လေးစားဖွယ်ပြိုင်ဘက်
Vol. 183 Ch. 2611
ရီဖူရှင်းနှင့် ယူချင်းတို့ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်တွင် ရှိနေခဲ့သည်မှာ တစ်လပြည့်ခဲ့ပြီဖြစ်သည်။
နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်တွင် သူတို့သည် ပင်ပန်းနွမ်းနယ်နေဟန် ရှိနေပြီး သူတို့၏အဝတ်များသည်လည်း စုတ်ပြဲနေလေသည်။ ရီဖူရှင်းသည်လည်း ယူချင်းကဲ့သို့ ဖြစ်လာပြီဖြစ်သည်။ သူ၏ဆံပင်များသည် ရှုပ်ပွနေပြီး သူ၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်ကာ သူ၏ခန္ဓာကိုယ်သည် ဒဏ်ရာများနှင့် ပြည့်နှက်နေလေသည်။
ရီဖူရှင်းသည် လျင်မြန်သော ပြန်ကောင်းနှုန်းရှိသော်လည်း နတ်ဆိုးချောက်ကမ်းပါး၏စွမ်းအားသည် သူ့ကိုယ်တွင်းသို့ အဆက်မပြတ် ဖောက်ဝင်နေပြီး သူ့ကို အပြည့်အဝပြန်ကောင်းလာနိုင်ရန် အခွင့်အရေးမပေးခဲ့ပေ။ နေ့ရက်များကုန်ဆုံးသွားသည်နှင့်အမျှ သူ၏အသွေးအသားများနှင့် သူ၏စိတ်ဝိညာဉ်သည် ပို၍ ပို၍ ပင်ပန်းနွမ်းနယ်လာလေသည်။ သူတို့ ဆက်၍တောင့်ခံနိုင်နေခြင်းမှာ သူနှင့် ယူချင်းတို့နှစ်ဦးစလုံးသည် စွမ်းအားကြီး စွမ်းရည်များကို ပိုင်ဆိုင်ထားသော ထိပ်သီးများဖြစ်နေခြင်းကြောင့်ဖြစ်သည်။ အကယ်၍ ဤနေရာတွင် အခြားသူများသာဖြစ်ပါက သူတို့သည် ဤရင်ပြင်ပေါ်တွင် ယခင်ကတည်းက သေဆုံးသွားခဲ့လောက်ပေပြီ။
မည်သူမှ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်မှနေ၍ အသက်ရှင်လျက် ပြန်မထွက်နိုင်သေးပေ။
သူတို့နှစ်ဦး ရင်ပြင်ပေါ်တွင် နှိပ်စက်ခံနေရစဉ်တွင် နတ်ဆိုးအင်ပါယာနန်းတော်ထဲတွင် တုန်လှုပ်ဖွယ်အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူအားလုံးကို လွန်စွာစိတ်လှုပ်ရှားသွားစေလေသည်။
နတ်ဆိုးဘုံမှ တပ်ဖွဲ့များသည် ကောင်းကင်ဒေသမှ တပ်ဖွဲ့များနှင့် တိုက်ခိုက်နေစဉ်တွင် နတ်ဆိုးသူတော်စင်သည် ကောင်းကင်ဒေသ၏ မင်းသမီးဖြစ်သော အရှင်ဒွန်ဟောင်၏ တစ်ဦးတည်းသောသမီးတော် ဒွန်ဟောင်တိယွမ်ကို ဖမ်းဆီးခဲ့သည်။
ထို့အပြင် သူသည် သူမကို နတ်ဆိုးဘုံသို့ ခေါ်လာခဲ့၏။
နတ်ဆိုးအင်ပါယာနန်းတော်မှ လူအားလုံးသည် ထိုကိစ္စကြောင့် စိတ်လှုပ်ရှားနေကြသည်။
ထိုစဉ်တွင် နတ်ဆိုးနတ်ဘုရားနန်းတော်အရှေ့တွင် ဒွန်ဟောင်တိယွမ်၏ပုံရိပ်ပေါ်လာလေသည်။ သူမနောက်တွင် အခြားကျင့်ကြံသူများစွာ ရပ်နေကြသည်။ သူတို့အားလုံးသည် နတ်ဆိုးသခင်များဖြစ်ကြသည်။ သူတို့ထဲတွင် နတ်ဆိုးသူတော်စင်၊ ကိုယ်ရံတော်တစ်ပါးနှင့် ထိပ်တန်းနတ်ဆိုးစစ်သူကြီးတစ်ဦးတို့လည်း ပါပေသည်။
ထို့ကြောင့် ဒွန်ဟောင်တိယွမ်ကို မည်မျှ အလေးထားကြောင်း သိနိုင်၏။ ဤတစ်ကြိမ်တွင် သူမကို ဖမ်းခဲ့ခြင်းသည် လွယ်ကူသောကိစ္စမဟုတ်ပေ။
နတ်ဆိုးနတ်ဘုရားနန်းတော်၏ ဂိတ်တံခါးများပွင့်လာပြီး အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာ၏။
“ဝင်ခဲ့...”
