အပိုင်း(၁၅၆၆)
Vol. 114 Ch. 1566
မြေနိမ့်သားရဲ၏ ဟိန်းအော်သံသည် ပိုပြင်းထန်လာသည်။ ၎င်း၏မျက်လုံးတွင်းရှိ ကြောက်ရွှံ့မှုမှာလည်း ပိုအားကောင်းလာသည်။ ၎င်းသည် အတော်လေး ထိတ်လန့်နေပြီ။ ၎င်း၏တဘဝလုံးတွင် ဒီလောက်များပြားသောလူများ၏ စိုက်ကြည့်ခြင်းကို မခံရဘူးသည်ဖြစ်ရာ ဤအဖြစ်က ဒီသားရဲကို လွန်စွာ လန့်နေစေ၏။ သူတို့၏အကြည့်များက ၎င်းကို ထိတ်လန့်တကြား ဖြစ်စေသည်။
၎င်း၏ထုံထိုင်းသောစိတ်ဖြင့်ပင် မြေနိမ့်သားရဲသည် တစ်ခုခုမှားနေပြီကို ခံစားမိသည်။ ထိုသူများသည် သူ့အား အကြည့်ဖြင့် ထွင်းဖောက်ချင်နေသလားဟု ထိုသားရဲ ထင်နေ၏။
ကြောက်လန့်နေရင်း ၎င်း၏ဟိန်းသံက မိုးကြိုးသံအလား ပျံ့နှံ့သည်။ အခြားသူများအတွက်တော့ ၎င်းက ဒေါသထွက်ဟန် ဟိန်းသကဲ့သို့ ခံစားမိကြ၏။ သိုသော် အမှန်တွင်မူ ထိုသားရဲသည် ကြောက်၍ အော်ဟစ်ခြင်း ဖြစ်နေ၏။ တကယ့်ကို ကြောက်နေမိခြင်းပင်။ အတိတ်တုန်းကသာ ဆိုပါက ၎င်းသည် အမြန်ဆုံး ထွက်ပြေးမိမည် ဖြစ်၏။ သို့သော် ခုချိန်တွင်မူ ၎င်းသည် ဝမ်လင်း၏ အသက်အနှစ်သာရသားရဲ ဖြစ်နေရာ ဝမ်လင်းအပေါ် အရင်းအချာလို ခံစားမိနေ၏။ ကလေးတစ်ယောက် ကြောက်လန့်သည့်အခါ သူတို့မိဘ၏လက်အတွင်းသို့ အတင်းဝင်ရောက်သလိုမျိုး မြေနိမ့်သားရဲက ဝမ်လင်းထံသို့ ဦးတည်တိုးဝင်လာတော့သည်။
သို့ပေမည့် ထိုအပြုအမူက ဝမ်လင်းကလွဲ၍ လူတိုင်းကို အတော်လေး အထိတ်တလန့် ဖြစ်သွားစေသည်။ သူတို့သည် ထိုသားရဲ၏ စိတ်နေစိတ်ထားကို သိထားသည်တောင်မှ အခု ရွှေရောင်မုန်တိုင်းကို ဝါးမြိုပစ်သည်အား တွေ့မြင်ခဲ့ရပြီးနောက် သူတို့အဖို့ မကြောက်လန့်မိဘဲ မနေနိုင် ဖြစ်ရပေသည်။
တတိယအဆင့်ကျင့်ကြံသူများသည်ပင် ထိတ်လန့်တကြား နောက်ဆုတ်ကုန်သည်။ သို့ပေမည့် အချို့လူများ၏ မျက်လုံးထဲတွင်မူ မနာလိုမှုနှင့် လောဘတို့ ဖြစ်ပေါ်နေသည်။
“ဒီအဘိုးအိုမှာ ဒီလိုသားရဲထဲက တစ်ကောင်သာ ပိုင်ဆိုင်ရရင် ငါ့ခွန်အားဟာ ကြီးကြီးမားမား တိုးတက်သွားမှာ…” ဆင့်ခေါ်ခြင်းမြစ်မှ ဝတ်စုံနက်နှင့်အဘိုးအို ကျိုးသဲက မြေနိမ့်သားရဲကို စိုက်ကြည့်ရင်း လျှာသပ်မိသည်။
“ဒီမြေနိမ့်သားရဲက ရွှေရောင်မုန်တိုင်းကိုတောင် ဝါးမြိုနိုင်တယ်။ ဒါ…ဒါဟာ ကောလဟာလတွေနဲ့ မတူတဲ့ပုံပဲ။ ဒီသားရဲသာ ငါ့အပိုင်ဆို အဲ့ကျရင်…”
