ကောင်းကင်လမ်းစဉ်၏အပြစ်ပေးမှုပေလော...
Vol. 183 Ch. 2610
နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်တွင် ရီဖူရှင်းနှင့်ယူချင်းတို့သည် အချုပ်အနှောင်များ၏ ဖမ်းချုပ်မှုကို ခံထားရ၏။ အထက်ရှိ နတ်ဆိုးချောက်ကမ်းပါးမှနေ၍ အဖျက်လှိုင်းများသည် ကျောက်တိုင်များမှတဆင့် အောက်ရှိသူတို့အပေါ်သို့ အဆက်မပြတ် ကျဆင်းနေသည်။ ထိုလှိုင်းများကိုပင် ရင်ဆိုင်ရန် ခက်ခဲပေသည်။ ရီဖူရှင်းနှင့် ယူချင်းတို့ နှစ်ယောက်စလုံးသည် ထိုလှိုင်းများကို မျက်နှာတည်ဖြင့် တောင့်ခံနေကြသည်။
ယူချင်းကို နတ်ဆိုးချပ်ဝတ်က ကာရံပေးထားပြီး ရီဖူရှင်းကိုမူ နတ်အလင်းက ဝန်းရံပေးထားလေသည်။ ဗုဒ္ဓအလင်းသည် တောက်ပစွာလင်းလက်နေပြီး ရီဖူရှင်း၏ခန္ဓာကိုယ်အတွင်းသို့ ဝင်လာသည့် စွမ်းအားများကို အဆက်မပြတ် ပြန်လည်တွန်းထုတ်ပေးနေသည်။
ရီဖူရှင်းသည် သူ့ကိုယ်တွင်းသို့ ဝင်နေသည့် စွမ်းအားထဲတွင် ကွဲပြားသော အရောင်များစွာ ရောယှက်နေသည်ကို အာရုံခံနိုင်ပေသည်။ ထိုစွမ်းအားလှိုင်းထဲတွင် ကြက်သွေးရောင်အဖျက်စွမ်းအား၊ ခရမ်းရောင်ကပ်ဘေးအလင်းနှင့် အနက်ရောင်တိုက်စားစွမ်းအားတို့ ပါပေသည်။ လောကအတွင်းရှိ အဖျက်စွမ်းအား ပုံစံအားလုံးသည် သူ့ကိုယ်တွင်းသို့ တစ်ချိန်တည်းမှာပင် တိုးဝင်နေသကဲ့သို့ပင်။ ထိုစွမ်းအားသည် သူ၏အသွေးအသားကို တိုက်စားဖျက်ဆီးနိုင်ရုံသာမက သူ၏စိတ်ဝိညာဉ်ကိုလည်း အတော်လေးထိခိုက်စေနိုင်ပေသည်။
ဗုဒ္ဓအလင်းသည် အားကောင်းသော သန့်စင်စွမ်းအားပါဝင်ပေသည်။ တစ်ချိန်တည်းမှာပင် လောကသစ်ပင်၏ အရှိန်အဝါသည် သူ့ခန္ဓာကိုယ်အတွင်း၌ စတင်လှည့်ပတ်လာ၏။ သူ့ခန္ဓာကိုယ်အတွင်းပိုင်းသည် အသက်ဓာတ်ပြည့်ဝသည့် သစ်ပင်တစ်ပင်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။ ထိုအရှိန်အဝါသည် ယူချင်း၏ခန္ဓာကိုယ်ဆီသို့ပင် လျှံကျစီးဆင်းသွား၏။
“ငါ့ကို ကူညီပေးဖို့ မလိုဘူး...”
ယူချင်းက ပြောသည်။
“ငါ ဒါကို တောင့်ခံနိုင်တယ်”
“ကောင်းပြီ...”