ဒွန်ဟောင်တိယွမ်သည် အတွင်းသို့ တစ်ချက်ကြည့်သည်။ သူမ၏မျက်လုံးများထဲမှ အကြည့်သည် အတော်လေးတည်ငြိမ်နေပုံပေါ်ပြီး အဖမ်းခံထားရသဖြင့် တုန်လှုပ်နေသည့် အရိပ်အယောင်များ တစ်ခုမှ မရှိပေ။ ဒွန်ဟောင်တိယွမ်သည် ရှေ့သို့ လျှောက်သွားလိုက်သည်။ သူမ၏ အနီရောင်ဝတ်စုံသည် လေထဲတွင် အလွန်ကြော့ရှင်းစွာ ဝဲလွင့်နေလေသည်။
နတ်ဆိုးကျင့်ကြံသူများသည် သူမနောက်မှ မလိုက်သွားကြပေ။ ထိုအစား သူတို့သည် အပြင်တွင်သာ စောင့်နေလေသည်။
ဒွန်ဟောင်တိယွမ်သည် နတ်ဆိုးနတ်ဘုရားနန်းတော်အတွင်းသို့ ဝင်သွား၏။ သူမ၏အကြည့်များသည် နတ်ဘုရားပလ္လင်ပေါ်ရှိ အကြီးအကဲပေါ်သို့ ကျရောက်သွား၏။ သူမသည် ဦးညွှတ်၍ ပြောသည်။
“နှုတ်ခွန်းဆက်ပါတယ် နတ်ဆိုးအင်ပါယာ... ကျွန်မက ဒွန်ဟောင်တိယွမ်ပါ...”
“ဒွန်ဟောင်ရဲ့ သမီးတော်ဆိုတဲ့အတိုင်းပါပဲ... မင်းက ငါ့ကိုတွေ့တာတောင် ကြောက်ရွံ့ပုံမပြဘူး...”
နတ်ဆိုးအင်ပါယာသည် ဒွန်ဟောင်တိယွမ်ကိုကြည့်လျှက် မှတ်ချက်ပြုလိုက်သည်။ သို့သော် သူသည် မည်သည့်ဖိအားကိုမှ မထုတ်လွှတ်ခဲ့ပေ။ သူသည် ဂုဏ်သရေရှိ နတ်ဆိုးအင်ပါယာဖြစ်သဖြင့် ဒွန်ဟောင်၏ သမီးတော်ကို အနိုင်ကျင့်ရန် မလိုပေ။
“မင်းက ငါ့ကို မကြောက်ဘူးလား...”
သူက မေးလိုက်သည်။
ဒွန်ဟောင်တိယွမ် ပြန်ဖြေလိုက်၏။
“ကျွန်မ ခမည်းတော်ဆီကနေ အရှင်အင်ပါယာအကြောင်းကို အများကြီး ကြားခဲ့ဖူးပါတယ်။ အရှင်အင်ပါယာက ပြိုင်ဘက်ကင်းတစ်ဦးပါ။ အင်ပါယာတွေအားလုံးထဲမှာ သူက အရှင်အင်ပါယာကို အလေးစားဆုံးပဲလို့ ခမည်းတော်က တစ်ခါပြောဖူးပါတယ်။ အဲဒါကြောင့် ကျွန်မက အရှင်အင်ပါယာကို မကြောက်ဘဲနဲ့ အမြဲလေးစားနေခဲ့တာပါ...”
