ရွေးချယ်ခံ စမ်းသပ်ပွဲ
Vol. 26 Ch. 364
ဆန်းကြယ်ဒြပ်စင်ဂြိုဟ်၊ ကောင်းကင်ဒြပ်စင် နန်းတော်၏ တစ်နေရာ၌ ပုံရိပ်နှစ်ခုမှာ တိတ်ဆိတ်စွာ တည်ရှိနေကြ၏။ ပုံရိပ်နှစ်ခုထဲမှ တစ်ခုမှာ ချောမောသည့် လူငယ် တစ်ယောက်ဖြစ်ကာ ကြာပန်း သဏ္ဌာန် ထိုင်ရင်း ကျင့်ကြံနေသည်။ အလွန် လှပသည့် အရောင် ကိုးမျိုးခြယ် အလင်းတန်းများမှာ သူ့ခန္ဓာကိုယ် တစ်ဝိုက် စမ်းချောင်းလေး တစ်ခု သဖွယ် စီးဆင်းနေသည်။ လူငယ်က ပါးစပ်ကို ဟလိုက်ရာ ထိုအလင်းတန်း အားလုံးမှာ အဖြူရောင် မြူခိုးများ အဖြစ် တစ်ခုတည်း အဖြစ် ပေါင်းသွား၏။
၎င်းတို့အား စုပ်ယူ မြူချလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး အသက်ရှူသံများမှာ လူငယ်ထံမှ ထွက်ပေါ်လာသည်။ သူက မျက်လုံးကို ဖွင့်လိုက်လိုက်ရင်း လက်မောင်းနှစ်ဖက်ကို ဆန့်တန်းကာ အကြောလျှော့လိုက်၏။ ဖြိုးဖြိုးဖျောက်ဖျောက် မြည်သံများမှာ သူ့အရိုးများထဲမှ ထွက်ပေါ်လာသည်။
အခြားပုံရိပ်တစ်ခုကတော့ အမျိုးသမီး တစ်ယောက်ပင်။ သူမက သွေးနီရောင် ဆံပင်များကို ပိုင်ဆိုင်ထားကာ ဇာပုဝါတစ်ခုကို မျက်နှာထက်၌ အုပ်မိုးထားသည်။ သူမက လုံချန်ကို ကြည့်ကာ ခေါင်းတစ်ချက် ညိတ်လိုက်၏။
“နင် အတော်လေး တိုးတက်လာတာပဲ”
“စီနီယာ အမလင်းရဲ့ လမ်းညွှန်ပေးမှုကြောင့်ပါ”
မိန်းကလေး၏ ရှားရှားပါးပါး ချီးကျူးမှုကို လင်းမင်က နှိမ့်ချစွာပင် တုန့်ပြန်လိုက်သည်။ သို့သော်လည်း ဂုဏ်ယူမှု အလင်းတန်းတစ်ခုက သူ့မျက်လုံးများထဲ၌ ဖုံးမရ၊ ဖိမရ ထွက်ပေါ်နေ၏။
မိန်းကလေးက ခေါင်းညိတ်လိုက်သည်။
”ဆရာ့ရဲ့ အမွေအနှစ်ကို အပြည့်အဝ ရအောင်လုပ်... မဟုတ်ရင် ကျင့်ကြံခြင်းက ဘယ်လောက်ခက်ခဲတယ် ဆိုတာ နင် နားလည်လာလိမ့်မယ်”
လုံချန်မှာ နားမလည်နိုင်အောင် ဖြစ်သွား၏။ သူက မျက်မှောင်ကြုတ်လိုက်ရင်း...
