်”
ဇင်က အလေးအနက် အမူအရာဖြင့် ဆိုလိုက်၏။
“ရှင်တို့ အားလုံး သိထားကြတဲ့ အတိုင်း ဂိုဏ်းထဲမှာ သူတော်စင်တွေရဲ့ အဆင့်အတန်းကို ကျင့်ကြံခြင်း အခြေခံနဲ့ ဆုံးဖြတ်ကြတယ်... ဒီမတိုင်ခင် အမြင့်ဆုံး အဆင့်က ကြယ်တာရာ အမြုတေ အမြုတေ အဆင့်ခြောက် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ပဲ... ဒါကြောင့် အဲဒီအဆင့်ကိုပဲ တောင်ထွတ်သခင်၊ မဟာ အင်ပါယာ သူတော်စင် စသဖြင့် သတ်မှတ်ခဲ့ကြတယ်”
“ခု မဟာသူတော်စင်ထို့က အဆင့်တက်သွားပြီ... လောကသခင် တစ်ယောက် ပြီးသွားပြီ... သူက ငါတို့နဲ့ တူညီတဲ့ အဆင့်အတန်းမှာ မရှိတော့ဘူး”
ဇင်၏ အသံက နောက်ဆုံး၌ အနည်းငယ် တိုးလျသွား၏။ ဂိုဏ်းတည်ထောင်သူ ဧကရာဇ်ဝူယု ကိုယ်တိုင် ချမှတ်ထားခဲ့သော စည်းမျဥ်းအရ ဆိုလျှင် ကျင့်ကြံခြင်း အခြေခံ အမြင့်မားဆုံး ပုဂ္ဂိုလ်သာလျှင် ဂိုဏ်း၏ အမြင့်မားဆုံး ရာထူးဖြစ်သည့် မဟာ အင်ပါယာ သူတော်စင် ရာထူးကို ဆက်ခံနိုင်စွမ်း ရှိပေသည်။ ထိုစည်းမျဥ်း အတိုင်းဆိုပါက အနန္တ ဧကရာဇ်ဂိုဏ်း၏ အကြီးအကဲနှင့် တပည့် အဆင့်အတန်း အခြေခံ သတ်မှတ်ချက်များ ပြောင်းလဲသွားမည် ဖြစ်ကာ မဟာ အင်ပါယာ သူတော်စင် အရေအတွက်မှာလည်း ငါးယောက်မှ တစ်ယောက် သို့ လျော့ကျသွားတော့မည် ဖြစ်သည်။
ချင်းရိုင်၊ ယောင်ကျန်းနှင့် ကျိချန်ကောင်းတို့မှာ တိတ်ဆိတ်နေကြ၏။ ဘာပဲဖြစ်ဖြစ် ဤသည်က အနန္တ ဧကရာဇ်ဂိုဏ်း၏ တိုးတက်မှု ပြရုဂ်တစ်ခု ဖြစ်ရာ အပြောင်းအလဲကို လက်သင့်ခံရမည် ဖြစ်သည်။ ဇင်က ဆက်လက်၍ ဂိုဏ်းစည်းမျဥ်း အပြောင်းအလဲကို ရှင်းပြ၏။
မဟာ အင်ပါယာ သူတော်စင် အဆင့်အတွက် လိုအပ်ချက်က လောကသခင် အဆင့်သို့ မြင့်တက်သွားခဲ့ပြီ ဖြစ်ရာ အောက်ရှိ အခြားအဆင့်များမှာလည်း အပြောင်းအလဲ ဖြစ်သွားရသည်။ ဥပမာ ဆိုရလျှင် သေမျိုးခေါင်းဆောင် အဆင့် အကြီးအကဲ တစ်ယောက် ဖြစ်ရန် ယခင် လိုအပ်ချက်မှာ ကြယ်တာရာ အမြုတေ အဆင့်တစ်သာ ဖြစ်သော်လည်း ယခုတွင်မူ အဆင့်နှစ်သို့ တိုးမြင့်သွားခဲ့ပြီ ဖြစ်သည်။ ထိုနည်းတူစွာပင် ကောင်းကင် ဧကရာဇ် တစ်ပါးဖြစ်ရန် အတွက် အသက် ငါးရာ မတိုင်ခင် ကြယ်တာရာ အမြုတေ အဆင့်ငါးကို ရောက်ရှိဖို့ လိုအပ်လိမ့်မည် ဖြစ်သည်။ ဤသည်က ဂိုဏ်း၏ လည်ပတ်မှု စနစ်တစ်ခုလုံး လုံးဝ ဉဿုံပြောင်းလဲသွားခဲ့ခြင်းမျိုးပင်။
“ငြင်းချက်ထုတ်စရာ ရှိလား...”
