မည်သို့ရွေးချယ်မည်နည်း...
Vol. 183 Ch. 2612
နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်တွင် ရီဖူရှင်းနှင့် ယူချင်းတို့သည် ကပ်ဘေး(၄၈)ခုကို ကျော်ဖြတ်ပြီးခဲ့ပြီဖြစ်သည်။ ယနေ့သည် နောက်ဆုံးကပ်ဘေးကို ခံရမည့်နေ့ဖြစ်သည်။
ယနေ့ပြီးလျှင် နတ်ဆိုးအင်ပါယာသည် သူတို့ကို လွှတ်ပေးမည်ဟု ကတိပေးထား၏။
ယခုတွင် နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်၌ သူတို့နှစ်ဦးလုံးသည် မြော့မြော့သာ ကျန်တော့သည်။ သူတို့မှာ လွန်စွာ နွမ်းနယ်နေပုံပေါ်၏။ ယူချင်း၏ နတ်ဆိုးချပ်ဝတ်သည် စုတ်ပြဲနေပြီး ရီဖူရှင်း၏ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည်လည်း အားနည်းနေသည်။
အနီးရှိ ကောင်းကင်ထက်တွင် ဒွန်ဟောင်တိယွမ်သည် သူတို့နှစ်ဦးကို တိတ်တဆိတ်ကြည့်နေ၏။
ပြီးခဲ့သောရက်ပိုင်းအတွင်းတွင် ဒွန်ဟောင်တိယွမ်သည် ထိုနေရာ၌ပင် ရှိနေခဲ့သည်။ နတ်ဆိုးအင်ပါယာသည် သူမကို သူတို့နှစ်ဦးအား စောင့်ကြည့်ရန် ချန်ထားခဲ့ခြင်းဖြစ်ရာ သူမသည် ထိုနေရာတွင်သာ ကျန်ခဲ့ပြီး ထွက်မသွားခဲ့ပေ။
သူမသည် ပြီးခဲ့သောရက်ပိုင်းအတွင်း၌ သူတို့နှစ်ဦး၏ သနားစဖွယ်အခြေအနေကို မြင်ခဲ့ရသဖြင့် ကရုဏာသက်မိနေသည်။
နေ့စဉ်နေ့တိုင်း သူတို့နှစ်ဦးသည် သေရေး၊ ရှင်ရေးအခြေအနေကို ရင်ဆိုင်ခဲ့ရသည်။ သို့သော် သူတို့သည် နောက်ဆုံးအထိ ရှင်သန်နိုင်ခဲ့သည်ချည်းသာဖြစ်သည်။ ယခုတွင်ပင် သူတို့သည် အသက်ရှင်နိုင်ရန် တောင့်ခံနေဆဲဖြစ်သည်။
သူမသည် ကျော်ကြားသူများစွာကို တွေ့ခဲ့ဖူးပေသည်။ သူမသည် စွမ်းအားကြီး ထိပ်သီးများစွာကိုလည်း တွေ့ခဲ့ဖူး၏။ သို့သော် သူမသည် သူတို့နှစ်ဦး၏နေရာတွင် အခြားသူများသာဖြစ်ပါက သူတို့သေဆုံးသွားမည်ဖြစ်ကြောင်းကိုမူ အသိအမှတ်ပြုလက်ခံရ၏။
“ဒါက နောက်ဆုံးကပ်ဘေးပဲ...”
ရီဖူရှင်းသည် ခေါင်းငိုက်စိုက်ဖြင့် ပြောသည်။ သူ၏ဆံပင်များသည် ရှုပ်ပွနေပြီး သူ၏မျက်နှာကို ဖုံးအုပ်ထားသည်။ သူ၏အသံသည် အားနည်းတုန်ယင်နေသည်။
“အင်း...”
ယူချင်းက ပြန်ပြောသည်။ သူတို့နှစ်ဦးသည် သေရေး၊ ရှင်ရေး အခြေအနေများစွာကို ဖြတ်ကျော်ခဲ့ပြီဖြစ်သည်။ သူတို့သာ ဤနောက်ဆုံးကပ်ဘေးကို ကျော်လွှားနိုင်လျှင် သူတို့ ရှင်သန်နိုင်မည်ဖြစ်သည်။
“တောင့်ထားဦး...”
ရီဖူရှင်း တီးတိုးပြောသည်။
“အင်း...”
