အပိုင်း(၁၅၆၇)
Vol. 114 Ch. 1567
မြေနိမ့်သားရဲကမူ ၎င်း၏အမွှေးအမျှင်များသည် တန်းမတ်စွာ ထောင်မတ်နေသည်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို စိုက်ကြည့်နေပြီး အချိန်မရွေး တဟုန်ထိုး ပြေးဝင်တော့မည့်အလား ဟိန်းဟောက်နေသည်။
၎င်း၏တုန့်ပြန်မှုနှုန်းမှာ နှေးလွန်း၏။ ထို့ကြောင့် ၎င်းသည် ဝမ်လင်း ရုတ်တရက် သူ့နားကနေ ထွက်သွားသည်ကို သတိမပြုမိသေးပေ။ ၎င်းသည် ဟိန်းဟောက်နေရင်း ကြမ်းကြုတ်သည့်ဟန် ဖြစ်နေ၏။ ၎င်းသည် ဖြည်းဖြည်းချင်းဖြင့် ၎င်းနောက်မှ တုန်ဟည်းသံကို ကြားလာရသည်ပုံပင်။
၎င်းသည် တစ်ခုခုမှားနေပြီဟု ထင်ထား၏။ ထိုကျင့်ကြံသူများက သူ့ကို ကြည့်မနေတော့ဘဲ ထိုအစား သူ့နောက်သို့ ဘာကြောင့်များ ကြည့်နေကြသနည်း။
ဝမ်လင်း၏အသံသည် ၎င်း၏နားထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာ၏။ ထိုအဖြစ်က မြေနိမ့်သားရဲကို အလိုလို ငေးမောရီဝေသည့်ပုံသို့ ပြောင်းသွားစေပြီး ခေါင်းငဲ့ကာ တစ်ချက် ကြည့်လိုက်သည်။
ထိုနည်းဖြင့် ၎င်းသည် ဖြည်းဖြည်းချင်း လှည့်ရင်း ၎င်းနောက်မှ ဗလာကင်းမဲ့နေသော ဟင်းလင်းပြင်ကို ကြည့်၏။ ၎င်းက အဝေးရှိ အကွာအဝေးတစ်ခုမှ ဝမ်လင်းကို ငေးမောစွာ စိုက်ကြည့်ပြီးနောက် တာအိုပညာရှင်ရေထံသို့ တိုးဝင်သွားသည်။
ထိုကဲ့သို့ ငေးမောရီဝေပြီးနောက် မြေနိမ့်သားရဲ၏မျက်လုံးသည် ရုတ်တရက် ကြုံ့သွားသည်။ ၎င်း၏ဟိန်းသံက ရုတ်တရက် ရပ်တန့်သွားပြီး ပိုမိုပြင်းထန်စွာ အော်ဟစ်လေ၏။ သို့ပေမည့် ဒီတစ်ကြိမ်ဟန်းသံမှာ အရင်နှင့် မတူတော့သည်မှာ သိသာသည်။ ၎င်းက ကြောက်လန့်၍ ဟိန်းလိုက်ခြင်း ဖြစ်နေ၏။
ထောင်မတ်နေသော ထိုသားရဲ၏ အမွှေးအမျှင်များသည် ချက်ခြင်း ပြန်ငုပ်ဆင်းသွားသည်။ ၎င်း၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ပြည့်နှက်ကာ နောက်သို့ ချက်ခြင်း ဆုတ်သည်။ ကြောက်လန့်တကြား ဟိန်းနေရင်း လူတစ်ယောက်သည် ၎င်း၏နှလုံး ခုန်ပေါက်နေသောအသံကိုပင် ကြားရနိုင်သည်။
