← Chapters

အင်ပါယာရီချင်၏သေဆုံးမှု

Vol. 183 Ch. 2608

အင်ပါယာရီချင်၏သေဆုံးမှု

Vol. 183 Ch. 2608

ရီဖူရှင်းသည် ခေါင်းမော့ကာ နတ်ဆိုးအင်ပါယာကို အံ့ဩတကြီးကြည့်သည်။ သူက မေးလိုက်၏။

“မပြောခဲ့ပါဘူး။ အရှင်အင်ပါယာက ကျုပ်ကို ပြောပြမှာပါလား...”

သူက သူ၏ဇစ်မြစ်ကို အမြဲသိလိုနေခဲ့သည်။

နတ်ဆိုးအင်ပါယာက ရီဖူရှင်းကို သူ၏နက်ရှိုင်းသောမျက်ဝန်းများဖြင့် ကြည့်လျှက် တီးတိုးပြောသည်။

“မျက်ကန်းတစ္ဆေမကြောက်လို့ ပြောကြတယ်...”

“သူက ယူချင်းကို မင်းနောက်လိုက်ခိုင်း၊ မင်းကို သခင်လေးလို့ခေါ်ခိုင်းပြီးတော့ မင်းရဲ့အစေခံလို နေခိုင်းခဲ့တယ်လို့ ငါကြားတယ်။ အဲဒါကြောင့် ငါက မင်းရဲ့ ဇစ်မြစ်အစစ်အမှန်ကို စိတ်ဝင်စားနေတာပဲ”

နတ်ဆိုးအင်ပါယာက ရီဖူရှင်းကို ပြောသည်။ ထို့ကြောင့် သူသည် မကြာသေးခင်က နတ်ဆိုးမျှော်စင်သို့ ကိုယ်တိုင်သွား၍ ရီဖူရှင်းကို တွေ့ခဲ့ခြင်းဖြစ်သည်။ သူသည် ရီဖူရှင်းက မည်သို့သောသူ ဖြစ်ကြောင်း သိလိုသည်။ ထို့အပြင် ရီဖူရှင်းသည် သူ၏ထောက်ပံ့မှုနှင့် ထိုက်တန်လေသလောဟုလည်း သိချင်ခဲ့သည်။

သူနှင့် အင်ပါယာရီချင်သည် မည်သို့သော ပတ်သတ်မှုမျိုးရှိသနည်း။

သူသည် အမှန်ပင် အင်ပါယာရီချင်၏ မျိုးဆက်တစ်ဦးပေလော။

ထိုကိစ္စသည် အမှန်ဖြစ်နေသလော။

ရီဖူရှင်းနှင့် ယူချင်းမှလွဲ၍ ထိုအခြေအနေအကြောင်းကို အများဆုံးသိသော တစ်ဦးတည်းသောသူသည် နတ်ဆိုးအင်ပါယာပင် ဖြစ်ပေလိမ့်မည်။ သူသည် သူ၏ညီ အကြောင်းကို အခြားသူများထက် ပို၍ကောင်းစွာ သိသည်။ သူသည် ရီဖူရှင်းနှင့် ယူချင်းတို့ကို မည်သို့ ပျိုးထောင်၊ သင်ကြားပေးခဲ့သည်ကိုသိ၏။ ထိုကိစ္စများသည် ယခုအထိ အခြားသူများ မသိသေးသော အကြောင်းများဖြစ်သည်။

ရီဖူရှင်း၏ရင်ထဲရှိ သံသယများ ကြီးထွားလာ၏။ နတ်ဆိုးအင်ပါယာသည်ပင် သူ၏ဇစ်မြစ်အမှန်ကို မသိသည်လော။

သူသည် မည်သူဖြစ်သနည်း။

“အင်ပါယာရီချင် ဘာလို့သေသွားတယ်ဆိုတာ မင်းသိလား”

နတ်ဆိုးအင်ပါယာသည် သူ့ကို ဆက်၍ ဖိအားပေးလိုက်သည်။ သူ၏အကြည့်များသည် ရီဖူရှင်းထံမှ မခွာပေ။

“ကျုပ်သိသလောက်ကတော့ အင်ပါယာနှစ်ပါး တိုက်ခိုက်ခဲ့ပြီးတော့ အရှင်ဒွန်ဟောင်ကြောင့် အင်ပါယာရီချင်သေသွားတယ်ဆိုတာပါပဲ”

ရီဖူရှင်းက ဖြေလိုက်သည်။

“မင်းက ဘာမှမသိဘဲနဲ့တောင် နတ်ဆိုးဘုံကို ဒီလိုအလောတကြီးလာခဲ့တာက သေချင်လို့လား...”

