← Chapters

ဒွန်ဟောင်တိယွမ်ကို ဖမ်းဆီးမည်လော

Vol. 183 Ch. 2609

ဒွန်ဟောင်တိယွမ်ကို ဖမ်းဆီးမည်လော

Vol. 183 Ch. 2609

အင်ပါယာရီချင်သေဆုံးမှုနောက်ကွယ်တွင် ထိုကဲ့သို့ ရန်ငြိုးများ ရှိနေပေသည်။

သို့ဆိုမှ အကယ်၍ ရီဖူရှင်းသည် အင်ပါယာရီချင်၏ မျိုးဆက်ဖြစ်နေလျှင် သို့မဟုတ်  အင်ပါယာရီချင်နှင့် ဆက်နွယ်မှုရှိခဲ့လျှင် သူနှင့်နတ်ဆိုးအင်ပါယာသည် ရန်သူဖြစ်မသွားပေလော။

ထို့ကြောင့် ရီဖူရှင်းသည် ကိုယ့်သေလမ်းကိုယ်လာရှာသည်ဟု နတ်ဆိုးအင်ပါယာက ပြောခဲ့ခြင်းဖြစ်သည်။

ရီဖူရှင်းပြောသည်။

“ဒီမတိုင်ခင်က မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံနှစ်ခုစလုံးက ငါနဲ့ မဟာမိတ်ဖွဲ့ချင်ခဲ့ကြတယ်။ သူတို့က ငါ ကောင်းကင်ဒေသနဲ့ ရင်ဆိုင်နိုင်ဖို့ ကူညီပေးချင်ခဲ့ကြတယ်။ အဲဒီလိုဆို နတ်ဆိုးအင်ပါယာလည်း အဲဒီလိုလုပ်လို့ ရတာပဲ။ ပြီးတော့ အင်ပါယာရီချင်ကို တကယ်သတ်ခဲ့တာက အရှင်ဒွန်ဟောင်တစ်ယောက်ပဲလေ...”

ရီဖူရှင်းသည် ဇာတ်လမ်းတစ်ခုလုံးကို သံသယရှိနေသေးသဖြင့် ထိုသို့ပြောသည်။

ယူချင်း ရှင်းပြလိုက်၏။

“နတ်ဆိုးဘုံက နတ်ဆိုးချောက်ကမ်းပါးရဲ့ လွှမ်းခြုံထားတာကို ခံထားရလို့ နှစ်ပေါင်း မရေမတွက်နိုင်အောင် ဒုက္ခခံခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်(၄၀၀)တုန်းက လောကတွေ ပရမ်းပတာဖြစ်နေတုန်း နတ်ဆိုးဘုံက တပ်တွေက အပြင်လောကတွေကို ကျုးကျော်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ကို အရှင်ဒွန်ဟောင်နဲ့ အင်ပါယာရီချင်တို့က တားဆီးခဲ့တယ်။ အဲဒီအင်ပါယာနှစ်ပါးအပြင် လူသားဘိုးဘေးနဲ့ ဗုဒ္ဓကလည်း နတ်ဆိုးဘုံရဲ့ ကျူးကျော်မှုကို သဘောမတူခဲ့ဘူး။ နတ်ဆိုးဘုံက အကျဉ်းထောင်တစ်ခုလည်းဖြစ်သလို ချိပ်စည်းတစ်ခုလည်း ဖြစ်တယ်။ တခြားလောကတွေက ဘယ်သူမှ နတ်ဆိုးဘုံမှာနေတဲ့သူတွေ အပြင်ကို လွတ်လာမှာကို မလိုချင်ကြဘူး။ နောက်ဆုံးတော့ အင်ပါယာရီချင်သေသွားပြီး ဒီပဋိပက္ခတွေလည်း အဆုံးသတ်သွားခဲ့တယ်။ နတ်ဆိုးဘုံကလည်း အပြင်လောကတွေကို မကျူးကျော်တော့ဘူး။ မကြာသေးခင်ကမှ သူတို့ ပြန်ပြီးကျူးကျော်ဖို့ လုပ်လာတာပဲ...”

