ဒွန်ဟောင်တိယွမ်
Vol. 183 Ch. 2616
ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းမော့ကာ အထက်သို့ ပျံတက်သွားပြီး မြင့်မားသောကောင်းကင်ထက်သို့ ဦးတည်ပျံသန်းသွားလေသည်။
ဤနေရာသည် ဒွန်ဟောင်အင်ပါယာနန်းတော်မဟုတ်သဖြင့် သူမသည် မလိုအပ်ဘဲ အဆောက်အဦးများ၊ ပစ္စည်းများကို မဖျက်ဆီးပစ်လိုပေ။
ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်၏ လှုပ်ရှားမှုများကို တွေ့လိုက်ရသောအခါ သူသည်လည်း သူမနောက်သို့လိုက်၍ မြင့်မားသောကောင်းကင်ထက်သို့ ပျံတက်သွားလိုက်သည်။
သူတို့နှစ်ဦးသည် နတ်ဆိုးချောက်ကမ်းပါး နောက်နားသို့ ရောက်သည်အထိ ပျံတက်နေကြသည်။ မိုးကောင်းကင်ထက်တွင် နက်မှောင်သော အဖျက်အရှိန်အဝါတစ်ခု လှည့်လည်နေပေသည်။ သို့သော် နမိတ်မကောင်းသော ထိုတိမ်တိုက်မည်းများအောက်တွင် နတ်အလင်းများ တလက်လက်တောက်ပေနေသော လူနှစ်ယောက် ရှိနေ၏။
ဝှီး...
လေပြင်းတစ်ချက်တိုက်ခိုက်သွား၏။ ဒွန်ဟောင်တိယွမ်သည် နတ်ဇာမနီတစ်ကောင်၏ အရိပ်အောက်တွင် ရှိနေသည်ဟု ထင်ရပေသည်။ နတ်ဇာမနီသည် ရှေးခေတ်မှ ဒီမွန်ဧကရာဇ်နှင့် ဆင်တူပြီး မယှဉ်နိုင်လောက်အောင် မြင့်မြတ်ထည်ဝါလေသည်။ ဒွန်ဟောင်တိယွမ်အနောက်ရှိ နတ်အတောင်ပံများသည်ပင် တောက်ပသော ရွှေရောင်ငှက်မွေးများဖြင့် လွှမ်းခြုံနေပြီး နတ်အရောင်အဝါများ တလက်လက်တောက်ပနေသည်။
ရုတ်ခြည်းအတွင်းမှာပင် အထက်ရှိ ကပ်ဘေးတိမ်မည်းများထဲတွင် အလင်းတစ်ခု တောက်ပလာပြီး မည်းမှောင်နေသောကောင်းကင်ထဲတွင် အနီရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။ နတ်ဆိုးအင်ပါယာနန်းတော်အတွင်းရှိ နတ်ဆိုးကျင့်ကြံသူအများအပြားသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြပြီး သူတို့၏မျက်နှာပေါ်တွင် အံ့အားသင့်သည့်အရိပ်အယောင်တစ်ခု ပေါ်လာကြသည်။ သူတို့သည် ဧရာမနတ်ဇာမနီကြီးကို မြင်လိုက်ရသောအခါ ရင်တုန်သွားကြသည်။
ထိုမြင်ကွင်းသည် လွန်စွာ အံ့အားသင့်စရာ ကောင်းပေသည်။ ထိုနေရာတွင် မည်သူရှိနေခြင်းနည်း။
ကျင့်ကြံသူများစွာသည် ကောင်းကင်ထက်သို့ ပျံတက်လိုက်ကြပြီး နတ်ဆိုးခန်းမများစွာ၏ ထိပ်တွင် ရပ်ကာ ကောင်းကင်သို့ မော့ကြည့်နေကြသည်။ ပိုမြင့်သော ကောင်းကင်ထက်သို့ ဦးတည်ပျံတက်သွားသည့် မဟာနတ်ဆိုးများလည်း ရှိပေသည်။ သို့သော် သူတို့သည် အထက်သို့ ရောက်လာသောအခါ အားကောင်းသော အရှိန်အဝါဖိအားကို ခံစားလိုက်ရသည်။ ကောင်းကင်ထက်သို့ ထိုအမြင့်အထိရောက်အောင် ပျံတက်နိုင်သူမှာ စွမ်းအားကြီးသော ကျင့်ကြံခြင်းအစွမ်းရှိသူဖြစ်ရပေမည်။ ထိုနေရာတွင် တိုက်ခိုက်နေသူများမှာ မည်သူများ ဖြစ်နိုင်သနည်း။
“အဲဒါက နတ်ဇာမနီပဲ...”
ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကိုကြည့်ကာ ထိုဇာမနီပုံရိပ်ထံမှ ထွက်ပေါ်လာသည့် ဖိအားကို ခံစားနေရ၏။
ခံစားနေရသော ထိုဖိအားကို အတော်လေး ရင်းနှီးနေသည်။ တစ်ချိန်က သူ ဥဒေါင်းဒီမွန်ဧကရာဇ်၏ အရိုးစုနှင့် ရင်ဆိုင်ခဲ့စဉ်က ထိုကဲ့သို့ ခံစားချက်ကို သူခံစားခဲ့ရဖူးသည်။
ထိုဖိအားသည် ဒီမွန်ဧကရာဇ်၏ အရှိန်အဝါဖြစ်သည်။
သူ့ရှေ့တွင် ဖြစ်ပျက်နေသောအရာများသည် သူ့ရှေ့တွင် ရပ်နေသူမှာ အရှင်ဒွန်ဟောင်၏ သမီးတော်ဖြစ်ကြောင်းကို ထပ်မံ သတိပေးလိုက်ပုံပင်။ သူ၏ကျင့်ကြံခြင်းလမ်းခရီးတစ်လျှောက်တွင် သူသည် မဟာအင်ပါယာများစွာ၏ အမွေအနှစ်များကို ရရှိခဲ့သည်။ ဒွန်ဟောင်တိယွမ်ကဲ့သို့သော သူမျိုး၏အခွင့်အလမ်းသည် သူ၏အခွင့်အလမ်းထက် ပိုနည်းမည်လော။
အရှင်ဒွန်ဟောင်သည် သူမကို အကောင်းဆုံးတွေချည်း ပေးခဲ့ပေလိမ့်မည်။
ထိုအရှိန်အဝါတစ်ခုတည်းဖြင့်ပင် ဒွန်ဟောင်တိယွမ်သည် နတ်ဇာမနီဒီမွန်ဧရာဇ်၏ စွမ်းအားကို ရရှိခဲ့ကြောင်းကို သူသိသည်။
ရီဖူရှင်းသည် ကျင့်ကြံခြင်းလမ်းစဉ်တွင် ပြိုင်ဘက်ကင်းဖြစ်ခဲ့သော်လည်း မိမိကိုယ်ကို ပြန်သုံးသပ်ဆင်ခြင်ခြင်းသည် တစ်ခါတစ်ရံတွင် လိုအပ်ပေသည်။ သူသည် အနည်းငယ် ယုံကြည်မှုလွန်ကဲခဲ့သည့်ပုံပင်။ ထို့ကြောင့် သူသည် ဒွန်ဟောင်တိယွမ်၏ စွမ်းဆောင်နိုင်စွမ်းကို လျှော့တွက်ခဲ့မိသည်။ တိုက်ပွဲမစခင်က သူသည် ဒွန်ဟောင်တိယွမ်၏ အင်အားအစစ်အမှန်ကို မသိခဲ့ပေ။
သို့သော် ဤအခိုက်တွင် သူမ၏အစွမ်းကို လျစ်လျူမရှုနိုင်တော့ချေ။ သူ၏မျက်လုံးများသည် တည်ကြည်လေးနက်သွားပြီး သူသည် အတော်လေး အရေးတယူဖြစ်သွား၏။
“ရှင်က မဟာအင်ပါယာရှန့်ကျားရဲ့ စွမ်းအားကြီးပြီး ပြိုင်ဘက်ကင်းတဲ့ ခန္ဓာကိုယ်ကနေပြီး နတ်ခန္ဓာအကြောင်းကို သိမြင်နားလည်ခဲ့တာပဲ။ ဒီတော့ အဲဒီစွမ်းအားကို ကျွန်မကိုယ်တိုင် စမ်းသပ်ကြည့်ရမှာပေါ့...”
