အတွင်းနယ်မြေ၏ ပထမဆုံးတိုက်ပွဲ
Vol. 114 Ch. 1568
ထိုအသံသည် နတ်ဘုရားကလန်အနှံ့ ပျံ့လွင့်လာသည်။ ယင်းအသံသည် ပိုကျယ်သထက် ကျယ်လောင်လာ၏။
ဝမ်လင်းသည် သူ့ရှေ့ရှိ ကျင့်ကြံသူများကို ကြည့်၍ တည်ငြိမ်စွာသာ ရှိနေသည်။ သူ ပြန်ရောက်လာပြီးနောက် သူသည် ချိပ်ပိတ်နယ်မြေအရှင်သခင်၏ အမွေအနှစ်ကို လက်ခံရပြီးသည်မှစ၍ သူသည် ထိုဆက်ခံမှုရိုးရာကို ဆက်လုပ်ဆောင်ရမည်ကို သိပေသည်။
အစောပိုင်းတုန်းကလည်း သူသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှ ဂုဏ်ကျက်သရေကို ခံစားမိခဲ့သေးသည်။ သူသည် ငြိမ်သက်စွာ စဉ်းစားနေရင်း လူတိုင်းထံသို့ လက်နှစ်ဖက် ဆုပ်ပြသည်။
မြင့်မြတ်သောလင်းတန်နှင့် ကျိုးကျင်တို့သည် ဝမ်လင်းနားတွင် လာရပ်ကြ၏။ ကျိုးကျင်သည် စိတ်ရှုပ်ထွေးသောအမူအရာ ရှိနေပြီး သူ၏မျက်လုံးထဲ၌ တုန်လှုပ်မှု ဖြစ်ပေါ်နေသည်။ သူသည် ဝမ်လင်းသည် အတွင်းနယ်မြေ၌ ခုလိုမျိုးမြင့်မြတ်လှသည့် အဆင့်အတန်းတစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
“ချိပ်ပိတ်နယ်မြေရဲ့ အရှင်သခင်…”
မြင့်မြတ်သောလင်းတန်၏ အတွေးများကမူ အရိုးရှင်းဆုံးပင်။ သူ့ကို ဝမ်လင်းက လုံးဝ သန့်စင်ထားခဲ့ခြင်း ဖြစ်၏။ ချိပ်ပိတ်မှုသည် သူ့စိတ်အတွင်းနက်ပိုင်းထိ ရေးထွင်းထားသည်။ သူသည် တည်ငြိမ်စွာသာ ရှေ့သို့ ကြည့်နေသည်။
“ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းရဲ့ ကျိုးသဲက ချိပ်ပိတ်နယ်မြေအရှင်သခင်ကို နှုတ်ဆက်ပါတယ်…” ဝတ်စုံနက်အဘိုးအိုသည် ခါးသီးစွာ ပြုံး၍ ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
“ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းရဲ့ တိမ်စွန်းကလည်း ချိပ်ပိတ်နယ်မြေအရှင်ကို နှုတ်ဆက်ပါတယ်။ အစောပိုင်းတုန်းက အဖြစ်အပျက်ဟာ နားလည်မှု လွဲခဲ့တာပါ။ ချိပ်ပိတ်နယ်မြေအရှင်က စိတ်ထဲမထားဖို့ ငါ မျှော်လင့်မိပါတယ်…” သက်လတ်ပိုင်းလူသည် ခါးသီးစွာ ပြုံး၍ သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်သည်။
