← Chapters

ရွှေရောင်မုန်တိုင်း

Vol. 114 Ch. 1565

ရွှေရောင်မုန်တိုင်း

Vol. 114 Ch. 1565

သို့ပေမည့် အရာအားလုံးသည် အတော်လေး နောက်ကျသွားခဲ့လေပြီ။

တာအိုပညာရှင်ရေသည် ရှေးဟောင်းကောင်းကင်ဘုံသားကို ဆင့်ခေါ်ခဲ့ပြီး သူ ချိပ်ပိတ်နယ်မြေအရှင်ထံမှ ရရှိခဲ့သော လိပ်ခွံကို အသုံးပြုကာ သူ သိထားသော လျှို့ဝှက်မန္တာန်မှ တစ်ဆင့် ရွှေရောင်ခေါင်းလောင်း ပေးအပ်ခြင်းကို ခံခဲ့ရသည်။ သူ ရှေးဟောင်းကောင်းကင်ဘုံသားကို ဆင့်ခေါ်ခဲ့ချိန်က ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏အော်ရာကို သူတစ်ယောက်သာ အာရုံခံမိနိုင်ပေသည်။

ထို့အတွက်ကြောင့် လူတိုင်းသည် ဝမ်လင်း၏လက်သီးချက်ကို ခုခံဖို့ ဒီခေါင်းလောင်းကို ထုတ်လိုက်သည့်အချိန်ကျမှ အံ့အားတသင့် ဖြစ်ကုန်ကြသည်။

အရှင်ဟုန်ရှန်နှင့် တခြားသူများသည်ပင် အလျင်စလို လာချင်ကြ၏။ သို့သော် သူတို့သည် ၎င်းကို ရပ်တန့်ဖို့ နောက်ကျသွားခဲ့လေပြီ။

ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ ဒီအလွန်အမင်းပေါကြွယ်သော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်တို့ ထွက်ပေါ်လာခြင်းက ဝမ်လင်း၏အမူအရာကို လေးနက်သွားစေသည်။ သူသည် ထိုခေါင်းလောင်းက မည်သည့်အရာဖြစ်သည်ကို မသိသော်လည်း သူ့ဉာဏ်ရည်ဖြင့်ဆို သူသည် ချက်ခြင်းပင် တချို့အရာများကို ခန့်မှန်းနိုင်စွမ်း ရှိပေသည်။

ထိုကဲ့သို့ အရေးကြီးလှသောအချိန်၌ သူက သူ့လက်ကို ချက်ခြင်း ရုတ်သိမ်း၏။ ထို့အတွက် သူ့လက်သည် ထိုရွှေရောင်ခေါင်းတလားနှင့် သီသီလေး ကပ်လွဲသွားသည်။

“ငါ့အတွက် ပေါက်ကွဲလိုက်စမ်း…ပေါက်ကွဲစမ်း၊ ပေါက်ကွဲစမ်း…” တာအိုပညာရှင်ရေသည် ရူးသွပ်ဟန်ပေါက်လာ၏။ သူသည် ထိုရွှေရောင်ခေါင်းလောင်းပေါ်သို့ သွေးများ အန်ထုတ်လိုက်သည်။ သူသာလျှင် ၎င်းကို ထိန်းချုပ်နိုင်ပေ၏။ သူသည် ဝမ်လင်းကို မုန်တီးစွာ အော်ဟစ်လိုက်သည်။

သူ အော်ဟစ်နေရင်း ရွှေရောင်ခေါင်းလောင်းသည် တုန်ယင်လာပြီး လွန်စွာတောက်ပသည်။ အဖျက်အစီးအော်ရာတစ်ခုသည် အသံနှင့်အတူ ပျံ့လွင့်လာကာ ပို၍ အားကောင်းလာသည်။

ထိုရွှေရောင်ခေါင်းလောင်းပေါ်တွင် မရေမတွက်နိုင်သော အက်ကြောင်းများစွာ ပေါ်လာပြီး အဖျက်အစီးအော်ရာတစ်ခုသည် ပျံ့လွင့်ကာ ပေါက်ကွဲထွက်သည်။