အဘိုးအိုသည် ခပ်သဲ့သဲ့ ရယ်လိုက်သည်။
“ဒွန်ဟောင်ရဲ့ သမီးက ငါ့ကို မြှောက်ပင့်ပြောလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး။ ဒါပေမဲ့ မင်းရဲ့ စကားလုံးချိုချိုလေးတွေကြောင့် ငါက မင်းကို ပြန်လွှတ်ပေးလိမ့်မယ်လို့ မင်းထင်သလား...”
ဒွန်ဟောင်တိယွမ် ပြန်ပြောလိုက်၏။
“ကျွန်မက အသက်ငယ်တယ်ဆိုပေမယ့် ကောင်းကင်ဒေသရဲ့ မင်းသမီးတစ်ပါးပဲ။ ကျွန်မ လိမ်ပြောမှာ မဟုတ်ပါဘူး။ အရင်တုန်းက ခမည်းတော်က အရှင်အင်ပါယာရဲ့ အကြောင်းကို ကျွန်မကို တကယ်ပြောပြခဲ့တာပါ။ လူသားဘိုးဘေးက ရှေးခေတ်ကတည်းက အကြင်နာတရားကြီးတဲ့ မဟာအင်ပါယာတစ်ပါးဖြစ်ခဲ့တာပဲ။ ဗုဒ္ဓကလည်း သက်ရှိအားလုံးအပေါ် ကရုဏာထားပြီး သနားညှာတာမှုရှိတဲ့ မဟာအင်ပါယာတစ်ပါးပဲ။ မိစ္ဆာအင်ပါယာကတော့ ပင်ကိုစိတ်ရင်းမကောင်းလို့ ခမည်းတော်က သူ့ကို သဘောမကျဘူး။ ပြီးတော့ ခမည်းတော်က မှော်နက်လောက,က ခေါင်းဆောင်ကိုလည်း အထင်သေးတယ်။ အရှင်အင်ပါယာကတော့ ကိုယ်သဘောကျတဲ့အရာတွေနဲ့ သဘောမကျတဲ့အရာတွေကြားမှု ပြတ်သားတဲ့စည်းတစ်ခု ခြားထားနိုင်ပါတယ်... အဲဒါကြောင့် ခမည်းတော်က အရှင်အင်ပါယာကို အလေးစားဆုံးပါပဲ...”
“ငါက ငါသဘောကျတာနဲ့ သဘောမကျတာတွေကြားမှာ ပြတ်သားတဲ့စည်းတစ်ခု ခြားထားပြီးတော့ ငါ့စိတ်ထဲရှိတဲ့အတိုင်းပဲ ပြုမူတယ်ဟုတ်လား...”
နတ်ဆိုးအင်ပါယာသည် သူမ၏စကားကို ပြန်ပြောလိုက်ပြီး ရယ်မောလိုက်သည်။
“ငါ့အပေါ်ထားတဲ့ ဒွန်ဟောင်ရဲ့အမြင်က စိတ်ဝင်စားစရာပဲ။ နတ်ဆိုးဘုံက တပ်ဖွဲ့တွေက ကောင်းကင်ဒေသကို ကျူးကျော်နေပြီဆိုတော့ လောကအားလုံးမှာ နတ်ဆိုးတွေ ပျံ့နှံ့သွားပြီး နတ်ဆိုးချောက်ကမ်းပါးရဲ့ ကပ်ဘေးတွေကလည်း နယ်မြေအားလုံးကို ရိုက်ခတ်သွားမှာပဲ။ အဲဒီကျရင် ဒွန်ဟောင်က ငါ့ကို ဆက်ပြီးလေးစားနိုင်ပါဦးမလားလို့ ငါတွေးမိတယ်...”
