နတ်ဆိုးအင်ပါယာ၏ မသင့်တော်သောအတွေးများ...
Vol. 183 Ch. 2614
နတ်ဆိုးအင်ပါယာ၏ အဘိုးအိုပုံစံသည် သူတို့နှစ်ယောက်၏ရှေ့တွင် ထွက်ပေါ်လာပြီး ထိုအဖျက်မုန်တိုင်းအောက်တွင် ရပ်နေလေသည်။ ကောင်းကင်ထက်ရှိ နတ်ဆိုးပုံရိပ်နှင့် သူတို့အရှေ့ရှိ အားနည်းသော အဘိုးအိုတို့တွင် မည်သူသည် နတ်ဆိုးအင်ပါယာအစစ်ဖြစ်သည်ကို ခွဲခြားရန် မဖြစ်နိုင်ပေ။
သို့တည်းမဟုတ် သူတို့နှစ်ယောက်စလုံးသည် နတ်ဆိုးအင်ပါယာပင် ဖြစ်လေသလော။
“မင်း မြင်ပြီလား...”
နတ်ဆိုးအင်ပါယာသည် ယူချင်းကို စူးရှစွာကြည့်လျှက် ကောင်းကင်ထက်သို့ လက်ညှိုးညွှန်ကာ ပြောသည်။
“ဒါက မင်းရဲ့ ကံကြမ္မာပဲ...”
ယူချင်းသည် ကောင်းကင်ထက်ရှိ အဖျက်စွမ်းအားများကို ဖိနှိပ်နေသည့် ပုံရိပ်ကို ငေးကြည့်ရင်း ဆွံ့အနေလေသည်။ ရီဖူရှင်းမှာမူ ရင်ခုန်မြန်နေပြီး မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေသည်။
ထိုမြင်ကွင်းသည် ယူချင်း၏အနာဂတ် ဖြစ်နေမည်လော။
ရီဖူရှင်းသည် နတ်ဆိုးအင်ပါယာကို ကြည့်လိုက်သောအခါ ဤတစ်ကြိမ်တွင် နတ်ဆိုးအင်ပါယာကလည်း သူ့ကိုကြည့်နေကြောင်း တွေ့လိုက်ရသည်။ နတ်ဆိုးအင်ပါယာက ခနဲ့စကားဆိုလိုက်သည်။
“ယူချင်းအနေနဲ့ နတ်ဆိုးဘုံက ထွက်သွားနိုင်ရင် ဒီလိုအဖြစ်နဲ့ ကြုံရမှာမဟုတ်ဘဲ ငါကပဲ နတ်ဆိုးချောက်ကမ်းပါးကို ဆက်ပြီး တွန်းလှန်နေရမယ်လို့ မင်းတွေးနေတာလား..”
ရီဖူရှင်း၏ မျက်လုံးများ စူးရှသွားပြီး နတ်ဆိုးအင်ပါယာကိုကြည့်ကာ ပြန်ပြောသည်။
“လူတိုင်းက ကိုယ့်အတွက်ပဲ စဉ်းစားကြတာပဲလေ...”
နတ်ဆိုးအင်ပါယာသည် နှစ်ပေါင်းများစွာ ဒုက္ခခံစားခဲ့ရသော်လည်း အကယ်၍ ရီဖူရှင်းသာ နတ်ဆိုးအင်ပါယာနှင့် ယူချင်းကြားတွင် ဒုက္ခခံရမည့်သူကို ရွေးချယ်ရမည်ဆိုပါက ရီဖူရှင်းသည် တုံ့ဆိုင်းမှုမရှိဘဲ နတ်ဆိုးအင်ပါယာကိုသာ ရွေးချယ်လိုက်မည်ဖြစ်သည်။ ထိုဆုံးဖြတ်ချက်သည် ခက်ခဲသော ဆုံးဖြတ်ချက်မဟုတ်ပေ။
“အမှန်ပဲ... လူတွေက တစ်ကိုယ်ကောင်းဆန်ကြတယ်...”
