← Chapters

သေနိုင်လောက်သောတိုက်ပွဲ

Vol. 183 Ch. 2618

သေနိုင်လောက်သောတိုက်ပွဲ

Vol. 183 Ch. 2618

ရီဖူရှင်းသည် မတ်မတ်ရပ်၍ လောကကြီး၏ တော်ဝင်အုပ်ချုပ်သူတစ်ယောက်ကဲ့သို့ နတ်အရောင်အဝါများအောက်တွင် ရှိနေသည့် ဒွန်ဟောင်တိယွမ်ကို ကြည့်သည်။

သူတို့နှစ်ဦးစလုံးသည် မဟာအင်ပါယာများ၏ ဝိညာဉ်စွမ်းအားများကို ပိုင်ဆိုင်ထားကြပြီး တစ်ပါးထက်ပိုသော မဟာအင်ပါယာများ၏ အမွေအနှစ်များကိုလည်း ပိုင်ဆိုင်ထားပေသည်။ ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို ရင်ဆိုင်နေရခြင်းဖြစ်ရာ သူ့တွင် မည်သည့်အားသာချက်မှ ရှိမနေချေ။

သူအသက်ကိုရင်း၍ ရရှိခဲ့သော အရင်းအမြစ်များသည် သူမ မွေးကတည်းက ရခဲ့သောအရာများဖြစ်သည်ဟု ဒွန်ဟောင်တိယွမ်က ဆိုခြင်းမှာ အမှန်ပင်ဖြစ်ပေသည်။ သို့သော် သူ ထိုကဲ့သို့ သေရေး၊ ရှင်ရေးအခြေအနေများကို ဖြတ်ကျော်ရခဲ့သဖြင့် ခိုင်မာလာသော စိတ်ဓာတ်စွမ်းအားမှာမူ ဒွန်ဟောင်တိယွမ် ပိုင်ဆိုင်သည်ဟု မပြောနိုင်သောအရာဖြစ်သည်။

ရွှီး...

ဓားအလင်းတန်းသည် သူ့ကို ပတ်ချာလှည့်နေပြီး သူ့တစ်ကိုယ်လုံး တောက်ပနေလေသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားအကုန်လုံးသည် ဓားအလင်းတန်းအဖြစ်ပြောင်းလဲသွားကာ နတ်ခန္ဓာပေါ်တွင် စီးဆင်းနေသည်ဟု ထင်ရပေသည်။ လောကအတွင်းရှိ မည်သည့်အရာကမှ မချိုးဖျက်နိုင်ဟုထင်ရသော လွန်စွာထက်ရှသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

“အကန့်အသတ်မဲ့...”

ရီဖူရှင်းသည် အတွေးတစ်ချက်ဖြင့် ပျောက်ကွယ်သွား၏။ ထိုအခိုက်တွင် ဒွန်ဟောင်တိယွမ်သည်လည်း ထိုကဲ့သို့ပင် အတုမဲ့သည့် နတ်အရောင်အဝါတစ်ခုကို ထုတ်လွှတ်လိုက်၏။ သူမ၏နတ်ခန္ဓာအတွင်း၌ နတ်အမှတ်အသားများနှင့် မဟာလမ်းစဉ်အမှတ်အသားများကို ထွင်းထားသကဲ့သို့ ထင်ရပြီး ကြောက်မက်ဖွယ် နတ်အလင်းသည် သန်မာသည့် ဇာမနီခန္ဓာပေါ်တွင် လှည့်ပတ်စီးဆင်းနေသည်။ သူမသည် လက်ဖဝါးကို ရှေ့သို့ရိုက်ထုတ်လိုက်ရာ မရေမတွက်နိုင်အောင်များပြားသော မဟာလမ်းစဉ်အမှတ်အသားများသည် ထျန်ရှင်းနတ်ဓားပြုလုပ်ရန် စုစည်းသွားကြသည်။ ထျန်ရှင်းနတ်ဓားသည် ဘိုးဘေးဇာမနီ၏ နတ်ခန္ဓာမှ ဖြစ်ပေါ်လာပြီး ရှေ့သို့ ပျံထွက်သွား၏။