“ဒီအဘိုးအိုက အရှင်ဟုန်ရှန်ပဲ။ ငါဟာ ချိပ်ပိတ်နယ်မြေအရှင်နဲ့ သဘောတူညီမှုတစ်ခု လုပ်ထားခဲ့တယ်။ မင်းဟာ ဒီကျွန်ကို မသတ်ဘဲ၊ တိမ်ပင်လယ်ကို မကယ်တင်ပေးခဲ့ဖူးဆိုရင် ဒီမျိုးဆက်ရဲ့ ချိပ်ပိတ်နယ်မြေအရှင် ဖြစ်လာဖို့ အရည်အချင်း မရှိဘူး။ ဒါပေမဲ့ ပြင်ပနယ်မြေဟာ ကျူးကျော်လာတော့မယ်။ ငါတို့အတွက် ဒါကို ခုခံနိုင်ဖို့ ခက်ခဲလှတယ်။ ဒါပေမဲ့ ငါတို့ တိုက်ခိုက်ရမှာပဲ။ မင်းနဲ့အတူ တတိယအဆင့်ကျင့်ကြံသူနှစ်ယောက်လည်း ရှိတယ်။ ဒါပေမဲ့ ဒါဟာ မလုံလောက်သေးဘူး…”
“မင်းက ဒီမျိုးဆက်ရဲ့ ချိပ်ပိတ်နယ်မြေအရှင် ဖြစ်လာမှတော့ ငါနဲ့အတူ၊ အတွင်းနယ်မြေတစ်ခုလုံးနဲ့အတူ သေတဲ့အထိ တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်ပြီလား…”
အရှင်ဟုန်ရှန်၏မျက်လုံးများသည် လျှပ်စီးတန်းအလား ဝမ်လင်းကို ကြည့်နေသည်။ သူ့ထံမှ တာအိုသခင်အိပ်မက်ပြာနှင့် ယှဉ်နိုင်သောဖိအားကို ပေးစွမ်းနေ၏။
ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
အလောင်းကောင်ကလန်မှ အဘိုးအိုသည် ဖြည်းဖြည်းချင်း ပြောလာ၏။ “ဒီအဘိုးအိုက အရှင်တောင်ပိုင်းတိမ်ပဲ။ ရောင်းရင်းကျင့်ကြံသူ အရှင်ဟုန်ရှန်ထံကနေ မင်းက ပြင်ပနယ်မြေကို သွားခဲ့တာ ငါ ကြားသိခဲ့ပြီးပြီ။ ပြင်ပနယ်မြေရဲ့ ခွန်အားဟာ ဘယ်လိုမျိုး ရှိလဲ…”
အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ နတ်ဘုရားကလန်မှ ကျင့်ကြံသူများသည် တဖြည်းဖြည်း လူပြန်ခွဲသွားသည်။ တိမ်ပင်လယ်သည် စစ်ပွဲအတွက် ပြန်၍ အသည်းအသန် ပြင်ဆင်ကြလေ၏။
အရှင်ဟုန်ရှန်နှင့် အရှင်တောင်ပိုင်းတိမ်တို့သည် ဝမ်လင်း ပြောပြသမျှကို နားထောင်ပြီးနောက် ငြိမ်သက်နေသည်။ သူတို့၏မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေ၏။ ပြင်ပနယ်မြေ၏ခွန်အားသည် သူတို့မျှော်လင့်ထားသည်ထက် ပိုကြီးမားလွန်းနေသည်။
“အဆိပ်အိုကြီးနဲ့ ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ သခင်ငါးပါးထဲက နှစ်ပါးကို ပိတ်ထားနိုင်ခဲ့တာဟာ မင်းအနေနဲ့ စစ်ပွဲအတွက် အများကြီး အကျိုးဆောင်ပေးလိုက်တာပဲ။ မင်းသာ အဲ့လိုမလုပ်နိုင်ခဲ့ရင်၊ ဒါမှမဟုတ် မင်းသာမရှိရင် ပြင်ပနယ်မြေကို တိုက်ခိုက်ရမယ့် တိုက်ပွဲဟာ ပိုခက်ခဲသွားနိုင်တယ်…”
အရှင်ဟုန်ရှန်သည် သက်ပြင်းချလိုက်သည်။