နတ်ဆိုးအင်ပါယာသည် ခေါင်းညိတ်ကာ ဆက်ပြောသည်။
“ဒီတော့... သူတို့က သန့်စင်တဲ့နယ်မြေတွေမှာ သက်တောင့်သက်သာနေထိုင်ကြပြီး နတ်ဆိုးဘုံကိုတော့ နတ်ဆိုးချောက်ကမ်းပါးအောက်မှာ ထာဝရချိပ်ပိတ်ထားပြီးတော့ ငါတို့ကို ဒီအကျဉ်းထောင်ထဲမှာ ပိတ်လှောင်ထားခဲ့ကြတယ်။ လောကတိုင်းလောကတိုင်း... ဗုဒ္ဓလောကဖြစ်စေ၊ ကောင်းကင်ဒေသဖြစ်စေ.. ဒါမှမဟုတ် လူသားဘုံဖြစ်စေ လောကတစ်ခုတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ကောင်းကင်ဘုံတွေကို ရှိကြတယ်... နတ်ဆိုးဘုံက လွဲလို့ပေါ့... ငါတို့မှာ ဘာများရှိသလဲ”
“သူတို့က ဘာလို့ နတ်ဆိုးဘုံကို ဒီလိုချိပ်ပတ်ထားချင်နေရတာလဲ။ ဘာလို့ နတ်ဆိုးဘုံကိုပဲ ဒီလိုဘေးဒုက္ခတွေအားလုံးကို ခံစေချင်နေရတာလဲ။ သူတို့ကို အဲဒီလိုဆုံးဖြတ်ချက်ချနိုင်ဖို့ ဘယ်သူက ခွင့်ပြုပေးတာလဲ”
ရီဖူရှင်းသည် ထိုစကားများကို ပြန်၍ငြင်းချက်မထုတ်နိုင်သဖြင့် တိတ်ဆိတ်နေသည်။ အကယ်၍ နတ်ဆိုးအင်ပါယာသာ သူ၏နတ်ဆိုးကျင့်ကြံသူများနှင့်အတူ နတ်ဆိုးဘုံမှ ထွက်သွားလိုလျှင် ဗုဒ္ဓလောက၊ ကောင်းကင်ဒေသနှင့် လူသားဘုံတို့အပါအဝင် အခြားလောကအားလုံးသည် လက်ခံမည်မဟုတ်ပေ။
ထို့ကြောင့် သူတို့သည် ဤအကျဉ်းထောင်ထဲတွင် ပိတ်မိနေပြီး နတ်ဆိုးချောက်ကမ်းပါးမှ ကပ်ဘေးများ၏ ဖျက်ဆီးခြင်းကို ထာဝရခံနေရပေသည်။
“သူ့အတွက်ကတော့...”
နတ်ဆိုးအင်ပါယာသည် ယူချင်းကိုကြည့်လျှက် ဆက်ပြောလိုက်၏။
“မင်းက သူ့ကို မဟာအင်ပါယာအဆင့် ရောက်စေချင်ပေမယ့် နတ်ဆိုးဘုံကလည်း ထွက်သွားစေချင်နေသေးတယ်... အဲဒါက ဖြစ်နိုင်လိမ့်မယ်လို့ မင်းထင်လား။ လောကတွေက နောက်ထပ် နတ်ဆိုးအင်ပါယာတစ်ပါး ထပ်ပြီးမွေးဖွားလာမှာကို ခွင့်ပြုမှာ မဟုတ်ဘူး။ တကယ်လို့ နတ်ဆိုးအင်ပါယာ နောက်တစ်ပါးသာ ထပ်ပြီးမွေးဖွားလာရင် အဲဒီလူက သေခြင်းတရားကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး”
“ဒါပေမဲ့ နတ်ဆိုးဘုံရဲ့ ကံကြမ္မာကိုတော့ တစ်စုံတစ်ယောက်က ပခုံးထမ်းရမယ်...”