ရီဖူရှင်းသည် ယူချင်းကို ဆက်၍မကူညီတော့ပေ။ သူသည် အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်ပြီး ကပ်ဘေးကို တောင့်ခံရန်သာ အာရုံစိုက်ထားလိုက်သည်။
ယူချင်းသည် နတ်ဆိုးဘုံထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး နတ်ဆိုးအင်ပါယာ၏ ကိုယ်တိုင်လမ်းညွှန်ပြုသမှုကို ခံခဲ့ရသည်။ သူ့ထံတွင် လျှိုထားသည့် ရှိန်လောက်ဖွယ်အစွမ်းများစွာ ရှိနိုင်ပေသည်။
နတ်ဆိုးအင်ပါယာသည် ယူချင်းကို နတ်ဆိုးဘုံ၏ ဆက်ခံသူအရာပေးရန် ရည်ရွယ်၍ လေ့ကျင့်ပေးခဲ့ခြင်းပင်။ နတ်ဆိုးအင်ပါယာသည် ယူချင်းကို နတ်ဆိုးဘုံ၏ စစ်တပ်ကို ဦးဆောင်စေလိုခဲ့သဖြင့် သူသည် ယူချင်းကို မချွင်းမချန်သင်ကြားလေ့ကျင့်ပေးခဲ့မည်ဖြစ်ကြောင်း သေချာပေသည်။ ထို့ကြောင့် ယူချင်း၏စွမ်းရည်ကို အထူးပြောနေရန်ပင် မလိုပေ။
“ဒီစွမ်းအားက နမူနာအမြည်းလေးပဲ ရှိသေးတယ်။ ည(၁၁)နာရီနဲ့ မနက်(၁)နာရီကြားမှာ ကျလာမယ့် ကပ်ဘေးကမှ ပြီးခဲ့တဲ့ တိုက်ခိုက်မှုတွေအားလုံးက အဖျက်စွမ်းအားတွေ အကုန်ပေါင်းပြီး ပါလာမှာ။ အဲဒါကမှ ငါတို့ကို အန္တရာယ်ဖြစ်စေမှာ။ သတိထား...”
ယူချင်း သတိပေးလိုက်သည်။ သူသည် ခေါင်းမော့၍ ကောင်းကင်ကိုကြည့်ကာ ပြောလိုက်၏။
“အဲဒါ မကြာခင် ကျဆင်းလာတော့မယ်”
“အင်း...”
ရီဖူရှင်းသည် ခေါင်းညိတ်ပြလိုက်ကာ ကပ်ဘေးကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။
ကောင်းကင်ထက်ရှိ နတ်ဆိုးချောက်ကမ်းပါးထဲတွင် ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ဖြစ်ပေါ်နေသည်။ ၎င်းသည် မျက်လုံးတစ်စုံကဲ့သို့ပင် ထင်ရပြီး ကြောက်မက်ဖွယ်အရှိန်အဝါရှိလေသည်။ ကြက်သွေးရောင်ကပ်ဘေးတိမ်တိုက်များ၊ ခရမ်းရောင်လျှပ်စီးတန်းများနှင့် အနက်ရောင်နတ်ဆိုးအလင်းတို့ ဖြစ်ပေါ်ပေါင်းစည်းသွားကာ ရီဖူရှင်းနှင့် ယူချင်းတို့၏အထက်တွင် အတုမဲ့အရှိန်အဝါတစ်ခုကို ဖန်တီးလိုက်သည်။
ရီဖူရှင်းသည် အရာအားလုံးကို တိတ်တဆိတ် အာရုံခံနေသည်။ ထိုစွမ်းအားသည် ကောင်းကင်လမ်းစဉ်၏ အခြေခံအကျဆုံး ကပ်ဘေးဖြစ်ပုံပေါ်၏။ ရီဖူရှင်းသည် ၎င်းထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါကို အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားနေရ၏။ ၎င်းသည် စွမ်းအားအမျိုးအစားတစ်ခုနှင့် ဆင်တူပေသည်။
သို့သော် ထိုဆင်တူသောအရာမှာ မည်သည်ဖြစ်သည်ကို သူသေချာမပြောနိုင်ဖြစ်နေ၏။
ထိုကပ်ဘေးသည် သူယခင်က ကြုံတွေ့ခဲ့ရသော ကောင်းကင်ကပ်ဘေးများထက် ပို၍ကြောက်မက်ဖွယ်ကောင်းပေသည်။ ထို့အပြင် ထိုကပ်ဘေးသည် သူမြင်ဖူးခဲ့သည့် အခြားသူများ ခံခဲ့ရသော ကောင်းကင်ကပ်ဘေးများထက်လည်း ပို၍အားကောင်းပေသည်။
ထိုကြုံတွေ့ခံစားခဲ့ရသော ကပ်ဘေးများသည် တမူထူးခြား၏။
“ကောင်းကင်လမ်းစဉ်ရဲ့ အပြစ်ပေးမှု...”