နတ်အလင်းတစ်ခု ထွက်ပေါ်လာကာ ကျယ်လောင်သောအသံကြီးတစ်သံနှင့်အတူ ကျယ်ပြောသောအာကာပြင်ကို ဖြတ်သန်းသွား၏။ ကပ်ဘေးတိမ်တိုက်မည်းများသည် ကောင်းကင်ကို တုန်ခါသွားစေပြီး ဓားချီ၏ နတ်အရောင်အဝါ၏ ထွင်း‌ဖောက်သွားမှုကို ခံလိုက်ရ၏။ သို့သော် ရီဖူရှင်းသည် ထိုတိုက်ခိုက်မှု ထွက်ပေါ်လာချင်းချင်းပင် ပျောက်ကွယ်သွားပြီဖြစ်ပြီး သူ့ကို လုံးဝမမြင်နိုင်တော့ပေ။

ထိုအချိန်တွင် ဒွန်ဟောင်တိယွမ်သည် သူမ၏မျက်လုံးများကို မှိတ်လိုက်ပြီး သူမ၏ဝိညာဉ်စွမ်းအားသည် အကန့်အသတ်မဲ့ အာကာပြင်ကို လွှမ်းခြုံသွားလေသည်။ သူမသည် သူမ၏လက်ကို နောက်တစ်ကြိမ်မြှောက်လိုက်ပြီး လက်ဝဲဘက်သို့ ရိုက်ထုတ်လိုက်သည်။ သူမ၏အရှိန်သည် အံ့အားသင့်ဖွယ်ကောင်းပေသည်။ သူမ လက်မြှောက်၍ တိုက်ခိုက်လိုက်သောအခါ အတုမဲ့နတ်ဓားအလင်းတစ်ခု ကျဆင်းလာပြီး ပြင်းထန်သော ထိတိုက်မှုနောက်တစ်ခု ဖြစ်ပေါ်သွားလေသည်။

ထိတိုက်မှုတစ်ခုသာဖြစ်သွားပြီး အဖျက်နတ်အလင်းမှလွဲ၍ အခြားမည်သူ့ကိုမှ မမြင်ရချေ။ ရီဖူရှင်း၏ အရိပ်အယောင်တစ်ခု မရှိပေ။

ဗုဒ္ဓရောင်ဝါခြေလှမ်းသည် မမြင်နိုင်၊ ခြေရာမခံနိုင်၊ မခန့်မှန်းနိုင်သော ဗုဒ္ဓတန်ခိုးတစ်ခု ဖြစ်ပေသည်။

အောက်ဘက်ရှိ နတ်ဆိုးအင်ပါယာနန်းတော်အတွင်းမှ ကျင့်ကြံသူများသည် ကောင်းကင်ထက်ရှိ တိုက်ပွဲကို အံ့ဩတကြီးမော့ကြည့်နေကြသည်။ ထိုတိုက်ပွဲသည် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများအတွက်ပင် မြင်ရခဲသော တိုက်ပွဲတစ်ပွဲဖြစ်လေသည်။

မဟာနတ်ဆိုးသူတော်စင်သုံးပါးထဲမှ တစ်ပါးဖြစ်သော ကမ္ဘာမြေနတ်ဆိုးသူတော်စင်သည်ပင် ထိုအခိုက်တွင် အတော်လေး လေးနက်တည်ငြိမ်နေ၏။ သူသည် တိုက်ပွဲပြင်ကို အာရုံစိုက်နေသော်လည်း ရီဖူရှင်း၏အရိပ်အယောင်ကိုပင် မမြင်ရချေ။ သို့သော် ဒွန်ဟောင်တိယွမ်ကတော့ မြင်ရပုံ‌ပေါ်၏။ သူသာ ဒွန်ဟောင်တိယွမ်၏နေရာတွင်ဆိုလျှင် ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် သူမကဲ့သို့ ခံနိုင်ရည်ရှိပါမည်လောဟု သူတွေးမိလိုက်သည်။