ယူချင်း ခေါင်းညိတ်လိုက်၏။ သူတို့သည် အနည်းငယ် စကားပြောပြီးသောအခါ ဆက်၍ မပြောကြတော့ပေ။ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်တွင် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေသည်။
အဖျက်စွမ်းအားသည် သူတို့၏ကိုယ်ပေါ်သို့ ဆက်၍ ကျဆင်းနေသည်။ ယူချင်းနှင့် ရီဖူရှင်းတို့ နှစ်ဦးစလုံးသည် ထိုစွမ်းအားကို မခုခံလိုက်ပေ။ သို့မဟုတ် တစ်နည်းဆိုရလျှင် သူတို့သည် ထိုစွမ်းအားကို ခုခံရန် စွမ်းအင်မကျန်တော့ပေ။ သူတို့သည် အဖျက်စွမ်းအားကို သူတို့၏ခန္ဓာကိုယ်အတွင်းသို့ ဝင်စေလိုက်ပြီး စိတ်ကြိုက်သောင်းကျန်းစေလိုက်သည်။ အဖျက်စွမ်းအားသည် သူတို့၏ အသွေးအသားများနှင့် စိတ်ဝိညာဉ်ကို တိုက်စားနေသည်။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွား၏။ ကောင်းကင်ထက်ရှိ နတ်ဆိုးချောက်ကမ်းပါး၏မျက်လုံးထဲတွင် ကြောက်မက်ဖွယ် ကြက်သွေးရောင်အလင်းများ စုဝေးလာ၏။ ဒွန်ဟောင်တိယွမ်သည် ထိုဘက်သို့ လှမ်းကြည့်သည်။ သူမသည် နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်နှင့် အဝေးတွင် ရပ်နေသော်လည်း သူမသည် ထိုချောက်ကမ်းပါးထဲတွင် စုဝေးဖြစ်ပေါ်နေသာ အဖျက်စွမ်းအားကြောင့် အံ့အားသင့်တုန်လှုပ်နေသည်။
စုဝေးနေသော အဖျက်စွမ်းအားသည် ဖြစ်တည်မှုအားလုံးကို ဖျက်ဆီးနိုင်သည်ဟု ထင်ရပေသည်။
ရီဖူရှင်းနှင့် ယူချင်းတို့သည်လည်း ထိုစွမ်းအားကို ခံစားလိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်များ တုန်ရင်သွား၏။ နတ်အလင်းနှင့် နတ်ဆိုးအလင်းတို့သည် သူတို့ကို ဝန်းရံလိုက်၏။ သူတို့နှစ်ဦးစလုံးသည် ထိုအခိုက်တွင် သူတို့၏အင်အားအကုန်လုံးကို စုစည်းလိုက်သည်။ သူတို့သည် မတ်မတ်ရပ်၍ ကောင်းကင်ထက်သို့ ကြည့်လိုက်၏။ ရီဖူရှင်းသည် သစ္စာခြောက်ပါးတရားတော်ကို ရွတ်ဆိုလိုက်သည်။
ရုတ်ခြည်းပင် နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်၌ ဧရာမဗုဒ္ဓပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး တစ်နေရာလုံးကို လွှမ်းခြုံသွားကာ သူတို့နှစ်ဦးစလုံးကို ကာရံပေးလိုက်သည်။
“မင်း ငါ့အတွက် စိုးရိမ်စရာမလိုပါဘူး”
ယူချင်းက ပြောသည်။ သူသည် ရီဖူရှင်းကို သူ့ကိုကာကွယ်ရန်အတွက် သူ၏စွမ်းအင်များကို မဖြုန်းပစ်စေလိုပေ။
“စကားမပြောနဲ့တော့... အာရုံစိုက်ထား”
ရီဖူရှင်း ပြောသည်။
ထို့နောက်တွင် သူသည် ကောင်းကင်ထက်သို့ ကြည့်လိုက်ပြီး စကားဆက်မပြောတော့ပေ။ ယူချင်းသည် သူ့ကိုကြည့်လိုက်ရာ သူ၏ပြတ်သားသောအကြည့်များကို သတိပြုမိလိုက်သည်။ သူ့အနေဖြင့် ဆက်ပြောနေလျှင်လည်း အသုံးမဝင်ကြောင်း သူနားလည်သွား၏။
ရီဖူရှင်းသည် ဤတစ်ကြိမ်တွင် သူတို့နှစ်ဦးစလုံးကို ကာကွယ်ရန် ဆုံးဖြတ်ပြီးသွားပေပြီ။
ဗုဒ္ဓအလင်း စုဝေးလာပြီး ရီဖူရှင်းဆင့်ခေါ်ထားသော ဗုဒ္ဓပုံရိပ်ကြီးသည် သူတို့ရှိနေသည့် နေရာကို ကာရံပေးထားလေသည်။ ရွှေရောင်ဗုဒ္ဓပုံရိပ်သည် ဖျက်ဆီး၍မရနိုင်သော ထာဝရဗုဒ္ဓနှင့် ဆင်တူပေသည်။
ဗုဒ္ဓပုံရိပ်၏ ခန္ဓာကိုယ်ပေါ်တွင် သင်္ကေတများစွာ ထွက်ပေါ်လာ၏။ ဗုဒ္ဓအလင်းက ၎င်းကို ဝန်းရံထားပြီး ၎င်းသည် လက်တစ်ထောင်ဗုဒ္ဓအဖြစ် ပြောင်းလဲသွား၏။ ဗုဒ္ဓလက်များသည် ဓားချိပ်စည်းများကို ပစ်လွှတ်ရန် အဆင့်သင့်ဖြစ်နေပေပြီ။
ဒွန်ဟောင်တိယွမ်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်စိများကျဉ်းသွားကာ အံ့အားသင့်သွား၏။ သူမသည် ရီဖူရှင်းကို မျက်တောင်မခတ်တန်းကြည့်နေသည်။ သူသည် နတ်ဆိုးချောက်ကမ်းပါးကို တိုက်ခိုက်ရန် ကြံရွယ်ထားခြင်းဖြစ်သည်။ သူသည် အရူးတစ်ယောက်ပင်။
“သူက သတ္တိတော့ရှိသားပဲ...”
