ရွှေရောင်ခေါင်းလောင်း
Vol. 114 Ch. 1564
ဝမ်လင်းသည် ခေါင်းယမ်းလိုက်သည်။ သူ၏မျက်လုံးသည် အလွန်တည်ငြိမ်နေ၏။ တာအိုပညာရှင်ရေသည် အရင်ကလို နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်တွင်သာ ရှိနေသေး၏။ သို့သော် သူ့မန္တာန်ကမူ အရင်ထက် အားနည်းနေသည်။ သိသာသည်မှာ အတိတ်တုန်းက သူ၏ဒဏ်ရာများ အပြည့်အဝ ပြန်မကောင်းမွန်လာသေးပုံ ရ၏။
“အခု မင်းကို သတ်ရတာ ငါ့အတွက် ဘာမှ အားစိုက်ထုတ်စရာ မလိုဘူး…” ဝမ်လင်းသည် ခေါင်းယမ်းလိုက်သည်။ လှံသည် နီးကပ်လာသည့်အခါ ဝမ်လင်းက လက်သီးဆုပ်၍ ပစ်သွင်းလိုက်သည်။
“ဒီလက်သီးချက်ဟာ မင်းရဲ့သစ္စာဖောက်မှုအတွက် ချိပ်ပိတ်နယ်မြေအရှင်သခင်အတွက် ကိုယ်စား ပြုတယ်…”
လက်သီးချက်သည် အလွန်ရိုးရှင်းသည်။ သို့သော် ယုံကြည်ချက် ပြည့်ဝလွန်းသည်။ ထိုယုံကြည်ချက်သည် ဝမ်လင်းကို သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်သော နတ်ဘုရားတစ်ပါးအလား ဖြစ်စေသည်။
လက်သီးချက် ပျံသန်းထွက်လာကာ တာအိုပညာရှင်ရေ၏ အပူဇော်ခံမီးတောက်လှံနှင့် ထိပ်တိုက်တွေ့သည်။ လောကသည် အရောင်ပြောင်းလဲသွားပြီး လှံထိပ်သည် စတင်အက်ကွဲသည်။ မရေမတွက်နိုင်သောအပိုင်းအစများ ပြိုဆင်းကျကာ လှံ၏ခန္ဓာကိုယ်သည် တုန်ဟည်းသည်။
လက်သီးချက်က ထွင်းဖောက်လာလေ၏။
လှံတစ်ခုလုံး တစစီ ဖြစ်သွား၏။ နာကျင်စွာအော်ဟစ်သံများ ပဲ့တင်ထပ်သည်။ အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များစွာမှာ ထိုလက်သီးချက်၏အားအောက်တွင် နာကျင်စွာ သေဆုံးသွားရလေသည်။ တာအိုပညာရှင်ရေ၏ ပါးစပ်ထောင့်မှ သွေးများစီးကျလာ၏။ သူသည် ထိတ်လန့်တကြား နောက်လွင့်ထွက်သွားသည်။ နောက်ဆုတ်လိုက်ရသော သူ့ခြေလှမ်းတိုင်းသည် လောကကို မြည်ဟည်းစေသည်။
တာအိုပညာရှင်ရေသည် ခြေကိုးလှမ်းခန့် ချက်ခြင်း နောက်ဆုတ်လိုက်ရပြီး သွေးကိုးကြိမ်အန်ထုတ်လိုက်ရသည်။ အားတစ်ခု သူ၏ခန္ဓာကိုယ်တွင်းသို့ တရှိန်ထိုး ဝင်ရောက်လာသည်။ တစီစီအသံများ ပဲ့တင်ထပ်၏။ ရူးသွပ်ဖွယ်အဖျက်အစီးအားတစ်ခုသည် သူ၏ခန္ဓာကိုယ်တွင်း၌ လှိုင်းထသည်။
သူ၏ကလေးပုံစံအသွင်အပြင်မှာ ချက်ခြင်းပင် စတင် ကြီးရင့်သည်။
“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ မင်း ဘယ်လိုကံကောင်းမှုမျိုး ရလာခဲ့တာလဲ။ မင်း ဒီလောက်ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားမျိုး ဘယ်လိုများ ရလာတာလဲ…”