ထိုသို့လုပ်နိုင်ရန် အနည်းငယ် ခက်ခဲပေလိမ့်မည်။ ထိုနှစ်ဦးသည် သူ့ထက် အားမနည်းပေ။ သို့သော် သူသည် နတ်ဆိုးဘုံရှိ မဟာနတ်ဆိုးသုံးပါးထဲမှ တစ်ပါးမဟုတ်ပါလား။

ရီဖူရှင်း၏တိုက်ခိုက်မှုများသည် တစ်စထက်တစ်စ ပို၍လျင်မြန်လာပြီး ကမ္ဘာမြေနတ်ဆိုးသူတော်စင်သည် အလင်းတန်းများနှင့် ကောင်းကင်ကိုတုန်ခါစေနေသည့် အဖျက်မုန်တိုင်းတစ်ခုကိုသာ မြင်နိုင်တော့သည်။ ကပ်ဘေးတိမ်တိုက်များသည် အပြင်းအထန်ယိမ်းထိုးနေပြီး တဒင်္ဂအတွင်းမှာပင် ရီဖူရှင်းသည် တိုက်ခိုက်မှုများစွာကို ထုတ်လွှတ်ခဲ့ပေသည်။ ထိုတိုက်ခိုက်မှုများသည် မရေမတွက်နိုင်အောင်များပြားသော လျှပ်စီးတန်းများ တစ်တန်းပြီးတစ်တန်း အဆက်မပြတ်ကြလာသကဲ့သို့ပင်။

သို့သော် ကြောက်စရာကောင်းသည့်အရာမှာ ဒွန်ဟောင်တိယွမ်သည် ၎င်းတို့အားလုံးကို ခုခံနိုင်ခဲ့ခြင်းဖြစ်သည်။

ပြင်းထန်သော ထိတိုက်သံတစ်သံကို ထပ်မံကြားလိုက်ရသည်။ ထို့နောက်တွင် နတ်အလင်းတောက်ပလာပြီး ရီဖူရှင်း ပြန်ပေါ်လာ၏။ သူသည် ဒွန်ဟောင်တိယွမ်၏ရှေ့တွင် ရပ်လိုက်သည်။

“ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ...”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို မေးလိုက်သည်။

ဒွန်ဟောင်တိယွမ်သည် သူ၏ဗုဒ္ဓရောင်ဝါခြေလှမ်းကို ခြေရာခံနိုင်ခဲ့ပြီး သူ့တွင် ပုန်းစရာနေရာ မရှိခဲ့ချေ။ သူ၏တိုက်ခိုက်မှုအားလုံးသည်လည်း တားဆီးခံခဲ့ရသည်။

ဒွန်ဟောင်တိယွမ်သည် သူမ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ရီဖူရှင်းကိုကြည့်သည်။

“လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက... ရှင် အနောက်ဘက်ဗုဒ္ဓကောင်းကင်ကို မသွားခင်ကတည်းက... ကောင်းကင်ဒေသက တစ်စုံတစ်ယောက်က လိပ်ပြာတောင်ကုန်းကို သွားခဲ့ပြီးပြီ။ ဗုဒ္ဓလမ်းစဉ်တွေကို ကျွမ်းကျင်တဲ့သူက ရှင်တစ်ယောက်တည်းမဟုတ်ဘူး”

သူမ ထိုသို့ပြောလိုက်ပြီးနောက်တွင် သူမပတ်ပတ်လည်တွင် ဗုဒ္ဓအလင်း ထွက်ပေါ်လာလေသည်။ သူမသည် ဣတ္ထိဗုဒ္ဓတစ်ပါးနှင့် တူပေသည်။ သူမ၏တစ်ကိုယ်လုံးသည် တောက်ပနေပြီး လေးမြတ်နေသည်။

“အရှင်ဒွန်ဟောင်...”