နတ်ဆိုးနတ်ဘုရားနန်းတော်အထက်ရှိ ကောင်းကင်ထဲတွင် ရပ်နေသော နတ်ဆိုးအင်ပါယာသည် နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်တွင် ဖြစ်ပျက်နေသည့်အရာအားလုံးကို လေ့လာကြည့်ရှုရင်း ရေရွတ်လိုက်သည်။ သူသည် ရီဖူရှင်း၏ ရဲရင့်မှုကို လေးစားလေသည်။ ရီဖူရှင်းသည် နတ်ဆိုးကျင့်ကြံသူတစ်ဦးဖြစ်မလာခြင်းမှာ နှမြောဖွယ်ပင်။
ဝုန်း...
ယူချင်း၏ ရှည်လျားနက်မှောင်သော ဆံပင်များသည် လေထဲတွင် ဝဲလွင့်သွား၏။ ၎င်းတို့သည် လောကထဲတွင် အထက်ရှဆုံးဓားသွားများ ဖြစ်လာ၏ဟု ထင်ရပြီး ၎င်းတို့ကို နတ်ဆိုးအလင်းက လွှမ်းခြုံသွား၏။
ဝုန်း...ဝုန်း...ဝုန်း...
နတ်ဆိုးများသည် ယူချင်းနှင့် ရီဖူရှင်းတို့၏ ပတ်ပတ်လည်သို့ ရုတ်တရက် ကျဆင်းလာ၏။ ၎င်းသည် ‘ကောင်းကင်နတ်ဆိုး နတ်ဘုရားကဲ့သို့ရောက်ရှိ’ ဟု အမည်ရသည့် နတ်ဆိုးအတတ်ဖြစ်သည်။ ယူချင်းကိုယ်တိုင်ပင် ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်ဟု ထင်ရပေသည်။ သူသည် ခေါင်းမော့၍ ရှေ့သို့တန်းတန်းကြည့်သည်။ သူသည် ထို(၄၉)ကြိမ်မြောက်ကပ်ဘေးသည် မည်မျှစွမ်းအားကြီးကြောင်းကို ကိုယ်တိုင် သိရှိလိုနေသည်။
သူတို့နှစ်ဦးစလုံး၏ပတ်ပတ်လည်တွင် ကြယ်တာရာအလင်းများ တောက်ပလာ၏။ ကြယ်တာရာအဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာပြီး နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်တစ်ခွင်လုံးကို ပတ်လည်ကာရံလိုက်သည်။
ထို့နောက်တွင် ဓားချီတစ်ခုသည် ဝေ့ဝဲပျံသန်းသွားပြီး ထက်ရှဓားသွားဒိုင်းကာတစ်ခုကို ဖန်တီးလိုက်သည်။
သူတို့သည် နောက်ဆုံးကပ်ဘေးကို ခုခံရန် အကာအရံအလွှာများစွာကို ဖန်တီးခဲ့ပေသည်။
ကောင်းကင်ထက်မှနေ၍ ကြက်သွေးရောင် အဖျက်နတ်အလင်းတန်းများ အောက်သို့ ကျဆင်းလာ၏။ ထို့နောက်တွင် အဖျက်ကပ်ဘေးအလင်းများသည် နတ်ဘုရားအမျက်မာန်ကဲ့သို့ ကျဆင်းလာ၏။ တိုက်ခိုက်မှုသည် တစ်ခုပြီးမှ တစ်ခု ကျဆင်းလာခြင်းမဟုတ်တော့ဘဲ လျှပ်စီးတန်း(၄၉)တန်းစလုံးသည် ဆက်တိုက်ကျဆင်းလာပြီး ၎င်းတို့၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးသွားလေသည်။
“သတ်...”