နတ်ဆိုးအင်ပါယာ၏အသံ ထွက်ပေါ်လာပြီးနောက်တွင် ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါတစ်ခုသည် ရီဖူရှင်း‌ပေါ်သို့ ဖိနှိပ်သွား၏။ ရီဖူရှင်းသည် ခပ်အုပ်အုပ်ညီးတွားလိုက်ပြီး သူ၏ခြေထောက်များလည်း တုန်လာတော့သည်။ သူ့တစ်ကိုယ်လုံးတွင် ကြက်သီးဖြန်းဖြန်းထနေသည်။ သူ့အနေဖြင့် ဆက်၍ ရပ်နေရန်ပင် ခဲယဉ်းလာ၏။

သူ့ခန္ဓာကိုယ်မှနေ၍ မဟာလမ်းစဉ်ထွက်ပေါ်လာပြီး နတ်အလင်းများသည် သူ့ကိုဝန်းရံသွားကာ ထိုကြောက်မက်ဖွယ် ဖိအားကို ခုခံနေလေသည်။ သူ့အထက်ကောင်းကင်တွင် သူခုခံနိုင်သည့်အတိုင်းအတာထက်ပိုသော လွန်စွာအားကောင်းသည့် နတ်ဆိုးအရှိန်အဝါတစ်ခု ရှိနေသည်။

အင်ပါယာရီချင်သေဆုံးမှု၏ နောက်ကွယ်တွင် အခြားတစ်စုံတစ်ရာ ရှိနေသေးသည်လော။

အဘယ်ကြောင့် နတ်ဆိုးအင်ပါယာသည် သူက မည်သည့်အကြောင်းကိုမှ မသိဘဲနှင့် နတ်ဆိုးဘုံသို့ သေရန်သပ်သပ်သာ လာခဲ့သည်ဟု ပြောရသနည်း။

“မင်းလည်းသူ့လိုပဲ... မင်းတို့နှစ်ယောက်မှာ ရှိတာက သတ္တိနဲ့ မိုက်မဲမှုပဲ”

နတ်ဆိုးအင်ပါယာက ဆက်ပြောသည်။ ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါသည် ရီဖူရှင်းကို ဆက်၍ ဖိနှိပ်ထားဆဲဖြစ်သည်။ သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သောအခါ ရီဖူရှင်းသည် သူ၏ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားတော့မတတ် ပို၍တုန်ယင်လာသည် ခံစားလိုက်ရသည်။ သူသည် နတ်ဆိုးအင်ပါယာထံမှနေ၍ သတ်ဖြတ်လိုသည့်အငွေ့အသက်သဲ့သဲ့ကို ခံစားနေရ၏။

ထိုအချိန်တွင် နတ်ဆိုးအင်ပါယာသည် သူ၏မျက်ခုံးများကို အနည်းငယ်ပင့်လိုက်သည်။ သူသည် နတ်ဆိုးနတ်ဘုရားနန်းတော်၏ အရှေ့တွင် ဖြစ်သော်လည်း နတ်ဆိုးချောက်ကမ်းပါးအောက်ရှိ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်ရှိ အရိပ်နက်တစ်ခုကို လှမ်းမြင်ရ၏။ ထိုအရိပ်နက်သည် ဒူးထောက်နေပြီး သူ့ကို မျက်နှာချင်းဆိုင်ကာ နောင်တရဟန်ဖြင့် ဦးညွှတ်နေပေသည်။

ဝုန်း...

နတ်ဆိုးအင်ပါယာပေါ်တွင် အမျက်မီးတောက်တစ်ခု ဟုန်းဟုန်းထလာ၏။ ထိုအခိုက်တွင် သူ့ခေါင်းအထက်ရှိ နတ်ဆိုးတိမ်တိုက်များသည် လည်ပတ်မြည်ဟည်းလာပြီး ကောင်းကင်ထက်ရှိ နတ်ဆိုးချောက်ကမ်းပါးသည်ပင် မြည်ဟည်းနေသည်။ အဖျက်စွမ်းအားတစ်ခုသည် နတ်ဆိုးအင်ပါယာနန်းတော်တစ်ခွင်လုံးကို လွှမ်းခြုံသွား၏။