ဒွန်ဟောင်တိယွမ် ပြောနေသူမှာ မည်သူဖြစ်ကြောင်း ရီဖူရှင်းသိသည်။ သူ လိပ်ပြာတောင်ကုန်းတွင် ကျင့်ကြံနေခဲ့စဉ်က အရှင်ဒွန်ဟောင်သည် အနောက်ဘက်ဗုဒ္ဓကောင်းကင်သို့ ရောက်မလာခင်ကတည်းက ဗုဒ္ဓလမ်းစဉ်ကို ကျွမ်းကျင်ခဲ့ပြီးဖြစ်ကြောင်း သူကြားခဲ့ရသည်။ ထို့ကြောင့် သူသည် လိပ်ပြာတောင်ကုန်းပေါ်မှ တိုက်ပွဲတွင် ဗုဒ္ဓအားလုံးကို အနိုင်ယူနိုင်ခဲ့သည်။

လိပ်ပြာတောင်ကုန်းမှ ဗုဒ္ဓများသည် အရှင်ဒွန်ဟောင်သာ ဗုဒ္ဓလမ်းစဉ်ကို အာရုံစိုက်၍ ကျင့်ကြံခဲ့လျှင် နှစ်တစ်ထောင်အတွင်းတွင် ထွတ်မြတ်သောဗုဒ္ဓတစ်ပါး မလွဲမသွေဖြစ်လာနိုင်သည်ဟု သူ့ကို ပြောပြခဲ့သည်။

သူ့ကဲ့သို့ပင် အရှင်ဒွန်ဟောင်သည် အရာအားလုံးကို နှံ့စပ်ပေသည်။

သို့ဆိုလျှင် အရှင်ဒွန်ဟောင်သည် အခြားတန်ခိုးများကို ကျွမ်းကျင်သည်လော။

ဗုဒ္ဓရောင်ဝါခြေလှမ်းကို ခြေရာခံနိုင်သူသည် လွန်စွာအဆင့်မြင့်သော ဗုဒ္ဓတန်ခိုးများကို ပိုင်ဆိုင်ပေလိမ့်မည်။ တစ်ချိန်က အရှင်ဒွန်ဟောင်သည် ဗုဒ္ဓတန်ခိုးတော်ခြောက်ပါးကို သူ့ဘာသာ ကျင့်ကြံခဲ့ဖူးပေသည်။ ဒွန်ဟောင်တိယွမ်သုံးသွားသော တန်ခိုးသည် ဗုဒ္ဓတန်ခိုးတော်ခြောက်ပါးထဲမှ အခြားတန်းခိုးတစ်ပါးဖြစ်နိုင်ပေသည်။ သို့တည်းမဟုတ် အားကောင်းသော သိမြင်နားလည်မှုလိုအပ်သည့် အခြား ဗုဒ္ဓဓမ္မအချို့လည်း ဖြစ်နိုင်ပေသည်။ ဒွန်ဟောင်တိယွမ်သည် သူမ၏နေရာတွင်ပင် မလှုပ်မယှက်ရပ်နေခဲ့ပြီး တိုက်ခိုက်မှုသည် မည်သည့်နေရာမှ ထွက်ပေါ်လာမည်ကို ခန့်မှန်းနေခဲ့သည် မဟုတ်ပါလား။ ဗုဒ္ဓဓမ္မများသည် အဆုံးမဲ့ပြီး လေးနက်ပေသည်။ ထို့ကြောင့် ထိုကဲ့သို့ စွမ်းရည်မျိုး ရှိနေမည်ဆိုလျှင်လည်း မဖြစ်နိုင်စရာအကြောင်း မရှိပေ။