ရှေးဟောင်းကောင်းကင်ဘုံနယ်မြေမှ ထိုခေါင်းလောင်း၊ ပြင်ပနယ်မြေကို နှစ်ပေါင်းတစ်ရာတိတိ တောင့်ခံဟန့်တားပေးနိုင်စွမ်းရှိသော ထိုခေါင်းလောင်းသည် ရုတ်တရက် ပျက်စီးသွားလေ၏။

တာအိုပညာရှင်ရေသည် ရူးသွားချေပြီ။ သူ့ရူးသွပ်စွာ ရယ်သံသည် ပဲ့တင်ထပ်၏။ ရွှေရောင်ခေါင်းလောင်း ပျက်စီးမှုမှ ဖြစ်ပေါ်လာသော ရွှေရောင်မုန်တိုင်းသည် ဝမ်လင်းထံ ပျံသန်းဝင်လာ၏။

ထိုခေါင်းလောင်းသည် ပျက်စီးလွန်သော်ငြားလည်း ၎င်းအတွင်းရှိ စွမ်းအားသည် အတိုင်းမသိပေ။ ၎င်းသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်နှင့် ပေါင်းစပ်သွားပါက ၎င်းအစီအရင်၏စွမ်းပကားကို နှစ်ဘက်သွားဓားသွားအလား အတွင်း၊အပြင်နယ်မြေနှစ်ခုလုံးအတွက် နှစ်ပေါင်းတစ်ရာကျော် ပိုခိုင်မြဲသွားစေမည် ဖြစ်သည်။

သို့ပေမည့် ခုချိန်၌ တာအိုပညာရှင်ရေက ထိုစွမ်းအားအားလုံးကို ဝမ်လင်းအား တိုက်ခိုက်ဖို့အတွက် အသုံးပြုနေပေပြီ။

ယင်းစွမ်းအားသာ ပေါက်ကွဲလာပါက ဝမ်လင်းမဆိုနှင့်ဦး၊ ဝတ်စုံနက်ကျင့်ကြံသူ ကျိုးသဲ၊ သက်လတ်ပိုင်းလူ တိမ်စွန်း၊ မြင့်မြတ်သောလင်းတန်၊ ကျိုးကျင်၊ နတ်ဘုရားကလန်တစ်ခုလုံး၊ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးသည်ပင် ဖျက်စီးခံလိုက်ရမည် ဖြစ်သည်။

မည်သူမျှ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။ ရွှေရောင်ခေါင်းလောင်း၏ပိုင်ရှင်ဖြစ်သူ တာအိုပညာရှင်ရေတစ်ယောက်သာ မထိမခိုက်ကျန်ခဲ့မည် ဖြစ်သည်။

ဤကား တာအိုပညာရှင်ရေ၏ ရူးသွပ်မှု ဖြစ်၏။ ဝမ်လင်းကို သတ်ဖို့အတွက် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကိုပါ ရော၍ မြှုပ်နှံ့ပစ်ပေတော့မည်။

“ငါ့ကို ဘယ်သူသတ်ရဲလဲ။ ငါ့ကို ဘယ်သူ သတ်နိုင်လဲကွ…” တာအိုပညာရှင်ရေ၏ ရယ်သံသည် ရူးချင်စရာ ကောင်းလှ၏။ သူသည် ထိုသို့ရယ်နိုင်ရန် အရည်အချင်း ရှိလာခဲ့ပြီ မဟုတ်လား။ တတိယအဆင့်ကျင့်ကြံသူ ဖြစ်နေသ၍ မည်သူကမျှ အားနည်းမည် မဟုတ်ပေ။ သူသည် ခြေလှမ်းတိုင်းကို ကြိုမမြင်နိုင်သော်လည်း သူ့ထံ၌ အကြံအစည် ရှိပြီးသား ဖြစ်သည်။ သူသည် ခေါင်းလောင်းကို ဖောက်ခွဲကာ ဒီတိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ဖျက်စီးပစ်မည်။ သူသည် ဒီရွှေရောင်မုန်တိုင်းမှာ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ပေါ်တွင်လည်း များစွာ သက်ရောက်မှု ရှိမည်ကို သေချာနေသည်။