ခြေကိုးလှမ်းပြီးနောက် တာအိုပညာရှင်ရေသည် ဝမ်လင်း၏ကြယ်ခုနစ်လုံး ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အားကို ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ သူသည် လွင့်ထွက်သွားပြီး အလယ်ရှိ တောင်နှင့် ဝင်ဆောင့်သည်။
ထိုတောင်သည် တုန်ဟည်းသွားပြီးနောက် အက်ကြောင်းများ ဗရပွထသည်။ ထို့နောက် ယင်းတောင်သည် ပြိုလဲပျက်စီးသွားသည်။
အမှုန်အမွှားများ လေထဲသို့ ပျံဝဲတက်ကာ စက်ဝန်းအသွင် ပျံ့လွင့်သည်။ ဝမ်လင်းသည် လေထဲတွင် ရှိနေပြီး တာအိုပညာရှင်ရေကို ပုရွတ်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်ဟန်ဖြင့် ကြည့်သည်။ သူသည် ဖြည်းဖြည်းချင်း လှမ်းဆင်းလာသည်။
တခြားတဖက်တွင်မူ ဝတ်စုံနက်အဘိုးအိုသည် မြင့်မြတ်သောလင်းတန်၏ တိုက်ခိုက်မှုကြောင့် နောက်ဆုတ်နေရသည်။ သည်အခိုက်တွင် သူ့မျက်နှာသည် ဖြူရောနေ၏။ သူသည် စိတ်ထဲကနေ ကြိတ်၍ကျိန်ဆဲမိနေ၏။ သူသည် ဝမ်လင်းကို ကြောက်မိနေပေပြီ။
“တတိယအဆင့်ကျင့်ကြံသူတွေကို ကျွန်အဖြစ် ပိုင်ဆိုင်ထားတဲ့ သူက ဘယ်သူလဲ။ ငါ ဒီလိုလူမျိုးကို သွားရန်စမိတာပါလား။ ဒါတွေအားလုံးဟာ တာအိုပညာရှင်ရေရဲ့ အပြစ်ပဲ…”
ကျိုးကျင်နှင့် တိုက်ခိုက်နေသော သက်လတ်ပိုင်းလူလည်း ရှိသေး၏။သူလည်း ထိတ်လန့်နေပေပြီ။ ကျိုးကျင်သည် သူ့လောက်အစွမ်းထက်၏။ သို့သော် ကျိုးကျင်ထံ၌ ပိုများပြားသော အပူဇော်ခံမီးတောက်များကို ပိုင်ဆိုင်ထားပေသည်။ ထို့အတွက်ကြောင့် သူသည် မယှဉ်သာဘဲ နောက်သို့သာ ဆုတ်နေရသည်။ သူသည် ခုခံဖို့အတွက် ရတနာတစ်ခုကိုပင် ထုတ်ယူလိုက်ရသည်။
“မတန်ဘူး။ ရပ်တန့်ခြင်းမန္တာန်အတွက် တတိယအဆင့်ကျင့်ကြံသူတွေကို ကျွန်အဖြစ် ပိုင်ဆိုင်ထားတဲ့သူကို ဆန့်ကျင်မိတာ တကယ် မထိုက်တန်ဘူး။ ငါ အရှင်တိမ်စွန်းဟာ ဒီသဘောတူညီမှုမှာ အရှုံးဖြစ်သွားပြီ…”
ဝမ်လင်း၏ တည်ငြိမ်နေသော အကြည့်၌ သတ်ဖြတ်လိုစိတ် လင်းလက်သည်။ သူသည် တာအိုပညာရှင်ရေထံသို့ လှမ်းဝင်ကာ သူ့ဒုတိယမြောက်လက်သီးချက်ကို ပစ်သွင်းရန် ဟန်ပြင်သည်။
ထိုအခိုက်တွင် တာအိုပညာရှင်ရေသည် သူ့ပါးစပ်ထောင့်မှ သွေးကို သုတ်လိုက်သည်။ သူသည် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၏ ကလန်ခေါင်းဆောင်ကို အသုံးချကာ ဝမ်လင်း၏တာအိုနှလုံးသားကို ဖျက်စီးမည့်အကြံကို လက်လွှတ်လိုက်တော့၏။ တစ္ဆေကလန်သည် သူ၏ယင်နှင့်ယန်တပည့်များဖြင့် ကမ်းလှမ်းမှုကို ဂရုစိုက်သည့်ပုံ မရှိဘဲ ပေါ်လာမည့်အရိပ်အယောင်လုံးဝ မရှိနေပေ။ တာအိုပညာရှင်ရေသည် အပေါ်သို့ မော့ကြည့်ကာ မာန်သွင်းအော်ဟစ်လိုက်လေ၏။