ရီဖူရှင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။ နတ်ဆိုးချောက်ကမ်းပါးသည် ရက်စက်ကြမ်းကြုတ်သောအပြစ်သားများအတွက် ကောင်းကင်လမ်စဉ်က ပြုလုပ်ထားသော အကျဉ်းထောင်တစ်ခု ဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးချောက်ကမ်းပါး၏ ကပ်ဘေးများသည် အပြစ်သားများအတွက် အပြစ်ပေးမှုများပင်ဖြစ်သည်။
ကောင်းကင်လမ်းစဉ်ဆိုသည်မှာ အဘယ်နည်း။
ကောင်းကင်လမ်းစဉ်သည် ရှေးခေတ်တွင် ကိုယ်ပိုင်အသိစိတ်ရှိခဲ့ခြင်းလော။
သို့ဆိုလျှင် ၎င်းသည် အဘယ်ကြောင့် ပျက်စီးခဲ့ရသနည်း။
ရီဖူရှင်းအတွက် ထိုအကြောင်းအားလုံးသည် လက်ရှိတွင် သူမသိနိုင်သေးသည့် ဆန်းကြယ်မှုများဖြစ်သည်။
သို့သော် သူသည် လောကကြီးမှ အမှန်တရားအချို့ကို ဖြည်းဖြည်းချင်း သိရှိလာရပေပြီ။
ဥပမာအားဖြင့် သူသည် မွေးစားဖခင်၏ဇစ်မြစ်၊ ယူချင်း၏နောက်ခံနှင့် အင်ပါယာရီချင်၏သေဆုံးမှုအကြောင်းတို့ကို သိရှိခဲ့ရပြီဖြစ်သည်။ သူသည် အတိတ်က ဖြစ်ပျက်ခဲ့သော ကိစ္စများကို သိရှိလာပေပြီ။ သူ၏ကျင့်ကြံခြင်းသာ အဆင့်တစ်ခုအထိ ရောက်သွားလျှင် သူသည် သူအလိုရှိသည့် အဖြေများကို ရရှိနိုင်မည်ဖြစ်သည်။ သူသာ အင်ပါယာတစ်ပါးဖြစ်လာခဲ့လျှင် လောကအတွင်းရှိ လျှို့ဝှက်ချက်အားလုံးကို သိနိုင်ပေလိမ့်မည်။
ကြောက်မက်ဖွယ် အဖျက်အလင်းသည် နတ်ဆိုးချောက်ကမ်းပါး၏ မျက်လုံးများမှနေ၍ ကျဆင်းလာ၏။ ၎င်းသည် ကြက်သွေးရောင်ကပ်ဘေးဓားများအဖြစ် ပြောင်းလဲသွား၏။ ထို့နောက်တွင် ၎င်းတို့သည် ရီဖူရှင်းနှင့် ယူချင်းတို့ထံသို့ ကျဆင်းလာလေသည်။
ဝုန်း...