ဇင်က မေးခွန်းထုတ်လိုက်သည်။
“ ... “
အားလုံးမှာ ငြိမ်သက်နေ၏။ ဤသည်က ဧကရာဇ်ဝူယု ကိုယ်တိုင် ချမှတ်ခဲ့သော စည်းမျဥ်း ဖြစ်သည်။ ထိုစည်းမျဥ်းကို ဖောက်ဖျက်၍ ငြင်းဆန်ရအောင် သူတို့က ဘာမလို့နည်း။
ဇင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ဒါဆိုရင် အမိန့်က အတည်ဖြစ်သွားပြီပေါ့... နောက်လာမယ့် တစ်ပတ်ကို အသွင်ကူးပြောင်းရေး ကာလအဖြစ် သတ်မှတ်လိုက်မယ်... ငါ အပါအဝင် မဟာ အင်ပါယာ သူတော်စင် ချင်းရိုင်၊ မဟာ အင်ပါယာ သူတော်စင် ကျိချန်းကောင်း၊ မဟာ အင်ပါယာ သူတော်စင် ယောင်ကျန်းတို့က ဒီနေ့ကစပြီး မူလ အင်ပါယာ သူတော်စင်တွေ ဖြစ်သွားပြီ... နောက်ပြီး မဟာ အင်ပါယာ သူတော်စင် တစ်ယောက် ထွက်ပေါ်မလာမချင်း တောင်ထွတ်တစ်ခုချင်းစီကို လွှမ်းမိုးနိုင်တဲ့ အကြွင်းမဲ့ အာဏာမျိုး ငါတို့ မပိုင်တော့ဘူး... ဒီအတောအတွင်း မဟာ အင်ပါယာ သူတော်စင်ထို့ကပဲ တာဝန်ယူပြီး ဆုံးဖြတ်ချက် အားလုံးကို ချမှတ်လိမ့်မယ်”
“ ... “
ကျိချန်းကောင်းက ဖြူရော်စွာ ပြုးလိုက်၏။ သို့သော်လည်း သူ့တွင် တော်လှန်လိုစိတ် မြူမှုန်တစ်မှုန်မျှ မရှိချေ။
ရုတ်တရက် ဇင်က ထို့ပိဟန်ကို ကြည့်လိုက်၏။
“မဟာ သူတော်စင်ထို့...”
“အင်း...”
ထို့ပိဟန်က ပျင်းရိစွာနှင့် ဇင်ကို ကြည့်လိုက်၏။ သူ့၌ ဘာဖိအားမှ ရှိပုံ မပေါ်ချေ။ အင်ပါယာ တောင်ထွတ်များအား စီမံခန့်ခွဲရန် တာဝန်ကို မူလ တောင်ထွတ်သခင်များထံကိုသာ ပြန်လည် အပ်နှင်းရန် သူ အစောကတည်းကပင် စဥ်းစားထားခဲ့ပြီး ဖြစ်သည်။ သူကား အခြားတောင်ထွတ်များကို မဆိုထားနှင့် ကိုယ့်တောင်ထွတ်ကိုပင် စီမံရန် ပျင်းရိနေသူ ဖြစ်သည်။
"ကျွန်မ တစ်ခုမေးလို့ ရမလား... ရှင် ဘယ်လိုလုပ်ပြီး လောကသခင် တစ်ယောက် ဖြစ်လာတာလဲ”
ထိုမေးခွန်းက ချင်းရိုင် အပါအဝင် အားလုံး၏ စိတ်ထဲ၌ ရှိနေခဲ့သော မေးခွန်း ဖြစ်သည်။ ထို့ပိဟန်မှာ ကျင့်ကြံခြင်း ပါရမီ အရာတွင်လည်း သူတို့ထက်ပင် နိမ့်ကျသူ ဖြစ်သည်။ ကြယ်တာရာ အမြုတေ အဆင့်ခြောက်ကို ရောက်ဖို့ အတွက်ပင် နှစ်ထောင်းဂဏန်း နီးပါး အချိန်ယူခဲ့ရကာ မရေမတွက်နိုင်သော အဂ္ဂိရတ် ထုတ်ကုန်များကို သုံးစွဲခဲ့ရသည်။ သူ မည်ကဲ့သို့ အောင်မြင်ခဲ့သနည်း။
ထို့ပိဟန်က မျက်ခုံးများကို ပင့်တင်လိုက်၏။ ဝေ့ဝူယင်က ထိုအကြောင်းအား မပြောရန် တားဆီး မထားရာ ၎င်းက လျှို့ဝှက်ချက်တော့ မဟုတ်ချေ။ သူက ချောင်းတစ်ချက် ဟန့်လိုက်ရင်း...