ယင်းပေါက်ကွဲမှုစွမ်းအားကြောင့် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ပေါ်တွင် အပေါက်တစ်ခုလိုမျိုး ဖြစ်လာနိုင်သည်။ ထို့နောက်တွင် သူသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း(ဝါ) ပြင်ပနယ်မြေသို့ ထွက်ပြေးနိုင်မည် ဖြစ်သည်။ သူ၏ ခုလိုမျိုး အကျိုးဆောင်မှုနှင့်ဆိုပါက သူသည် ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် ဆန္ဒရှိသလို လုပ်ဆောင်နိုင်ဦးမည်။

ရွှေရောင်မုန်တိုင်းမှာ တုန်ဟည်းလာ၏။ ၎င်းသည် စတင်ပျံ့နှံ့ကာ ဒီတိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ပျက်စီးစေတော့မည်။ မြောလွင့်နေသော ကုန်းမြေထုများ တုန်ခါလာသည်။ ထိုတုန်ခါမှုသည် ကြယ်အဖွဲ့အစည်းတစ်ခု ပျက်စီးတော့မည့် လက္ခဏာပင်။

ကြယ်မြူများသည်လည်း ပြန့်ကျဲသွားခဲ့ပြီး ဖြစ်၏။ မရေမတွက်နိုင်သော ကြမ်းကြုတ်သည့်သားရဲများစွာ အလန့်တကြားအော်ဟစ်ကုန်သည်။ သူတို့သည် ဉာဏ်ရည်များ ပိုင်ဆိုင်ထားသည်ဖြစ်ရာ ခုခံနိုင်စွမ်းမဲ့သောအားတစ်ခုက ပေါက်ကွဲတော့မည်ကို သတိမူမိသည်။ သူတို့၏ခန္ဓာကိုယ်စွမ်းအားက မည်မျှ သန်မာပါစေ သူတို့သည် ဖျက်စီးခံရတော့မည် ဖြစ်သည်။

ကျင့်ကြံခြင်းဂြိုဟ်များစွာလည်း တုန်ယင်တုန်ခါ၏။ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ မရေမတွက်နိုင်သော သေမျိုးများသည် ချက်ခြင်း သေဆုံးတော့မည်။

ကျင့်ကြံသူအားလုံး၏မျက်နှာသည် ဖြူရောသွား၏။ သူတို့၏စိတ်များမှာ ဗလာကျင်းသွားမိသည်။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းအနှံ့တွင် ပေသန်းချီသော အက်ကြောင်းများ ပေါ်လာသည်။ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်သည်ပင် တုန်ဟည်း၏။ အစီအရင်၏စိတ်ဝိညာဉ်များသည်ပင် ထွက်ပေါ်လာတော့ပေမည်။

ထိုအဖြစ်အပျက်အားလုံးသည် မြန်ဆန်စွာ ဖြစ်ပျက်လာခြင်းပင်။

နတ်ဘုရားကလန်၌ အနီရောင်ဝတ်စုံဖြင့်လူသည် ဝမ်လင်းနောက်တွင် ပေါ်လာသည်။ သူသည် ရှေ့သို့ ခြေလှမ်းကာ သူ့လက်သည် ကြောက်မက်ဖွယ်မုန်တိုင်းပေါ်သို့ ကျရောက်သည်။

သိပ်မကြာခင်တွင် သူနှင့် ဆန့်ကျင်ဘက်တွင် မဟာမိတ်၏အလောင်းကောင်ကလန်မှ အဘိုးအိုလည်း ပေါ်လာသည်။ သူ၏အမူအရာသည် အလေးအနက် ဖြစ်နေပြီး ချိပ်ဟန်တစ်ခု ဖြစ်စေကာ အောက်သို့ ဖိချလိုက်သည်။