ယူချင်းနှင့် ရီဖူရှင်းတို့၏ ခန္ဓာကိုယ်များသည် ပြိုင်ဘက်ကင်းဖြစ်သည်။ သူတို့၏ နတ်ခန္ဓာနှင့် နတ်ဆိုးခန္ဓာတို့သည် မြည်ဟည်းတုန်ခါသွား၏။ ကြောက်မက်ဖွယ် ကြက်သွေးရောင်ကပ်ဘေးဓားများသည် တည့်တည့်မတ်မတ် ကျဆင်းလာပြီး သူတို့ကို ထွင်းဖောက်သွား၏။ ကမ္ဘာပေါ်ရှိ မည်သည့်စွမ်းအားကမှ ၎င်းတို့၏အရှိန်အဝါကို မခုခံနိုင်သကဲ့သို့ပင် ထင်ရ၏။
ရွှီး...
အဖျက်စွမ်းအားသည် ၎င်းတို့၏ခန္ဓာကိုယ်အတွင်း၌ ဗြောင်းဆန်နေသည်။ ရီဖူရှင်းသည် သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသော ကပ်ဘေးဓားတစ်ချောင်းကို ခံစားလိုက်ရသည်။ ၎င်းသည် သူ့ကိုယ်တွင်းရှိ စွမ်းအား,အားလုံးကို ဖျက်ဆီးပစ်နေသည်။ သူ၏ခန္ဓာကိုယ်သည် နတ်သစ်ပင်ဖြစ်နေပြီး သူ၏နံရိုးများသည် သစ်ကိုင်းများဖြစ်သည်ဟု ယူဆပါက ကပ်ဘေးဓားများသည် ရှေးဟောင်းသစ်ပင်နှင့် အကိုင်းအခက်များကို အပြင်းအထန်ဖျက်ဆီးနေပြီး အစိတ်စိတ်အမွှာမွှာဖြစ်အောင်လုပ်နေသည်ဟု ဆိုနိုင်ပေသည်။
ရီဖူရှင်းသည် သူ၏အရိုးများနှင့် ကြွက်သွားများ ဆုတ်ပြဲလာသည် ခံစားလိုက်ရသည်။ သူ၏နံရိုးများသည် အဖျက်စွမ်းအား၏ တိုက်ခိုက်မှုကို ခံနေရပြီး သူ၏ကိုယ်တွင်းအင်္ဂါများသည်လည်း ဖျက်ဆီးခံနေရ၏။
ကြောက်မက်ဖွယ် စွမ်းအားသည် ရီဖူရှင်းကို ချက်ချင်းလဲပြိုကျသွားစေကာ အားနည်းသွားစေလေသည်။ သူ၏ခန္ဓာကိုယ်သည် အင်အားများ ကုန်ခမ်းနေသော်လည်း သူသည် ချိန်းကြိုးများနှင့် ချည်နှောင်ခံထားရဆဲဖြစ်သည်။ ထို့ကြောင့် သူသည် မြေပေါ်သို့ပင် လဲကျမသွားနိုင်ပေ။
“ဟူး...”
ရီဖူရှင်းသည် သက်ပြင်းရှည်ရှည်တစ်ချက် မှုတ်ထုတ်လိုက်သည်။ သူသည် လွန်စွာနာကျင်ခံစားနေရ၏။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ အစောမှ အဖျက်စွမ်းအားသည် တိုက်ခိုက်ပြီးသွားသည့်နောက်တွင် သူ့၏အသွေးအသားများကို ဆက်၍တိုက်စားနေခြင်းဖြစ်သည်။ ၎င်းသည် သူ့တစ်ကိုယ်လုံးကို အပိုင်းအစတစ်ခုပင် မချန်ခဲ့ဘဲ တိုက်စားပစ်လိုနေသကဲ့သို့ပင်။
ကောင်းကင်လမ်းစဉ်၏ အပြစ်ပေးမှု...