ထိုအခိုက်တွင် နတ်ဆိုးအင်ပါယာနန်းတော်အတွင်းရှိ ကျင့်ကြံသူများသည် သူတို့၏ခေါင်းများကို ငုံ့လိုက်ကြသည်။ သူတို့သည် နတ်ဆိုးအင်ပါယာ၏ အမျက်‌ဒေါသကို ခံစားလိုက်ရ၏။ သူတို့ထဲက မည်သူမှ အသက်ပင် ပြင်းပြစ်မရှူဝံ့ကြပေ။

နတ်ဆိုးအင်ပါယာကို ထိုမျှ ဒေါသထွက်သွားအောင် လုပ်ခဲ့သူသည် မည်သူနည်း။

“မင်းက နှစ်ခါတောင်မစဉ်းစားဘဲ နတ်ဆိုးဘုံကို သစ္စာဖောက်ခဲ့တယ်။ အခုတော့ မင်းက လူတစ်ယောက်အတွက်နဲ့ ဒူးထောက်ပြီး အသနားခံချင်နေတယ်ပေါ့လေ...”

အေးစက်စက်ဒေါသသံတစ်သံသည် နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ကို ဖြတ်သန်းသွားပြီး ယူချင်း၏နားထဲတွင် ပဲ့တင်ထပ်သွား၏။ သို့သော် ယူချင်းသည် ဆက်၍ ဒူးထောက်နေဆဲဖြစ်ပြီး သူ၏ဆံပင်များသည် သူ့ပခုံးထက်တွင် ဝဲကျနေသည်။ သူသည် မည်သည့်စကားမှမဆိုဘဲ နတ်ဆိုးအင်ပါယာ၏ဒေါသနှင့် ထိုကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါကိုသာ တောင့်ခံနေလေသည်။

နတ်ဆိုးနတ်ဘုရားနန်းတော်ရှေ့တွင် ရီဖူရှင်းသည်လည်း နတ်ဆိုးအင်ပါယာ၏ ဒေါသသံကို ကြားလိုက်ရသည်။ သူ၏မျက်နှာသည် ရုတ်ခြည်း ဖြူဖပ်ဖြူရော်ဖြစ်သွား၏။ သူသည် နတ်ဆိုးအင်ပါယာကို ဦးညွှတ်၍ ပြောသည်။

“အရှင်အင်ပါယာ ကျေးဇူးပြုပြီး သက်ညှာပေးပါ...”

“မင်းက မင်းကိုယ်မင်းတောင် ကာကွယ်နိုင်တာမဟုတ်ဘူး... အဲဒါတောင် သူ့အတွက် အသနားခံပေးချင်နေသေးတယ်ပေါ့လေ...”

နတ်ဆိုးအင်ပါယာက ရီဖူရှင်းကို ကြောက်မက်ဖွယ်အရှိန်အဝါဖြင့် တစ်ချက်ကြည့်သည်။ သူ ရှေ့သို့ နောက်ထပ်ခြေလှမ်းတစ်လှမ်းတိုးလိုက်ရာ ရီဖူရှင်း၏ ခြေထောက်များသည် ပို၍တုန်ယင်လာပြီး ခက်ခက်ခဲခဲ ရပ်နေရ၏။ သို့သော် သူ အသနားခံလိုက်လေသည်။

“အရှင်အင်ပါယာက ယူချင်းကို မူလဘုံကို တိုက်ခိုက်ခိုင်းခဲ့တာပါ... ဒါပေမဲ့ ကျုပ်က မူလဘုံကို အရှင်အင်ပါယာရဲ့လက်ထဲကို လိုလိုချင်ချင် ပေးအပ်မှာပါ။ အဲဒါကို ဘာလို့ အရှင်အင်ပါယာက ယူချင်းကို အပြစ်ပေးချင်နေရသေးတာပါလဲ...”

“ငါက မူလဘုံကို ဖျက်ဆီးချင်တာဆိုရင်ရော... အဲဒီလိုဆိုရင်ရော မင်းက မူလဘုံကို ငါ့လက်ထဲ လိုလိုချင်ချင် ပေးဦးမှာလား”

နတ်ဆိုးအင်ပါယာသည် အေးစက်စွာ ပြောသည်။ ရီဖူရှင်း၏မျက်နှာသည် ရုတ်ခြည်း ဖြူဖျော့သွား၏။ သူသည် မမျှော်လင့်ထားသော ကြိမ်းမောင်းမှုကို ခံလိုက်ရပေသည်။

“တကယ်လို့ မူလဘုံက အရှင်အင်ပါယာရဲ့ အုပ်စိုးမှုအောက်မှာဆိုရင် မူလဘုံကလူတွေကလည်း နတ်ဆိုးဘုံက လူတွေလိုပါပဲ။ အဲဒါကို အရှင်အင်ပါယာက ဘာလို့ မူလဘုံကို ဖျက်ဆီးချင်ရတာပါလဲ...”