ရီဖူရှင်းသည် ယူချင်း၏ရှင်းပြချက်ကို နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထိပ်သီးအနည်းငယ် အကြားမှ ရန်ငြိုးများသည် သူတွေးထားခဲ့သည်ထက် ပို၍ရှုပ်ထွေးပေသည်။ ထိုကိစ္စတွင် အင်အားစုအားလုံး ပါဝင်နေလေသည်။

လူသားဘုံမှ လူသားဘိုးဘေးနှင့် ဗုဒ္ဓလောကမှ ဗုဒ္ဓတို့လည်း ပါဝင်နေသည်။

နတ်ဆိုးအင်ပါယာသည် ကောင်းကင်ဆန့်ကျင်စွမ်းရည်များ ရှိသော်လည်း သူသည် အများစု၏ ဆန္ဒကို မဆန့်ကျင်နိုင်ပေ။ နတ်ဆိုးဘုံသည် ကောင်းကင်ဒေသတွင် အရှင်ဒွန်ဟောင် အုပ်စိုးသည်ကို အသိအမှတ်ပြုခဲ့ပြီး တိုက်ခိုက်မှုကို ရပ်တန့်ခဲ့သည်။ ထိုအရာသည် အဓိကလောကကြီးများအားလုံး၏ သဘောတူချက်မှ ရရှိခဲ့သော ဟန်ချက်ညီမှု ဖြစ်နိုင်ပေသည်။

ထိုစဉ်က နတ္တိအင်ပါယာဘုံနှင့် မှော်နက်လောကလည်း ထိုကိစ္စအတွင်း၌ ပါဝင်ခဲ့လိမ့်မည်ဟု ရီဖူရှင်း ယုံကြည်နေသည်။ သူတို့သည် ဘေးမှသာ ရပ်ကြည့်နေမည်မဟုတ်ပေ။

ထိုစဉ်က မည်သည့်ကိစ္စများဖြစ်ပျက်ခဲ့သည်ကို ထိုထိပ်သီးများသာ သိသည်။

မည်သို့ပင်ဖြစ်စေ ကိစ္စတစ်ခုကတော့ သေချာပေသည်။ အင်ပါယာရီချင်သည် နှစ်(၄၀၀)ခံခဲ့သည့် ငြိမ်းချမ်းမှုအတွက် သေဆုံးခဲ့ခြင်းပင်။ သူသေဆုံးသွားပြီးနောက်တွင် လောကများသည် ပရမ်းပတာဖြစ်မနေတော့ဘဲ စစ်ပွဲလည်း အဆုံးသတ်ခဲ့သည်။

ငြိမ်းချမ်းမှုသည် ဗုဒ္ဓလောကမှ ရှေ့ဖြစ်ဟောကိန်း ထွက်ပေါ်မလာခင်အထိ ခံခဲ့သည်။ လောကများ၏ ပြောင်းလဲမှုသည် မူလဘုံတွင် အစပြုပေလိမ့်မည်။ ထို့နောက်တွင် မူလဘုံတွင် ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ပြီး ပရမ်းပတာအခြေအနေသည် ထပ်မံခေါင်းပြူလာခဲ့လေသည်။ အဓိကလောကကြီးအားလုံးသည် သူတို့၏ လွှမ်းမိုးနိုင်မှုကို ချဲ့ထွင်လိုနေကြသည်။ နတ္တိအင်ပါယာဘုံနှင့် မှော်နက်လောကမှ အင်အားစုများသည် ကောင်းကင်ဒေသသို့ ရောက်လာခဲ့သည်။

နတ်ဆိုးအင်ပါယာသည်လည်း ကောင်းကင်ဒေသကို ကျူးကျော်ဖို့ အမိန့်ပေးခဲ့သည်။

နတ်ဆိုးအင်ပါယာ ပြောသလိုပင် သူ ကောင်းကင်ဒေသနှင့် မူလဘုံကို ကျုးကျော်ရခြင်းမှာ လူပိုများများကို အုပ်စိုးလို၍မဟုတ်ပေ။

“နတ်ဆိုးအင်ပါယာ ကောင်းကင်ဒေသကကျုးကျော်ချင်တာက နတ်ဆိုးချောက်ကမ်းပါးကနေ လွတ်မြောက်ဖို့လား...”

ရီဖူရှင်း မေးလိုက်သည်။

“ဟုတ်တယ်...”