“ဝိညာဥ်လောက ခြေချခြင်း ဆေးရည်နဲ့ အာကာသ လောက ခြေချခြင်းဆေးရည်တွေကို မင်းတို့တွေ ကြားဖူးမှာပေါ့... သူတို့က ဝိညာဥ်ဆင်းတုနဲ့ အာကာသ ပဲ့တင်သံလှိုင်းတွေကို ပိုပြီး အဆင့်မြင့်မားလာအောင် သန့်စင်နိုင်တယ်လေ”
“ဝိညာဥ်လောက ခြေချခြင်း ဆေးရည်နဲ့ အာကာသ လောက ခြေချခြင်းဆေးရည်...”
ဇင်နှင့် အခြားလူများ၏ အမူအရာများက ပြောင်းလဲသွား၏။ ထိုဒဏ္ဍာရီလာ ဆေးရည်များကို သူတို့ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ ကောလဟာများ အရဆိုလျှင် အဆင့်မြင့် ဝိညာဥ်လောက ခြေချခြင်း ဆေးရည်နှင့် အာကာသ လောက ခြေချခြင်းဆေးရည်များမှာ ဝိညာဥ်ကွင်းနှင့် အာကာသ ပဲ့တင်သံလှိုင်းများကို အနည်းဆုံး သုံးခုလောက် အထိ တိုးပွားလာအောင် စွမ်းဆောင်ပေးနိုင်စွမ်း ရှိသည်ဟု ဆိုသည်။
ထို့ပိဟန်က ဆက်လက်၍ ဘာဖြစ်ခဲ့သည်ကို အလုံးစုံ ရှင်းပြလိုက်၏။ သူက ဝိညာဥ်ကွင်း ကိုးကွင်းနှင့် အာကာသ ပဲ့တင်သံ ကိုးခုကိုပင် ထုတ်ပြလိုက်သည်။ ထိုအရာက အားလုံးကို ရူးသွပ်သွားစေ၏။ ချင်းရိုင်၏ နှလုံးသားက မယုံကြည်နိုင်မှုနှင့် အတူ ရိုင်းစိုင်းစွာ ခုန်ပေါက်နေခဲ့ပြီ ဖြစ်သည်။
“ဝေ့... ဝေ့ဝူယင်က အဲဒါတွေကို ရှင့်အတွက် ဖော်စပ်ပေးခဲ့တာလား”
သူမက အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။ ထို့ပိဟန်က မငြင်းပဲ ခေါင်းညိတ်ပြလိုက်သည်။
“ငါ နားလည်ပြီ...”
ဇင်၏ အမူအရာက အနည်းငယ် ရုပ်ဆိုးနေ၏။ ထိုနေ့က ခန်းမထဲ၌ ဝေ့ဝူယင် ပလ္လင်ပေါ် တက်ထိုင်သည်ကို သူ မှတ်မိသေးသည်။ သူမက ဒေါသတကြီးဖြင့် ဆွဲချရန် ပြင်ဆင်ချိန်တွင် ထို့ပိဟန်က တားဆီးခဲ့သည်။ ထိုစဥ်က အဘယ်ကြောင့် ဆိုသည်ကို သူမ နားမလည်ခဲ့သော်လည်း ယခုတွင်တော့ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ သံသယ တစ်ခုက သူမ၏ စိတ်ထဲတွင် ပေါက်ဖွားလာ၏။
“မဟာ သူတော်စင်ထို့က ဝေ့ဝူယင်ရဲ့ ဘက်တော်သား ဖြစ်သွားပြီလား...”