ဒွန်ဟောင်တိယွမ် ပြန်ဖြေလိုက်သည်။
“အရှင်အင်ပါယာက နတ်ဆိုးဘုံမှာ နေထိုင်တဲ့သူတွေကို ကာကွယ်ချင်တယ်ဆိုတာ အရှင်အင်ပါယာရော ခမည်းတော်ရော ယုံကြည်တယ်လို့ ခမည်းတော်က ပြောဖူးပါတယ်။ ဒီကိစ္စမှာ မှန်တယ်၊ မှားတယ်ဆိုတာ မရှိပါဘူး... အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုပဲ ရှိတယ်”
အဘိုးအိုသည် ဒွန်ဟောင်တိယွမ်၏ စိတ်ထဲတွင် ရှိနေသည့်အရာများကို ဖောက်မြင်လိုသည့်အလား သူမကို မျက်တောင်မခတ်တန်းကြည့်နေသည်။ ထို့နောက် သူပြုံး၍ ဆက်ပြောလိုက်၏။
“ငါ့လူတွေ မင်းကို ဖမ်းလိုက်တုန်းက ဘာလို့ ဒွန်ဟောင် ရောက်မလာရတာလဲ”
သူတို့၏သဘောတူချက်များအရ မဟာအင်ပါယာများသည် စစ်တပ်နှစ်တပ်၏ စစ်ပွဲကြားတွင် ဝင်ပါခွင့်မရှိပေ။ သို့သော် နတ်ဆိုးသူတော်စင်ဖမ်းခဲ့သူမှာ ဒွန်ဟောင်တိယွမ်ဖြစ်သည်။ သူမသည် အရှင်ဒွန်ဟောင်၏ တစ်ဦးတည်းသောသမီးတော် မဟုတ်ပါလား။
အကယ်၍ အရှင်ဒွန်ဟောင်သာ ဝင်ပါခဲ့လျှင် နတ်ဆိုးသူတော်စင်အနေဖြင့် ဒွန်ဟောင်တိယွမ်ကို နတ်ဆိုးနတ်ဘုရားနန်းတော်သို့ ဖမ်းခေါ်လာရန် မဖြစ်နိုင်ပေ။
ဒွန်ဟောင်တိယွမ်ပြောသည်။
“အရှင်အင်ပါယာကို ကျွန်မလေးစားပါတယ်။ ကျွန်မအနေနဲ့ ဒီကိုလာပြီး အရှင်အင်ပါယာဆီ လာလည်တာက ဘာများမှားလို့လဲ။ ပြီးတော့ အရှင်အင်ပါယာက ကျွန်မကို ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူးဆိုတာ ခမည်းတော်လည်းသိတယ်”
နတ်ဆိုးအင်ပါယာက သရော်လိုက်၏။
“မင်းက အတော်လေး ယုံကြည်မှုရှိနေတာပဲ။ မင်းမတိုင်ခင်က တခြားတစ်ယောက်ကလည်း ငါ့အကြောင်းကို မင်းလိုပဲ တွေးခဲ့ဖူးတယ်။ အခုတော့ သူက နတ်ဆိုးချောက်ကမ်းပါးအောက်က နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်မှာ ရှိနေတယ်...”
“သူက ဘယ်သူပါလဲ”
ဒွန်ဟောင်တိယွမ်မေးလိုက်သည်။
“ငါမင်းကို ပြမယ်...”
အကြီးအကဲသည် ထရပ်၍ ပြောသည်။ သူ၏အတွေးတစ်ချက်ဖြင့် သူတို့နှစ်ဦးစလုံးသည် နတ်ဆိုးနတ်ဘုရားနန်းတော်အတွင်းမှ ရုတ်ခြည်းပျောက်ကွယ်သွားပြီး နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်အထက်တွင် ပြန်ပေါ်လာ၏။ အထက်ရှိ နတ်ဆိုးချောက်ကမ်းပါးမှ အဖျက်စွမ်းအားများသည် အဆက်မပြတ် ကျဆင်းနေပေသည်။ ယူချင်းနှင့် ရီဖူရှင်းတို့သည် နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်တွင် ချိန်းကြိုးများနှင့် ချုပ်နှောင်ခံထားရ၏။ သူတို့သည် ပင်ပန်းနွမ်းနယ်နေကြသော်လည်း ပြန်ကောင်းလာရန် အပြင်းအထန် ကြိုးစားနေဆဲပင်။
“မင်း အဲဒီနှစ်ယောက်ကို သိလား...”