“စီနီယာ အမလင်းက ဘာကို ဆိုလိုချင်တာလဲ”
မိန်းကလေးက ခေါင်းကို ခါလိုက်၏။ ထို့နောက် သူမက ခေါင်းစဥ်ကို ပြောင်းလဲ လိုက်သည်။
“ကျူးဟိုင်နဲ့ တိုက်ပွဲကနေ နင် ဘာတွေ ရလာလဲ”
စီနီယာ အမလင်းမှာ ခါတိုင်းနှင့် မတူပဲ ယနေ့၌ နည်းနည်းပြောင်းလဲ နေသလို လင်းမင် ခံစားလိုက်ရသည်။ သို့သော်လည်း သူက မေးခွန်းကို ပြန်ဖြေရန် ဆုံးဖြတ်လိုက်၏။
“ဝိညာဥ်အင်အားနဲ့ ပတ်သက်တဲ့ ဉာဏ်အလင်းအချို့ကို ကျုပ် စဥ်းမိတာ ရှိတယ်... အရင်တုန်းက ဝိညာဥ်အင်အားက အသွင်ပြောင်းပြီး အခြားလူတွေနဲ့ ပေါင်းစပ်နိုင်တယ် ဆိုတာ ကျုပ် မသိခဲ့ဘူး... ကျုပ်နဲ့ တိုက်ခိုက်တုန်းက ကျူးဟိုင်က ဝိညာဥ်ကို ဖိနှိပ်ဖို့ သတ်ဖြတ်ခြင်းနှင့် စစ်ပွဲ ရည်ရွယ်ချက်တွေကို ထုတ်သုံးခဲ့တယ်... အဲဒါက ကျုပ်ရဲ့ တိုက်ပွဲဝင် စွမ်းရည်ကို နှစ်ဆယ်ရာခိုင်နှုန်းလောက် အထိ ကျဆင်း သွားစေခဲ့တယ်”
“ဒြပ်စင်မူလ ရည်ရွယ်ချက်က ရုပ်တာအိုရဲ့ အစိတ်အပိုင်းထဲမှာ ပါတယ်... စစ်ပွဲနဲ့ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်တွေလို စိတ်တာအိုတွေ မဟုတ်ဘူး... ကျူးဟိုင်နဲ့ တိုက်ခိုက်ပြီးတဲ့နောက် ဝိညဥ် အင်အား၊ ဝိညာဥ်ရောင်ဝါနဲ့ ဝိညာဥ်အာရုံတို့ကို ပြန်ဆင်ခြင်ရင်း ကျုပ်ရဲ့ မူလဒြပ်စင် ရည်ရွယ်ချက်ကို ပိုပြီး အဆင့် မြင့်မားအောင် မြှင့်တင်နိုင်ခဲ့တယ်... နောက်တစ်ကြိမ် ကျူးဟိုင်နဲ့ ထပ်ပြီး တိုက်ခိုက်ရရင် အရင်ကထက် ပိုပြီး တိုးတက်လာလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်”
ကျူးဟိုင်မှာ မွန်းစတား ဆန်ဆန် ကြောက်စရာကောင်းသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူ့ထက် အသက် နှစ်ရာခန့် ကြီးသည့်တိုင် ထိုရှို့ရန်မှာ အလွန် ပါရမီ မြင့်မားသည်။ သူက ရည်ရွယ်ချက် နှစ်ခုကိုပင် ပိုင်ဆိုင်ထားကာ အစွမ်းထက်သည့် ခန္ဓာကိုယ်ကိုလည်း ကျင့်ကြံထားနိုင်သည်။ ၎င်းက ကျင့်ကြံခြင်း လောကကို ခြေချပြီးနောက်တွင် သူ ကြုံတွေ့ခဲ့ရသည့် အပြင်းထန်ဆုံး တိုက်ပွဲ ဖြစ်သည်။
စီနီယာ အမလင်းက ခေါင်းညိတ်လိုက်၏။ စိတ်တာအိုနှင့် ရုပ်တာအိုတို့မှာ တိုက်ပွဲ ရလဒ်ကို ပြောင်းလဲနိုင်သည့် ကွဲပြားသော အခြေခံ စည်းမျဥ်းများကို ပိုင်ဆိုင်ထားသည်။ ရှင်းရှင်းပြောရလျှင် ၎င်းက အတွင်းအားနှင့် အပြင်အားကို အသုံးပြုကြသလိုပင် အသီးသီး အားသာချက် ကိုယ်စီရှိကြသည်။ ရုပ်နှင့် စိတ်တာအို နှစ်မျိုးကို တိုက်ပွဲ၌ တစ်ပြိုင်နက်တည်း သုံးနိုင်လျှင် များစွာ အကျိုးရှိလိမ့်မည် ဖြစ်သည်။