ယူချင်း ခေါင်းညိတ်လိုက်သည်။

“နတ်ဆိုးဘုံက နတ္တိအင်ပါယာဘုံနဲ့ မှော်နက်လောကနဲ့ ကောင်းကင်ဒေသတို့ကြားမှာ ပဋိပက္ခတွေ ရှိနေပြီသားမို့လို့ အဲဒီစစ်ပွဲထဲကို ဝင်ခဲ့တာပဲ။ သူတို့ရဲ့ နတ်ဆိုးဘုံ၊ ဗုဒ္ဓ၊ လူသားဘိုးဘေးနဲ့ အရှင်ဒွန်ဟောင်တို့အပေါ် မြင်တဲ့အမြင်က အတူတူပဲ။ အဲဒါကြောင့် နတ်ဆိုးဘုံက နှစ်ပေါင်းများစွာ ဖိနှိပ်မှုကို ခံစားခဲ့ရတာ။ အဲဒါကြောင့်လည်း ကောင်းကင်ဒေသမှာ အင်ပါယာနှစ်ပါး မရှိနိုင်တာထင်တယ်”

“အဲဒီလိုဆို အင်ပါယာနှစ်ပါးထဲမှာ တစ်ပါးက သေရမှာပေါ့... အရင်တုန်းက လူသားဘိုးဘေးနဲ့ ဗုဒ္ဓတို့က ကောင်းကင်ဒေသနဲ့ပတ်သတ်ပြီး ကွဲပြားတဲ့အမြင်တစ်ခု ရှိခဲ့နိုင်တယ်”

ရီဖူရှင်းသည် ထိုအကြောင်းကိုတွေးရင်း ပြောသည်။ အကယ်၍ ယခင်က လူသားဘိုးဘေးနှင့် ဗုဒ္ဓတို့သာ ကောင်းကင်ဒေသနှင့်ပူးပေါင်းခဲ့ပါက မဟာအင်ပါယာလေးပါးဖြစ်သွားခဲ့နိုင်လေသည်။

“သူတို့က လောကတွေရဲ့ အင်အားကို ဟန်ချက်ညီနေအောင်လို့ အဲဒီလိုလုပ်ခဲ့တာဖြစ်မှာပါ”

ယူချင်းက ပြောသည်။

“နတ်ဆိုးအင်ပါယာအတွက်ကတော့ သူ့ရဲ့ဘဝပန်းတိုင်က နတ်ဆိုးချောက်ကမ်းပါး အကျဉ်းထောင်က လွတ်မြောက်အောင်လုပ်ပြီး နတ်ဆိုးဘုံမှာရှိတဲ့သူတွေကို တခြားလောကတွေမှာ သွားရောက်နေထိုင်နိုင်အောင် လုပ်ပေးဖို့ပဲ”

“နတ်ဆိုးဘုံထဲမှာ ဒီလိုမျိုး ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ရှိနေတာကို နတ်ဆိုးဘုံက ကျင့်ကြံသူတွေက ဘာလို့ တခြားလောကတွေကို ပြောင်းရွှေ့ပြီး မကျင့်ကြံတာလဲ...”

ရီဖူရှင်း မေးလိုက်သည်။

“နတ်ဆိုးဘုံက ကျင့်ကြံသူတွေရဲ့ယုံကြည်မှုက ကောင်းကင်ဒေသနဲ့ တခြားလောက,ကကျင့်ကြံသူတွေရဲ့ယုံကြည်မှုထက် ပိုအားကောင်းတယ်။ ဒီမှာရှိတဲ့လူတွေရဲ့ ယုံကြည်မှုက လောကတွေအားလုံးထဲမှာ အားအကောင်းဆုံးပဲလို့ ငါယုံကြည်တယ်။ နတ်ဆိုးဘုံက တခြားလောကတွေကို စစ်ကြေညာခဲ့တုန်းက ဒီကလူတွေအားလုံး ပါဝင်ခဲ့တယ်။ အမိန့်တစ်ချက်နဲ့တင် ဘုံတစ်ခွင်လုံးမှာရှိတဲ့ သန်းထောင်ချီတဲ့ နတ်ဆိုးဂိုဏ်းတွေက နတ်ဆိုးဘုံရဲ့ သူရဲကောင်းတွေ ဖြစ်လာကြတယ်”