ရီဖူရှင်း ရင်တုန်သွား၏။ သူသည် နတ်ဆိုးအင်ပါယာပြောနေသည်ကို နောက်ဆုံးတွင် နားလည်သွားပေပြီ။
လောကများ၏ မဟာအင်ပါယာများအကြားတွင် ဟန်ချက်ညီနေရန် ထိန်းသိမ်းထားသည့် စနစ်တစ်ခုရှိလေသည်။ အတိတ်တွင် ကောင်းကင်ဒေသသည် မဟာအင်ပါယာနှစ်ပါး အတူတကွ တည်ရှိနေခြင်းကို ခွင့်မပြုသကဲ့သို့ နတ်ဆိုးဘုံသည်လည်း နတ်ဆိုးအင်ပါယာနှစ်ပါး အတူတကွ တည်ရှိနေခြင်းကို ခွင့်ပြုမည်မဟုတ်ပေ။
“တကယ်လို့ သူသာ နတ်ဆိုးအင်ပါယာဖြစ်ချင်ရင် နတ်ဆိုးဘုံရဲ့ တာဝန်တွေကို ပခုံးထမ်းရမှာပဲ။ နတ်ဆိုးဘုံကို ကာကွယ်ရမှာက သူ့ရဲ့ တာဝန်ဝတ္တရားပဲ”
နတ်ဆိုးအင်ပါယာက ဆက်ပြောသည်။
“အဲဒီလိုလုပ်ဖို့ လိုအပ်ရင် ကျုပ် အဲဒီလိုလုပ်မယ်”
ယူချင်းသည် ခေါင်းမော့၍ ကောင်းကင်ထက်သို့ကြည့်ကာ ပြောသည်။ သူ၏မျက်ဝန်းများသည် ပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်။
နတ်ဆိုးအင်ပါယာသည် ယူချင်းနှင့် ရီဖူရှင်းတို့ကို တစ်ချက်ကြည့်သည်။ ထိုစကားကြောင့် သူသည် အချက်တစ်ချက်ကို နားလည်သွား၏။ ထိုအချက်မှာ ယူချင်းကို နတ်ဆိုးဘုံနှင့် ရီဖူရှင်းအကြားတွင် ရွေးချယ်ရန် မည်သည့်အခါတွင်မှ မခိုင်းရန်ဖြစ်သည်။ မဟုတ်လျှင် ယူချင်းသည် သူ့ကိုယ်သူစတေးရန်သာ ရွေးချယ်သွားမည်ဖြစ်သည်။
“ငါက အိုလာပြီ... နတ်ဆိုးဘုံရဲ့ အနာဂတ်က မင်းလက်ထဲမှာပဲ”
နတ်ဆိုးအင်ပါယာသည် ယူချင်းကို ပြောသည်။ ထို့နောက် သူသည် ရီဖူရှင်းကို ကြည့်လိုက်၏။
“မင်းအနေနဲ့ နတ်ဆိုးဘုံအတွက် တစ်ခုခုလုပ်ပေးဖို့ ငါမမျှော်လင့်ပါဘူး... ဒါပေမဲ့ မင်း ငါတို့လုပ်တာကို မတားဆီးဖို့တော့ ငါမျှော်လင့်တယ်”
“ငါ မူလဘုံကို မကျူးကျော်ပဲ နေပေးလို့ရတယ်”
နတ်ဆိုးအင်ပါယာက ပြောသည်။
“ပြီးခဲ့တဲ့ခေတ်တုန်းက လောကထဲမှာ အင်အားအကြီးဆုံးသူတွေထဲက တစ်ယောက်ဖြစ်ခဲ့တဲ့ မဟာအင်ပါယာတစ်ပါးရှိခဲ့တယ်။ သူက မဟာအင်ပါယာတွေထဲမှာ စွမ်းအားကြီးဆုံးလို့ လူအများစုက မှတ်ယူခဲ့ကြတယ်။ သူက ကောင်းကင်လမ်းစဉ်နှင့် အနီးစပ်ဆုံးသူပဲ...”
“ကောင်းကင်ဘုံက ကောင်းကင်အင်ပါယာ...”
ရီဖူရှင်း ပြောသည်။
“ဟုတ်တယ်... ကောင်းကင်အင်ပါယာပဲ...”