“ဒီမြေနိမ့်သားရဲက ငါ သိထားတာနဲ့ နည်းနည်းကွာခြားနေတဲ့ပုံပဲ။ ဒါက ရွှေရောင်မုန်တိုင်းကိုပါ ဝါးမြိုပစ်ခဲ့တယ်။ ဒါ့ကြောင့် မင်းအနေနဲ့ ဒီသားရဲကို ပိုပြီး လေ့လာထားသင့်တယ်…။ ရွှေရောင်ခေါင်းလောင်းဟာ ဒီတိုက်ပွဲအတွက် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက ပို့ပေးခဲ့တဲ့အရာပဲ။ ဒါပေမဲ့ ဒါကို တာအိုပညာရှင်ရေက ဖျက်စီးပစ်လိုက်ပြီ…”
“ဒါ့အပြင် အရှင်လုဖူ ပြောတဲ့ ခုနစ်ရောင်စုံနယ်မြေတွေလည်း ရှိသေးတယ်။ မင်းကတော့ တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းရဲ့ မဟာမိတ်ဌာနချုပ်အတွင်းမှာ ရှိတဲ့ ခုနစ်ရောင်စုံနယ်မြေတစ်ခုနဲ့ ပတ်သတ်ပြီး ဂရုစိုက်ပေးပါ။ ကျန်တာတွေကိုတော့ ငါတို့ သေသေချာချာ ရှာပြီး ဖျက်စီးလိုက်မယ်…” အရှင်တောင်ပိုင်းတိမ်သည် လေးလေးပင်ပင်လေသံဖြင့် ပြောလာသည်။
“ထိုက်အုလော…မင်းရဲ့ ချိပ်ပိတ်မှုတစ်ဝက်ကို ဖြေလျှော့ပေးမယ်။ ပြင်ပနယ်မြေနဲ့ တိုက်ပွဲပြီးသွားရင် တခြားတစ်ဝက်ကိုပါ ဖြေလျှော့ပေးမယ်…” အရှင်ဟုန်ရှန်၏အကြည့်က ခြေဗလာလူကြီးထံသို့ ကျရောက်သွားသည်။
ထိုက်အုလောသည် မျက်မှောင်ကြုတ်သွားသည်။ အနည်းငယ်စဉ်းစားပြီးနောက် သူက ခေါင်းညိတ်ပြလိုက်သည်။
ဝမ်လင်းသည် လူတိုင်းကို လက်နှစ်ဖက်ဆုပ်ပြ၏။ ထို့နောက် သူက ပုံပျက်ယွင်းမှုအတွင်း ကျင့်ကြံနေသော မူပင်းမေထံ ကြည့်လိုက်သည်။ သည့်နောက်တွင် သူသည် မြေနိမ့်သားရဲ၊ လင်းတန်၊ ကျိုးကျင်တို့ကို သိမ်းဆည်းပြီးနောက် ထွက်ခွာလာတော့သည်။
သူ ရှေ့သို့ လှမ်းလာရင်း သူသည် နတ်ဘုရားကလန်အပြင်ဘက်တွင်ပင် ရပ်တန့်မနေဘဲ ထွက်လာတော့သည်။ သို့ပေမည့် သူ ထွက်လာရင်း သူ၏နတ်ဘုရားအာရုံသည် လောကတစ်ခွင်သို့ ပျံ့လွင့်သည်။
“နတ်ဘုရားကလန်ကို ပြီးခဲ့တဲ့ချိပ်ပိတ်နယ်မြေအရှင်က ဖန်တီးခဲ့တာ။ ငါဟာ ဒီမျိုးဆက်ရဲ့ ချိပ်ပိတ်နယ်မြေအရှင်ပဲ။ နတ်ဘုရားကလန်က မူပင်းမေရဲ့ အမိန့်ကို နာခံဖို့ ငါ အမိန့်ပေးခဲ့တယ်။ မူပင်းမေကို နတ်ဘုရားကလန်ခေါင်းဆောင်နေရာ ငါ ပေးခဲ့တယ်…”
“မူလကလန်က ကျင့်ကြံသူတွေကလည်း နတ်ဘုရားကလန်နဲ့ ပေါင်းစည်းလိမ့်မယ်…”
“ချိပ်ပိတ်နယ်မြေအရှင်ရဲ့ အမိန့်အတိုင်းပါ…”