ဒွန်ဟောင်တိယွမ်သည် လွန်စွာမာနကြီးပြီး သူမ၏မွေးရာပါထည်ဝါသောဟန်ပန်ကို ထုတ်ပြလိုက်သည်။ လောကကြီးသည် သူမ၏ တော်ဝင်အဆင့်အတန်းနှင့် ပြိုင်ဘက်ကင်းအလှတရားကိုသာ မြင်ပြီး သူမ၏ပါရမီနှင့် အင်အားကိုမူ မေ့လျော့နေခဲ့သည်။
ဝမ်ရှောင်သည် ဒွန်ဟောင်တိယွမ်ကို လက်ဆက်ခွင့်တောင်းရန် ကြံခဲ့စဉ်က လှံအင်ပါယာတုယူသည် သူ့ကို အထင်သေးခဲ့သည်။ တုယူသည် အရှင်ဒွန်ဟောင်၏ တပည့်ရင်းတစ်ဦးဖြစ်သဖြင့် ဒွန်ဟောင်တိယွမ်က မည်မျှစွမ်းအားကြီးကြောင်းကို သူသိသည်။ သို့သော် သူမသည် သူမ၏စွမ်းအားအစစ်အမှန်ကို လောကကြီးအား တစ်ခါမှ ထုတ်မပြခဲ့ပေ။
ဤအခိုက်မတိုင်ခင်အထိ ရီဖူရှင်းပင် သူမ၏ အင်အားအစစ်အမှန်နှင့် ကျင့်ကြံခြင်းအဆင့်ကို မသိခဲ့ချေ။
“ကြိုက်သလိုလုပ်ပါ...”
ရီဖူရှင်းနောက်တွင် ဥဒေါင်းဒီမွန်နတ်ဘုရားပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် လွန်စွာလွှမ်းမိုးအားကြီးပေသည်။ သူ့ထံမှနေ၍ ခက်ထန်သော အတုမဲ့နတ်အလင်းတစ်ခု စီးဆင်းလာ၏။ သူ၏ခန္ဓာကိုယ်သည် လင်းလက်သွားပြီး အံ့အားသင့်ဖွယ် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဒွန်ဟောင်တိယွမ်ထံသို့ အရှိန်အဟုန်ဖြင့် ပျံဝင်သွားလေသည်။
သူသည် နတ်ခန္ဓာကို သိမြင်နားလည်ထားသဖြင့် သူ၏မည်သည့်ပြိုင်ဘက်အပေါ်တွင် ခန္ဓာကိုယ်လမ်းစဉ်ကို အသုံးမပြုခဲ့ပေ။ သူသည် ကပ်ဘေးများစွာကို ကျော်ဖြတ်နိုင်ခဲ့သဖြင့် ယခုတွင် သူ၏ခန္ဓာကိုယ်သည် အဆပေါင်းများစွာ ပို၍သန်မာနေပြီဖြစ်သည်။
သူ၏ခန္ဓာကိုယ်သည် အလွန်စွမ်းအားကြီးကြောင့် ဒွန်ဟောင်တိယွမ် ကောင်းစွာသိသည်။ သို့သော် သူမသည် သူနှင့် ခန္ဓာကိုယ်စွမ်းအားချင်း ယှဉ်ပြိုင်လိုနေ၏။
ရီဖူရှင်းသည် လျှပ်စီးတန်းတစ်ခုအဖြစ် အာကာပြင်ကို ဖြတ်သန်းသွား၏။ သူသည် ဒွန်ဟောင်တိယွမ်၏အရှေ့သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်သွား၏။ သူသည် ဝေ့ဝိုက်မနေတော့ဘဲ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးနိုင်သည့် လက်သီးအရှိန်အဝါပါသည့် လက်သီးချက်တစ်ချက်ကိုသာ ပစ်သွင်းလိုက်လေသည်။ ထိုလက်သီးကို နတ်အလင်းက လွှမ်းခြုံထားသည်။ ထိုလက်သီးချက်သည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေနိုင်အောင်လုံလောက်သော အင်အားရှိလေသည်။
ထိုလက်သီးချက်တစ်ချက်တည်းဖြင့်ပင် သူသည် ဒွန်ဟောင်တိယွမ်၏ သွယ်လျသောခန္ဓာကိုယ်လေးကို ပေါက်ထွက်သွားအောင် ထိုးပစ်နိုင်သည်ဟု ထင်ရ၏။
ရွှေရောင်တောက်ပနေသော ပုံရိပ်တစ်ခုသည် ရီဖူရှင်းအရှေ့သို့ ရောက်လာပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်ပေသည်။ ဟင်းလင်းပြင်ထဲတွင် ဧရာမဝိညာဉ်ပုံရိပ်ကြီးနှစ်ခု ထွက်ပေါ်လာ၏။ ၎င်းတို့သည် နတ်ဇာမနီဝိညာဉ်ပုံရိပ်နှင့် ဥဒေါင်းဒီမွန်နတ်ဘုရားဝိညာဉ်ပုံရိပ်တို့ဖြစ်သည်။
ဝုန်း...