ရီဖူရှင်း မအောင့်နိုင်ဘဲ မေးလိုက်သည်။ သူသည် နားမလည်နိုင်ဖြစ်နေပေသည်။

“နတ်ဆိုးဘုံကလူတွေကပဲ ငါ့လူတွေပဲ။ တခြားလောက,က လူတွေ သေတာ၊ ရှင်တာက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါက ဘာလို့ အဲဒီလူတွေကို ငါ့လူတွေ ဖြစ်လာစေချင်ရမှာလဲ”

နတ်ဆိုးအင်ပါယာက ရီဖူရှင်းကို ဆက်၍ မေးခွန်းထုတ်လိုက်သည်။ ရီဖူရှင်း ဆွံ့အသွား၏။ သူ့တွင် ပြန်ပြောစရာစကား မရှိတော့ပေ။

နတ်ဆိုးအင်ပါယာသည် နတ်ဆိုးဘုံကို အုပ်ချုပ်သူဖြစ်သည်။ သူသည် နတ်ဆိုးဘုံ၏ နတ်ဘုရားတစ်ပါးဖြစ်သည်။ သို့သော် သူသည် အမှန်ပင် လက်အောက်ငယ်သားများ ထပ်လိုပါလေသလော။ သူပြောသလိုပင် အဘယ်ကြောင့် သူသည် ထိုလူများကို သူ့လူများ ဖြစ်လာစေချင်ရမည်နည်း။

ထိုသို့မလိုအပ်လျှင် အဘယ်ကြောင့် သူသည် အပြင်လောကများမှ လူများအတွက် တာဝန်ခံရမည်နည်း။

သူသည် နတ်ဆိုးဘုံ၏ နတ်ဘုရားဖြစ်ပြီး နတ်ဆိုးဘုံအတွင်းရှိ လူများ၏ အကျိုးကိုသာ ဂရုစိုက်ပေသည်။

“မင်းက ဘာတစ်ခုမှ နားမလည်ဘူးပဲ”

နတ်ဆိုးအင်ပါယာက ရီဖူရှင်းကို စိုက်ကြည့်သည်။

“သူက မင်းတို့အရူးနှစ်ယောက်ကို ကောင်းကောင်း မသင်ကြားပေးနိုင်ခဲ့ဘူးပဲ...”

“အရှင်နတ်ဆိုးအင်ပါယာက နတ်ဆိုးဘုံထဲက သက်ရှိအားလုံးအတွက် နတ်ဆိုးချောက်ကမ်းပါးကို ဖိနှိပ်ပြီးတော့ ကောင်းကင်က နတ်ဆိုးကပ်ဘေးတွေကို ခံခဲ့ပါတယ်။ အရှင်အင်ပါယာက သက်ရှိတွေအကုန်လုံးကို သတ်ပြီး သူတို့ကို ပျက်သုဉ်းစေမယ့် အကြင်နာတရားမရှိတဲ့သူလို့ ကျုပ်မထင်ပါဘူး”

ရီဖူရှင်းသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် နတ်ဆိုးအင်ပါယာကို ထပ်မံပြောလိုက်လေသည်။

နတ်ဆိုးအင်ပါယာသည် ရီဖူရှင်း၏ မျက်ဝန်းများကို ကြည့်လိုက်ပြီး ခနဲ့လိုက်သည်။

“ဒီအတွေးက သူ့ရဲ့အတွေးနဲ့ အတော်လေးဆင်တူတာပဲ။ မင်းတို့နှစ်ယောက်စလုံးက စိတ်ကူးယဉ်သမားတွေပဲ”

ထို့နောက်တွင် သူသည် မျက်နှာလွှဲလိုက်ပြီး အဝေးသို့ လှမ်းကြည့်သည်။ သူက ပြောလိုက်၏။

“မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေ တော်လောက်ပြီ...”