နတ်ဘုရားကလန်ရှိ ကျင့်ကြံသူများသည် ပြန်ဖြေကြား လိုက်သည်။
လွင့်ပါးသွားသောမြူများ တဖြည်းဖြည်း ပြန်ပေါ်လာသည်။ သို့သော် ယင်းတို့မှာ အရင်လောက် မသိပ်သည်းတော့ပေ။ မြူများသည် ရွှေရောင်မုန်တိုင်း တိုက်ခတ်မှုကြောင့် ပေါ်လာသော နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို ဖုံးကွယ်မထားတော့ပေ။
ထိုအစီအရင်သည် ပိုက်ကွန်တစ်ခုနှင့် တူ၏။ ကျင့်ကြံသူတိုင်းက ၎င်းကို မြင်ရနိုင်သည်။
ဝမ်လင်းသည် ကြယ်များကြားတွင် ပေါ်လာပြီး ရှေ့သို့ အေးဆေးစွာ လျှောက်လှမ်းသွားသည်။ တာအိုပညာရှင်ရေကို သတ်ပစ်ခဲ့ခြင်းက သူ၏စိတ်နှလုံးထဲရှိ ကိစ္စကြီးတစ်ခုကို ဖြေရှင်းပြီးသည်ဟု ဆိုနိုင်သည်။ ခုချိန်တွင် သူသည် အိမ်ပြန်ပေတော့မည်။
သူ့မွေးရပ်မြေ ရှိရာ နေရာသို့ ကြည့်ကာ ဝမ်လင်း၏မျက်နှာမှာ တဖြည်းဖြည်း ပျော့ပျောင်းလာ၏။ အလုံးစုံကောင်းကင် ဖြစ်စေ၊ တိမ်ပင်လယ်ဖြစ်စေ ယင်းတို့သည် သူ၏မွေးရပ်မြေ မဟုတ်ပေ။ တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းကသာ သူ၏ မွေးရပ်မြေ ဖြစ်လေ၏။
“စီနီယာအစ်ကိုချင်းရွှေ။ ငါ့မှာ အရင်တုန်းက သင့်ကို ကယ်တင်ပေးနိုင်မယ့် ခွန်အား မရှိခဲ့ဘူး။ ဒါပေမဲ့ ငါ အခု ဌာနေရပ်ကို ပြန်လာခဲ့ပြီ…” ဝမ်လင်းသည် ရှေ့သို့ ခြေလှမ်းကာ တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းထံသို့ ဦးတည်တော့သည်။
သို့ရာတွင် ထိုအခိုက်၌ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာသည်။
နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ အပြင်ဘက်တွင် တုန်လှုပ်ဖွယ်ဓားအလင်းတန်းတစ်ခုသည် လကလန်ဝင်များ သိမ်းပိုက်ထားသော ကြယ်နယ်မြေထံသို့ တရှိန်ထိုး ဦးတည်လာနေ၏။
ထိုဓားစွမ်းအင် အနီးကပ်လာခင်မှာ ကျယ်လောင်စွာ ပဲ့တင်ထပ်သည်။ ၎င်းကို လကလန်ခွဲများ၏ အဖွဲ့ဝင်များအားလုံး ကြားလိုက်ရသည်။
သူတို့သည် ခေါင်းမော့လိုက်သည့်အခါ ဓားစွမ်းအင်သည် ပေါက်ကွဲ၍ ပတ်ဝန်းကျင်ဧရိယာကို လွှမ်းခြုံသည်။ ရှေးဟောင်းအသံတစ်သံ လောကတွင် ပဲ့တင်ထပ်လာသည်။
“အုပ်စိုးသူကောင်စီက အမိန့်ထုတ်ပြန်လိုက်တယ်။ အတွင်းနယ်မြေကို တိုက်ခိုက်ဖို့အတွက် ပထမဆုံးတိုက်ပွဲမှာ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ရဲ့ အရှေ့ဘက်ခြမ်းမှာ လကလန်ဝင်အားလုံး စုစည်းကြ…”