မိုးကောင်းကင်ထက်တွင် ကျယ်လောင်သောအသံကြီးတစ်သံသည် တိတ်ဆိတ်မှုကို ဝါးမျိုသွားပြီး အတောက်ပဆုံးအလင်းတစ်ခု ထွက်ပေါ်လာပြီး နတ်ဆိုးအင်ပါယာနန်းတော်အထက်ရှိ ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံသွား၏။ နတ်ဆိုးအင်ပါယာနန်းတော်အပြင်ဘက်ရှိ မြို့တော်အတွင်းမှာပင် လူပေါင်းများစွာ စုဝေးနေပြီး သူ့တို့ရှေ့တွင် ဖြစ်ပေါ်လာသော မြင်ကွင်းကို မြင်လိုက်ကြလေသည်။ ကောင်းကင်သည် အရောင်ပြောင်းလဲနေပြီး အဝေးမှနေ၍ပင် ဧရာမ နတ်ဇာမနီနှင့် ဥဒေါင်းတို့ကို လှမ်းမြင်နိုင်နေပေသည်။
ထိပ်သီးများသည် နတ်ဆိုးအင်ပါယာအထက်ရှိ ကောင်းကင်ထဲတွင် တိုက်ခိုက်နေပေသည်။
အလင်းတန်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု အကြိမ်ကြိမ် ထိတိုက်နေကြ၏။ ထိုတိုက်ပွဲသည် ကောင်းကင်ထက်ရှိ ကပ်ဘေးတိမ်တိုက်များကိုပါ ဖျက်ဆီးပစ်တော့မလိုပင် ထင်ရသည်။ ထိတိုက်မှုအရောင်အဝါများသည် အပြင်ဘက်သို့ ရိုက်ခတ်နေပြီး မိုးကောင်းကင်ထက်မှ ကျဆင်းနေသော ကြောက်မက်ဖွယ် အဖျက်နတ်အလင်းတစ်ခုလည်း ရှိနေလေသည်။ ခပ်အုပ်အုပ် ထိတိုက်သံများကို အဆက်မပြတ်ကြားနေရပြီး နတ်ဆိုးအင်ပါယာနန်းတော်ထဲမှ အားလုံးကို အပြင်းအထန်ရင်ခုန်နေစေသည်။
ထိုတိုက်ပွဲသည် ကြောက်မက်ဖွယ်တိုက်ပွဲတစ်ပွဲပင်။
နတ်ဆိုးသူတော်စင်အဆင့်ရှိသည့်သူများ တိုက်ခိုက်မှသာ ထိုကဲ့သို့သော တိုက်ပွဲမျိုး ဖြစ်ပေါ်လာနိုင်ပေသည်။
နောက်ဆုံးတွင် နတ်အလင်းတစ်ခု ပြန့်ကားသွားပြီး သူတို့နှစ်ဦးသည် လူပြန်ခွဲလိုက်ကြသည်။
ရီဖူရှင်း၏ နောက်ကျောဘက်တွင် ဥဒေါင်းဒီမွန်နတ်ဘုရား၏ဝိညာဉ်ပုံရိပ်ရှိနေပြီး မဟာလမ်းစဉ်နတ်အလင်းသည် သူ့ခန္ဓာကိုယ်ကို အဆုံးမဲ့လှည့်ပတ်နေ၏။ သူသည် သူ့ရှေ့ရှိ ပြိုင်ဘက်ကင်းမိန်းမပျိုကို စိုက်ကြည့်သည်။ ခန္ဓာကိုယ်စွမ်းအားချင်း ယှဉ်ပြိုင်ရာတွင် သူသည် သူမကို အသာမရနိုင်ဟု သူမမျှော်လင့်ခဲ့ပေ။