ရီဖူရှင်း အော်ဟစ်လိုက်သည်။
ဗုဒ္ဓလက်များ လှုပ်ယမ်းသွားပြီး နတ်ဓားများသည် အထက်သို့ ပျံတက်သွား၏။ တစ်ချိန်တည်းမှာပင် သူတို့၏ လက်ဖဝါးများသည် အထက်ရှိ နတ်ဆိုးချောက်ကမ်းပါးဆီသို့ ချိပ်စည်းများ ပစ်လွှတ်လိုက်သည်။
တစ်ဆက်တည်းလိုပင် အဖျက်နတ်အလင်းများသည် မိုးစက်မိုးပေါက်များကဲ့သို့ ကျဆင်းလာပြီး ကပ်ဘေးသည် သူတို့အပေါ်သို့ ရောက်ရှိလာလေသည်။ ကြက်သွေးရောင်ကပ်ဘေးအလင်းသည် ထိုနေရာကို အလုံးစုံလွှမ်းခြုံသွား၏။ လျှပ်စီးတန်း(၄၉)တန်း၏အလယ်တွင် ကြက်သွေးရောင်အလင်းတန်းကြီးတစ်ခု ကျဆင်းလာပြီး အရာအားလုံးကို ဆုတ်ဖြဲသွားလေသည်။
ရုတ်ခြည်းအတွင်းမှာပင် နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်သည် ကြက်သွေးရောင်အဖျက်ကပ်ဘေးအလင်းထဲတွင် နစ်မြုပ်သွား၏။ အရာအားလုံးသည် အမှုန်ဖြစ်သွား၏။ ထိုစွမ်းအားအကြီးဆုံးတိုက်ခိုက်မှုကို မည်သည့်အရာကမှ တောင့်မခံနိုင်ပုံပင်။
အဝေးရှိ ဒွန်ဟောင်တိယွမ်သည် ထိုမြင်ကွင်းကိုကြည့်ရင်း ရင်တုန်နေလေသည်။ သူမကိုသာ ထိုရင်ပြင်ပေါ်တွင် ချုပ်ထားပါက သူမသည် ထိုအဖျက်စွမ်းအားတိုက်ခိုက်မှုကို ခံနိုင်ပါမည်လော။
သူမသည် ကပ်ဘေးအလင်းများက နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်ရှိ အရာအားလုံးကို လွှမ်းခြုံသွားပြီး ရင်ပြင်ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ် မုန်တိုင်များ ဗြောင်းဆန်နေသည်ကို ကြည့်ရှုနေလေသည်။
အနည်းငယ်ကြာပြီးနောက်တွင် အရာအားလုံး ပျောက်ကွယ်သွား၏။
ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းနှင့် ယူချင်းတို့၏ခန္ဓာကိုယ်များ ရင်ပြင်ပေါ်တွင် အသက်မဲ့စွာ လဲကျနေသည်ကို မြင်လိုက်ရသည်။ သူတို့ကို ချုပ်နှောင်ထားသော ချိန်းကြိုးများပင် ပျက်စီးသွားပြီဖြစ်သည်။ သူတို့သည် ရင်ပြဲပေါ်တွင် တိတ်ဆိတ်စွာ လဲကျနေပြီး တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပြည့်နှက်နေသည်။ သူတို့၏ဒဏ်ရာများမှနေ၍ သွေးများ စီးကျနေသည်။ ထိုမြင်ကွင်းသည် သနားဖွယ်မြင်ကွင်းပင်ဖြစ်သည်။ သူတို့၏ အရှိန်အဝါများကိုပင် အာရုံခံ၍မရတော့ပေ။
သူတို့သေဆုံးသွားပြီလော။ ဒွန်ဟောင်တိယွမ်သည် သူတို့ကိုကြည့်ရင်း တွေးမိနေသည်။ သူမ၏မျက်လုံးများ တွန့်ကွေးသွား၏။ သို့သော် သူမသည် သူမ၏နေရာတွင် မလှုပ်မယှက်ရှိနေသေးပေသည်။
“ငါ ဒွန်ဟောင်ကို သူ့ရဲ့ပြိုင်ဘက်တွေကို ရှင်းပစ်နိုင်ဖို့ ကူညီပေးခဲ့ပြီ... မင်းဘယ်လိုထင်လဲ”
အသံတစ်သံသည် ဒွန်ဟောင်တိယွမ်ကို မေးလိုက်သည်။
“ခမည်းတော်က ဒီလူငယ်နှစ်ယောက်ကို ဘယ်တုန်းကမှ ပြိုင်ဘက်လို့ မတွေးခဲ့ပါဘူး...”