လကလန်၏ ကျင့်ကြံသူအားလုံးသည် လှုပ်ခါသွားကြသည်။ ခဏတာ ငြိမ်သက်သွားပြီးနောက် ကလန်တစ်ခုလုံးတွင် အော်သံဟစ်သံ ပဲ့တင်ထပ်လေ၏။ သူတို့သည် ဒီနေ့ကို စောင့်နေသည်မှာ အချိန်ကြာလွန်းခဲ့ပြီ မဟုတ်လား။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၊ ကောင်းကင်ဘုံစိတ်ဝိညာဉ်ကလန်။ ဤအခိုက်တွင် တူညီသောဓားအလင်းတန်းတစ်ခုသည် ထိုကလန်သို့ ရောက်လာပြီး ရှေးဟောင်းအသံတစ်သံ ပဲ့တင်ထပ်သည်။
“အုပ်စိုးသူကောင်စီက အတွင်းနယ်မြေကို တိုက်ခိုက်ဖို့အတွက် ပထမဆုံးတိုက်ပွဲအနေနဲ့ နယ်မြေချိပ်ပိတ်ခြင်းအစီအရင် အပြင်ဘက်မှာ ကောင်းကင်ဘုံစိတ်ဝိညာဉ်ကလန်ဝင်တွေကို စုစည်းဖို့ အမိန့်ပေးတယ်…”
“အုပ်စိုးသူကောင်စီက အတွင်းနယ်မြေကို တိုက်ခိုက်ဖို့အတွက် ထိုက်တိမ်ကလန်ကိုလည်း ဆင့်ခေါ်တယ်….”
“အုပ်စိုးသူကလန်က အတွင်းနယ်မြေကို တိုက်ခိုက်ဖို့အတွက် မီးစာကလေးကလန်က ကျန်ရှိနေတဲ့သူတွေကိုလည်း စုစည်းဖို့ ဆင့်ခေါ်တယ်…”
“အုပ်စိုးသူကောင်စီက နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ရဲ့ အရှေ့ဘက်ခြမ်းမှာ စုစည်းဖို့ နတ်ဆိုးနဂါးကလန်ကို အမိန့်ပေးတယ်…”
ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ကလန်ဆယ်ခုကျော်သည် တစ်ချိန်တည်းမှာ အုပ်စိုးသူကောင်စီ၏ ဆင့်ခေါ်ခြင်းကို ခံရသည်။ သူတို့အားလုံးသည် လှုပ်ရှားလာကြသည်။
“ဒီအဘိုးအို၊ အုပ်စိုးသူကောင်စီရဲ့ အရှင်အရှေ့ဘက်ဉာဏ်အလင်းက အတွင်းနယ်မြေကို တိုက်ခိုက်မယ့် ပထမဆုံးတိုက်ပွဲကို ကြီးကြပ်မယ်…”
“ဒီအဘိုးအို မြင့်မြတ်သောနန်ကျောက်က အရှင်အရှေ့ဘက်ဉာဏ်အလင်းနဲ့အတူ ဒီတိုက်ပွဲကို ကွပ်ကဲမယ်…”
“အုပ်စိုးသူကောင်စီရဲ့ ဆရာသခင်ယွင်လောက ဒီတိုက်ပွဲအတွက် မဟာဗျူဟာ ချမှတ်ပေးမယ့်သူပဲ…”
နောက်ဆုံးစကားသည် ရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခုလုံးသို့ ပျံ့နှံ့ကာ ဒီကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူတိုင်း နားထဲသို့ ဝင်ရောက်လာသည်။ ထိုအဖြစ်က ရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခုလုံးကို တိုက်ပွဲဆန္ဒနှင့် ပြည့်နှက်လာစေသည်။