“ထိုက်အုလော…” တာအိုပညာရှင်ရေ အော်ဟစ်လိုက်စဉ် ဒီလောကတွင် သက်ပြင်းချသံတစ်သံ ပဲ့တင်ထပ်သည်။ လူတစ်ယောက်သည် တိုက်ပွဲကြောင့် ပုံပျက်ယွင်းနေသော ဒီလောကထံမှ လှမ်းလျှောက်ထွက်လာ၏။
ထိုသူ၏ခန္ဓာကိုယ်မှာ ဝေဝါးဝါးသာ ဖြစ်၏။ သူသည် ခြေဗလာဖြင့် လှမ်းလျှောက်လာသည်။
သူ့ခန္ဓာကိုယ်မှ မူလစွမ်းအင်တုန်ခါလှိုင်းများလည်း လုံးဝ ထွက်ပေါ်မနေပေ။ သူ၏သွင်ပြင်မှာ အလွန်ထူးခြားဆန်းကြယ်သည်။ သူသည် လုံးဝ မတည်ရှိသည့်အလား။ ထိုခြေဗလာလူကြီးက တာအိုပညာရှင်ရေထံသို့ မကြည့်ဘဲ ဝမ်လင်းထံ သူ့လက်နှစ်ဖက်ကို ဆုပ်၍ ပြောလိုက်သည်။
“အသွင်ပြောင်းကျင့်ကြံသူ ထိုက်အုလောက ချိပ်ပိတ်နယ်မြေအရှင်ရဲ့ ဒီမျိုးဆက်ကျင့်ကြံသူကို နှုတ်ဆက်ပါတယ်…”
ဝမ်လင်း၏ခန္ဓာကိုယ်သည် တခဏ တန့်သွားပြီး သူ လှမ်းကြည့်လိုက်သည်။ သူ တွေ့မြင်ရသည့်အရာကြောင့် သူ့မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားလေ၏။ ထိုခြေဗလာနှင့်လူ၏အသွင်အပြင်မှာ ထူးခြားဆန်းကြယ်လွန်းနေသည်။ ဝမ်လင်းသည် ကျိုးသဲနှင့် အရှင်တိမ်စွန်းတို့ကို သတိပြုမိထားခဲ့ပြီး ဖြစ်၏။ သို့သော် သူက ဒီလူ့ကိုမူ သတိမပြုမိခဲ့ပေ။
“အသွင်ပြောင်းကျင့်ကြံသူ…” ဝမ်လင်းသည် စကားမဆိုဘဲ ထိုခြေဗလာလူကို တည်ငြိမ်စွာ ကြည့်သည်။
“ငါ သင်နဲ့ ရန်သူ မဖြစ်ချင်ပါဘူး။ သင်သာ ငါ့ချိပ်ပိတ်မှုကို ဖြေလျှော့ပေးနိုင်ရင် အတွင်းနယ်မြေအတွက် တိုက်ခိုက်ပေးဖို့ အက်ကြောင်းအတွင်းက သားရဲအားလုံးကို စေလွှတ်ပေးနိုင်တယ်။ သင့်အတွက် ငါ ဒီလူ့ကိုတောင် သတ်ပေးနိုင်တယ်…”
ခြေဗလာနှင့်လူသည် တိုးညင်းပေ၏။
တာအိုပညာရှင်ရေ၏အမူအရာသည် ပြောင်းလဲသွားသည်။
“သင့်ကိစ္စကို ငါတို့ နောက်ကျမှ ပြောကြတာပေါ့…” ဝမ်လင်းသည် နောက်ပြန်လှည့်ကာ ထိုသူ့ကို ဆက်၍ အာရုံစိုက်မနေတော့ပေ။ ထိုအစား သူသည် တာအိုပညာရှင်ရေထံသို့ နီးကပ်သွားကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။
“ဒီလက်သီးချက်ဟာ ချိပ်ပိတ်နယ်မြေအရှင်ရဲ့ ကိုယ်စား သူ့သစ္စာဖောက်ရဲ့ ခန္ဓာကိုယ်ကို ဖျက်စီးပစ်လိမ့်မယ်…” ဝမ်လင်းသည် သူ့လက်ကို ဝေ့ယမ်းလိုက်လေ၏။ လောကသည် တုန်ဟည်းကာ ပြင်းထန်သောလေပြင်းတစ်ခု ဝေ့ခတ်တိုက်ခတ်သည်။ ဝမ်လင်း၏နောက်တွင် အရိပ်ဦးခေါင်းတစ်ခု ပေါ်လာကာ ၎င်းအရိပ်သည် လက်သီးဆုပ်လျက် ကောင်းကင်ထက်မှ ဆင်းသက်လာသည်။
အဝေးမှကြည့်ပါက ထိုလက်သီးအရိပ်သည် ကောင်းကင်တခွင် ဖုံးလွှမ်းထားသည့်အလားပင်။ တာအိုပညာရှင်ရေ၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်နှက်လာသည်။ သူ၏ကျင့်ကြံမှုအဆင့်ဖြင့် သူသည် သူ့စိတ်နှလုံးကို တုန်လှုပ်စေသည့်အထိ အားကောင်းသောအော်ရာနှင့် သတ်ဖြတ်လိုစိတ်ကို ရှင်းလင်းစွာ ခံစားမိနိုင်သည်။