အရှင်တိမ်စွန်း၏မျက်လုံးထဲတွင်လည်း လောဘနှင့် ပြည့်နှက်သည်။
“ကိုယ့်ဘက်မှာသာ ဒီသားရဲ ရှိနေရင် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်ရင်တောင် ကျော်ကြားဖို့ လုံလောက်နေပြီ…” နတ်ဘုရားကလန်နှင့် နတ်ဆိုးကလန်မှ ကျင့်ကြံသူအားလုံးသည် မြေနိမ့်သားရဲကို ကြည့်နေ၏။ သူတို့သည် ထိုသားရဲကို လန့်နေသော်လည်း တစ်ချိန်တည်းမှာ ထိုသားရဲက သူတို့အား ကြီးမားစွာ စွဲဆောင်နေ၏။
“အသက်အနှစ်သာရသားရဲ။ ဒီဝမ်လင်းဟာ တကယ်ပဲ ဒီသားရဲကို ဖမ်းခေါ်လာနိုင်စွမ်း ရှိနေတယ်။ ချိပ်ပိတ်နယ်မြေအရှင်သခင်ရဲ့ ရွေးချယ်မှုဟာ မမှားဘူးပဲ…”
အရှင်ဟုန်ရှန်က အလောင်းကောင်ကလန်မှ အဘိုးအိုထံသို့ ကြည့်လိုက်၏။
လူတိုင်း နောက်ဆုတ်သွားနေရင်း ဝမ်လင်းတစ်ယောက်သာ ရှေ့လှမ်းလာ၏။ သူ၏ညာလက်ဖြင့် ထိုမြေနိမ့်သားရဲပေါ်သို့ ညင်သာစွာ ဖိကိုင်လိုက်သည်။ မြေနိမ့်သားရဲ၏ မျက်လုံးထဲရှိ ထိတ်လန့်မှုက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ၎င်းသည် ဝမ်လင်းဘေးတွင် ရှိနေလျှင် နွေးထွေးမှုကို ခံစားမိကာ ၎င်း၏ကြောက်ရွှံ့မှုသည်ပင် လွင့်ပျောက်သွားလေ၏။
အထူးသဖြင့် ဝမ်လင်း၏စိတ်အတွင်းမှ ထွက်ပေါ်နေသော စိတ်လုံခြုံစေမှုက ၎င်း၏ကြောက်ရွှံ့မှုအပေါ် ကြီးစွာ သက်သာမှု ဖြစ်စေသည်။ ကြောင်ပေါက်လေးတစ်ကောင်အလား မြေနိမ့်သားရဲက ၎င်း၏ကြီးမားသောဦးခေါင်းဖြင့် ဝမ်လင်းကို ညင်သာစွာ ပွတ်သပ်လိုက်လေသည်။
သို့ရာတွင် ထိုလုပ်ဆောင်မှုသည် တခြားကျင့်ကြံသူများကို ထိတ်လန့်သွားစေ၏။ မြေနိမ့်သားရဲမှာ သိသာစွာ ကြီးမားလွန်း၏။ ၎င်း၏လုပ်ဆောင်မှုက ညင်သာသော်လည်း တောင်တစ်လုံးက သင့်အပေါ် ဝင်ရိုက်ဆောင့်သလိုမျိုး ဖြစ်စေမည်သာ။ ၎င်းက ဝမ်လင်းပေါ်သို့ ကျရောက်လာချိန်၌ ကျယ်လောင်စွာမြည်ဟည်းသံ ပဲ့တင်ထပ်သည်။
ထိုဖိသိပ်အားက အတော်လေးကို ပြင်းထန်၏။ ထိုတုန်ဟည်းမှုက တတိယအဆင့်ကျင့်ကြံသူတစ်ယောက် အင်ပြည့်အားပြည့်တိုက်ချက်ထက် အားနည်းလိမ့်မည် မဟုတ်ပေ။ အလုံးစုံကောင်းကင်မှာတုန်းက ဝမ်လင်းသည်လည်း ထိုမြေနိမ့်သားရဲ၏ စွမ်းအားကုန်ဝင်ဆောင့်မှုကြောင့် လွင့်ထွက်သွားခဲ့သေးသည် မဟုတ်လား။ ထိုအချက်က ယင်းမြေနိမ့်သားရဲ မည်မျှသန်မာသည်ကို ပြသနေသည်။
ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းမှ ကျိုးသဲသည်ပင် ပင့်သက်ရှိုက်မိသွား၏။ ထိုကဲ့သို့ကြမ်းကြုတ်လှသော သားရဲမျိုး ပိုင်ဆိုင်ချင်သည့် သူ့အတွေးများသည်ပင် သဲလွန်စမရှိ ကွယ်ပျောက်သွားတော့သည်။
“ဒီအဘိုးအိုရဲ့ ခန္ဓာကိုယ်ဟာ အားမနည်းလှပေမယ့် ငါတော့ ဒီလောက်အားကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဒီသားရဲသာ ငါ့ကို မကြာမကြာ ဒီပုံစံလုပ်နေရင် ငါ့ခန္ဓာကိုယ်ပါ ပြောင်းလဲသွားနိုင်တယ်။ ဒါဆိုရင် ဒါက သားရဲတစ်ကောင် မွေးတာ မဟုတ်တော့ဘဲ ဘိုးဘေးတစ်ယောက်ကို ပူဇော်ရသလို ဖြစ်တော့မယ်…”
အရှင်တိမ်စွန်းသည် မျက်လုံးပြူးသွား၏။ သူသည် အသက်မနည်းရှုလိုက်ရသည်။ သူက မချိပြုံးပြုံးကာ တွေးလိုက်မိသည်။ “ဒီအဘိုးအိုတော့ ဒီလိုသားရဲကို မပြုစုမပျိုးထောင်နိုင်ဘူး။ ဒီကောင်က ပျော်ပြီး တိုက်ပွဲအတွင်းမှာ ငါ့ကိုသာ လာထိတိုက်နေရင် ငါတော့…”
အရှင်တိမ်စွန်းသည် မည်သို့ဖြစ်ပျက်လာမည်ကို တွေးမိရင်း ထိတ်လန့်သွားသည်။
သူတို့နှစ်ယောက်သာမက မြေနိမ့်သားရဲကို လိုချင်လောဘတက်မိသော လူတိုင်းသည် အလန့်တကြား ဖြစ်ကုန်သည်။
“ဒီမြေနိမ့်သားရဲရဲ့ ဖိတိုက်အားက တကယ့်ကို ထိတ်လန့်စရာပဲ…”
“ငါသာ ဒီသားရဲကို ပိုင်ဆိုင်ထားရင် ကြာကြာ အသက်ရှည်မှာ မဟုတ်တော့ဘူး…”
“ဝမ်လင်းလို အစွမ်းထက်လှတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့သူမှ ဒီလိုသားရဲကို ပြုစုပျိုးထောင်ရဲလိမ့်မယ်။ တကယ်ပဲ ထိတ်လန့်ဖို့ကောင်းတယ်…”
ဝမ်လင်း၏ စိတ်လုံခြုံမှုပေးနိုင်စွမ်းကြောင့် မြေနိမ့်သားရဲသည် ဆက်၍ မကြောက်တော့ပေ။ ဝမ်လင်းပင် မမျှော်လင့်ထားမိသည်မှာ ၎င်းသည် ခုချိန်တွင် မကြောက်တော့သည့်အပြင် ၎င်း၏ထူးဆန်းသောအလေ့အထပင် ပေါ်လာတော့သည်။
၎င်းသည် အမြှီးကို ညင်သာစွာ လှုပ်ခါလိုက်ပြီး ၎င်း၏အမူအရာက ကြမ်းကြုတ်လာ၏။ ၎င်းသည် စတင်၍ ဟိန်းဟောက်တော့သည်။ သို့ပေမည့် သည်တစ်ကြိမ်ကမူ ထိုကျင့်ကြံသူများကို ကြောက်၍ ဟိန်းလိုက်သည် မဟုတ်။ ဝမ်လင်းသာ အမိန့်ပေးလိုက်ပါက ၎င်းသည် ဟိန်းသံနှင့်အတူ ထိုကျင့်ကြံသူများထံ တရှိန်ထိုး တိုးဝင်သွားပေမည်။