နတ်ဆိုးအင်ပါယာ ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်း အနည်းငယ် နားမလည်နိုင်ဖြစ်သွား၏။ အကယ်၍ ကောင်းကင်အင်ပါယာသည် စွမ်းအားအကြီးဆုံးအင်ပါယာဟု သတ်မှတ်ခြင်းခံရလျှင် အဘယ်ကြောင့် သူသေဆုံးသွားခဲ့ရသနည်း။
“သူတို့က မဟာအင်ပါယာနှစ်ပါး ရှိနေတာကို ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါပေမဲ့ မူလဘုံက မဟာအင်ပါယာတစ်ပါးအတွက်တော့ နေရာရှိပါသေးတယ်... အထူးသဖြင့် အရှင်ဒွန်ဟောင်နဲ့ တုပြိုင်နိုင်တဲ့သူအတွက်ဆိုရင်ပေါ့”
နတ်ဆိုးအင်ပါယာ ဆက်ပြောသည်။
ရီဖူရှင်းသည် မှော်နက်နန်းတော်နှင့် နတ္တိအင်ပါယာဘုံတို့က သူ့ကို ထောက်ပံ့ပေးလိုနေခြင်းမှာ ကောင်းကင်ဒေသကို ယှဉ်ပြိုင်နိုင်ရန်ဟု တွေးခဲ့သည်။
သို့သော် သူတို့သည် သူ့ကို ပလ္လင်ပေါ်တွင် ထိုင်စေမည်လော။
မထိုင်စေလောက်ပေ။
အရှင်ဒွန်ဟောင်သည် အနောက်ဘက်ဗုဒ္ဓလောကနှင့် မိတ်ဆွေဖွဲ့ခဲ့သဖြင့် ကောင်းကင်ဒေသနှင့် အနောက်ဘက်ဗုဒ္ဓလောကသည် ကောင်းမွန်သောဆက်ဆံရေးရှိပြီး တစ်ချိန်တည်းမှာပင် လူသားဘုံနှင့်လည်း သင့်တင့်လျောက်ပတ်သော ဆက်ဆံရေးကို ထိန်းထားခဲ့လေသည်။ ထို့ကြောင့် သူတို့သည် မဟာမိတ်များဖြစ်သည်ဟု ဆိုနိုင်သော်လည်း အင်ပါယာရီချင်၏သေဆုံးမှုအရ ကြည့်မည်ဆိုလျှင် ထိုမဟာမိတ်သည် မခိုင်မာနိုင်ပေ။
နတ္တိအင်ပါယာဘုံနှင့် မှော်နက်နန်းတော်တို့သည် တစ်ကျိတ်တည်း၊ တစ်ဉာဏ်တည်းဟု ထင်ရပေသည်။
နတ်ဆိုးဘုံမှာမူ အခြားလောကများနှင့် မပတ်သတ်ဘဲ သူတို့လုပ်ချင်သည်ကိုသာ လုပ်ပေသည်။
အရှင်ဒွန်ဟောင်သည် မူလဘုံမှ မဟာအင်ပါယာတစ်ပါး ထွက်ပေါ်လာလျှင်လည်း အရေးစိုက်မည်မဟုတ်ဟု ပြောခဲ့ဖူးသည်။ သူထိုသို့ပြောခဲ့ခြင်းမှာ ထိုထွက်ပေါ်လာသော မဟာအင်ပါယာသည် မည်သည့်လောကဘက်ကိုမှ ပါမည်မဟုတ်၍ဖြစ်သည်။ သူသည် ထိုရပ်တည်ချက်ကို ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ရှိနေခဲ့စဉ်ကတည်းက ပြောခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် နတ္တိအင်ပါယာဘုံနှင့် မှော်နက်နန်းတော်သည် သူ့ကို ရန်လိုမနေသော်လည်း အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို အတပ်မပြောနိုင်ပေ။
ယခုတွင် နတ်ဆိုးအင်ပါယာသည်ပင် သူ့ကို လက်ခံနေပုံပေါ်၏။
ထို့အပြင် သူသည် ဗုဒ္ဓလမ်းစဉ်နှင့်လည်း ဆက်နွယ်မှုရှိပြီး အနောက်ဘက်ဗုဒ္ဓလောကသို့ သွားကာ လမ်းညွှန်မှုများ ရှာဖွေခဲ့သည်။
လက်ရှိတွင် သူ့ကိုဆန့်ကျင်သည့် အတိုက်အခံများ များစွာမရှိပေ။
“မင်းတို့ ဒွန်ဟောင်မင်းသမီးကို ဘယ်လိုထင်ကြလဲ”
နတ်ဆိုးအင်ပါယာသည် ယူချင်းနှင့် ရီဖူရှင်းတို့နှစ်ဦးစလုံးကိုကြည့်လျှက် ရုတ်တရက် မေးလိုက်သည်။
“ကျုပ်က သူနဲ့ သိပ်ပြီး မရင်းနှီးပါဘူး.. ဒါပေမဲ့ ဒွန်ဟောင်တိယွမ်က အရှင်ဒွန်ဟောင်ရဲ့ တစ်ဦးတည်းသော သမီးတော်ပါ... ဒီတော့ သူက အတော်လေးထူးချွန်လောက်မှာပဲ”
ရီဖူရှင်း ပြန်ဖြေလိုက်သည်။
“ကျွန်တော်လည်း သူ့အကြောင်းကို တစ်ခုမှ မသိပါဘူး”
ယူချင်းသည် ဘွင်းဘွင်းရှင်းရှင်းပင် ပြောသည်။
“ဒွန်ဟောင်ရဲ့ သမီးတော်ဆိုမှတော့ ပါရမီကို သံသယဖြစ်စရာမရှိပါဘူး။ သူ့ရဲ့ ပါရမီအပြင် သူ့ရဲ့အလှကလည်း ပြိုင်ဘက်ကင်းပဲ။ ငါသာ မင်းတို့နေရာမှာဆိုရင် သူနဲ့အရည်အချင်းတူတဲ့သူအနေနဲ့ သေချာပေါက် နောက်ဆုတ်မှာ မဟုတ်ဘူး...”