“အနှစ်သာရစွမ်းအား၊ ယင်နဲ့ယန်ကောင်းကင်ဘုံနဂါး…” တာအိုပညာရှင်ရေက မာန်သွင်းလိုက်၏။ သူ၏မျက်နှာသည် ဖြူရောနေသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို မြန်ဆန်စွာ ဖြစ်ပေါ်စေသည်။ ထိုအခိုက်တွင် အနှစ်သာရစွမ်းအင် အနက်ရောင်အမျှင်တန်းတစ်ခုနှင့် အဖြူရောင်အနှစ်သာရစွမ်းအင်အမျှင်တန်းတစ်ခု ပေါ်လာသည်။ ယင်းတို့သည် ထိုးထွက်လာကာ အတူတကွရစ်ခွေပြီး ဧရာမနဂါးများအသွင်သို့ ဖွဲ့စည်းသည်။
ထိုနဂါးနှစ်ကောင်သည် မာန်ဟိန်းလျက် ဝမ်လင်း၏လက်သီးချက်ထံသို့ ဦးတည်ဝင်လာသည်။ ထိုအခိုက်တွင် တာအိုပညာရှင်ရေ၏မျက်လုံးသည် ချင်းချင်းနီနေ၏။ သူက သွေးအန်ထုတ်လိုက်သည်။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သောအမျှင်တန်းများ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်လာလေ၏။
ထိုအမျှင်တန်းများသည် အနက်ရောင်နှင့်အဖြူရောင် ရှိသော ပိုက်ကွန်တစ်ခုကို ဖွဲ့စည်းသည်။ ထိုပိုက်ကွန်မှာ ဖျက်စီးခြင်းအော်ရာနှင့် ပြည့်လျက် ဝမ်လင်း၏လက်သီးချက်ထံ ပျံသန်းဝင်လာသည်။
ထို့နောက်တွင် တာအိုပညာရှင်ရေသည် သူ၏သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်လိုက်၏။ ရတနာများစွာ ပျံသန်းထွက်လာသည်။ ရောင်စုံအလင်း ကောင်းကင်တွင် ပြည့်နှက်ကာ လက်သီးချက်ထံ ဦးတည်ဝင်ရောက်သည်။
ထိုအရာများအားလုံးသည် ကောင်းကင်ထက်သို့ ပျံသန်းတိုးဝင်သွားပြီး ဝမ်လင်း၏လက်သီးချက်နှင့် ထိပ်တိုက်တွေ့သည်။ ကျယ်လောင်သောတုန်ဟည်းသံသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းအနှံ့ ပဲ့တင်ထပ် မြည်ဟည်းလေ၏။
နဂါးနှစ်ကောင်သည် စူးစူးဝါးဝါးအော်ဟစ်သံ ပြုကာ ဝမ်လင်း၏လက်သီးချက်နှင့် ထိပ်တိုက်တွေ့ချိန်၌ ရုတ်တရက် ပျက်စီးသွားလေ၏။ ယင်းတို့နှင့်အတူ ကပ်ပါလာသော ပိုက်ကွန်မှာလည်း တုန်ယင်ကာ တစ်လွှာချင်းတစ်လွှာချင်း ဆုတ်ပြဲသွားသည်။
ထို့နောက် မရေမတွက်နိုင်သောရတနာများမှ ဖြစ်ပေါ်သည့် မုန်တိုင်းက လက်သီးချက်နှင့် ထိပ်တိုက်တွေ့ကာ ပျက်စီးသွားပြန်သည်။ ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရား၏ လက်သီးချက်ကို မည်သည့်ရတနာကမျှ မခုခံလိုက်နိုင်ပေ။