ပို၍ တိတိပပဆိုပါက ၎င်း၏အမွှေးအမျှင်များသည် ချောမွတ်သောအရေပြားပေါ်၌ ပေါ်လာလေ၏။ ထိုအမွှေးအမျှင်များသည် နူးညံ့မှု ရှိဟန်တူသည်။ သို့သော် ခုချိန်တွင် ၎င်းတို့က ထောင်မတ်နေရာ ၎င်းကို အစွမ်းထက်သောဟန်ပန် ပေါက်စေသည်။
၎င်း၏မျက်လုံးများသည် ပြူးကျယ်နေ၏။ ၎င်း၏ဟိန်းသံသည် ပို၍ ပြင်းထန်လာပြီး တခြားလူများကို ဒေါသတကြီးပင် စိုက်ကြည့်လာသည်။ ယင်းက အရင်နှင့် လုံးဝ ခြားနားသွားခြင်းပင်။ ဝမ်လင်းသည်ပင် တခဏတာ မင်သက်မိသွားသည်။
၎င်း၏အပြုအမူက ရှေ့သို့ ထိုးတက်တော့မည့်ဟန် ဖြစ်၏။ သို့သော် ၎င်းသည် ဝမ်လင်းကို မကျော်သွားဘဲ ပိုကျယ်လောင်စွာသာ ဟိန်းဟောက်နေ၏။
မြေနိမ့်သားရဲ ဒေါသတကြီးဖြစ်သည့်ပုံမှာ အတော်လေးကို ထိတ်လန့်စရာ ကောင်းသည်။ ထိုအခိုက်တွင် တာအိုပညာရှင်ရေသည် မျှော်လင့်ချက်မဲ့နေမိပြီ။ သူသည် သူ့အစီအစဉ်များသည် ဒီထူးဆန်းသောမြေနိမ့်သားရဲကြောင့် ကျရှုံးသွားလိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပေ။ လူတိုင်း၏အာရုံက ယဉ်ပါးရာကနေ ကြမ်းကြုတ်သွားသော မြေနိမ့်သားရဲထံ ရောက်နေစဉ် တာအိုပညာရှင်ရေက ရုတ်တရက် နောက်ဆုတ်သည်။
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ တခြားသူများက တာအိုပညာရှင်ရေကို မေ့ကောင်းမေ့နိုင်မည် ဖြစ်သော်လည်း သူကမူ မမေ့ပေ။ ဝမ်လင်းက ရှေ့သို့ ခြေလှမ်းလိုက်၏။ လောကသည် တုန်ဟည်းသွားကာ သူသည် တာအိုပညာရှင်ရေနောက်သို့ လိုက်လံတော့သည်။
တာအိုပညာရှင်ရေ၏မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နေ၏။ သူသည် နောက်ဆုတ်နေရင်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သွေးတစ်ပွက်အန်ထုတ်လိုက်သည်။ ထိုသွေးသည် မည်းညစ်ညစ်ခရမ်းရောင် ဖြစ်၏။ အေးစက်စက်စွမ်းအင်တစ်ခု ချက်ခြင်း ပျံ့လွင့်လာသည်။
သို့ပေမည့် ထိုအအေးစွမ်းအင် ပျံ့လွင့်လာသည့်အခါ ပြင်းထန်သောအပူဓာတ်မှာလည်း မြင့်တက်လာသည်။ ၎င်းသည် အပူနှင့်အအေးကြား တလှည့်စီ ပြောင်းနေရင်း နောက်ဆုံး၌ ခရမ်းနက်ရောင်ဝဲကတော့တစ်ခုအသွင်ဖြစ်ပေါ်ကာ ဝမ်လင်းထံ တိုးဝင်လာသည်။