သူသည် ထိုအခိုက်တွင် အေးစက်စက်နိုင်နေပြီး ဒေါသထွက်နေပုံပေါ်၏။ သူသည် နတ်ဆိုးဘုံ၏ နတ်ဘုရားဖြစ်သဖြင့် သူ့ကို ဒေါသထွက်အောင်လုပ်နိုင်သူ အများကြီးမရှိပေ။

သို့သော် ယူချင်းသည် သူ၏စိတ်အခြေအနေအပေါ် သက်ရောက်နိုင်ပြီး သူ့ကို ဒေါသထွက်စေခဲ့သည်။ ထို့ကြောင့် နတ်ဆိုးအင်ပါယာသည် ယူချင်းကို ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း တွယ်တာနေကြောင်း သိနိုင်ပေသည်။ သူ ယူချင်းကို ဆက်ဆံပုံသည် အခြားသူအားလုံးကို ဆက်ဆံပုံနှင့် ကွာခြား၏။

“ကောင်းပြီ... မင်းက သူ့ကြောင့် အသနားခံနေမှတော့ သူ့ကို မင်းနဲ့အဖော်ပြုခိုင်းလိုက်မယ်”

နတ်ဆိုးအင်ပါယာသည် အရေးမစိုက်ဟန်ဖြင့် ပြောသည်။ ထို့နောက် သူသည် ခေါင်းပြန်လှည့်၍ ရီဖူရှင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

“သူ့ကို နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ကို ခေါ်သွားလိုက်”

“ဟုတ်ကဲ့ပါဆရာ...”

ကမ္ဘာမြေနတ်ဆိုးသူတော်စင်သည် ဦးညွှတ်၍ အမိန့်နာခံလိုက်သည်။ ထို့နောက်တွင် နတ်ဆိုးအင်ပါယာသည် နောက်လှည့်ကာ နတ်ဆိုးနတ်ဘုရားနန်းတော်ဆီသို့ ပြန်လျှောက်သွားလိုက်သည်။

“မင်းက သူ့ကိုကယ်ဖို့အတွက် နတ်ဆိုးဘုံကို လာခဲ့တာပဲ။ အဲဒီလိုဆိုမှတော့ မင်းတို့ရဲ့ ညီအစ်ကိုဆက်ဆံရေးကို ထောက်ထားပြီး မင်းကို နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်အပေါ်မှာ သူနဲ့အတူသွားနေခွင့် ပြုလိုက်မယ်။ (၄၉)ရက်ကြာပြီးသွားလို့ မင်းတို့ အသက်ရှင်နေတုန်းဆိုရင် ငါ မင်းတို့ကို အသက်ရှင်ခွင့်ပေးလိုက်မယ်”

ထိုအသံလွင့်ပါးသွားသောအခါ နတ်ဆိုးနတ်ဘုရားနန်းတော်၏ တံခါးသည်လည်း ပိတ်သွားကာ နတ်ဆိုအင်ပါယာသည် ရီဖူရှင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။ ရီဖူရှင်း၏ မျက်လုံးများ အရောင်ပြောင်းလဲသွားပြီး သူသည် နတ်ဆိုးနတ်ဘုရားနန်းတော်ဘက်သို့ ဦးညွှတ်ကာ ပြောသည်။

“ကျေးဇူးတင်ပါတယ် အရှင်အင်ပါယာ...”

ကမ္ဘာမြေနတ်ဆိုးသူတော်စင်သည် ရီဖူရှင်းထံသို့ လျှောက်လာလေသည်။ သူ၏မျက်လုံးများသည် အရေးမစိုက်ဟန် ရှိ၏။ သူသည် ရီဖူရှင်းကိုကြည့်လျှက် ပြောသည်။

“သူ့ကို ကျေးဇူးတင်နေတာလား... မင်းကိုယ်မင်းပဲ အရင်ကယ်ပါဦး...”

သူသည် ထိုသို့ပြောလိုက်ပြီး နောက်လှည့်ကာ အမိန့်ပေးလိုက်သည်။

“ငါနဲ့လိုက်ခဲ့...”