“အတွင်းနယ်မြေ တစ်လျှောက် မင်းတို့ရဲ့လမ်းမှ သတ်ဖြတ်သွားကြ။ အတွင်းနယ်မြေရဲ့ သက်ရှိအားလုံးကို သတ်ပစ်ကြ။ အတွင်းနယ်မြေရဲ့ ပုရွတ်ဆိတ်တွေကို ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ ခွန်အားကို သိပါစေ…”
“အတွင်းနယ်မြေရဲ့ ပုရွတ်ဆိတ်လို ကျင့်ကြံသူတွေက အတော်လေး ရက်စက်ကြမ်းကြုတ်ပြီး ကွန်းခိုရာလည်း မရှိဘူး။ ငါတို့က သတ်ဖြတ်မှုကို အသုံးပြုပြီး သူတို့ကို အမှန်တရားကို သိအောင်၊ ဉာဏ်အလင်းရအောင် လုပ်ပေးရအောင်…”
“အတွင်းနယ်မြေ တလျှောက် မင်းတို့ရဲ့လမ်းမှာ သတ်ဖြတ်ကြ…”
“ပုရွတ်ဆိတ်လို ကျင့်ကြံသူတွေကို သတ်ပစ်ကြ…”
“သူတို့ရဲ့ ရတနာအားလုံးကို ယူဆောင်ကြမယ်။ ဒီတိုက်ပွဲမှာ မင်းတို့ရတဲ့ဟာသမျှ မင်းတို့ အပိုင်ပဲ…”
“ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ အဆင့်သတ်မှတ်ချက်ကို ပြန်လည်ဖွင့်လှစ်တယ်။ ထိပ်ဆုံးအဆင့်တစ်ထောင်ဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ ကံကောင်းမှုကို လက်ခံရရှိမယ်။ ထိပ်ဆုံးတစ်ရာက ကောင်းကင်ဘုံကိုယ်လုပ်တော်တွေရဲ့ တပည့်တွေ ဖြစ်လာနိုင်မယ်။ ထိပ်ဆုံးတစ်ရာကတော့ နယ်မြေတစ်ခုကို ထိန်းချုပ်နိုင်မယ်…”
“ထိပ်ဆုံးသုံးယောက်။ သူတို့က တတိယအဆင့်ကျင့်ကြံသူတွေ ဖြစ်ခဲ့ရင် အဆင့်တစ်ဆယ် တာအိုစိတ်ဝိညာဉ်သုံးခုကို တစ်ယောက်စီထံ ပေးမယ်။ သူတို့က တတိယအဆင့်ကျင့်ကြံသူ မဟုတ်ရင် သူတို့ဟာ အုပ်စိုးသူရဲ့ တပည့်တွေ ဖြစ်လာနိုင်မယ်…”
“ရှေးသဘောတူညီချက်အရ အဆင့်တစ်ပုဂ္ဂိုလ်ကတော့ ကောင်းကင်ဘုံမင်းသမီးနဲ့ တာအိုလက်တွဲဖော် ဖြစ်လာနိုင်တယ်။ ပြီးရင် သူ့ကို ကောင်းကင်ဘုံအုပ်စိုးသူဆိုတဲ့ အမည်နာမကို ပေးအပ်မယ်…”
ထိုသတင်းများသည် ရှေးဟောင်းကြယ်အဖွဲ့အစည်းအနှံ့သို့ ပျံ့လွင့်ကာ ဒီကြယ်အဖွဲ့အစည်း၏ တိုက်ပွဲဆန္ဒကို မီးစထိုးပေးသလို ဖြစ်စေသည်။
မရေမတွက်နိုင်သောကလန်များ ပါဝင်သည့် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ရည်ရွယ်ချက်တစ်ခုမှာ ဓားပြတိုက်ရန် ဖြစ်သည်။