နတ်ဆိုးအင်ပါယာကသည် ဒွန်ဟောင်တိယွမ်ကို မေးလိုက်သည်။
“သိပါတယ်...”
သူမပြန်ဖြေလိုက်သည်။
“သူတို့က မင်းနဲ့ ပတ်သတ်မှုတွေရှိလား...”
နတ်ဆိုးအင်ပါယာက ဆက်၍ မေးလိုက်၏။
“အဲဒါတွေအကုန်လုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ခမည်းတော်က အဲဒီကိစ္စတွေကို သူ့အနောက်မှာ ချန်ခဲ့ပါပြီ”
ဒွန်ဟောင်တိယွမ်ပြောသည်။
“ဒွန်ဟောင်က အပြစ်ရှိသလို မခံစားရဘူးလား...”
နတ်ဆိုးအင်ပါယာက သူမကို ကြည့်လျှက် မေးလိုက်၏။ သူသည် အနည်းငယ် စိတ်ဝင်စားနေပုံပေါ်၏။
“သမိုင်းဆိုတာ အနိုင်ရတဲ့သူက ရေးရတာပဲလေ။ ကျွန်မတို့ အရင်တစ်ခေါက် မူလဘုံမှာ ရှိခဲ့တုန်းက ခမည်းတော်က အတိတ်ကကိစ္စတွေကို ထောက်ထားပြီးတော့ သူ့ကို ထိခိုက်အောင်မလုပ်ဘူးလို့ ကတိပေးခဲ့တယ်”
ဒွန်ဟောင်တိယွမ်က ပြန်ဖြေလိုက်သည်။ သူမ၏မျက်နှာထားသည် ပုံမှန်အတိုင်း တည်ငြိမ်နေသေးပြီး မည်သည့်ခံစားချက်မှ မပြပေ။
“အဲဒါဆို သူက အင်ပါယာရီချင်ရဲ့ မိဘမဲ့သားဆိုတဲ့ အဓိပ္ပာယ်ပေါ့...”
နတ်ဆိုးအင်ပါယာက ဒွန်ဟောင်တိယွမ်နှင့် မျက်လုံးချင်းစုံအောင်ကြည့်လျှက် မေးလိုက်သည်။
“အရှင်အင်ပါယာက အဖြေကို သိနေပြီးသားပဲ... ဘာလို့များ ကျွန်မကို မေးနေရသေးတာလဲ”
ဒွန်ဟောင်တိယွမ်ပြန်ဖြေလိုက်သည်။
နတ်ဆိုးအင်ပါက ပြုံးလိုက်၏။ သူသည် မျက်နှာလှည့်၍ ရီဖူရှင်းကို ငေးကြည့်သည်။
သူ့တွင် သံသယများ ရှိနေသေးပေသည်။
အရှင်ဒွန်ဟောင် မဟာအင်ပါယာရီချင်ကို သတ်ခဲ့စဉ်က သူသည် ကျူပင်ခုတ်၊ ကျူငုတ်မကျန်စေရန် စေ့စေ့စပ်စပ်လုပ်ခဲ့သည်။ မရေမတွက်နိုင်သောလူများစွာနှင့် နတ်ဆိုးသားရဲများသည် အသက်ဆုံးရှုံးခဲ့ရသည်။ ထိုဖြစ်ရပ်များသည် လောကအသီးသီးမှ လူများ၏ မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲဖြစ်သည်။ အင်ပါယာရီချင်သည် အဘယ်သို့ မိဘမဲ့တစ်ဦးကို ချန်ထားခဲ့နိုင်မည်နည်း။ သူ၏ညီနောင်သည် ကလေးကို ခေါ်၍ ထွက်ပြေးခဲ့ခြင်းပေလော။
သို့ဆိုလျှင် သူ၏ညီနောင်သည် ယခုတွင် မည်သည့်နေရာတွင် ရှိနေသနည်း။
“သူတို့ ကပ်ဆိုးသံသရာကို ခံရအောင် ငါ သူတို့ကို နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်မှာ ချုပ်ထားတာပဲ။ အခု သူတို့ ဆက်တောင့်မခံနိုင်လောက်တော့ဘူးထင်တယ်။ ဒွန်ဟောင်က သူတို့အပေါ် သနားညှာတာလို့ သူတို့ကို မသတ်နိုင်ခဲ့ဘူး... အဲ့တော့ နောက်ကျရင် ဒွန်ဟောင်အတွက် ပြဿနာတွေမဖြစ်လာရအောင် ငါ ဘာလို့ ဒီကိစ္စကို မရှင်းပေးရမှာလဲ”
“ကျွန်မက အရှင်အင်ပါယာရဲ့ ကိစ္စတွေကြားထဲ ဝင်ပါဖို့ အရည်အချင်းမရှိပါဘူး...”