ကျိချန်းကောင်းမှာလည်း တူညီစွာပင် တွေးနေမိ၏။ သို့သော်လည်း သူက ဘာမှ မပြောချေ။
“ခင်ဗျား ဝေ့ဝူယင်ရဲ့ အဖွဲ့ထဲကို ဝင်လိုက်တာလား...”
ရုတ်တရက် ယောင်ကျန်းက ထမေးလိုက်၏။ သူကား ယခင်ကတည်းကပင် ပွင့်လင်းကာ စိတ်ထဲရှိသည့် အတိုင်း ပြောတတ်သူ ဖြစ်သည်။
ထို့ပိဟန်က ဖုံးကွယ်ရန် မကြိုးစားချေ။ ထို့အပြင် ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ်နောက်ပိုင်း အထွန်းတောက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာမည့်သူ ဖြစ်သည်။ ထိုကဲ့သို့ လူတစ်ယောက်ထံတွင် ကျေးကျွန်တစ်ယောက် အဖြစ် နေရလျှင်ပင် ဘာမှ သိက္ခာကျစရာ အကြောင်း မရှိချေ။
သူက ခေါင်းညိတ်ပြလိုက်၏။ တစ်ချိန်တည်း၌ သူက အဓိပ္ပာယ်ပါသော အကြည့်ဖြင် ချင်းရိုင်ကို လှည့်ကြည့်လိုက်သည်။ အကယ်၍ ဝေ့ဝူယင်၏ ကမ်းလှမ်းမှုကိုသာ မငြင်းဆန်ခဲ့ပါက သူမသည်လည်း ယခုအချိန်တွင် လောကသခင် တစ်ယောက် ဖြစ်နေလောက်ပြီ ဖြစ်သည်။
ယောင်ကျန်း၏ ခရမ်းရောင် မီးတောက် မျက်လုံးများမှာ စိတ်ဝင်စားမှုဖြင့် တလက်လက် တောက်ပသွား၏။ ဇင်၏ အသက်ရှူသံများမှာလည်း လေးပင်သွားသည်။ သူမ၏ လက်ရှိ ကျင့်ကြံခြင်း အခြေခံဖြင့် လောကသခင် အဆင့် ကြယ်တာရာ ကပ်ဘေးကို ဆင့်ခေါ်ပါက ကျိန်းသေသေဆုံးရလိမ့်မည် ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်၏ ထောက်ပံ့မှုကိုသာ ရရှိခဲ့ပါက...
"..."
အားလုံးမှာ အမျိုးမျိုးသော ခံစားချက်များဖြင့် တခဏမျှ တိတ်ဆိတ်သွား၏။ ထို့ပိဟန် ကိုယ်တိုင်ပင် ဘာပြောရမှန်း မသိချေ။
“ထာဝရ ဧကရာဇ်ခေတ်တုန်းက ကျင့်ကြံသူတွေလည်း ငါတို့လိုပဲ ခံစားခဲ့ရတာလား...”
အမှောင်ဟင်းလင်းပြင်၏ အပြင်ဘက်တွင်ရော သူတို့ကဲ့သို့ပင် အဂ္ဂိရတ် တာအိုကို အားကိုး အားထားပြုရသည့် အခြား လူ့အဖွဲ့အစည်းများ ရှိဦးမလား ဆိုသော ကျပန်းအတွေး တစ်ခုက သူ့ခေါင်းထဲကို အမှတ်မထင် ဝင်ရောက် လာသည်။ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ထို့ပိဟန် ပင့်သက်တစ်ချက် ရှိုက်ရင်း ရှုပ်ထွေးစ ပြုလာသည့် အတွေးများကို ရှင်းလင်းလိုက်၏။ ထို့နောက် သူက ခေါင်းစဥ်ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်လေသည်။
“အဲဒါ ထားလိုက်ပါလေ... ဂိတ်တံခါး အကြောင်း ငါတို့ ဆက်ပြီး ဆွေးနွေးရအောင်...”
ကောင်းကင်ဒြပ်စင် နန်းတော်နှင့် အနန္တဧကရာဇ်ဂိုဏ်းတို့ အကြား အချိန်းအချက် ပြုထားသော အချိန်က တဖြည်းဖြည်း နီးကပ်လာနေခဲ့ပြီ မဟုတ်ပါလား။
***