ဒွန်ဟောင်တိယွမ်က ပြန်ပြောသည်။
“ဒါပေမဲ့ ဒါက အရှင်အင်ပါယာရဲ့ဆုံးဖြတ်ချက်ဆိုတော့ ကျွန်မ အဲဒါကို မှတ်ချက်ပေးဖို့ အရည်အချင်းမမီပါဘူး...”
နတ်ဆိုးအင်ပါယာသည် မည်သို့မှ ဆက်မပြောတော့ပေ။ ထိုအခိုက်တွင် နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်တွင် အရှိန်အဝါအငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ ရီဖူရှင်း၏ခန္ဓာကိုယ်ထဲတွင် အသက်အရှိန်အဝါတစ်ခုကို ခပ်ရေးရေး အာရုံခံနိုင်လေသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်နှင့် ယူချင်း၏ခန္ဓာကိုယ်အကြားတွင် အသက်လှိုင်းတစ်ခု စီးဆင်းနေ၏။ သူတို့နှစ်ဦးသည် လှိုင်းမှတဆင့် မြဲမြံစွာ ဆက်နွယ်ထားပြီး ယူချင်း၏ခန္ဓာကိုယ်အတွင်း၌ အသက်အရှိန်အဝါ ပြန်လည်ပြည့်ဝလာစေလေသည်။
သူတို့ အသက်ရှိနေဆဲပင်လော။
ဒွန်ဟောင်တိယွမ်သည် ရင်ပြင်သို့ လှမ်းကြည့်သည်။ ထိုအသက်အရှိန်အဝါတန်းသည် အမှောင်ထဲရှိ ဖယောင်းတိုင်မီးတောက်တစ်ခုကဲ့သို့ပင်။ ၎င်းသည် မျှော်လင့်ချက်ရောင်ခြည်တန်းတစ်ခုပင်။ တဖြည်းဖြည်းဖြင့် ရီဖူရှင်း၏ခန္ဓာကိုယ်အတွင်း၌ အသက်အရှိန်အဝါ ပြန်လည်ပြည့်တင်းလာ၏။ တစ်ချိန်တည်းမှာပင် ယူချင်း၏ နှလုံးသည် ပြန်ခုန်လာ၏။ ဒွန်ဟောင်တိယွမ်သည် သူ၏အားကောင်းသောနှလုံးခုန်သံကို ကြားနိုင်နေသကဲ့သို့ပင် ခံစားနေရ၏။
ဒုတ်..ဒုတ်...
သူ၏နှလုံးခုန်သံသည် ပို၍အားကောင်းလာ၏။ နတ်ဆိုးများ၏အသက်အရှိန်အဝါများ၊ အထူးသဖြင့် ယူချင်းကဲ့သို့ စွမ်းအားကြီးနတ်ဆိုးများသည် အလွယ်တကူဇွဲမလျှော့ပေ။
ဒွန်ဟောင်တိယွမ်သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မေးလိုက်၏။
“အရှင်အင်ပါယာ... သူတို့သာ ကပ်ဘေး(၄၉)ခုကို ခံပြီးလို့ အသက်ရှင်နေသေးရင် သူတို့ကို လွှတ်ပေးမယ်လို့ ကတိပေးထားတယ်မလား။ အခု အရှင်အင်ပါယာ သူတို့ကို ဘာလုပ်ဖို့ စီစဉ်ထားပါသလဲ”
“သူတို့က ကံကောင်းတာပဲ...”
နတ်ဆိုးအင်ပါယာက ပြောသည်။
“ငါ သူတို့ကို ကတိပေးထားပြီးပြီဆိုတော့ ငါသေချာပေါက် ငါ့ကတိကို တည်မှာပါ။ ဒါပေမဲ့ သူတို့သာ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်မှာ ဆက်နေ,နေရင် တကယ်သေသွားနိုင်တယ်။ ငါ သူတို့ကို မင်းလက်ထဲမှာပဲ ထည့်ခဲ့တော့မယ်”
နတ်ဆိုးအင်ပါယာသည် စိတ်ဝင်စားနေသည်။ ဒွန်ဟောင်တိယွမ်သည် သူတို့နှစ်ဦးကို မည်သို့လုပ်ရန် ရွေးချယ်မည်နည်း။