ဒွန်ဟောင်တိယွမ်က ပြန်ဖြေလိုက်သည်။
“ဒီအကြောင်းကို ပြောလက်စနဲ့ ပြောရဦးမယ်... တကယ်တော့ ငါ သူ့ကို မသတ်ချင်ပါဘူး။ တကယ်လို့ သူတို့နှစ်ယောက်သာ အနာဂတ်မှာ အင်ပါယာတွေဖြစ်လာခဲ့ရင် သူတို့က ဒွန်ဟောင်အင်ပါယာနန်းတော်ကို သေချာပေါက်သွားပြီး ရန်ငြိုးတွေကို ရှင်းဖို့ မင်းရဲ့ခမည်းတော်ကို သွားရှာမှာပဲ။ အဲဒီကျရင် ဘာတွေဖြစ်လာမလဲလို့ ငါတွေးမိတယ်”
“အရှင်အင်ပါယာ... ခမည်းတော်က ဒီလူငယ်လေးနှစ်ယောက်ကို ကြောက်လိမ့်မယ်လို့ အရှင်အင်ပါယာ ထင်ပါသလား...”
ဒွန်ဟောင်တိယွမ်သည် နတ်ဆိုးအင်ပါယာကိုကြည့်လျှက် ခွန်းတုံ့ပြန်လိုက်သည်။
နတ်ဆိုးအင်ပါယာသည် သူမ၏စကားကို ကြားလိုက်သောအခါ နှုတ်ခမ်းစွန်းနှစ်ဖက် တွန့်တက်သွားသည်အထိ ပြုံးလိုက်သည်။ သူဝန်ခံလိုက်၏။
“ငါတောင် ဒွန်ဟောင်ကို သူ့ရဲ့စွမ်းရည်တွေကြောင့် လေးစားရတယ်။ သူက နှစ်(၄၀၀)ကျော် ထပ်ကျင့်ကြံပြီးတဲ့နောက်မှာ တိုးတက်လာလားဆိုတာ ငါသိချင်မိတယ်”
သူသည် ထိုသို့ပြောလိုက်ပြီးနောက် ဒွန်ဟောင်တိယွမ်ဘက်သို့လှည့်၍ စိန်ခေါ်လိုက်သည်။
“တကယ်လို့ ငါသာ မင်းကို တိုက်ခိုက်ရင် ဒွန်ဟောင်က နတ်ဆိုးအင်ပါယာနန်းတော်ကို ကိုယ်တိုင်လာပြီးတော့ ငါ့ကို တွေ့လောက်တယ်မလား...”