ရီဖူရှင်းသည် ကမ္ဘာမြေနတ်ဆိုးသူတော်စင်နောက်သို့ လိုက်သွားလိုက်သည်။ သူတို့သည် ထိုနေရာမှ အဝေးသို့လျှောက်သွားပြီး နတ်ဆိုးနတ်ဘုရားနန်းတော်အနောက်ဘက်ခြမ်းသို့ ဦးတည်သွားလိုက်သည်။ ထိုကျယ်ပြောသောနေရာတွင် နတ်ဆိုးတိမ်တိုက်များသည် တလိပ်လိပ်ရွေ့လျားကာ မြည်ဟည်းနေသည်။ အဖျက်နတ်ဆိုးအရှိန်အဝါတစ်ခုလည်း ရှိနေသည်။

ထိုနေရာရှိ နတ်ဆိုးတိမ်တိုက်များသည် လွန်စွာကြောက်မက်ဖွယ်ကောင်းပေသည်။

သူတို့သည် ရှေ့သို့ ဆက်သွားနေကြသည်။ နတ်ဆိုးတိမ်တိုက်များ ဝန်းရံထားသောနေရာရှိ ကောင်းကင်ထက်တွင် ရင်ပြင်တစ်ခု ရှိနေလေသည်။ ထိုရင်ပြင်ကို ကောင်းကင်ထိမြင့်မားသည့် ကျောက်တိုင်များက ဝန်းရံထားသည်။ ထိုကျောက်တိုင်များတစ်လျှောက် မော့ကြည့်လိုက်လျှင် ကောင်းကင်ထက်တွင် အပေါက်ကြီးတစ်ပေါက်ရှိနေသည်ကို တွေ့ရပေလိမ့်မည်။ ထိုအပေါက်ထဲတွင် အတုမဲ့အဖျက်စွမ်အားတစ်ခု ရှိနေသည်။ ထိုအထဲတွင် ကမ္ဘာဖျက်ကပ်ဘေးတစ်ခု ပုန်း‌အောင်းနေသကဲ့သို့ပင် ထင်ရ၏။ ထိုစီးဆင်းနေသော အဖျက်စွမ်းအားသည် ကျောက်တိုင်တစ်လျှောက် ကျဆင်းလာပြီး နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်သို့ ကျရောက်နေသည်။

ထိုနေရာသည် နတ်ဆိုးချောက်ကမ်းပါး၏အစွန်းဖြစ်သည်။

ထိုအဖျက်စွမ်းအားသည် နတ်ဆိုးချောက်ကမ်းပါးမှ ကျဆင်းလာခြင်းပင်။

နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်တွင် ‌ကျောက်တိုင်တွင် ဖမ်းချုပ်ခံထားရသော အရိပ်နက်တစ်ခု ရှိနေလေသည်။ သူ၏ဆံပင်ရှည်များသည် အရူးတစ်ယောက်၏ဆံပင်များကဲ့သို့ ရှုပ်ပွကာ ဖရိုဖရဲဖြစ်နေသည်။ ထိုအခိုက်တွင် သူသည် ခေါင်းမော့လိုက်ပြီး ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။

“မင်းက ဒီကို ဘာလို့ရောက်လာရတာလဲ”

ဤနေရာသည် နတ်ဆိုးဘုံဖြစ်သည်။ ရီဖူရှင်းသည် နတ်ဆိုးဘုံကို နားမလည်ပေ။ သူသာ ဤနေရာကို လာခဲ့လျှင် သေမည့်ဖြစ်နိုင်ချေသည် ရှင်မည့်ဖြစ်နိုင်ချေထက် များလေသည်။

သို့သော် ရီဖူရှင်းသည် ပြုံးရုံသာပြုံး၍ ပြောသည်။

“မင်းက ဒုက္ခခံစားနေရတာပဲ... ငါ ဘယ်လိုလုပ် ဒီကို မလာဘဲ နေနိုင်မှာလဲ”

ယူချင်းသည် လက်သီးကို တဗျစ်ဗျစ်မြည်လာ၏အထိ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ကမ္ဘာမြေနတ်ဆိုးသူတော်စင်က ပြောလိုက်၏။

“အဲဒီအပေါ်တက်သွား...”

ရီဖူရှင်းသည် ရှေ့သို့ တစ်ချက်ကြည့်သည်။ သူသည် နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်ရှိ အဖျက်စွမ်းအားကို ရှင်းရှင်းလင်းလင်းခံစားနေရပေသည်။ သို့သော် သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့လျှောက်သွားလိုက်သည်။

“ကျုပ် မှားမှန်းသိပါပြီ။ ကျုပ် တပ်တွေကို မူလဘုံဆီ ဦးဆောင်ခေါ်သွားမယ်...”