ဝမ်လင်းသည် နီးကပ်လာ၏။ ခရမ်းရောင်ဝဲကတော့ သူ့ထံ ချဉ်းကပ်လာသည့်နှင့် သူ့ညာလက်ဖြင့် လက်သီးစုပ်ဟန် ဖြစ်စေကာ အစောပိုင်းက သူ ပြန်ရုပ်သိမ်းလိုက်သော ဒုတိယမြောက်လက်သီးချက်ကို ပစ်သွင်းလိုက်သည်။
ကြီးမားလှသော လက်သီးအရပ်ကြီးက ခရမ်းရောင်ဝဲကတော့နှင့် ထိပ်တိုက်တွေ့သည်။ ကျယ်လောင်စွာ တုန်ဟည်းသံများ မြည်ဟည်းလျက် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းအနှံ့ ပျံ့လွင့်သည်။
ခရမ်းရောင်ဝဲကတော့သည် လက်သီးအရိပ်နှင့် ထိပ်တိုက်တွေ့သည့်အခါ လက်သီးထံမှ အက်သံများ ထွက်ပေါ်လာပြီး ရေခဲများ စတင် ပျံ့နှံ့သည်။ လျှပ်တပြတ်အတွင်း ဝမ်လင်း၏အရိပ်လက်သီးသည် ရေခဲများ ဖုံးလွှမ်းခြင်းကို ခံလိုက်ရ၏။ ရေခဲရုပ် ဖြစ်လာသည်အလားပင်။
ထိုရေခဲရုပ် ဖြစ်လာသည့်အခိုက်တွင် ပြင်းထန်သောအပူက ထိုရေခဲထံမှ ပေါက်ကွဲထွက်လာ၏။ အပူသည် လွန်စွာ အားကောင်းသည်။ ရေခဲ အရည်မပျော်ကျခင်မှာ ၎င်းသည် တစစီကွဲထွက်သွား၏။
“ငါ့အတွက် ပေါက်ကွဲလိုက်စမ်း…” တာအိုပညာရှင်ရေ၏မျက်လုံးသည် ချင်းချင်းနီနေ၏။ သူသည် နောက်ဆုတ်လျက် ရူးသွပ်စွာ အော်ဟစ်သည်။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်၏။ ရေခဲသည် ပျက်စီးသည်။ သို့ပေမည့် ဝမ်လင်း၏လက်သီးချက်ကမူ ပျက်စီးမသွားသလို ပိတ်ဆို့ခြင်းလည်း မခံရပေ။ ၎င်းလက်သီးချက်က တာအိုပညာရှင်ရေထံသို့ တရှိန်ထိုး ဦးတည်လာ၏။
အဖြစ်အပျက်သည် မြန်လွန်းသည်။ ဖျပ်ခနဲအတွင်း ဝမ်လင်း၏လက်သီးချက်က တာအိုပညာရှင်ရေထံသို့ ဝင်ဆောင့်သည်။ တာအိုပညာရှင်ရေ၏မျက်နှာပေါ်ရှိ သွေးကြောများ ဖောင်းကြွလာသည်။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ လက်သီးချက်ကို ခုခံရန် ဟန်ပြင်သည်။
သို့ပေမည့် သူ့လက်နှစ်ဖက်က လက်သီးချက်ကို ဆန့်ကျင် ဖိနှိပ်လိုက်ချင်းချင်း တစီစီအသံများ ထွက်ပေါ်ကာ သူ့လက်နှစ်ဖက်သည် ပျက်စီးသွားလေ၏။ သူ့အသွေးအသားတို့သည် ပေါက်ကွဲသွားရင်း သူ၏အရိုးများသည်ပင် တစ်လက်မချင်း ကြေမွသည်။
သူက သွေးအန်ထုတ်လိုက်ရ၏။ လက်သီးအရိပ်ထံမှ မခုခံနိုင်သောအားတစ်ခုကို ခံစားမိသည်။ ပြင်းထန်သောနာကျင်မှုအောက်၌ သူ့လက်နှစ်ဖက်မှာ ပျက်စီးခြင်း ဆိုက်သည်။