ယူချင်း ရှင်းပြလိုက်သည်။

သူသည် ပြီးခဲ့သော ဆယ်စုနှစ်များတွင် နတ်ဆိုးဘုံတွင် ကျင့်ကြံနေခဲ့သည်ဖြစ်ရာ နတ်ဆိုးဘုံအကြောင်းကို ပို၍သိခဲ့ပြီဖြစ်သည်။ သူ့ရင်ထဲတွင်လည်း နတ်ဆိုးဘုံကို တွယ်တာစိတ်များ ပို၍အားကောင်းလာ၏။

နတ်ဆိုးဘုံသည် ကောင်းကင်ဒေသနှင့် ကွာခြား၏။

ထို့ကြောင့် သူသည် နတ်ဆိုးဘုံကို သစ္စာဖောက်ရန် တစ်ခါမှ မတွေးခဲ့ဖူးပေ။ ရီဖူရှင်းကြောင့်သာမဟုတ်လျှင် သူသည် စစ်ပွဲတွင် သေချာပေါက် ပါဝင်ခဲ့မည်ဖြစ်သည်။ သူသည် ရီဖူရှင်းကြောင့် မူလဘုံကို မကျူးကျော်ချင်သော်လည်း နတ်ဆိုးအင်ပါယာကို လှည့်ဖျားရန် ရည်ရွယ်ချက်မရှိခဲ့ဘဲ အမိန့်ကို ပေါ်ပေါ်ထင်ထင်ပင် ဆန့်ကျင်ခဲ့သည်။ သူသည် နတ်ဆိုးဘုံကို သစ္စာ‌ဖောက်မည့်အစား ဤနေရာတွင် ဖမ်းချုပ်ခံ၍ နတ်ဆိုးချောက်ကမ်းပါး၏ ကပ်ဘေးများကို တောင့်ခံနေမည်ဖြစ်သည်။

ရီဖူရှင်း ရင်တုန်သွား၏။ နတ်ဆိုးအင်ပါယာ၏ ဘဝရည်မှန်းချက်သည် ဤအကျဉ်းထောင်မှ လွတ်မြောက်အောင်လုပ်၍ နတ်ဆိုးဘုံတွင် နေထိုင်သူများကို သူတို့ခံစားနေရသည့် ဘေးဒုက္ခများမှ ကင်းလွတ်အောင် လုပ်ပေးလိုခြင်းဖြစ်သည်။ နတ်ဆိုးဘုံတွင် နေထိုင်သူများသည် နတ်ဆိုးအင်ပါယာကို ချစ်ခင်လေးစားကြောင်းကိုလည်း ရီဖူရှင်းကိုယ်တိုင် မြင်ခဲ့ပြီးပေပြီ။ သူတို့အားလုံးသည် ယုံကြည်မှုအားကောင်းပေသည်။

တစ်ချိန်တည်းမှာပင် နတ်ဆိုးအင်ပါယာသည် ဤနေရာမှ လူများအတွက် နတ်ဆိုးချောက်ကမ်းပါးကို သူ၏စွမ်းအားဖြင့် တွန်းလှန်ထားပေသည်။

ရီဖူရှင်းသည် ယခင်က အနောက်ဘက်ဗုဒ္ဓလောကသို့ သွားခဲ့သည်။ ဗုဒ္ဓလောကသည် ကောင်းကင်ဒေသနှင့် အနည်းငယ်ကွဲပြားပြီး သူတို့၏ ဗုဒ္ဓအပေါ်ယုံကြည်မှုသည် စိတ်အားထက်သန်မှုရှိသော်လည်း နတ်ဆိုးဘုံမှ လူများ၏ ယုံကြည်မှုသည် ပို၍ပင်အားကောင်းပေသည်။

ကောင်းကင်ဒေသသည် ယုံကြည်မှု အနည်းဆုံး နေရာဖြစ်သည်။

ကောင်းကင်ဒေသမှ လူအားလုံးသည် အရှင်ဒွန်ဟောင်ကို လေးစား၍ သိုင်းပညာကို တိုးတက်အောင် လုပ်ဆောင်ခဲ့သော်လည်း ထိပ်သီးအင်အားစုများသည် အကြံကိုယ်စီရှိပေသည်။ ကျင့်ကြံသူတစ်ဦး သို့မဟုတ် အင်အားစုတစ်စုသည် ပို၍စွမ်းအားကြီးလာလေလေ သူတို့သည် လေးစားမှုနှင့် ယုံကြည်မှုတို့ လျော့နည်းလာလေလေဖြစ်သည်။

“နတ်ဆိုးချောက်ကမ်းပါးဆိုတာ တကယ်ဘာကြီးလဲ...”