ယူချင်းသည် ခေါင်းမော့၍ အဝေးသို့ကြည့်ကာ ဟင်းလင်းပြင်ထဲသို့ အော်ပြောသည်။ နတ်ဆိုးအင်ပါယာသည် သူ၏အသံကို ကြားနိုင်ကြောင်း သူသိ၏။

နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်သည် မည်မျှအန္တရာယ်များကြောင်းကို သူသာ သိသည်။ အကယ်၍ ရီဖူရှင်းသာ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်သို့ တက်လာခဲ့ပါက သူ့ကို သေခြင်းတရားကသာ စောင့်ကြိုနေမည်ဖြစ်သည်။

မည်သည့်တုံ့ပြန်မှုမှ မရှိပေ။

ယူချင်း၏မျက်လုံးများသည် ရဲရဲနီနေပြီး ဒေါသခိုးများ တဟုန်းဟုန်းထနေလေသည်။

“ဒီနေ့လိုအခြေအနေမျိုး ဖြစ်လာမယ်မှန်းသာ မင်းသိခဲ့ရင် မင်း ဆရာရဲ့အမိန့်ကို အစကတည်းက အာခံခဲ့မှာ မဟုတ်ဘူး။ ယူချင်း... ဆရာက မင်းကို ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ မင်းအသိဆုံးပါပဲ။ ဒါပေမဲ့ မင်းက စိတ်ပျက်စရာတပည့်တစ်ယောက်ပဲ...”

ကမ္ဘာမြေနတ်ဆိုးသူတော်စင်က အရေးမစိုက်သော လေသံဖြင့် ပြောသည်။ ယူချင်းသည် ပြန်ချေပရန် စွမ်းအင်မရှိသည့်အလား ခေါင်းငုံ့လိုက်သည်။

ရီဖူရှင်းသည် နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်သို့ လျှောက်သွားလိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် သူ့ခြေထောက်အောက်ရှိ နတ်ဆိုးတိမ်တိုက်များသည် သူ့ခန္ဓာကိုယ်ကို ရစ်သိုင်းသွားကာ သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွား၏။ ကပ်ဘေးအလင်းသည် ကြောက်မက်ဖွယ်ချိန်းကြိုးကြီးများအဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်း၏ လက်များနှင့် ခြေထောက်များကို ဖမ်းချုပ်လိုက်သည်။ ယူချင်းကဲ့သို့ပင် သူသည်လည်း နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်တွင် ဖမ်းချုပ်ခံလိုက်ရပြီဖြစ်သည်။

ကြောက်မက်ဖွယ်စွမ်းအားတစ်ခုသည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို ရုတ်ခြည်းလွှမ်းခြုံသွားပြီး သူ့တစ်ကိုယ်လုံးကို တုန်ယင်သွားစေလေသည်။ သူသည် ထိုအဖျက်စွမ်းအားကို ခေတ္တသာခံရသေးသော်လည်း သူ၏ဝိညာဉ်သည်ပင် တုန်ယင်နေပြီဖြစ်ကြောင်း သူခံစားနိုင်ပေသည်။

ရုတ်ခြည်းအတွင်းမှာပင် သူ့ကိုယ်တွင်းရှိ မဟာလမ်းစဉ်သည် မြည်ဟည်းလာပြီး နတ်အလင်းတောက်ပလာ၏။ သူသည် နတ်ခန္ဓာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုးဖောက်ဝင်ရောက်နေသည့် အဖျက်စွမ်းအားကို ခုခံလိုက်သည်။ သို့သော် သူသည် လွန်စွာမသက်မသာ ခံစားနေရ၏။ သူသည် နတ်ဘုရားသတ်ဖြတ်ခြင်းရင်ပြင်ပေါ်သို့ ရောက်ခါစသာ ရှိပေသေးသည်။ ထိုရင်ပြင်သည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို တွေးပင်တွေးမကြည့်နိုင်ပေ။

“ဒါက နတ်ဆိုးချောက်ကမ်းပါးရဲ့ စွမ်းအားပဲ”

ယူချင်းသည် ရီဖူရှင်းကို ပြောသည်။

“အဲဒီထဲမှာ အဆုံးမဲ့ နတ်ဆိုးကပ်ဘေးတွေရှိတယ်။ နတ်ဆိုးချောက်ကမ်းပါးရဲ့ စွမ်းအားက နတ်ဆိုးဘုံတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ လုံလောက်တယ်”

“အဲဒါက အရေးမကြီးပါဘူး။ ငါတို့က နှစ်ပေါင်းများစွာအတွင်း အခက်အခဲတွေအများကြီးကို အတူ‌ကျော်ဖြတ်ခဲ့ကြတာပဲ။ ဒီနတ်ဆိုးချောက်ကမ်းပါးက ငါနဲ့မင်းကို မသတ်နိုင်လောက်ပါဘူး”

ရီဖူရှင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် အပူအပင်ကင်းနေပုံပေါ်၏။ သူသည် အားကောင်းသော ဖိအားအောက်တွင် ရှိနေသော်လည်း လွန်စွာစိတ်အေးနေပေသည်။

“အင်း...”