“ဒါပေမဲ့ မူလဒြပ်စင် ရည်ရွယ်ချက်ကို လုံးဝ အောင်မြင်သွားရင် ဘယ်ဝိညာဥ်ဖိအားကိုမှ ကျုပ် ကြောက်စရာ မလိုတော့ဘူးလို့ ယုံကြည်တယ်”
လင်းမင်၏ အသံက ယုံကြည်ချက် ရှိခြင်းများနှင့် ပြည့်နှက်နေ၏။ သူ၏ လမ်းကြောင်းက အဆုံးမသတ်သေးချေ။
လင်းမင်ကို ကြည့်ရင်း ဇာပုဝါနောက်ရှိ စီနီယာ အမလင်း၏ မျက်ဝန်းများက မျှော်လင့်ချက် အလင်းရောင်ဖြင့် တောက်ပလာ၏။
“မူလဒြပ်စင် ရည်ရွယ်ချက်က အဆင့်မြင့် ရည်ရွယ်ချက် တစ်ခုပဲ... လုံးဝ ပြီးပြည့်စုံအောင် ကျင့်ကြံဖို့ ခက်ခဲတယ် ဆိုပေမဲ့ အောင်မြင်တာနဲ့ နင်က ဆရာ့ရဲ့ ရွေးချယ်ခံ ဖြစ်လာလိမ့်မယ်”
လင်းမင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ရွေးချယ်ခံ ဆိုသော ဝေါဟာရနှင့်ပတ်သက်၍ သူ့စိတ်ထဲတွင် မျှော်လင့်ချက် လှိုင်းလုံးကြီးတစ်ခုကို ခံစားလိုက်ရသည်။
မိန်းကလေးက သက်ပြင်းတစ်ချက် ချလိုက်၏။ ကောင်းကင်ကို မော့ကြည့်မိသော အခိုက်၌ လင်းမင်အတွက် ပြိုင်ဘက် တစ်ယောက် ပေါ်လာနိုင်သလို သူမ ခံစားလိုက်ရသည်။ လက်ရှိ ကြယ်တာရာ နယ်မြေ၏ အပြောင်းအလဲများနှင့် အာရုဏ်ဦး ဧကရာဇ် အကြောင်း တွေးမိလိုက်တိုင်း ထိုအမည်မသိ ခံစားချက်က သူမ ရင်ထဲ လှိုင်းထန်လာသည်။
သို့သော်လည်း ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ်ကို နှိုင်းယှဥ်နိုင်လိမ့်မည် မဟုတ်ဟု သူမ ယုံကြည်ပေသည်။ သူ ထာဝရ နတ်မိမယ်လေးကို အနိုင်ရခဲ့ခြင်းမှာ သူမ၏ ညံ့ဖျင်းသည့် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကြောင့်သာ ဖြစ်သည်။
သို့သော်လည်း တစ်ခု သတိထားရမည်က ထိုလူငယ်မှာလည်း မူလဒြပ်စင် ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူက လင်းမင်အတွက် ကြီးမားသည့် ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်နိုင်သည်။ အကယ်၍ ထိုလူငယ် ရွေးချယ်ခံ စမ်းသပ်ပွဲအတွင်း ဝင်ရောက်လာကာ ဆရာ၏ လျှို့ဝှက်ချက်များကို သတိထားမိသွားပါက...
သူမ လေးပင်စွာပင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ ဘာပဲဖြစ်ဖြစ် အဆုံးသတ်တွင် အောင်နိုင်သူက တစ်ဦးသာ ရှိပေလိမ့်မည်။
...
ဝေ့ဝူယင်၏ အဂ္ဂိရတ် ခန်းမထဲ၌ ပိုးစုန်ကြူးကဲ့သို့ မီးတောက်လေးများမှာ ဝေ့ဝဲကာ ပျံသန်းနေ၏။ ထိုမီးတောက် လေးများမှာ အဆင့်ကိုး ဆေးလုံးများ ဖော်စပ်ရာတွင် သေမျိုး ပုံရိပ်ယောင် ဖြာမထွက်အောင် တားဆီးသည့် ဆေဘာ ဝင်္ကပါမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းတို့က အလွန်တရာ လှပကာ ညကောင်းကင်ရှိ ကြယ်စင်များ အကြား ရောက်ရှိနေသလိုပင် ထင်မှတ်မှားရသည်။
ဟူး... ဟူး...