၎င်းသည် သိသာစွာ ထိတ်လန့်နေ၏။ ၎င်းသည် ဝမ်လင်းထံသို့ တိုးဝင်လာတော့သည်။ ၎င်း၏မျက်လုံးထဲတွင် ကြောက်လန့်မှုတို့ ပြည့်နှက်နေခြင်းမှာ အထူးသဖြင့် ၎င်း၏သခင်မရှိသည့်အခါ ထိုကြောက်မက်ဖွယ်ကျင့်ကြံသူများကို ဟိန်းဟောက်မိခဲ့သည်ကို ပြန်တွေးမိခြင်းကြောင့်ပင်။ မြေနိမ့်သားရဲသည် ထိုအကြောင်းကို တွေးမိသည့်အခါ ၎င်း၏နှလုံးသားအတွင်း၌ တုန်ယင်စွာ ကြောက်လန့်မှုတို့ ပြည့်နှက်သည်။
ဝမ်လင်းသည် ထွက်ပြေးနေသော တာအိုပညာရှင်ရေထံ နီးကပ်လာပြီး ဖျပ်ခနဲအတွင်း သူ့ဘေးနားသို့ ရောက်လာသည်။ သူ့ညာလက်ဖြင့် လက်သီးဆုပ်လေ၏။ ဤကား အရိပ်လက်သီး မဟုတ်ပေ။ သူ့လက်သီးဖြင့် တိုက်ရိုက် ထိုးချလိုက်ခြင်း ဖြစ်၏။
“ဒီလက်သီးချက်ဟာ ချိပ်ပိတ်နယ်မြေအရှင်သခင်အတွက်ပဲ…” ဝမ်လင်း၏အမူအရာသည် ကြမ်းကြုတ်နေ၏။ သို့သော် သူ့စကားလုံးများသည် တည်ငြိမ်သည်။ သူသည် တာအိုပညာရှင်ရေထံသို့ ချဉ်းကပ်လာရင်း သူ၏လက်သီးချက် ကျရောက်သွားပေပြီ။
နာကျင်ထိတ်လန့်စွာ အော်ဟစ်သံ ပဲ့တင်ထပ်၏။ သူသည် မူလစိတ်ဝိညာဉ်အနှစ်သာရ ပါးစပ်အပြည့် အန်ထုတ်လိုက်ရသည်။ သူ၏မူလစိတ်ဝိညာဉ်သည် ဝေဝါးသွားကာ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နှက်သည်။
“မင်း ငါ့ကို မသတ်နိုင်ပါဘူး။ ငါဟာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ပဲ…ငါ…”
သူ့စကားမဆုံးသေးခင်မှာပင် ဝမ်လင်းသည် အနီးရောက်လာပြီး နောက်ထပ်လက်သီးတစ်ချက် ပစ်သွင်းသည်။
“ဒါက လီချန်မေအတွက်ပဲ…” ဝမ်လင်း၏အသံမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေ၏။ တာအိုပညာရှင်ရေ၏ ခြေထောက်များ ပေါက်ကွဲထွက်သွားသည်။
နာကျင်အော်ဟစ်သံများ တဖန် ပဲ့တင်ထပ်သည်။ တာအိုပညာရှင်ရေသည် မျှော်လင့်ချက်မဲ့ရာကနေ ရူးသွပ်လာ၏။ သို့သော် ထိုရူးသွပ်မှုမှာ ဝမ်လင်းကို မယှဉ်သာပေ။
“ငါဟာ ချိပ်ပိတ်နယ်မြေအရှင်သခင်ရဲ့ ကျွန်တစ်ယောက်ပဲ။ ငါ့ကို မင်းရဲ့ ကျွန်အဖြစ် လက်ခံပေးပါ။ ဒါဆိုရင် မင်းရဲ့ အင်အား အများကြီး တိုးလာလိမ့်မယ်။ ငါ့ကို မသတ်ပါနဲ့…”
ဝမ်လင်း၏အမူအရာသည် မထူးခြားနားပင်။ သူသည် ရှေ့သို့ လှမ်းကာ တတိယမြောက်လက်သီးကို ပစ်သွင်းသည်။
“ဒီလက်သီးချက်ဟာ တိမ်ပင်လယ်က ကျင့်ကြံသူတွေအတွက်ပဲ။ မင်း မူလကလန်ကို သတ်ဖို့ ရည်ရွယ်ထားတဲ့အတွက်ပဲ…” ဝမ်လင်းသည် အံကြိတ်သံနှင့် ပြောလိုက်ရင်း သူ၏လက်သီးချက်သည် တာအိုပညာရှင်ရေ၏ရင်ဘက်ပေါ်သို့ ကျရောက်သွားလေသည်။