ယူချင်းသည် အလေးအနက် ခေါင်းညိတ်လိုက်သည်။ အခြေအနေများသည် ဤသို့ဖြစ်လာပြီဖြစ်သဖြင့် သူတို့အတွက် နတ်ဆိုးချောက်ကမ်းပါးကို အနိုင်ယူရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

“နတ်ဆိုးအင်ပါယာက ဘာလို့ အဲဒီလိုလုပ်နေတာလဲ”

ရီဖူရှင်းသည် ယူချင်းကို မေးလိုက်သည်။ အဘယ်ကြောင့် အခြေအနေများသည် ဤသို့လျင်လျင်မြန်မြန် ဆိုးဝါးသွားသည်ကို သူနားမလည်နိုင်ဖြစ်နေသည်။ နတ်ဆိုးအင်ပါယာနန်းတော်သို့ လာခြင်းသည် စွန့်စားရာကြကြောင်း သူသိသည်။ ထို့အပြင် သူသည် အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်လာခဲ့ပြီးဖြစ်သည်။ သို့သော် သူ ဤနေရာသို့လာခဲ့ခြင်းမှာ နတ်ဆိုးဘုံနှင့် မဟာမိတ်ဖွဲ့ရန် ဖြစ်သည်။ သူသည် မူလဘုံအားအုပ်စိုးခွင့်ကိုပင် လိုလိုချင်ချင် ပေးလိုနေပေသည်။ ထို့ကြောင့် အောင်မြင်နိုင်ရန် အခွင့်အရေးများလိမ့်မည်ဟု သူထင်ခဲ့သည်။

သို့သော် နတ်ဆိုးအင်ပါယာသည် သူ့ကို အနည်းငယ်မျှပင် အရေးမစိုက်ခဲ့ချေ။ သူသည် သူ့ကိုပင် သတ်လိုခဲ့သည်။

“ရှေးခေတ်တုန်းက နတ်ဆိုးဘုံက အကျဉ်းထောင်ကြီးတစ်ခုပဲ။ နတ်ဆိုးဘုံထဲက သက်ရှိတွေအကုန်လုံးက နတ်ဆိုးချောက်ကမ်းပါးကြောင့် ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ကို တောင့်ခံခဲ့ရတယ်။ သူက ဒီအကျဉ်းထောင်ကြီးထဲက အမြဲ ထွက်သွားချင်နေခဲ့တာ”

ယူချင်းပြောသည်။

“အင်ပါယာရီချင်သေသွားတာက အရှင်ဒွန်ဟောင်ကြောင့်ပဲ မဟုတ်ဘူး။ ကောင်းကင်ဒေသက မဟာအင်ပါယာနှစ်ပါးက အတူတူရပ်တည်လိုခဲ့ကြတယ်။ ဒါပေမဲ့ တခြားလောကတွေက အဲဒါကို သဘောမတူခဲ့ကြဘူး။ နတ်ဆိုးဘုံကလည်း အတူတူပဲ။ အဲဒီအင်ပါယာနှစ်ပါးထဲမှာ တစ်ပါးပဲ အသက်ရှင်ခွင့်ရှိတယ်...”

ရီဖူရှင်း အလွန်အံ့အားသင့်သွား၏။ သူသည် မည်သည်ကိုမှ နားမလည်ဟု နတ်ဆိုးအင်ပါယာက ပြောခြင်းကို အံ့ဩစရာမရှိတော့ပေ။

သို့ဆိုလျှင် အရှင်ဒွန်ဟောင်သည် ရွေးချယ်စရာမရှိတော့သဖြင့် မဟာအင်ပါယာရီချင်ကို တိုက်ခိုက်ခဲ့ရခြင်းဖြစ်ပေမည်။ ထို့ကြောင့် အမှန်တွင် အခြားလောကများ၏ အုပ်ချုပ်သူများသည် အင်ပါယာရီချင်ကို သွယ်ဝိုက်၍ သတ်ခဲ့ခြင်းပင်ဖြစ်လေသည်။

All Chapters