မင်းသမီး၏လှပသောမျက်ဝန်းလေးများသည်လည်း ရီဖူရှင်းကို စိုက်ကြည့်နေသည်။ သူမ၏သွယ်လျသောခန္ဓာကိုယ်လေးသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်စွမ်းအင်မျိုးကို ထုတ်လွှတ်နိုင်စွမ်းရှိသည်ကို တွေးကြည့်ရန်ပင် မလွယ်ပေ။ သူမသည် ထိုကဲ့သို့ စွမ်းအားကြီးခန္ဓာကိုယ်မျိုးရအောင် မည်သို့ကျင့်ကြံခဲ့သည်ကို သူမသာ သိပေလိမ့်မည်။ သူမ၏ကျင့်ကြံခြင်းပတ်ဝန်းကျင်သည် ရီဖူရှင်း အိပ်မက်ပင်မက်နိုင်သော အရာတစ်ခု မဟုတ်ပေ။ ရီဖူရှင်းအနေဖြင့် အံ့အားသင့်ဖွယ်ကောင်းသောအခွင့်အရေးမည်မျှ ရရှိခဲ့သည်ဖြစ်စေ ထိုအခွင့်အရေးများသည် သူမရရှိသော အခွင့်အရေးများနှင့် မည်သည့်အခါမှ ယှဉ်နိုင်မည်မဟုတ်ပေ။
အရှင်ဒွန်ဟောင်သည် သူမကို ငယ်ရွယ်စဉ်ကတည်းက အကောင်းဆုံးအခြေအနေများဖြင့် ပြုစုပျိုးထောင်ခဲ့သည်။ အချိန်ဖြစ်စေ၊ နေရာဖြစ်စေ ကျင့်ကြံခြင်းအတွက် အသင့်တော်ဆုံး အရင်းအမြစ်များသည် သူမအတွက် အလိုရှိတိုင်း ရနိုင်ခဲ့၏။
သူမ တွေ့ကြုံခဲ့ရသည်မှာ အခြားလောကအားလုံးမှအတွေ့အကြုံများနှင့် ကွာခြား၏။ မည်သူမှ သူမနှင့် ကျင့်ကြံခြင်းဆိုင်ရာအရင်းအမြစ်များကို မယှဉ်ပြိုင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးသည် သူမတစ်ဦးတည်း၏အပိုင်ဖြစ်သောကြောင့်ပင်ဖြစ်သည်။
ထို့အပြင် သူမ၏ခမည်းတော်သည် သူမကို မည်မျှအလေးအနက်ထားပျိုးထောင်ပေးခဲ့သည်ကို သူမသာသိသည်။
ရီဖူရှင်းသည် မဟာအင်ပါယာရှန့်ကျား၏ခန္ဓာကိုယ်ကို သိမြင်နားလည်ခဲ့ပြီး ဥဒေါင်းဒီမွန်ဧကရာဇ်၏ အမွေအနှစ်ကို ပိုင်ဆိုင်ခဲ့သည်။
သို့သော် သူမသည် အမှန်တကယ် မြင့်မြတ်သော ဇာမနီဒီမွန်ဧကရာဇ်၏ သွေးထဲတွင် စိမ်ခဲ့ရသူဖြစ်ပြီး မြင့်မြတ်သောသွေး၏ သန့်စင်မှုကို ခံခဲ့ရသည်။ ထို့အပြင် ထိုသွေးသည် သူမခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပေါင်းစည်းခဲ့ပေသည်။
ထိုအရာသည် တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပေသေးသည်။ သူမသည် သူမ၏အသွေးအသားနှင့် နတ်မီးတောက်ကပ်ဘေးကို ကျော်ဖြတ်ခဲ့သည်။ ယခုတွင် သူမ၏ နတ်ခန္ဓာသည် အခြားမည်သည့်နတ်လက်နက်များထက်မဆို ပို၍ထက်ရှကာ၊ ပို၍သေနိုင်စေလေသည်။
သူမသည် သူမ၏ကျင့်ကြံခြင်းလမ်းခရီးတွင် အင်အားအနည်းကိုမှ မဖြုန်းတီးခဲ့ပေ။ သူမသည် အရင်းအမြစ်နှင့်ပတ်သတ်လျှင် အကောင်းတကာ့အကောင်းဆုံးများကိုသာ ရရှိခဲ့ပြီး စွမ်းအားအကြီးဆုံး ကျင့်ကြံနည်းစနစ်များကိုလည်း ရရှိခဲ့သူဖြစ်သည်။
“မဆိုးပါဘူး...”