ထိုအခိုက်၌ ဝေ့ဝူယင်မှာ ဒြပ်စင်ကိုးမျိုး နေကြတ် မှော်ဆေးအိုး၏ အရှေ့၌ အလွန် လေးနက်သော အမူအရာနှင့် ရပ်နေခဲ့၏။ အိုးအတွင်း လွတ်ကင်းနေသည့် တစ်နေရာ၌ လွတ်လပ်စွာ လွင့်မြောနေသည့် အရာတစ်ခုကို ကြည့်ရင်း သူ့နှုတ်ခမ်းများက ကွေးညွှတ်သွားသည်။ ကူရာကယ်ရာမဲ့ သက်ပြင်းတစ်ချက် ချလိုက်ရင်း သူက လက်ကို ဆန့်ထုတ်ကာ ထိုအရာလေးကို လှမ်းကိုင်လိုက်၏။
အိုးထဲ၌ ရှိနေသည့် အရာကား စိမ်းပြာရောင် သမ်းနေသည့် အရည်စက်ကလေး တစ်စက်သာ ဖြစ်သည်။ သို့သော်လည်း ထိုအထဲ၌ အဆက်မပြတ် တုန်ခါကာ ပြောင်းလဲနေသည့် အသင်္ချေသော ပုံရိပ်များကို ထုတ်ဖော်နေသည်။ တစ်ချိန်တည်း၌ ထိုအရည်စက်ကလေးမှာ ကိုယ်ပိုင်ဆန္ဒနှင့် ဝိညာဥ်တို့ ရှိသကဲ့သို့ အလိုအလျောက် ရွေ့လျားနေ၏။
ထိုအရာက သူ ဖော်စပ်ခဲ့သည့် ပထမဆုံး အဆင့်ကိုး အဆင့်မြင့် ထုတ်ကုန် ဖြစ်သည်။ ဝေ့ဝူယင် အရည်စက်လေးကို ကိုင်ရင်း စိတ်ပျက်လက်ပျက် ပြုံးလိုက်မိ၏။ သူ့တွင် ရှိသည့် ကောင်းကင်ကျောက်စိမ်း ဝိညာဥ်ပြာ ခြောက်ခုလုံးကို သူ သုံးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သူ ငါးကြိမ်တိတိ ကျဆုံးခဲ့ကာ နောက်ဆုံးတစ်ကြိမ်ကိုသာ အောင်မြင်ခဲ့သည်။
ဝေ့ဝူယင် ကျောက်စိမ်းပုလင်းလေး တစ်လုံးကို ဆွဲထုတ်ကာ စိမ်းပြာရောင် အရည်စက်လေးကို ဂရုတစိုက် ထည့်သွင်းလိုက်၏။ ထို့နောက် ပုလင်းလေးကို သိမ်းဆည်းရင်း သူ သက်ပြင်းတစ်ချက် ချလိုက်သည်။ ယခု သူ့၌ အကြပ်အတည်း တစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုဆေးရည်ကို မည်သူက သောက်သုံးမည်နည်း။ သူ့တွင် ကြယ်တာရာ ဝိညာဥ်လေးခု ရှိပြီး ဆေးရည်ကတော့ တစ်စက်သာ ရှိသည်။ အကယ်၍ နောက်ထပ် ကောင်းကင်ကျောက်စိမ်း ဝိညာဥ်ပြာများ စုစည်းနိုင်မည် ဆိုလျှင်ပင် အချိန်တစ်ခုကြာအောင် ယူရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဂိတ်တံခါးမှာ နောက်ထပ် ရက်ပိုင်း အတွင်း ဖွင့်တော့မည် ဖြစ်သည်။ သူ့တွင် စောင့်ဆိုင်းရန် အချိန်မရှိတော့။
“ဒီဆေးရည်ကို ဘယ်သူသောက်မှာလဲ... ငါ မင်းတို့ကို ဆုံးဖြတ်ခွင့်ပေးမယ်”
ဝေ့ဝူယင်က ကြယ်တာရာ ဝိညာဥ်လေးခုကို ဆက်သွယ်ကာ အသိပေးလိုက်၏။
“ ... “