တာအိုပညာရှင်ရေ၏ မူလစိတ်ဝိညာဉ်မှာ တုန်ယင်သွားပြီး ပို၍ ဝေဝါးလာတော့သည်။ သူ၏မူလစိတ်ဝိညာဉ်သည် ထာဝရ ပျောက်ကွယ်တော့မည့်အလား။
“ဒီလက်သီးချက်က မင်းရဲ့ ရွှေရောင်မုန်တိုင်းအတွက်…” ဝမ်လင်းသည် ဒေါသတကြီး အော်ဟစ်ကာ လေးကြိမ်မြောက်လက်သီးချက်ကို ပစ်သွင်းသည်။
တာအိုပညာရှင်ရေ၏ ခန္ဓာကိုယ်သည် လွင့်ထွက်သွား၏။
“ဒီလက်သီးချက်က ငါ ဝမ်လင်းအတွက်ပဲ…” ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။ သူသည် ကြယ်နှင့်လတို့ကို ဆုပ်ကိုင်ပြီး ရိုက်ချလိုက်သည်နှယ်။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ဝမ်လင်း၏ညာလက်သီးက တာအိုပညာရှင်ရေ၏ ရင်ဘက်ကို ထွင်းဖောက်ကာ အပေါက်ကြီး ဖြစ်သွားစေသည်။
တာအိုပညာရှင်ရေသည် လွင့်ထွက်သွားပြန်၏။ ပြင်းထန်သောနာကျင်မှုက သူ့ထံ လှိုက်တက်လာ၏။
“ဒီလက်သီးချက်ဟာ ဘာအတွက်မှ မဟုတ်ဘူး။ မင်းကို သတ်ဖို့ပဲ…” ဝမ်လင်းသည် ရှေ့သို့ တိုးဝင်လာ၏။ သူ့ညာလက်ဖြင့် လက်သီးဆုပ်ကာ တာအိုပညာရှင်ရေ၏ ကြွင်းကျန်သော မူလစိတ်ဝိညာဉ်ထံ တိုးဝင်လာချေသည်။
ထိုစဉ် တာအိုပညာရှင်ရေသည် သူ၏နောက်ဆုံးဝှက်ဖဲကို အသုံးပြုရန် အော်ဟစ်လိုက်လေသည်။
“ငါက မူပင်းမေနဲ့ ချိတ်ဆက်ထားတာ။ မင်း ငါ့ကို သတ်တာဟာ သူမကို သတ်တာနဲ့ တူတူပဲ။ သူမဟာ မင်းရဲ့ အမျိုးသမီးမလား။ ငါ့ကို သတ်လိုက်။ သတ်လိုက်စမ်းပါ…”
ဝမ်လင်း၏အသေတိုက်ကွက်သည် တာအိုပညာရှင်ရေနှင့် သုံးလက်မအကွာတွင် ရပ်တန့်သွားသည်။
တာအိုပညာရှင်ရေသည် ဝမ်လင်း၏လက်သီးချက်ကို ကြည့်ကာ သူ၏စိတ်သည် တုန်ယင်သည်။ သူ့မျက်နှာမှာ အလွန်ကြမ်းကြုတ်နေ၏။ သူသည် ရူးသွပ်စွာ ပြုံးသည်။ “မင်းငါ့ကို သတ်လို့ လာခဲ့တာ မဟုတ်ဘူးလား။ ငါ့ကို သတ်လိုက်စမ်းပါ…။ လာသတ်လေ….။ ငါ့ကို သတ်ရင် မူပင်းမေလည်း သေရလိမ့်မယ်…။ ဒီအဘိုးအိုက ကြိုပြင်ဆင်ထားခဲ့ပြီးပြီး။ ဒီမိုက်မဲတဲ့ မူပင်းမေက ဘာကိုမှ မသိဘူး။ ဒီအဘိုးအိုက သူမရဲ့ ကျင့်ကြံမှုအဆင့် ပြန်ကောင်းအောင် ကူညီပေးခဲ့တယ်။ သူမကိုလည်း ငါတို့ စိတ်ဝိညာဉ်ချင်း ဆက်နွှယ်စေမယ့် ဆေးလုံးကို ပေးခဲ့တယ်…”