အဖြစ်အပျက်သည် တဒင်္ဂသာ ကြာမြှင့်၏။ အရာအားလုံးကို ဖျက်စီးပြီးနောက် ဝမ်လင်း၏လက်သီးချက်က တာအိုပညာရှင်ရေထံသို့ ရိုက်ချလာသည်။ တာအိုပညာရှင်ရေ၏ ရင်ဘက်မှာ ပွင့်ထွက်သွားပြီး သွေးမြူများ နေရာအနှံ့သို့ ပန်းထွက်သည်။ သူ့ခန္ဓာကိုယ်သည် လက်သီးချက်ကြောင့် နောက်လွင့်ထွက်ကာ မြေပြင်ထုပေါ်သို့ ဆောင့်ကျသွားသည်။
ဂြိုဟ်တစ်ခုလုံး တုန်ခါ၏။ တာအိုပညာရှင်ရေသည် မြေကြီးပေါ်တွင် တရွတ်တိုက်ဆွဲသွားလေ၏။ သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလျက် သူ့ဝတ်စုံမှာ အနီရောင်စွန်းထင်းနေသည်။
သူ့မျက်လုံးထဲတွင် ရူးသွပ်မှု ပြည့်နှက်သည်။ သူသည် မာန်သွင်းလိုက်ရင်း သူ့ပါးစပ်ထဲမှ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုရွှေရောင်အလင်းထံမှ ခေါင်းလောင်းတစ်ခု ပေါ်လာသည်။
တာအိုပညာရှင်ရေသည် ထိုခေါင်းလောင်းကို ဝမ်လင်း၏လက်သီးချက်ထံသို့ ထွေးထုတ်လိုက်သည်။
အလွန်တရာ သန့်စင်လှသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွွမ်းအင်သည် ဒီလောကတစ်ခွင်သို့ ပျံ့လွင့်လာသည်။ ခေါင်းလောင်းသည် တချွင်ချွင်အသံကို ထုတ်လွှတ်လျက် ၎င်းသည် ဝမ်လင်း၏လက်သီးချက်နှင့် တွေ့ကြုံရာ ရွှေရောင်လှိုင်းဂယက်တစ်ခု ပေါက်ကွဲထွက်သွားသည်။
ထိုရွှေရောင်လှိုင်းသည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေမှ တာအိုမန္တာန်တစ်ခု ပါဝင်သည်။ ၎င်း ပေါ်လာသည်နှင့် နတ်ဘုရားကလန်ကို ဗဟိုပြုကာ အံ့မခန်းနှုန်းဖြင့် ပျံ့နှံ့သည်။ တိမ်ပင်လယ်၊ မဟာမိတ်၊ ဆင့်ခေါ်ခြင်းမြစ်၊ အလုံးစုံကောင်းကင်တို့ထိ ထိုလှိုင်းဂယက်က သိမ်းကြုံးပျံ့နှံ့သည်။
ပထမဆုံးအကြိမ်အဖြစ် အတွင်းနယ်မြေကိုချိပ်ပိတ်ထားသော နယ်မြေချိပ်ပိတ်ခြင်းအစီအရင်သည်ပင် လှစ်ဟပေါ်ထွက်လာ၏။
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ ကျင့်ကြံသူအုပ်စုများသည် မြူများကြား သွားလာနေကြသည်။ ရွှေရောင်လှိုင်း ပျံ့လွင့်လာသည့်အခါ ၎င်းသည် မြူများကို အဝေးသို့ လွင့်စင်ပြီး ဒီကြယ်အဖွဲ့အစည်းအောက်ရှိ ဧရာမအစီအရင်ကြီးကို လှစ်ဟပေါ်ထွက်စေသည်။
ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သွားလာနေကြကာ တိုက်ပွဲအတွက် ပြင်ဆင်နေသည်။ ထိုအခိုက်တွင် ရွှေရောင်လှိုင်းဂယက်တစ်ခုသည် ပျံ့လွင့်လာရာ ဆန်းကြယ်စွာဖြင့် ဒီကြယ်အဖွဲ့အစည်း၏ရှေ့တွင် နယ်မြေချိပ်ပိတ်ခြင်းအစီအရင် လှစ်ဟပေါ်လာလေသည်။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် ကျင့်ကြံသူအုပ်စုများသည် ဂြိုဟ်များကို ရွှေ့နေကြ၏။ သို့ပေမည့် ထိုအခိုက်တွင် သူတို့အားလုံးသည် သူတို့အောက်တွင် ပေါ်လာသော နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကြီးကို ကြည့်ကာ မင်သက်ကုန်သည်။