ဧဒင်မှာ အမြဲတမ်းလိုလိုပင် အဂ္ဂိရတ် ထုတ်ကုန်များကို နောက်ဆုံးမှ အေးအေးဆေးဆေး သန့်စင်တတ်သူ ဖြစ်သည်။ သူက ဆိတ်ဆိတ်နေရင်း အခြား ကြယ်တာရာ ဝိညာဥ်သုံးခုကိုသာ ဆုံးဖြတ်ရန် ခွင့်ပြုထား၏။
“ငါ... ငါ... ငါလိုချင်တယ်”
အိုရီက အလျင်စလိုပင် ပြောလိုက်၏။ သူ၏ ကြယ်တာရာ ဝိညာဥ်လေးက စိတ်လှုပ်ရှားမှုဖြင့် တုန်ရီ၍ပင် နေသည်။ ၎င်း၏ ချစ်စရာကောင်းသည့် ပုံစံလေးကို ကြည့်ရင်း ဝေ့ဝူယင် တိတ်တခိုး ပြုံးရယ် လိုက်မိ၏။
“ငါက ဟင်းလင်းပြင်ပဲ... အချန်က ငါ့ဆန္ဒအတိုင်း လှုပ်ရှားရတယ်... ထာဝရနဲ့ ခုကြားမှာ ဘာ ကွာခြားချက်မှ မရှိဘူး”
ခရာတိုက မောက်မာစွာ ပြောလိုက်၏။ သူ့စကားက ဒွိဟများဖြင့် ပြည့်နှက်နေကာ အဓိပ္ပာယ်မဲ့သည့် စကားလုံးများ ပါဝင်နေသည့်တိုင် ဆေးရည်ကို သောက်သုံးရန် ငြင်းဆန်လိုက်ခြင်း ဖြစ်ကြောင်းကတော့ ထင်ရှားပေသည်။
“ဟမ့်...”
ဘုရင်က စိတ်မဝင်စားဟန်ဖြင့် နှာမှုတ်သံ တစ်ချက်ပြု၏။ ရှင်းလင်းစွာပင် သူက အိုရီကို ဦးစားပေးလိုက်ခြင်း ဖြစ်သည်။
ဝေ့ဝူယင်မှာ ကြယ်တာရာ ဝိညာဥ်များ၏ သဘောထားကြောင့် ကြည်နူးသွားမိ၏။ သက်တမ်းအားဖြင့် တွက်ပါက အိုရီမှာ အားလုံးထဲတွင် အကြီးဆုံး ဖြစ်သော်လည်း အခြားကောင်လေးများမှာ သူ့ကို အမြဲတမ်း အငယ် တစ်ယောက်လို ချစ်ခင်ကာ ဦးစားပေးလေ့ ရှိသည်။
“ဒါဆိုရင် မင်းပေါ့ အိုရီ...”
ဝေ့ဝူယင်က ပြုံးလိုက်၏။
“ဟုတ်တယ်... ဟုတ်တယ်... ငါ အရင်ဆုံး... ငါ အရင်ဆုံး”
အိုရီက စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း အဖြူရောင် တောက်ပနေသည့် ကြယ်လေးတစ်စင်းလို ခန္ဓာကိုယ် အပြင်ဘက် တိုးထွက်လာသည်။ သူသည် ယခင်ကလို တစ်စင်တီမီတာ အရွယ်အစားတွင် မဟုတ်တော့။ ပိုမို၍ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင် ပုလင်းလေးကို ထုတ်ကာ အဖုံးကို ဖွင့်ပေးလိုက်၏။ တစ်ခဏအတွင်းမှာပင် အိုရီကာ ပုလင်းအတွင်း ပျံသန်း ဝင်ရောက်သွားကာ အရည်တစ်စက်လုံးကို ပလုတ်ပလောင်း စုပ်ယူလိုက်တော့သည်။
“ ... “
ထိုအချင်းအရာကို ကြည့်ရင်း ဝေ့ဝူယင်မှာ ရင်ဘတ်အောင့်သွားမိ၏။ နဖူးမှ ချွေး ခြေမကျအောင် သူ ကြိုးစားပမ်းစား ဖော်စပ်ထားသော ဆေးရည်လေးမှာ ထိုကဲ့သို့ အစားခံလိုက်ရပြီလား။
***