“ဒီရွှေရောင်ခေါင်းလောင်းက ဘာဟုတ်အုံးမှာလဲ။ သူမကသာ ငါ့အစစ်အမှန်ဝှက်ဖဲပဲ…”
တာအိုပညာရှင်ရေသည် သူ့ကျန်နေသေးသောလက်တစ်ဖက်ကို ဝေ့ယမ်းရင်း ရယ်မောလိုက်လေ၏။ လောကသည် တွန့်ခေါက်ပုံပျက်ကာ မြင်ကွင်းတစ်ခု ပေါ်လာသည်။
ကြီးမားသောအစီအရင်တစ်ခုသည် တွန့်ခေါက်ပုံပျက်သောမြင်ကွင်း၌ ပေါ်လာ၏။ အမျိုးသမီးတစ်ယောက်သည် ထိုပုံရိပ်အတွင်း၌ ထိုင်နေ၏။ သူမ၏အဖြူရောင်ဝတ်ရုံပေါ်တွင် ချောက်ချားဖွယ်သွေးအမှတ်အသားများ ရှိနေသည်။
သူမ၏မျက်နှာသည် ဖြူရော၏။ သူမသည် တစ်စုံတစ်ခုကို သတိပြုမိသည့်ဟန် ရကာ သူမ၏မျက်တောင်များ တုန်ယင်လာကာ မျက်လုံးဖွင့်လာသည်။ သူမ၏မျက်လုံးသည် ပုံပျက်ယွင်းမှုကို ထွင်းဖောက်ကာ ဝမ်လင်းပေါ်သို့ ကျရောက်လာသည်။
သူမသည် ပြုံး၏။ သို့သော် ထိုအပြုံးသည် သေခြင်းတရားနှင့် ပြည့်နေသည်။ “နင် ငါ့ကို အမြဲတမ်း မုန်းတီးနေခဲ့တာ ငါ သိပါတယ်…”
“နင့်နှလုံးသားထဲက နာကျင်မှုကို ငါ နားလည်ပါတယ်…”
“လျှိုမေဟာ နင်နဲ့ ပတ်သတ်ပြီး မှားယွင်းခဲ့တာ ငါ သိပါတယ်။ လျှိုမေဟာ ငါပဲ။ငါကလည်း လျှိုမေပဲ…”
“ဒီနှစ်တွေမှာ ငါ နိုးထတဲ့အချိန်တိုင်း ငါဟာ မူပင်းမေ ဖြစ်တယ်ဆိုတာကို တဖြည်းဖြည်း မေ့လာခဲ့တယ်။ ငါ လျှိုမေပဲဖြစ်လာချင်တာကို ငါ သိလာတယ်…”
“ငါတို့ကြားမှာ ဘာအကြောင်းမှ မရှိတာ ငါ သိပါတယ်။ ပိုင်အာရဲ့ တည်ရှိမှုကြောင့်သာ ငါတို့ဟာ အရင်းနှီးဆုံးသူစိမ်းတွေ ဖြစ်လာခဲ့တယ်…။ ငါ သိပါတယ်…ငါ သိတယ်…”
“ငါ ပင်ပန်းနေခဲ့ပြီ။ တောက်ပသောလေဟာနယ်နယ်မြေ ဖျက်စီးခံခဲ့ရတယ်။ ငါ့အိမ်ဟာ ဖျက်စီးခံခဲ့ရပြီ။ ငါဟာ အခုတစ်ကိုယ်တည်း။ ငါ ဒါကို ထပ်ပြီး တောင့်မခံနိုင်တော့ဘူး…။ ငါ့ကျင့်ကြံမှုအဆင့် ပြန်ကောင်းမွန်လာတယ်ဆိုရင်တောင် ဘာဖြစ်သေးလဲ။ ငါဟာ မြင့်မြတ်တဲ့သခင်မတစ်ယောက် ဖြစ်ရင်တောင် ဘာဖြစ်သေးလဲ။ ငါ ငါ့ကလေးကို မြင်ချင်မိရုံလေးပါ။ ဒါပေမဲ့ ငါ မလုပ်နိုင်တော့ဘူး…”
“ငါတို့ရဲ့ ပတ်သတ်မှုဟာ ကံကြမ္မာဆိုးပဲ။ နင့်နှလုံးသားထဲမှာ ဆူးတစ်ချောင်း ရှိစေခဲ့မိတယ်။ နင်က ဒါကို ပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ သိတယ်…”