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ထံမှ ဗုဒ္ဓအလင်းထွက်ပေါ်လာသည် မြင်လိုက်သောအခါ လက်အုပ်ချီလိုက်၏။ ရုတ်တရက် သူ့တစ်ကိုယ်လုံးသည် ဗုဒ္ဓအလင်းဖြင့် တောက်ပလာလေသည်။ ကြည့်ရသည်မှာ ဒွန်ဟောင်တိယွမ်သည် သူ၏စွမ်းရည်အမျိုးမျိုးကို သိမြင်လိုနေပုံပင်။ သို့ဆိုလျှင် သူသည်လည်း ဒွန်ဟောင်တိယွမ်သည် ထိုစွမ်းရည်များတွင် မည်မျှ သန်မာသည်ကို ကြည့်လိုပေသည်။

ဗုဒ္ဓအလင်းသည် ကောင်းကင်ကို လွှမ်းခြုံသွားသောအခါ တောက်ပသောတိမ်တိုက်များသည် အာကာပြင်တွင် ပြည့်နှက်သွားပြီး ကပ်ဘေးတိမ်တိုက်မည်းများ လွင့်ပြယ်သွား၏။ ကောင်းကင်နှင့် မြေကြီးအကြားတွင် ဧရာမ ဗုဒ္ဓပုံရိပ်များထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်တွင် ဗုဒ္ဓအလင်းမှနေ၍ ဧရာမဗုဒ္ဓအရိပ်ကြီးတစ်ခု ပေါ်ထွက်လာ၏။

သူ့ကဲ့သို့ပင် ဒွန်ဟောင်တိယွမ်သည်လည်း လက်အုပ်ချီလိုက်သည်။ သူမ၏ မောက်မာအေးစက်သော ဟန်ပန်နေရာတွင် မြင့်မြတ်အေးချမ်းသောဟန်ပန်က အစားထိုးနေရာယူသွား၏။ သူမထံမှ ငြိမ်သက်အေးချမ်းသော အငွေ့အသက်အနည်းငယ် ရရှိနေပြီး သူမ၏ခန္ဓာကိုယ်ကို ဧရာမ ရွှေရောင်ကြာပွင့်များက ဝန်းရံသွား၏။ သူမသည် ကောင်းကင်ထက်တွင် ရှေ့သို့ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းလိုက်၏။ သူမ၏ခြေလှမ်းတစ်လှမ်းတိုင်းစီတွင် ကြာပွင့်တစ်ပွင့်စီ ထွက်ပေါ်လာပေသည်။ ထိုအရာသည် ‘ခြေလှမ်းတိုင်းတွင် ကြာပန်းပွင့်’ဟုခေါ်သည့် ဗုဒ္ဓဓမ္မများ၏ လွန်စွာနက်ရှိုင်းသော အမြော်အမြင်တစ်ခု ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် မြင့်မားသောကောင်းကင်ထက်တွင် ဧရာမ ကွမ်ရင်ဗုဒ္ဓဝိညာဉ်ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်းဆင့်ခေါ်ထားသည့် ဧရာမဗုဒ္ဓပုံရိပ်ကြီးနှင့် အားပြိုင်နေပေသည်။

ကြောက်မက်ဖွယ် တိုက်ခိုက်မှုအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်း၏ကိုယ်ပေါ်မှ ‌ဗုဒ္ဓအလင်းသည် ကောင်းကင်ထက်သို့ ပျံတက်သွား၏။ ကောင်းကင်ထက်ရှိ ဗုဒ္ဓများသည် မဟာဝေရောစနချိပ်စည်းများကို အဆက်မပြတ် ထုတ်လွှတ်လိုက်ပြီး ဒွန်ဟောင်တိယွမ်ကို ချိန်ရွယ်၍ အရာအားလုံးကို ဖျက်ဆီးနိုင်သည့် တိုက်ခိုက်မှုများကို အောက်သို့ ပစ်လွှတ်လိုက်လေသည်။