သူတို့ နှစ်သက်သည့်အရာအားလုံးကို ဓားပြတိုက်မည်။ သူတို့လိုအပ်သည့် အရာအားလုံးကို ဓားပြတိုက်မည်။ သူတို့ ပျော်မြူးမည့် အမျိုးသမီးကျင့်ကြံသူတိုင်းကို ကိုယ်လုပ်တော်များအဖြစ် ဓားပြတိုက်မည်။
“အတွင်းနယ်မြေရဲ့ ပုရွတ်ဆိတ်တွေလို ကျင့်ကြံသူတွေကြားမှာ ဝမ်လင်းလို့ ခေါ်တဲ့ လူတစ်ယောက် ရှိတယ်။ သူဟာ ပြန့်ကျဲမိုးကြိုးကလန်ကို သတ်ဖြတ်ခဲ့ပြီး လကလန်ခွဲတစ်ခုကိုလည်း ဖျက်စီးခဲ့တယ်။ ပြင်ပနယ်မြေရဲ့ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို သတ်ခဲ့တယ်…”
“ရှေးဟောင်းကြယ်အဖွဲ့အစည်း အဆင့်သတ်မှတ်ချက် ဖွင့်လှစ်တဲ့အခါကျရင် အတွင်းနယ်မြေရဲ့ သတ်ပစ်ရမယ့်လူစာရင်းကိုလည်း ဖွင့်ဟမယ်။ သူ့ကို သတ်နိုင်တဲ့ ဘယ်သူမဆို ကျင့်ကြံသူတစ်သောင်းကို သတ်နိုင်တာနဲ့ ညှိမျှတဲ့ ဂုဏ်ထူးဆောင်မှုကို လက်ခံရရှိမယ်…”
“သတ်၊ သတ်၊ သတ်၊ သတ်ကြ…”
ပြင်ပနယ်မြေအနှံ့တွင် စစ်ပွဲအတွက် ဟစ်ကြွေးအော်သံများ ပျံ့နှံ့နေရင်းက ပထမဆုံးတိုက်ပွဲအတွက် ဆင့်ခေါ်ခံထားရသော ကလန်ဆယ့်သုံးခုသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ အရှေ့ဘက်ခြမ်းတွင် စုစည်းနေကြသည်။ ခုလက်ရှိတွင် ကျင့်ကြံသူ ကိုးသောင်း နီးပါး ရှိလေပြီ။ သူတို့အားလုံးသည် ရှေ့ရှိ အစီအရင်ကို စိုက်ကြည့်နေရင်း ရက်စက်မည့်အပြုံးများ လှစ်ဟထားကြသည်။ ထိုအစီအရင် ပွင့်ဟသွားသည်နှင့် သူတို့သည် တိုးဝင်တိုက်ခိုက် သတ်ဖြတ်ကြမည် ဖြစ်သည်။
ထိုကျင့်ကြံသူတစ်ယောက်ချင်းစီ၏ မျက်ခုံးများကြားတွင် အမှတ်အသားတစ်ခု ရှိနေကြသည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ထူးဆန်းသောအော်ရာတစ်ခုကို စတင်ပေါ်လာစေသည်။ ကျင့်ကြံသူကိုးသောင်းနီးပါး၏ သွေးများသည် စတင် ဆူပွက်လာကြသည်။
အကွာအဝေးတစ်ခု၌ လူလေးယောက် လေထဲ၌ ရှိနေ၏။ ရှေ့ဆုံးမှ အဘိုးအိုသည် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့မျက်လုံးမှာ တောက်ပနေ၏။ သူ၏မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားသည် မြွေနက်တစ်ကောင်ပင်။
ထိုသူမှာ အရှင်အရှေ့ပိုင်းဉာဏ်အလင်းပင်။
သူသည် သခင်ငါးပါးထဲမှ တစ်ယောက် မဟုတ်သော်လည်း ဆန်းကြယ်လေဟာနယ်အဆင့် အစောပိုင်းတွင် ရှိနေသူပင်။