“ဒီနည်းလမ်းကြောင့် ငါ နင့်လက်ချက်နဲ့ သေရမယ်ဆိုလည်း ဘာမှ အထွန့်တတ်စရာ မရှိပါဘူး။ ဒါဟာ ငါ ပေးဆပ်ရမယ့်ဟာပဲ။ နင့်ကိုတော့ မဟုတ်ဘူး။ ပိုင်အာကို။ ငါ သူ့အပေါ် အများကြီး အကြွေးတင်နေတယ်။ နင် သူ့ကို ပြောပြပေးဖို့ မျှော်လင့်မိပါတယ်။ လီမူဝမ်က သူ့အမေဆိုတာကိုပေါ့။ ငါ…ငါကတော့ သူ့အမေ ဖြစ်ဖို့ မထိုက်တန်ပါဘူး။ အခု နင် လွတ်လပ်သွားပြီ။ ငါလည်း လွတ်လပ်သွားတော့မှာပါ…”
မူပင်းမေ၏မျက်လုံးထံမှ မျက်ရည်စီးကြောင်းနှစ်ခု ကျဆင်းလာကာ သူမ၏ဝတ်စုံပေါ်ရှိ သွေးကွက်များပေါ်သို့ ကျရောက်သည်။ ထိုအဖြစ်က ယင်းသွေးကွက်များကို ဝေဝါးသွားစေသည်။
သူမသည် မျက်လုံးမှိတ်လိုက်ပြီး ညာလက်ကို ပင့်မြှောက်ကာ သူမ၏မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်။
တာအိုပညာရှင်ရေသည် မင်သက်သွား၏။ ထိုအခိုက်တွင် သူသည် မူပင်းမေ၏အသက်ကို ပို၍ပင် ဂရုစိုက်မည့်ဟန် ပေါ်၏။ ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေသည်။ သူသည် မူပင်းမေ၏ညာလက်ကို ပင့်မြှောက်ကာ သူမကိုယ်သူမ သတ်ရန် ဟန်ပြင်လိုက်သည့်အခါ ဝမ်လင်း၏မျက်လုံးသည် တောက်ပသွားသည်။ တာအိုပညာရှင်ရေနှင့် သုံးလက်မအကွာတွင် ရပ်တန့်ထားသော သူ၏လက်သီးသည် ချီတုံချတုံ ဖြစ်မနေတော့ဘဲ ရှေ့သို့ တိုးထွက်လာလေ၏။
တစ်ချိန်တည်းမှာ သူက ဘယ်လက်ကို မြှောက်၍ ပုံပျက်ယွင်းသောပုံရိပ်ထံသို့ လက်ညွှန်လိုက်သည်။ သူ့စကားတစ်ခွန်းဖြင့်ပင် မူပင်းမေ၏ခန္ဓာကိုယ်သည် ရုတ်တရက် ရပ်တန့်သွားသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ပြီးနောက် တာအိုပညာရှင်ရေ၏ ဆုတ်ပြဲသွားသော မူလစိတ်ဝိညာဉ်ထံမှ အံမခန်းအားတစ်ခု ထိုးထွက်လာသည်။ သူ့ညာလက်မှာ ပျက်စီးသွားပြီး ထိုအားက သူ့ဦးခေါင်းထံသို့ ထိုးတက်လာကာ သူ့စိတ်ဝိညာဉ်ကို အမြစ်ဖျက်သွားသည်။ နာကျင်စွာအော်သံတစ်သံ ပဲ့တင်ထပ်လေ၏။
တာအိုပညာရှင်ရေ၊ ချိပ်ပိတ်နယ်မြေအရှင်သခင်၏ အစေခံ၊ နတ်ဘုရားကလန်၏ အကြီးအကဲချုပ်၊ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှ တတိယအဆင့်ကျင့်ကြံသူသည် သေဆုံးသွားပေပြီ။