ရီဖူရှင်း ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်သည်။ အထက်တွင် အဖျက်မုန်တိုင်းတစ်ခု စုဝေးနေသည်။ ၎င်းသည် သူတို့ကို ငုံ့ကြည့်နေသည့် နတ်ဆိုးချောက်ကမ်းပါး၏ မျက်လုံးဟုပင် ထင်ရ၏။

“ဒဏ္ဍာရီတွေအရတော့ ဒါက ကောင်းကင်လမ်းစဉ်ကပ်ဘေးပဲ။ ရှေးခေတ်တုန်းက ရက်စက်ကြမ်းကြုတ်တဲ့ အပြစ်သားတွေကို အပြစ်ပေးဖို့ ဒါကိုသုံးခဲ့တာ။ နတ်ဆိုးချောက်ကမ်းပါးတစ်ခုလုံးက ကောင်းကင်လမ်းစဉ်ကို အပြစ်ပြုမိခဲ့တဲ့ အပြစ်သားတွေအတွက် အကျဉ်းထောင်တစ်ခုပဲ”

ယူချင်းသည်လည်း ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်လိုက်ကာ ဆက်ပြောသည်။

“အခု ငါတို့ခံနေရတဲ့ နတ်ဆိုးချောက်ကမ်းပါးရဲ့ စွမ်းအားက အဲဒါရဲ့ အရင်တုန်းကစွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းလေးပဲရှိသေးတယ်။ သူက နတ်ဆိုးချောက်ကမ်းပါးရဲ့ ကြောက်စရာအကောင်းဆုံးစွမ်းအားကို တစ်ယောက်တည်းတွန်းလှန်ခဲ့တာပဲ”

“အပြစ်သားတွေ.. အကျဉ်းထောင်...”

ရီဖူရှင်း ‌ရေရွတ်လိုက်သည်။

သို့ဆိုလျှင် နတ်ဆိုးချောက်ကမ်းပါးသည် ရှေးခေတ်မှ ကောင်းကင်လမ်းစဉ်အကျဉ်းထောင်တစ်ခုဖြစ်ပြီး ကောင်းကင်လမ်းစဉ်ကပ်ဘေးများကို ထုတ်လွှတ်နိုင်သည်လော။

ထိုသို့သာဆိုလျှင် သာမန်လူများသည် ထိုကပ်ဘေးနှင့် ရင်ဆိုင်ခဲ့ရပါက အမှုန့်ဖြစ်သွားမည်ဖြစ်သည်။

ရီဖူရှင်းနှင့် ယူချင်းသည်ပင် လွန်စွာနာကျင်ခံစားနေရပေသည်။ သူတို့နှစ်ယောက် စကားပြောနေစဉ်တွင် အဖျက်စွမ်းအားသည် သူတို့၏ခန္ဓာကိုယ်များကို လွှမ်းခြုံနေသည်။ သူတို့သည် ထိုနေရာတွင် အချုပ်အနှောင်များနှင့် ချုပ်ခံထားရသည်ဖြစ်ရာ သူတို့ကိုယ်တွင်းသို့ စွမ်းအားများ ကျူးကျော်ဝင်ရောက်လာသည် တောင့်ခံရုံသာရှိလေသည်။ ထိုအဖျက်စွမ်းအားသည် သူတို့၏အသွေးအသားများနှင့် စိတ်ဝိညာဉ်များကို တိုက်စားလိုနေပေသည်။

“(၄၉)ရက်... ငါတို့ ဖြတ်ကျော်နိုင်ပါ့မလား...”