ဒွန်ဟောင်တိယွမ်၏ ဇာမနီဝတ်ရုံသည် လေထဲတွင် ဝဲလွင့်နေပြီး သူမ၏မျက်ဝန်းများကို ရီဖူရှင်းကို ထပ်မံ စေ့စေ့စပ်စပ်ကြည့်လိုက်လေသည်။ သူမပြောလိုက်၏။
“ရှင်က ဓားသိုင်းမှာလည်း ဆရာတစ်ဆူပဲလို့ ကျွန်မကြားတယ်။ ရှင့်ဓားက ဘယ်လောက်ထက်တယ်ဆိုတာ ကျွန်မကို ပြပါဦး”
ရွှီး...
ဒွန်ဟောင်တိယွမ်၏ အသံထွက်ပေါ်လာ၏နှင့်တစ်ပြိုင်နက် နတ်အလင်းတန်းများ ပျံထွက်လာပေသည်။ မိုးကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် မဟာလမ်းစဉ်စက်ကွင်းတစ်ခု ဖြစ်ပေါ်လာပုံပင်။ ရီဖူရှင်းအထက်တွင် တောက်ပသော ရွှေရောင်သင်္ကေတများ အဆုံးမဲ့ထွက်ပေါ်လာ၏။ ၎င်းတို့သည် အလွန်ကြောက်မက်ဖွယ်ကောင်းကာ စူးရှသော အရှိန်အဝါဖြင့် ပြည့်နှက်နေ၏။
ထိုတောက်ပသောရွှေရောင်သင်္ကေတများသည် အတူတကွပေါင်းစည်းသွားကာ နတ်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ဓားအလင်းသည် အာကာပြင်ကို လွှမ်းခြုံသွား၏။ ရုတ်ခြည်းအတွင်းမှာပင် ၎င်းသည် အောက်ဘက်ရှိ နေရာကို လွှမ်းမိုးသွားပြီး ထိုဓားစက်ကွင်းအတွင်း၌ ရီဖူရှင်း၏ခန္ဓာကိုယ်ကို ဝါးမျိုသွား၏။
ထိုဓားအရှိန်အဝါအောက်တွင် အာကာပြင်တစ်ခွင်လုံးသည် ပျက်စီးလုဆဲဆဲဖြစ်နေသည်ဟု ထင်ရပြီး မမြင်နိုင်သော ဓားအရိပ်များသည် အောက်သို့ ကျဆင်းလာကာ ထိုဓားစက်ကွင်းအတွင်း၌ လွတ်လပ်စွာ ပျံသန်းနေကြ၏။
ရီဖူရှင်း မော့ကြည့်လိုက်ပြီး ဒွန်ဟောင်တိယွမ်သည် သူကျွမ်းကျင်သော ပညာရပ်နယ်ပယ်အားလုံးကို ယှဉ်ပြိုင်နေလိုချင်းပေလောဟု တွေးမိလိုက်လေသည်။