ကျိုးသဲနှင့်အရှင်တိမ်စွန်းတို့၏မျက်နှာမှာလည်း ဖြူရောကုန်သည်။ သူတို့သည် သူတို့၏တိုက်ပွဲများကို လစ်လျူရှု၍ အသည်းအသန် တဟုန်ထိုး ပြေးလာကြသည်။ သူတို့၏လက်များကို အရူးအမူး လှုပ်ရှား၍ သည်စွမ်းအားပေါက်ကွဲမှုကို တားဆီးရန် ကြိုးစားသည်။

လင်းတန်၊ကျိုးကျင်တို့သည်လည်း ဝမ်လင်း၏အမိန့်အရ ရောက်ရှိလာ၏။ ထိုတတိယအဆင့်ကျင့်ကြံသူ ခြောက်ယောက်သည် ထိုကြောက်မက်ဖွယ်မုန်တိုင်းကို တားဆီးရန် ကြိုးစားလေသည်။

“အသုံးမဝင်ဘူး။ ဘယ်သူ့မှ ငါ့ကို မတားဆီးနိုင်ဘူး။ မင်းတို့အားလုံး ဒါကို မတားနိုင်ဘူး။ မင်းက ငါ့ကို သတ်ချင်ခဲ့တာမလား။ ချိပ်ပိတ်နယ်မြေအရှင်နဲ့ မင်းတို့အားလုံးတောင် ဒီအဘိုးအိုကို မသတ်နိုင်ဘူးကွ…” တာအိုပညာရှင်ရေသည် ကျယ်လောင်စွာ ရယ်မောလေ၏။ သူသည် စိတ်လှုပ်ရှားမှု ပြည့်နေသည်။

“ဝမ်လင်း၊ မင်း ငါ့ကို သတ်ချင်တယ်။ ဒါပေမဲ့ မင်းက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကိုပါ ဆွဲချလိုက်ပြီ။ မင်း အသက်ရှင်ခဲ့မယ်ဆိုရင်တောင် မင်းရဲ့ တာအိုနှလုံးသားမှာ ပြစ်ချက် ပေါ်လာမလား၊ မပေါ်လာဘူးလား ငါ မြင်ချင်မိသေးတယ်။ အတွင်းနယ်မြေမှာ မင်း ဘယ်လိုများ နေထိုင်အုံးမလဲ ငါ မြင်ချင်မိတယ် မင်းဟာ အတွင်းနယ်မြေအတွက် ထာဝရအပြစ်သားတစ်ယောက် ဖြစ်လာလိမ့်မယ်…”

နတ်ဆိုးကလန်မှ ကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူများလည်း ပေါ်လာကြသည်။ သူတို့၏မျက်နှာများသည် ဖြူရောနေ၏။ သူတို့သည် သူတို့၏အင်အားအပြည့်ကို ပေါင်းစည်း ထုတ်ဖော်ရန် ပြင်ကြသည်။

နတ်ဘုရားကလန်အတွင်းရှိ တာအိုပညာရှင်ရေဘက်တွင် ရှိခဲ့သော အကြီးအကဲများသည်လည်း အလျင်စလို ပြေးလာပြီး ဒီရွှေရောင်မုန်တိုင်း ပေါက်ကွဲခြင်းကို တားဆီးရန် ကြိုးစားသည်။

ထိုက်အုလောလည်း ရှိသေး၏။ သူ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူသည် ထိုမုန်တိုင်းကို ခုခံနိုင်ရန် သူ့လက်ကို ဖိချလိုက်သည်။

ချက်ခြင်းပင် လောကသည် ပုံပျက်ယွင်းသည်။ တစ္ဆေကလန်မှ လူများ ရောက်လာ၏။ တစ္ဆေကလန်၏ မြင့်မြတ်သောမဟာလေဟာနယ်သည် သုန်မှုန်စွာ ရှိနေ၏။ သူသည် ချက်ခြင်းပင် ထိုမုန်တိုင်းကို ခုခံနိုင်ရန် လူတိုင်းနှင့် ပူးပေါင်းသည်။