နတ်ဆိုးအင်ပါယာသည် တည်ငြိမ်စွာ ပြောသည်။ ထို့ကြောင့် ရီဖူရှင်းသည် အတော်လေး ထူးဆန်းသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
နတ်ဆိုးအင်ပါယာ၏ စကားသည် မည်သည်ကို ဆိုလိုသနည်း။
“အဲဒီလိုဆိုရင် မဟာအင်ပါယာဖြစ်မယ့်ကံကြမ္မာ ပါလာမယ့် မျိုးဆက်သစ်လေးတစ်ယောက် မွေးဖွားလာမှာပဲ”
နတ်ဆိုးအင်ပါယာက ဆက်ပြောသည်။
“အခု မင်းတို့ကို ပြောစရာမရှိတော့ပါဘူး... မင်းတို့ ပြန်သွားလို့ရပြီ...”
ယူချင်းခေါင်းညိတ်လိုက်ပြီး ရီဖူရှင်းသည်လည်း အနည်းငယ် အရိုအသေပြုလိုက်သည်။
“ကျေးဇူးတင်ပါတယ် အရှင်အင်ပါယာ...”
ထို့နောက်တွင် နတ်ဆိုးအင်ပါယာသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သူတို့နှစ်ယောက်ဆီသို့ မုန်တိုင်းတစ်ခု ဝင်ရောက်လာလေသည်။ သူတို့သည် သူတို့ရှိနေသောနေရာမှ ပျောက်ကွယ်သွားပြီး နတ်ဆိုးနတ်ဘုရားနန်းတော်အရှေ့တွင် ပြန်ပေါ်လာ၏။
သူတို့ထွက်သွားပြီးနောက်တွင် နတ်ဆိုးအင်ပါယာသည် အောက်ဘက်ရှိနေရာသို့ ငုံ့ကြည့်သည်။ သူ၏အကြည့်သည် အာကာပြင်ကို ဖောက်ထွင်းကာ ရီဖူရှင်းနှင့် ယူချင်းတို့အပေါ်သို့ ကျရောက်သွား၏။ သူ၏မျက်ဝန်းနက်များသည် နက်ရှိုင်းကာ အရှိန်အဝါကြီးလေသည်။ သူ၏ညီတော်သည် ထိုနှစ်ဦးကို ထိုကဲ့သို့ အရည်အချင်းရှိသူများဖြစ်လာအောင် နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ပေးခဲ့သည်။ ထို့အပြင် သူသည် ယူချင်းကို ရီဖူရှင်းအား ကူညီပေးစေလိုလေသည်။
သူ မည်သည့်ကိစ္စကို ပြုလုပ်ရန် ကြိုးစားနေခြင်းနည်း။
သူတို့ကို အင်ပါယာများဖြစ်လာစေပြီး အတူပူးပေါင်း၍ ဒွန်ဟောင်ကို သတ်စေလိုနေခြင်းလော။
ထိုသို့ မဟုတ်နိုင်ပေ။
ယခင်က သူသည် အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့၏ စိတ်အားထက်သန်မှုကြောင့် အတော်လေး အထင်ကြီးခဲ့ရသည်။ ထို့ကြောင့် သူသည် သူတို့နောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။ သို့သော် နောက်ပိုင်းတွင် အင်ပါယာနှစ်ပါးသည် တစ်ဦးကိုတစ်ဦး