ရီဖူရှင်း၏စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာ၏။ ထိုစွမ်းအားသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလွန်းပေသည်။ သူ့ကဲ့သို့ သန်မာသူကိုပင် ဤအခြေအနေဖြစ်အောင် လုပ်နိုင်ပေရာ အခြားသူများကိုသာဆိုလျှင် ဆိုဖွယ်ရာမရှိပေ။
အကယ်၍ နတ်ဆိုးအင်ပါယာသာ နတ်ဆိုးချောက်ကမ်းပါးကို မဖိနှိပ်ထားလျှင် နတ်ဆိုးဘုံသည် မည်သို့ဖြစ်သွားမည်နည်း။
သို့ဆိုလျှင် နတ်ဆိုးဘုံတွင်း၌ နေထိုင်သူများသည် မည်ကဲ့သို့သောနာကျင်မှုမျိုးကို ခံစားရမည်နည်း။
နတ်ဆိုးဘုံ၏ နတ်ဆိုးချောက်ကမ်းပါးသည် အမှန်ပင် ယခုအထိ ကျန်ရှိနေသည့် ကောင်းကင်လမ်းစဉ်၏ အကျဉ်းထောင်တစ်ခုသာ ဟုတ်ပါလေသလော။
ကပ်ဘေး ပျောက်ကွယ်သွား၏။ ရီဖူရှင်း၏ခန္ဓာကိုယ်ထဲတွင် အသက်စွမ်းအား ပြန်လည်စီးဆင်းလာပြီး သူ၏ဒဏ်ရာရနေသော အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်လိုက်သည်။ သူ စွမ်းအင်အနည်းငယ် ပြန်ရလာသောအခါ ခေါင်းမော့၍ ယူချင်းဘက်သို့ ကြည့်သည်။ ယူချင်း၏အခြေအနေသည်လည်း သူ့ထက်မသာပေ။ ယူချင်းသည်လည်း အပြင်းအထန် နာကျင်ခံစားနေရ၏။ သူ၏ခန္ဓာကိုယ်သည် ချိန်းကြိုးများနေ၍ အရုပ်ကြိုးပြတ်ပုံကျနေသည်။ အကယ်၍ ချိန်းကြိုးများသာ သူ့ကို မချုပ်ထားပါက သူသည် မြေပေါ်တွင် ဝမ်းလျားမှောက်နေမည်ဖြစ်သည်။
“မင်း အဆင်ပြေရဲ့လား...”
ရီဖူရှင်းမေးလိုက်သည်။ သူ၏အသံသည် မောဟိုက်နေသကဲ့သို့ ခပ်ဩဩဖြစ်နေသည်။
“ငါအဆင်ပြေတယ်”
ယူချင်းသည် ခေါင်းငုံ့လျက်သားမှ ပြန်ပြောသည်။
“ကောင်းပြီ...”
ရီဖူရှင်း ဆက်၍ စကားပြောမနေတော့ပေ။ သူသည် မျက်စိမှိတ်လိုက်ပြီး သူ၏ဒဏ်ရာများကို တိတ်တဆိတ် စတင်ကုသလိုက်သည်။ သူ၏ ပြန်လည်ကုသစွမ်းရည်သည် အမြဲ လွန်စွာစွမ်းအားကြီးခဲ့သည်။ နောက်တစ်နေ့ ည(၁၁)နာရီမတိုင်ခင်တွင် သူ၏ခန္ဓာကိုယ်သည် အကောင်းဆုံးအခြေအနေသို့ ပြန်ရောက်သွားနိုင်ရန် သူမျှော်လင့်နေသည်။
နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်တွင် အလွန်တိတ်ဆိတ်နေ၏။ ကောင်းကင်ထက်ရှိ နတ်ဆိုးချောက်ကမ်းပါးသာ အဖျက်စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်နေပေသည်။
အချိန်အတော်ကြာပြီးနောက် ရီဖူရှင်းသည် အဖျက်စွမ်းအား၏ တိုက်စားမှုကို တဖြည်းဖြည်း ခံနိုင်ရည်ရှိလာ၏။ သူသည် အတော်လေး အင်အားပြန်ပြည့်လာပြီဖြစ်သည်။ သူသည် ထပ်မံခေါင်းမော့ကာ ယူချင်းကိုကြည့်သည်။ ရီဖူရှင်း၏ပုံစံသည် အနည်းငယ်သနားစဖွယ်ဖြစ်နေပြီး သူ၏ဆံပင်များသည်လည်း ရှုပ်ပွနေပေသည်။ သို့သော် သူသည် ပြုံး၍ပြောသည်။
“ဒီကပ်ဘေးက ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို မွမ်းမံတဲ့နေရာမှာ မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးတွေထက် ပိုပြီးအသုံးဝင်တယ်...”