မြင့်မြတ်သောမဟာလေဟာနယ် ထွက်ပေါ်လာသည်နှင့် ကြောက်မက်ဖွယ်နတ်ဆိုးစွမ်းအင်သည် ပျံ့လွင့်လာကာ ကောင်းကင်ထက်၌ ဧရာမမျက်နှာကြီးတစ်ခု ပေါ်လာသည်။

ထိုမျက်နှာသည် ရှေးဟောင်းနတ်ဆိုး၏မျက်နှာပင်။ သူ၏ဘယ်မျက်လုံးထဲတွင် ရှေးဟောင်းနတ်ဆိုးကြယ်ကိုးလုံး ရှိနေပြီး ပျံသန်းထွက်လာသည်။ ထိုကြယ်ကိုးလုံးသည် အရပ်ကိုးမျက်နှာသို့ ပျံ့နှံ့ကာ ဒီမုန်တိုင်းကို ချိပ်ပိတ်ရန် တာဆူသည်။

သို့ပေမည့် အနှီရွှေရောင်မုန်တိုင်းသည် ထိန်းချုပ်ရန် အလွန်ခက်ခဲလှသည်။ လူအများအပြား တစ်ပြိုင်နက်တည်း လှုပ်ရှားလုပ်ဆောင်လာသည်တောင်မှ သူတို့သည် ယင်းမုန်တိုင်းကြီးမားသထက် ကြီးမားလာသည်ကိုသာ စောင့်ကြည့်နေရ၏။

အရှင်ဟုန်ရှန်၏ ဆန့်ကျင်ဘက်ရှိ အလောင်းကောင်ကလန်မှ အဘိုးအိုသည် ညစ်ကျယ်ကျယ်အသံဖြင့် ပြောလာ၏။ “အရှင်ဟုန်ရှန်…တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းကို လက်လွှတ်လိုက်တော့…”

အရှင်ဟုန်ရှန်သည် စကားမဆိုပေ။ သူသည် အံတင်းတင်းကြိတ်၏။ သူ၏အနှစ်သာရစွမ်းအင်ကို အရူးအမူး လှည့်ပတ်ကာ ထိုမုန်တိုင်းပေါက်ကွဲခြင်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားရုန်းကန်သည်။ လူတိုင်းသည် သိပ်သည်းကြီးမားလာသော ယင်းမုန်တိုင်းကြောင့် အဆတ်မပြတ် နောက်ဆုတ်နေရ၏။ ၎င်းသည် စမှတ်သို့ ပြန်မရောက်နိုင်တော့ပေ။

သူတို့သာ ခုချိန်ထွက်မသွားပါက ထွက်သွားနိုင်မည့် အခွင့်အရေး မရှိနိုင်လောက်တော့ပေ။

ဝမ်လင်းသည် ဖြစ်ပျက်သမျှကို ငြိမ်သက်စွာ စောင့်ကြည့်နေ၏။ သူသည် တာအိုပညာရှင်ရေကို ပုဂ္ဂိုလ်ရေးလက်စားချေရန် လာခဲ့ခြင်းဖြစ်သည်။ သို့ပေမည့် တာအိုပညာရှင်ရေ ပြောသလိုပင် ခုချိန်တွင် ယင်းအဖြစ်က တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးပေါ်သို့ သက်ရောက်နေသည်။ ထိုတန်ဖိုးက ဝမ်လင်းကို ငြိမ်သက်စွာ စဉ်းစားသွားစေ၏။

“ဒီလိုမဖြစ်သင့်ဘူး…” မြန်ဆန်စွာ ချဲ့ကားလာနေသော ရွှေရောင်မုန်တိုင်းကို ကြည့်ကာ ဝမ်လင်းသည် သူ၏မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်သည်။