ပြန်တိုက်ခိုက်ခဲ့ကြပြီး အင်ပါယာရီချင်၏သေဆုံးမှုဖြင့် အဆုံးသတ်ခဲ့သည်။ သူ့အနေဖြင့် ကလဲ့စားချေလိုသည်ဆိုလျှင် နားလည်ပေးနိုင်ပေသည်။ သို့သော် အတိတ်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို အတိအကျ မသိရသေးပေ။ ထို့အပြင် မပေါ်သေးသည့် လျှို့ဝှက်ချက်များစွာလည်း ရှိနေပေသေးသည်။
သူသည် ထိုလျှို့ဝှက်ချက်များကို သိလိုနေပေသည်။
*****
ရီဖူရှင်းနှင့် ယူချင်းတို့သည် နတ်ဆိုးနတ်ဘုရားနန်းတော်မှ ထွက်လာပြီးနောက်တွင် ယူချင်းနေထိုင်သည့် နန်းတော်သို့ ပြန်သွားခဲ့ကြပြီး ထိုနေရာတွင် ဒွန်ဟောင်တိယွမ်ရှိနေသေးကြောင်းကို တွေ့လိုက်ရ၏။ ဒွန်ဟောင်တိယွမ်သည် သူတို့နှစ်ယောက် ပြန်လာသည် တွေ့လိုက်ရသောအခါ အတော်လေးတည်ငြိမ်ဟန်ဖြင့် သူတို့နှစ်ဦးကို ကြည့်လိုက်၏။
“အရှင်နတ်ဆိုးအင်ပါယာက ရှင်တို့နှစ်ယောက်ကို အသက်ရှင်ခွင့်ပြုလိုက်တဲ့ပုံပဲ”
ဒွန်ဟောင်တိယွမ်က မှတ်ချက်ပြုလိုက်သည်။
“မင်းသမီးက စိတ်ပျက်သွားတာလား...”
ရီဖူရှင်း မေးလိုက်သည်။ သူသည် သူတို့မပြန်ခင်တွင် နတ်ဆိုးအင်ပါယာပြောလိုက်သောစကားကို အမှတ်ရနေဆဲဖြစ်၍ သူ၏မျက်နှာထားသည် အနည်းငယ်အိုးတိုးအန်းတန်းဖြစ်နေလေသည်။
နတ်ဆိုးအင်ပါယာသည် ဂုဏ်သိက္ခာမရှိသော ရည်ရွယ်ချက်အချို့ ရှိနေခြင်းလော။
သူ့အနေဖြင့် ထိုကဲ့သို့ အတွေးမျိုး မရှိနိုင်ပေ။
သို့ဆိုလျှင် အရှင်ဒွန်ဟောင်သည် ဤကဲ့သို့ အေးအေးလူလူ ငြိမ်နေမည်မဟုတ်ဘဲ သူ့ကိုသတ်ပစ်မည်ဖြစ်သည်။
“ပြီးခဲ့တဲ့ နှစ်အနည်းအတွင်းမှာ ရှင်က ကောင်းကင်ဒေသကို အတော်လေး လှုပ်ခတ်သွားစေနိုင်ခဲ့တာပဲ။ ရှင့်ရဲ့လက်ချက်နဲ့ ကောင်းကင်ဒေသက လူတော်တော်များများ အသက်ဆုံးရှုံးခဲ့ရတယ်... အဲဒီလောက်နဲ့တင် လုံလောက်နေပါပြီ”
ဒွန်ဟောင်တိယွမ်၏အသံသည် တည်ငြိမ်ပြီး မာနသံပါနေ၏။ သူမ၏လှပသောမျက်လုံးလေးများသည် ရီဖူရှင်းကို စေ့စေ့စပ်စပ်ကြည့်ရှုလေ့လာနေသည်။ သူမ၏လှုပ်ရှားမှုတိုင်းသည် သူမ၏တော်ဝင်အဆင့်အတန်းကို ပေါ်လွင်စေနေပေသည်။