မဟာမိတ်ကြယ်အဖွဲ့အစည်းသည်လည်း အတူတူပင် ဖြစ်၏။ မဟာမိတ်မှ အင်အားစုငယ်များအားလုံးသည် ထိတ်လန့်တကြား ဖြစ်ကုန်ကာ သူတို့ လုပ်နေသည့်အရာအားလုံးကို ရပ်တန့်လိုက်မိ၏။ သူတို့သည် ရွှေရောင်လှိုင်းဂယက်ပျံ့နှံ့သွားချိန်တွင် ပေါ်လာသော အစီအရင်ကို ကြည့်မိနေသည်။
အတွင်းနယ်မြေ၏ နေရာတိုင်းတွင် အလားတူ ဖြစ်ပျက်နေသည်။
ခုချိန်တွင် အတွင်းနယ်မြေမှ ကျင့်ကြံသူအားလုံးနီးပါးသည် အတွင်းနယ်မြေကို ခြုံလွှမ်းထားသော နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို တွေ့မြင်ခဲ့ရပေပြီ။
ဒီအတွင်းနယ်မြေတစ်ခုလုံးကို ခြုံလွှမ်းထားသော အဆုံးအဆမဲ့ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်သည် အမှန်ပင် တုန်လှုပ်ဖွယ်ကောင်းလှ၏။ လူအများစုအတွက် သူတို့သည် ခုမှ ဤအစီအရင်ကို ပထမဆုံး မြင်ဖူးကြခြင်းပင်။ သူတို့အားလုံး အသက်ရှုရပ်တန့်သွားသည့်အလား တုန်လှုပ်ခြင်းကြီးစွာဖြင့် အစီအရင်ကို စိုက်ကြည့်မိနေသည်။
“နယ်မြေချိပ်ပိတ်ခြင်းအစီအရင်…”
“ဒါဟာ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ပဲပေါ့…”
“ဒါက အတွင်းနယ်မြေကို ချိပ်ပိတ်ထားတာ နှစ်ပေါင်းမရေမတွက်နိုင်တော့ဘူး။ ဒါဟာ…ဒါဟာ…”
“ဒီတော့ ငါ့တို့ နေထိုင်ရှင်သန်တဲ့ ကြယ်အဖွဲ့အစည်းဟာ ခုလိုမျိုး ချိပ်ပိတ်ခံထားရတာပေါ့…”
“ဒါ အမှန်ပဲပေါ့။ ဒီနယ်မြေချိပ်ပိတ်ခြင်းအစီအရင်ရဲ့ အပြင်ဘက်မှာ ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ လူတွေ ရှိနေတာပေါ့…”
တိမ်ပင်လယ်၏ အဆင့်တစ်ဒေသတွင် အရှင်ဟုန်ရှန်၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ လေဟာနယ်ကို ချိုးဖျက်၍ နတ်ဘုရားကလန်ထံသို့ ဦးတည်တော့သည်။
“သေစမ်း…ဒါဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ အော်ရာပဲ။ ဒီတာအိုပညာရှင်ရေမှာ တကယ်ပဲ ခုလိုအရာမျိုး ရှိနေတာကိုး…”
မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အတွင်းဘက်၌ အလောင်းကောင်ကလန် ရှိခဲ့သောနေရာမှ ချောက်ချားဖွယ်အော်သံတစ်သံ ထွက်ပေါ်လာသည်။
“ဒီပစ္စည်းဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက ဟာပဲ။ ဒီဟာက နယ်မြေချိပ်ပိတ်ခြင်းအစီအရင်နဲ့ မပေါင်းစည်းသေးခင်ထက် အများကြီး အားနည်းနေတယ်။ ဒါကို ဖျက်စီးပစ်လို့ မဖြစ်ဘူး…” အဘိုးအိုတစ်ယောက်၏အရိပ်တစ်ခုသည် မြန်ဆန်စွာ ပေါ်လာပြီး နတ်ဘုရားကလန်ထံသို့ ဦးတည်တော့သည်။
***