သူ သေဆုံးသွားသော အခိုက်၌ ဝမ်လင်း၏ပါးစပ်မှ ရှုပ်ထွေးသောမန္တာန်ရွတ်သံ ထွက်ပေါ်လာ၏။ လူတိုင်းနီးပါးသည် ထိုမန္တာန်စကားကို နားမလည်ကြပေ။ ပျောက်ကွယ်တော့မည့် တစ္ဆေကလန်မှ ကြယ်ကိုးလုံးရှေးဟောင်းနတ်ဆိုးတစ်ယောက်သာ ထိုစကားကို ကြားသည့်အခါ တုန်လှုပ်သွားလေ၏။
“ရှေးအမိန့်အသက်ကူးပြောင်းခြင်းမန္တာန်။ ဒါက ရှေးအမိန့်အသက်ကူးပြောင်းခြင်းမန္တာန်ပဲ။ ပြောကြတာက အသက်ကူးပြောင်းခြင်းမန္တာန်ကို ဘိုးဘေးတွေတောင် သူတို့ရဲ့ဘဝမှာ သုံးကြိမ်ပဲ အသုံးပြုနိုင်တယ်လို့ ဆိုတယ်…”
ရှေးအမိန့်အသက်ကူးပြောင်းခြင်းမန္တာန်သည် ဝမ်လင်း အမွေအနှစ်မှ ရရှိခဲ့သော အရာတစ်ခု ဖြစ်သည်။ ၎င်းသည် လီမူဝမ်အတွက်တော့ အသုံးမဝင်ပေ။ သို့သော် ခုချိန်၌ ၎င်းမန္တာန်သည် တာအိုပညာရှင်ရေ၏ အသက်ဓာတ်ကို သူနှင့် ချိတ်ဆက်ထားသော မူပင်းမေထံသို့ လွှဲပြောင်းပေးနိုင်ပေပြီ။
တာအိုပညာရှင်ရေ၏စိတ်ဝိညာဉ်သည် အဖျက်အစီး ခံလိုက်ရ၏။ သို့သော် သူ၏အသက်ဓာတ်အနှစ်သာရကမူ ကျန်ခဲ့လေ၏။ နောက်ဆုံးအခိုက်အတန့်၌ ဝမ်လင်းက သူ့ကို လုံးဝ မဖျက်စီးပစ်ဘဲ မူပင်းမေနှင့် ချိတ်ဆက်ထားသော သူ၏အသက်ဓာတ်အနှစ်သာရကို ချန်ထားခဲ့သည်။
အတိတ်တုန်းကသာဆိုပါက ဝမ်လင်းသည် ထိုသို့ လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ခုချိန်တွင်မူ သူ လုပ်နိုင်ပေပြီ။
ရပ်တန့်ခြင်းမန္တာန်ကြောင့် ရပ်တန်နေသော မူပင်းမေသည် တုန်ယင်သွား၏။ တာအိုပညာရှင်ရေ၏ အသက်ဓာတ်အနှစ်သာရသည် သူမ၏ခန္ဓာကိုယ်ထဲသို့ ထူးဆန်းသောနည်းလမ်းမှတစ်ဆင့် ဝင်လာပြီးနောက် အံ့အောဖွယ်ရာ ပေါင်းစပ်သည်။
“နင်က ပိုင်အာအပေါ်မှာရောင်၊ ငါ့အပေါ်မှာရော အကြွေးမတင်ပါဘူး…” ဝမ်လင်းသည် မူပင်းမေကို လေးနက်စွာ ကြည့်လိုက်ပြီးနောက် ရပ်တန့်ခြင်းမန္တာန်ကို ဖယ်ရှားပေးလိုက်သည်။
ထိုစဉ်တွင် မြေနိမ့်သားရဲသည် ကြောက်လန့်စွာ နီးကပ်လာ၏။ ၎င်းသည် ဝမ်လင်းဘေးသို့ ပူပန်တကြီး ပြန်ရောက်လာသည်။၎င်း၏မျက်လုံးထဲတွင်လည်း မကျေနပ်ချက်နှင့် ပြည့်နေသည်။ ဝမ်လင်းက ဘာကြောင့် ရုတ်တရက် သူ့ကို ထား၍ ထွက်သွားသည်ကို အထွန့်တတ်ချင်နေပုံ ရသည်။ ၎င်း၏မျက်လုံးထဲတွင်လည်း ကြောက်လန့်မှု တွယ်ငြိနေဆဲပင်။