“ထားလိုက်တော့၊ မေ့လိုက်တော့။ သင်တို့ တတ်နိုင်သလောက် များနိုင်သမျှ များများသာ လူတွေကို ခေါ်သွားကြတော့။ တိမ်ပင်လယ်ဟာ အပြီးသပ်သွားပြီ။ နယ်မြေချိပ်ပိတ်ခြင်းအစီအရင် ပွင့်ဟသွားတာနဲ့ စစ်ပွဲလည်း စတင်တော့မယ်…” အရှင်ဟုန်ရှန်သည် ခါးသီးစွာ ပြုံးမိ၏။ သူသည် ဒီအဖြစ်ကို ဆက်၍ ခုခံနိုင်စွမ်း မရှိတော့သည်ကို သိသည်။ သူသည် တာအိုပညာရှင်ရေထံသို့ ဦးတည်ဝင်လာသည်။

လူတိုင်းသည် ခါးသီးစွာ နောက်ဆုတ်ကြ၏။ သူတို့သည် တိမ်ပင်လယ်မှာ အပြီးသပ်တော့မည်ကို နားလည်ပေသည်။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမျ ကျင့်ကြံသူများစွာ၊ အဆုံးအစမဲ့ ဖြစ်တည်မှုများစွာသည် အဆုံးသပ်၊အပြီးသပ်တော့ပေမည်။ ခုချိန်မှစ၍ အတွင်းနယ်မြေ၌ မဟာကြယ်အဖွဲ့အစည်းလေးခု ဆက်၍ ရှိတော့မည် မဟုတ်၊ သုံးခုသာ ရှိလေတော့မည်။

လူတိုင်း နောက်ဆုတ်နေစဉ် ရွှေရောင်မုန်တိုင်းက မြန်ဆန်လွန်းသောနှုန်းဖြင့် ပေါက်ကွဲရန် ချဲ့ကားလာနေစဉ် ဝမ်လင်းသည် သူ့ညာလက်ကို ဖြည်းဖြည်းချင်း သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်၏။

“မြေနိမ့်သားရဲ…” ဝမ်လင်း၏ဒုတိယမြောက်ကြယ်သည် လင်းလက်သွားပြီးနောက် ရုတ်တရက် ကောင်းကင်သည် နက်မှောင်လာသည်။ မြေနိမ့်သားရဲကြီးသည် ရုတ်တရက် ပေါ်လာလေသည်။

မြေနိမ့်သားရဲသည် ရွှေရောင်မုန်တိုင်းကို ရီဝေစွာ စိုက်ကြည့်နေ၏။ ၎င်းသည် ထိုအရာမှာ မည်သည့်အရာမှန်း စဉ်းစားနေသည့်အလား။ မြေနိမ့်သားရဲ၏ပုံပန်းသွင်ပြင်က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ အာရုံကို စွဲဆောင်သွားသည်။ အရှင်ဟုန်ရှန်သည်ပင် ၎င်းသားရဲကို တွေ့သည့်အခါ တုန်လှုပ်မိသွား၏။ လူတိုင်းသည် ဝမ်လင်းကို အာရုံစိုက်နေရန် အချိန်မရှိသည် ဖြစ်ရာ သူတို့သည် ထိုမြေနိမ့်သားရဲ မည်သို့ ပေါ်လာသည်ကို မသိကြပေ။

“မြေနိမ့်သားရဲ၊ ဝါးမြိုလိုက်…” ဝမ်လင်းသည် သူ့လက်ကို ဝေ့ယမ်းလိုက်ရင်း အော်ဟစ်လိုက်လေ၏။

မြေနိမ့်သားရဲသည် ကြောင်ရီရီ ရှိနေဆဲပင်။ ၎င်းသည် ဖြည်းဖြည်းချင်း ၎င်း၏ပါးစပ်ကြီးကို ဟ၏။ ချက်ခြင်းပင် ကြီးမားလှသော ပါးစပ်စိတ်ဝိညာဉ်ကြီး ပေါ်လာသည်။