“မင်းက အဲဒီလိုမျိုးတွေတောင် စဉ်းစားနိုင်တယ်ဆိုတော့ တော်တော်လေးရဲတင်းတာပဲ...”
ယူချင်းသည် ခေါင်းငိုက်စိုက်ဖြင့်ပင် ပြန်ပြောသည်။ သူ၏ဆံပင်များသည် သူ၏မျက်နှာကို ဖုံးအုပ်ထားသည်။
“ငါက ဘာလို့ အဲဒီလို မစဉ်းစားရဲရမှာလဲ”
ရီဖူရှင်းမေးလိုက်သည်။
“ငါတို့ကို မသတ်နိုင်တဲ့ဟာက ငါတို့ကို ပိုပြီးသန်မာလာစေတယ်လေ။ နတ်ဆိုးချောက်ကမ်းပါးလည်း အတူတူပဲပေါ့...”
“အင်း...”
ယူချင်းသည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ ချိန်းကြိုးသံများ ထွက်ပေါ်လာ၏။ သူတို့ မသတ်နိုင်သောအရာသည် သူတို့ကို ပို၍သန်မာလာစေပေသည်။
သူ၏နတ်ဆိုးပုံစံသည် ထိုကပ်ဘေး(၄၉)ခု၏ မွမ်းမံသန့်စင်ခြင်းကို ထပ်မံခံရမည်ဖြစ်သည်။
အဝေးတစ်နေရာတွင် ပုံရိပ်တစ်ခုသည် နတ်ဆိုးနတ်ဘုရားနန်းတော်အထက်ရှိ အာကာပြင်တွင် ရပ်နေလေသည်။ သူ၏မျက်လုံးများသည် အာကာပြင်ကို ထွင်းဖောက်၍ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ဘက်ကို ကြည့်နေပေသည်။ ရင်ပြင်ပေါ်တွင် ဖြစ်ပျက်နေသောအရာအားလုံးသည် သူ၏စောင့်ကြည့်မှုအောက်တွင် ရှိနေပုံပင်။
“ဒါက အစပဲရှိသေးတယ်”
ပုံရိပ်သည် လေသံတိုးတိုးဖြင့် ပြောသည်။
ကပ်ဘေးသည် (၄၉)ခု ရှိမည်ဖြစ်သည်။ ဤကပ်ဘေးသည် အစပိုင်းသာ ရှိပေသေးသည်။ သူသည် ရီဖူရှင်းတို့ ကပ်ဘေးမည်မျှကို ခံနိုင်မည်ကို သိချင်နေပြီး သူတို့နှစ်ယောက်စလုံး အသက်ရှင်လျက်ဖြတ်ကျော်နိုင်၊ မဖြတ်ကျော်နိုင်ကိုလည်း သိလိုနေပေသည်။
အကယ်၍ သူတို့သာ ကပ်ဘေး(၄၉)စလုံးကို တောင့်ခံနိုင်ခဲ့ပါက သူတို့သည် အမှန်ပင် ပို၍စွမ်းအားကြီးလာမည်ဖြစ်သည်။
သူတို့ တောင့်ခံနိုင်ပါမည်လော။
နေ့ရက်များ နှေးကွေးစွာ ကုန်ဆုံးသွား၏။ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်တွင် ရီဖူရှင်းနှင့် ယူချင်းတို့သည် နေ့စဉ်နေ့တိုင်း သေရေး၊ ရှင်ရေး အန္တရာယ်ကို ရင်ဆိုင်နေရပေသည်။