သူ့လက်နှစ်ဖက် ပျက်စီးသွားသည့်နောက် ဝမ်လင်း၏လက်သီးချက်က တာအိုပညာရှင်ရေ၏ ခန္ဓာကိုယ်ပေါ်သို့ ထိုးချသွား၏။
သူ့အသွေးအသားများသည် နေရာတိုင်းသို့ ပြန့်ကျဲသွားသည်။ နာကျင်စွာအော်သံ ပဲ့တင်ထပ်သည်။ တာအိုပညာရှင်ရေ၏ ခန္ဓာကိုယ်မှာ ပျက်စီးခြင်း ဆိုက်၏။
သူ့ခန္ဓာကိုယ် မပျက်စီးခင်တွင် သူ၏မူလစိတ်ဝိညာဉ်သည် လွတ်မြောက်ကာ အရူးအမူး ထွက်ပြေးသည်။
ဝမ်လင်းသည် လေထဲကနေ မထူးခြားနား စောင့်ကြည့်နေ၏။ သူသည် ထိုအရာကို စောင့်နေသည်မှာ အချိန်ကြာမြင့်လွန်းခဲ့ပြီ ဖြစ်၏။ မည်သူကမျှ သူ့ကို မတားနိုင်ပေ။ ထိုတိုက်ပွဲက အာရုံများစွာ စိုက်မိစေသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် သူတို့ကို ကြည့်နေကြ၏။ သူတို့၏အမြင်၌ ဝမ်လင်းသည် တိုက်ပွဲနတ်ဘုရားတစ်ပါးကဲ့သို့ပင်။
“တာအိုပညာရှင်ရေ၊ မင်းက ငါ့ကို သေအံ့ဆဲဆဲထိ ဖိအားပေးခဲ့တယ်။ အတိတ်တုန်းကတော့ ငါ့မှာ ပြန်တိုက်နိုင်စွမ်း မရှိခဲ့ဘူး။ မင်း ငါ့ရှေ့မှာ အိမ်ယာမဲ့တဲ့ခွေးတစ်ကောင်လို ဖြစ်မယ့် ဒီလိုနေ့ ရောက်လာလိမ့်လို့ တွေးကြည့်ခဲ့ဖူးလား…”
“ဒါဟာ ကံမ္မပဲ။ အခု ငါ မင်းအသက်ကို ယူတော့မယ်…” ထိုသို့ပြောပြီး သူသည် သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ရှေ့သို့ လှမ်းသည်။
“မင်း ငါ့ကို မသတ်နိုင်ဘူး။ ငါဟာ နတ်ဘုရားကလန်ရဲ့ အကြီးအကဲ၊ တိမ်ပင်လယ်ရဲ့ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်တယ်။ ငါဟာ ချိပ်ပိတ်နယ်မြေအရှင်ရဲ့ ကျွန်တစ်ယောက်လည်း ဟုတ်တယ်။ မင်း ငါ့ကို မသတ်နိုင်ပါဘူး။ ငါဟာ အတွင်းနယ်မြေအတွက် အများကြီး အကျိုးပြုခဲ့ပေးပြီး ဖြစ်တယ်။ ငါ ပြင်ပနယ်မြေနဲ့ ပတ်သတ်တဲ့ သတင်းတွေကိုလည်း သိထားတယ်။ မင်းသာ ငါ့ကို လွှတ်ပေးရင် ငါဟာ မင်းရဲ့ ကျွန်တစ်ယောက် ဖြစ်လာဖို့ ဆန္ဒရှိပါတယ်…”
တာအိုပညာရှင်ရေသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း သူ့စိတ်နှလုံးသားမှာ ဆိုးဝါးလွန်း၏။ အခုလို သေရေးရှင်ရေး ဖြစ်သည့်အခါ သူသည် သူ၏ဂုဏ်သိက္ခာကိုပင် ထည့်မတွက်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လေ၏။ “ငါ မင်းရဲ့ ကျွန်တစ်ယောက်ဖြစ်လာဖို့ ဆန္ဒရှိပါတယ်။ ငါ့ကို မသတ်ပါနဲ့…”
***