နတ်ဆိုးအင်ပါယာသည် ထိုကိစ္စကို သေချာနေပေသည်။
ဒွန်ဟောင်သည် အတော်လေး ယုံကြည်မှု ရှိ၏။ သူ၏တစ်ဦးတည်းသောသမီး အဖမ်းခံလိုက်ရသည်ကိုပင် သူသည် မည်သို့မှ မလှုပ်ရှားသေးပေ။ နတ်ဆိုးအင်ပါယာသည် ဒွန်ဟောင်တိယွမ်ကို ထိခိုက်အောင်လုပ်မည်မဟုတ်ဟု သူယုံကြည်နေပေသည်။
နတ်ဆိုးအင်ပါယာသည်လည်း သူသာ ဒွန်ဟောင်တိယွမ်ကို အမှန်တကယ် တိုက်ခိုက်ခဲ့လျှင် အရှင်ဒွန်ဟောင်သည် ကောင်းကင်ဒေသမှနေ၍ နတ်ဆိုးအင်ပါယာနန်းတော်သို့ ချက်ချင်းရောက်လာမည်ဖြစ်ကြောင်း ကောင်းစွာသိသည်။
ဒွန်ဟောင်တိယွမ်သည် သူ၏မေးခွန်းကို မဖြေသည်ကို တွေ့လိုက်သောအခါ နတ်ဆိုးအင်ပါယာသည် အမိန့်ပေးလိုက်သည်။
“မင်း ဒီမှာဆက်နေပြီးတော့ သူတို့နှစ်ယောက် ကပ်ဘေးတွေအောက်မှာ သေသွားမလားဆိုတာ စောင့်ကြည့်နေရမယ်”
သူသည် အမိန့်ပေးပြီးနောက် ဒွန်ဟောင်တိယွမ်ကို ချန်ထားခဲ့ပြီး ပျောက်ကွယ်သွားလေသည်။
နတ်ဆိုးအင်ပါယာသည် ကောင်းကင်ထက်မှ ပျောက်ကွယ်သွားပြီး နတ်ဆိုးနတ်ဘုရားနန်းတော်အတွင်းရှိ သူ၏ပလ္လင်ထက်သို့ ပြန်ရောက်သွား၏။ သူသည် အဝေးသို့ ငေးကြည့်သည်။ သူအတွေးနက်နေပြီး သူ၏မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းနေပေသည်။
အတိတ်တွင် ကောင်းကင်ဒေသရှိ မဟာအင်ပါယာနှစ်ပါးသည် တစ်ပါးကိုတစ်ပါး တိုက်ခိုက်ခဲ့ကြသည်။ အရှင်ဒွန်ဟောင်သည် အင်ပါယာရီချင်နှင့် အင်ပါယာရီချင်၏လက်အောက်ငယ်သားများကို သတ်ပစ်ခဲ့သည်။ ထိပ်သီးကျင့်ကြံသူများအပါအဝင် မရေမတွက်နိုင်သော လူပေါင်းများစွာ မရှုမလှသေဆုံးခဲ့ရသည်။ ကောင်းကင်ဒေသ၏ အင်အားစုများသည် အင်ပါယာရီချင်သေဆုံးပြီးနောက်တွင် သိသိသာသာ အင်အားနည်းသွားခဲ့သည်။
ထို့နောက်တွင် အရှင်ဒွန်ဟောင်သည် အင်ပါယာရီချင်နှင့် ဆက်နွယ်သူတိုင်းကို ရှင်းပစ်ခဲ့သည်။ ကောင်းကင်ဒေသက မည်သူမှ အင်ပါယာရီချင်၏အမည်ကို ထုတ်မပြောဝံ့ကြပေ။ ထို့ကြောင့် အင်ပါယာရီချင်သည် ဘယ်တုန်းကမှ မတည်ရှိခဲ့လိုပင် ထင်ရ၏။
ထိုတုန်လှုပ်ဖွယ်အဖြစ်အပျက်ကို အခြားအဓိကလောကကြီးများမှ မဟာအင်ပါယာအနည်းငယ်အပါအဝင် အားလုံး မြင်ခဲ့ရသည်။
အင်ပါယာရီချင်သေဆုံးသွားပြီးနောက်တွင် အင်အားစုအနည်းငယ်သည် ဘုံသဘောတူညီမှု ရယူခဲ့ကြပြီး ငြိမ်းချမ်းရေးကို ပြန်ရရှိခဲ့လေသည်။
သို့သော် နတ်ဆိုးအင်ပါယာသည် သံသယများ ရှိနေဆဲဖြစ်သည်။
ဒွန်ဟောင်သည် သာမန်လူတစ်ယောက် မဟုတ်ပေ။ ဒွန်ဟောင်တိယွမ်သည် သူမ၏ခမည်းတော်က သူ့ကို အလွန်လေးစားသည်ဟု ဆိုခဲ့သည်။ ထို့အတူ ကျန်ရှိနေသေးသော မဟာအင်ပါယာများထဲတွင် နတ်ဆိုးအင်ပါယာအလေးစားဆုံးသူမှာလည်း ဒွန်ဟောင်ဖြစ်ပေသည်။ ဒွန်ဟောင်သည် ပြိုင်ဘက်ကင်းဖြစ်လေသည်။