ရီဖူရှင်းသည် ယူချင်းကိုကြည့်လျှက် မေးလိုက်သည်။

“အခုတော့ နတ်ဆိုးချောက်ကမ်းပါးရဲ့ စွမ်းအားက အရင်ကထက်စာရင် နည်းနည်းအားပျော့နေတုန်းပဲ။ နေ့တိုင်း နတ်ဆိုးချောက်ကမ်းပါးက ည(၁၁)နာရီကနေ မနက်(၁)နာရီအထိ ကပ်ဘေးတစ်ခုကို အောက်ကို ပို့လွှတ်လိုက်လိမ့်မယ်။ (၄၉)ရက်ဆိုတော့ ကပ်ဘေး(၄၉)ခုပေါ့။ အဲဒီကပ်ဘေး(၄၉)ခုကိုပေါင်းပြီး ကပ်ဆိုးသံသရာလို့ခေါ်တယ်”

ယူချင်းသည် လေသံတိုးတိုးဖြင့် ပြောသည်။ သူသည် ယုံကြည်မှု နည်းပါးနေပုံပေါ်၏။

လွန်စွာစွမ်းအားကြီးသည့် ယူချင်းပင် သူတို့သည် ထိုကပ်ဆိုးသံသရာကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု မထင်ပေ။

“ဒီတော့ဘာဖြစ်သေးလဲ...”

ရီဖူရှင်းသည် ယူချင်းကို စိုက်ကြည့်လျှက် ပြောသည်။

“ငါတို့က သေရေး၊ ရှင်ရေး အခြေအနေတွေ အများကြီးကို အတူကျော်ဖြတ်ခဲ့ဖူးတာပဲ။ ငါတို့က ပြန်လည်ဝင်စားခြင်းစက်ဝန်းကိုတောင် ဖြတ်ကျော်ခဲ့တာပဲ။ အခု ငါတို့က ကျင့်ကြံခြင်းလောကမှာ ထိပ်သီးတွေဖြစ်နေပြီ။ အမြင့်ဆုံးအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်။ မဟာလမ်းစဉ်ကပ်ဘေးက လူတိုင်းကို ဖျက်ဆီးပစ်နိုင်တယ်ဆိုရင်တောင် မင်းနဲ့ငါကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ မင်း မွေးစားအဖေရဲ့ စကားတွေကို မမေ့နဲ့...”

ယူချင်းသည် ခေါင်းမော့၍ ရီဖူရှင်းကို ကြည့်သည်။ သူတို့ မျက်လုံးချင်းစုံသွားကြပြီး အတူတကွ ပြောသည်။

“အင်ပါယာတွေဖြစ်ဖို့ မွေးဖွားလာတာ...”

အင်ပါယာဖြစ်ရန် မွေးဖွားလာသူများသည် ကပ်ဘေးအားလုံးကို ခံနိုင်စွမ်းရှိပေသည်။ နတ်ဆိုးချောက်ကမ်းပါးသည်ပင် သူတို့ကို မည်သို့မှ မလုပ်နိုင်ပေ။

သူတို့ထိုသို့ ပြောလိုက်ပြီးနောက်တွင် နတ်အလင်းသည် ရီဖူရှင်း၏ခန္ဓာကိုယ်ပေါ်တွင် စီးဆင်းသွား၏။ ဗုဒ္ဓအလင်းသည် တောက်ပစွာလင်းလက်လာပြီး အဖျက်စွမ်းအားများကို တွန်းလှန်ပေသည်။

******

နတ်ဆိုးနတ်ဘုရားနန်းတော်ရှေ့တွင် နက်မှောင်သောပုံရိပ်တစ်ခု ပေါ်လာလေသည်။ ထိုပုံရိပ်သည် ခပ်ရေးရေးသာဖြစ်ပြီး ခန္ဓာကိုယ်အစစ်ဟုမထင်ရပေ။

ထိုပုံရိပ်သည် နတ်ဆိုးနတ်ဘုရားနန်းတော်ဘက်သို့ ဦးညွှတ်လိုက်သည်။

ထို့နောက်တွင် တံခါးများပွင့်လာလေသည်။ ပုံရိပ်သည် နန်းတော်အတွင်းသို့ ဝင်သွဦးပြီး နတ်ဘုရားပလ္လင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။

နတ်ဘုရားပလ္လင်သည် အနည်းငယ် မှုန်ဝါးဝါးဖြစ်နေသည်။ ထိုပလ္လင်သည် နတ်ဆိုးဘုံ၏ စွမ်းအားအကြီးဆုံး၊ အာဏာအရှိဆုံးသူ ထိုင်ရာပလ္လင်ဖြစ်သည်။ သူသည် ခံ့ညားထည်ဝါစွာထိုင်၍ နတ်ဆိုးဘုံတွင် နေထိုင်သူများ၏ အရိုအသေပေးခြင်းကို ခံယူပေသည်။