သူ့ဘေးတွင် လူငယ်တစ်ယောက် ရှိ၏။ ထိုလူငယ်မှာ အတော်လေး ချောမောသည်။ သို့သော် သူ့မျက်လုံးက ကျဉ်းမြောင်းနေ၏။ သူ မျက်စိမှေးလိုက်တိုင်း အေးစက်စက်လင်းလက်သွားသည်။
သူ့ခန္ဓာကိုယ်ပတ်လည်တွင် မြူလွှာတစ်ခု ဝန်းရံထားသဖြင့် သူ့ပုံစံကို ထူးဆန်းသည့်ပုံပေါက်စေသည်။ သူ၏မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားသည် လှည့်ပတ်နေသောမြူနက်တစ်ခုပင်။
သူကား မြင့်မြတ်သောနန်ကျောက်ပင်။ သူ၏ကျင့်ကြံမှုအဆင့်သည် အဆိပ်အိုကြီးလောက် မမြင့်မားဘဲ စိတ်ဝိညာဉ်လေဟာနယ်အဆင့်တွင်သာ ရှိသော်လည်း သူ၏အဆိပ်သည် အဆိပ်အိုကြီးကဲ့သို့ပင် ကျော်ကြားပေသည်။
သူတို့နှစ်ယောက်ဘေးတွင် မီးစာကလေးကလန်မှ သုန်မှုန်နေသော ဘိုးဘေး ရှိ၏။ သူသည် သူ့ရှေ့ရှိ အစီအရင်ကို စိုက်ကြည့်နေလျက် ရူးသွပ်ဖွယ်သတ်ဖြတ်လိုစိတ်ကို လှစ်ဟထားသည်။
သူတို့သုံးယောက်ရှေ့တွင် တိမ်ပိုးသားဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက် ရှိသည်။ သူမက ခေါင်းငုံ့ထား၏။ သူမသည် ဆရာသခင်ယွင်လောပင်။ သူမ၏လက်နှစ်ဖက်သည် တစ်စုံတစ်ခုကို ကြိုတင်ခန့်မှန်း ကြည့်နေသည့်လား မြန်ဆန်စွာ လှုပ်ရှားနေသည်။ သူမ၏မျက်လုံးထဲတွင်လည်း စိုးရိမ်ပူပန်မှု အရိပ်အမြွက် ရှိသည်။
“အတွင်းနယ်မြေရဲ့ တတိယအဆင့်ကျင့်ကြံသူတွေ အုပ်စိုးသူ ချခင်းထားတဲ့ ခုနစ်ရောင်စုံနယ်မြေအကြောင်း ရှာတွေ့သွားတာကို ပြောပြခဲ့တဲ့အတွက် ငါ့အနေနဲ့ ဆရာသခင်ယွင်လောကို ကျေးဇူးတင်ရလိမ့်မယ်။ ဒါပေမဲ့ အတွင်းနယ်မြေရဲ့ ပုရွတ်ဆိတ်လို ကျင့်ကြံသူတွေက အုပ်စိုးသူ ချခင်းထားတဲ့ အစစ်အမှန်အစီအစဉ်ကို ဘယ်လိုများ မြင်နိုင်၊သိနိုင်ပါ့မလဲ…” အရှင်အရှေ့ပိုင်းဉာဏ်အလင်းက ပြုံး၍ ဆို၏။
ဆရာသခင်ယွင်လောသည် သူမ၏လှပသောလက်ကို ပင့်မြှောက်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီတိုက်ပွဲရဲ့ ရည်ရွယ်ချက်ဟာ သတ်ဖို့ မဟုတ်ဘူး။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အထိုင်ချနိုင်ဖို့သာ ဖြစ်တယ်။ ဒါကို စိတ်ထဲ ထည့်ထားပါ။ ဒါ့အပြင် ဝမ်လင်းဆိုတဲ့သူကို တတ်နိုင်သမျှ အမြန်ဆုံး သတ်ရမယ်။ သူ့ကို ရှင်သန်ခွင့် ပေးလို့ မဖြစ်ဘူး…”
***