ထိုစိတ်ဝိညာဉ်ပါးစပ်ကြီးက ကြယ်နယ်မြေတစ်ခုလုံးကို ဝါးမြိုပစ်ဖို့ လုံလောက်သည့်အထိ ကြီးမားသည်။ ဝမ်လင်း၏အမိန့်အောက်တွင် ၎င်းပါးစပ်က ရှိုက်သွင်းလေ၏။

“မြေနိမ့်သားရဲလည်း ဒီနေရာမှာ အသုံးမဝင်ဘူး။ ဒီကောင်က ကောင်းကင်နဲ့မြေကြီးကို ဝါးမြိုပစ်နိုင်တယ်။ ဒါပေမဲ့ ဒီရွှေရောင်မုန်တိုင်းကိုတော့ ဝါးမြိုနိုင်မှာ မဟုတ်ဘူး။ ဒီရွှေရောင်မုန်တိုင်းဟာ…” တာအိုပညာရှင်ရေသည် အရူးအမူး ရယ်မော၏။ သို့သော် သူ့ရယ်သံသည် ရုတ်တရက် ရပ်တန့်သွားပြီး သူ့မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ကြီးစိုးလာသည်။

လောကသည် တုန်ဟည်းသည်။ ချဲ့ကားလာနေသော ရွှေရောင်မုန်တိုင်းမှာ မြေနိမ့်သားရဲ၏ စိတ်ဝိညာဉ်ပါးစပ်နှင့် ယှဉ်ပါက အလွန်သေးငယ်၏။ လူတိုင်းသည် မြေနိမ့်သားရဲ ရွှေရောင်မုန်တိုင်းကို ဝါးမြိုနေသည်ကို စိုက်ကြည့်နေရင်း မင်သက်ကြောင်ငေးမိကုန်သည်။

၎င်းသည် ဝါးမြိုပြီးနောက် အရသာမြည်းသည့်အလား အမှန်တကယ်ပင် အကြိမ်အနည်းငယ် ဝါးလိုက်သေးသည်။ ထို့နောက် ၎င်းက ဝမ်လင်းကို ရီဝေဝေ စိုက်ကြည့်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်ကုန်၏။ တာအိုပညာရှင်ရေ အပါအဝင် လူတိုင်းသည် မြေနိမ့်သားရဲ ဒီအတိုင်းမသိစွမ်းအား ပါဝင်သော ရွှေရောင်မုန်တိုင်းကို ဝါးမြိုပြီးနောက် မည်သည့်အကျိုးဆက် ဖြစ်မည်ကို မြင်ချင်နေသည်။

ဝမ်လင်းသည်ပင် မြေနိမ့်သားရဲကို စိုက်ကြည့်နေ၏။ သို့ပေမည့် အချိန်အတန်ကြာပြီးသည့်အထိ မြေနိမ့်သားရဲက ဝမ်လင်းကိုသာ ရီဝေဝေ ကြည့်နေဆဲပင်။ တချက်တချက် ၎င်း၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှု ပေါ်ပေါ်လာ၏။ ၎င်းသားရဲသည် သူ့လန့်နေသော ထိုသူများက သူ့ကို အခုလိုပုံစံမျိုး ဘာကြောင့် ကြည့်နေသည်ကို နားမလည်နိုင် ဖြစ်နေသည်။

၎င်း၏ခန္ဓာကိုယ်သည် တုန်ယင်သွားပြီးနောက် ၎င်းသည် လန့်လာ၏။ ၎င်းသည် ကြောက်နေမိသည်။ ၎င်း၏မျက်လုံးထဲတွင်လည်း ကြောက်လန့်မှု ကြီးစိုးလာသည်။ ၎င်း၏ခန္ဓာကိုယ်ထံမှ ခပ်အုပ်အုပ်အသံများ ထွက်ပေါ်လာသည်။ ယင်းအသံသည် မိုးကြိုးသံအလား လောကကို တုန်ခါစေသည်။

***

All Chapters