ဝမ်လင်း၏ဘေးသို့ ပြန်ရောက်လာပြီးနောက် မြေနိမ့်သားရဲသည် ယုံကြည်မှုပြန်ရလာဟန် တူသည်။ ၎င်းသည် စတင် ဟိန်းဟောက်၏။ ၎င်း၏အမွှေးအမျှင်သည် တဖန် ထောင်မတ်လာပြန်သည်။ ၎င်းသည် အစွမ်းထက်ဟန်ပန်ကို ပြန်ထုတ်ဖော်ပြပြီး ရှေ့ရှိ ကျင့်ကြံသူများကို စိုက်ကြည့်သည်။ ဝမ်လင်းသာ အမိန့်ပေးလိုက်ပါက ၎င်းသည် တိုးဝင်သွားပေမည့်ဟန်ပင်။
သို့ပေမည့် ထိုသို့ ဟိန်းဟောက်နေသော်လည်း ၎င်း၏အာရုံတစိတ်တပိုင်းကမူ ဝမ်လင်းထံ ရောက်နေသည်။ ဝမ်လင်းသာ နောက်ဆုတ်ပါက သူလည်း ချက်ခြင်း လိုက်ဆုတ်ပေမည်။ အစောပိုင်းတုန်းက အဖြစ်အပျက်က ၎င်းကို သင်ခန်းစာတစ်ခု ပေးခဲ့သည့်ပုံ ရ၏။ ထိုသင်ခန်းစာမှာ သူ့စိတ်ထဲ၌ လတ်လတ်ဆတ်ဆတ် ဖြစ်နေဆဲ မဟုတ်လား။
မြေနိမ့်သားရဲသည် ၎င်း သတိမပြုမိဘဲ ဝမ်လင်း ထွက်သွားခဲ့သည့်အကြောင်း တွေးမိတိုင်း သူ့စိတ်နှလုံးမှာ တုန်ယင်ရသည်။ စိတ်ရှုပ်မှု၊ ထိတ်လန့်မှု ခံစားချက်တို့က ၎င်း၏ဟိန်းအော်သံကို ပိုပြင်းထန်လာစေသည်။
ဟိန်းသံလှိုင်းများက သွေးအလိမ်းလိမ်းသေဆုံးသွားသော တာအိုပညာရှင်ရေထံသို့ တိုက်ခတ်လွင်စင်သွားစေပြီး ငြိမ်သက်စွာ စဉ်းစားနေသော ကျင့်ကြံသူများ၏ နားထဲသို့ ဝင်ရောက်လာသည်။
“နတ်ဆိုးကလန်ရဲ့ ကျင့်ကြံသူတွေက ချိပ်ပိတ်နယ်မြေအရှင်သခင်ကို နှုတ်ဆက်ပါတယ်…” နတ်ဆိုးကလန်မှ ကျင့်ကြံသူများသည် အနည်းငယ် စဉ်းစားပြီးနောက် သူတို့၏ကလန်ခေါင်းဆောင်ထံသို့ ဦးညွတ်လိုက်ကြသည်။
“နတ်ဘုရားကလန်ရဲ့ ကျင့်ကြံသူတွေက ချိပ်ပိတ်နယ်မြေအရှင်သခင်ကို နှုတ်ဆက်ပါတယ်…” နတ်ဘုရားကလန်မှ လူများသည် သူတို့၏လက်နှစ်ဖက်ကို ဆုပ်လိုက်ကြ၏။
“တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရဲ့ တစ္ဆေကလန်က ချိပ်ပိတ်နယ်မြေအရှင်ကို နှုတ်ဆက်ပါတယ်…” တစ္ဆေကလန်မှ မြင့်မြတ်သောမဟာလေဟာနယ်သည် သူ့လက်နှစ်ဖက်ကို ဆုပ်လိုက်၏။
“တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရဲ့ ကျင့်ကြံသူတွေက ချိပ်ပိတ်နယ်မြေအရှင်ကို နှုတ်ဆက်ပါတယ်…” အဘက်ဘက်မှ အသံများ ထွက်ပေါ်လာပြီး ပိုများပြားသော ကျင့်ကြံသူများသည် သူတို့၏လေးစားမှုကို ပြသကြသည်။
***