ထိုပုံရိပ်သည် ပလ္လင်နားသို့ ဆက်၍ လျှောက်လာ၏။ သူသည် နတ်ဘုရားပလ္လင်ကို မြင်နေရပြီဖြစ်သည်။ ထိုပလ္လင်ပေါ်တွင် လူတိုင်းတွေးတောထားသကဲ့သို့ အရှိန်အဝါကြီးမားကာ ပြိုင်ဘက်ကင်းသည့် နတ်ဆိုးအင်ပါယာထိုင်မနေဘဲ သာမန်အကြီးအကဲတစ်ဦးသာ ထိုင်နေသည်ကို အံ့အားသင့်ဖွယ်တွေ့ရပေသည်။ ထိုအကြီးအကဲသည် ခါးကုန်းနေပြီး သူ၏အရှိန်အဝါသည် အနည်းငယ် အားနည်းနေသည်ဟု ခံစားရ၏။

နတ်ဘုရားပလ္လင်ပေါ်မှ အကြီးအကဲသည် အားနည်းကာ သာမန်သာဖြစ်သည်ဟု ထင်ရ၏။ သူသည် ပြင်ဘက်ကင်းနတ်ဆိုးတစ်ဦးနှင့် မတူပေ။

“အရှင်အင်ပါယာ...”

ပုံရိပ်က ဦးညွှတ်၍ နှုတ်ခွန်းဆက်လိုက်သည်။ အကြီးအကဲသည် ထိုသို့ပုံပန်းသွင်ပြင်ရှိသော်လည်း ပုံရိပ်သည် ရိုကျိုး၊ လေးစားနေဆဲဖြစ်သည်။ သူသည် မထီလေးစားမလုပ်ဝံ့ပေ။

“အခြေအနေတွေ ဘယ်လိုရှိလဲ”

အကြီးအကဲက မေးလိုက်သည်။

“မြောက်ဘက်ကမ်းပါးရဲ့ တစ်ဝက်လောက်ကို သိမ်းပိုက်ပြီးပါပြီ။ ကောင်းကင်ဒေသက သူတို့ရဲ့ စစ်ကူတွေကို ထပ်ပို့လိုက်ပါတယ်။ ဒွန်ဟောင်တိယွမ်က တိုက်ပွဲကို ကိုယ်တိုင်ဦးစီးနေပါတယ်။ သူက ကျုပ်တို့ရဲ့ စစ်တပ် ရှေ့ဆက် မချီတက်နိုင်အောင် တားချင်နေတယ်”

ပုံရိပ်က တင်ပြလိုက်သည်။

“အရှင်ဒွန်ဟောင်ရဲ့ သမီးတော်...”

အဘိုးအိုသည် ခေါင်းမော့ကာ အဝေးသို့ငေး၍ ရေရွတ်လိုက်သည်။ ရုတ်တရက် သူ၏အကြည့်သည် စူးရှလာပြီး သူအမိန့်ပေးလိုက်သည်။

“မင်းအတွက် တာဝန်တစ်ခုရှိတယ်။ အရှင်ဒွန်ဟောင်ရဲ့ သမီးတော်ကို ဖမ်းပြီး နတ်ဆိုးအင်ပါယာနန်းတော်ကို ခေါ်လာခဲ့။ လိုအပ်ရင် ဘာမဆိုစတေးခဲ့...”

“ဟုတ်ကဲ့ပါ အရှင်အင်ပါယာ...”

ပုံရိပ်က ဦးညွှတ်၍ ပြောသည်။

“သွားလို့ရပြီ...”

နတ်ဆိုးအင်ပါယာ၏အသံသည် ပြန်၍အားနည်းသွား၏။

“အရှင်အင်ပါယာ...”

ပုံရိပ်သည် နတ်ဆိုးအင်ပါယာကို စိုးရိမ်ဟန်ဖြင့် ကြည့်သည်။

“ငါ ဘာမှမဖြစ်ဘူး...”

နတ်ဆိုးအင်ပါယာသည် လက်ယမ်း၍ ပြောသည်။

“နတ်ဆိုးချောက်ကမ်းပါးရဲ့ စွမ်းအားက ပိုပိုပြီးအားကောင်းလာပြီ။ ဗုဒ္ဓလောက,က ရှေ့ဖြစ်ဟောက မှန်တယ်။ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတော့မယ်”

All Chapters