ဒွန်ဟောင်တိယွမ်အနောက်ရှိ ကွမ်ရင်ဗုဒ္ဓသည် လက်ပေါင်းတစ်ထောင်ရှိပြီး ထိုလက်အားလုံးသည် ဗုဒ္ဓမုဒြာဟန်များကို ပြုလုပ်ထားပေသည်။ ရုတ်ခြည်းပင် ထိုလက်တစ်ထောင်ထဲတွင် မြင့်မြတ်သောဗုဒ္ဓဓားတစ်ချောင်းချင်းစီထွက်ပေါ်လာပြီး ၎င်းတို့ကို ကျဆင်းလာသည့် မဟာဝေရောစနချိပ်စည်းများထံ ပစ်လွှတ်လိုက်လေသည်။

၎င်းတို့သည် သန့်စင်ခြင်းနတ်ဓားများဖြစ်ပြီး ကျဆင်းလာသည့် ချိပ်စည်းများနှင့် ထိခတ်သွားကာ လေးမြတ်သော ဗုဒ္ဓအလင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပေသည်။ မကြာခင်တွင် ၎င်းတို့သည် သန့်စင်ခံလိုက်ရပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။

ရီဖူရှင်း မရပ်တန့်လိုက်ပေ။ ကောင်းကင်ထက်ရှိ ဗုဒ္ဓများသည်လည်း ဆက်၍ လှုပ်ရှားလိုက်သည်။ ကောင်းကင်ထက်တွင် ထိုဧရာမရှေးဟောင်းဗုဒ္ဓပုံရိပ်ကြီးသည် ဒြပ်ထည်ရှိလာလေသည်။ ဗုဒ္ဓအလင်းသည် အာကာပြင်ကို လင်းထိန်နေစေပြီး ရီဖူရှင်းသည် သစ္စာခြောက်ပါးတရားတော်ကို ရွတ်ဆိုနေသည်။ ဗုဒ္ဓစွမ်းအားသည် အဆပေါင်းများစွာ တိုးမြင့်သွား၏။

ကောင်းကင်ထက်ရှိ ဗုဒ္ဓအားလုံး၏ စွမ်းအားများသည် ရှေးဟောင်းဗုဒ္ဓပေါ်တွင် သွားရောက်ပေါင်းစည်းသွားကြပြီး မြင့်မြတ်သော ဗုဒ္ဓဩဇာကျဆင်းလာလေသည်။ ဧရာမရှေးဟောင်းဗုဒ္ဓကြီးသည် သူ၏လက်ကို ဆန့်တန်းလိုက်ပြီး အောက်ဘက်ရှိ အာကာပြင်ကို ဖိချလိုက်သည်။ ကောင်းကင်ထက်တွင် ဗုဒ္ဓအလင်းပြည့်နှက်သွား၏။ ထိုဗုဒ္ဓအလင်းသည် ရွှေရောင်ဗုဒ္ဓလက်ဖဝါးရာတစ်ခု ဖြစ်ပေသည်။ ထိုဧရာမလက်ဖဝါးရာကြီးပေါ်တွင် ဝမ်စာလုံးသင်္ကေတ ဗုဒ္ဓချိပ်စည်းများကို ရေးထိုးထားလေသည်။  အတုမဲ့ ဧရာမ ဗုဒ္ဓချိပ်စည်းသည် ဧရာဝမ်စာလုံးသင်္ကေတအဖြစ် ပြောင်းလဲသွား၏။

ဒွန်ဟောင်တိယွမ်နှင့် ရီဖူရှင်းတို့သည် တူညီသော တုံ့ပြန်မှုများ ရှိကြသည်။ ဗုဒ္ဓကြာပွင့် အမြောက်အမြား အပေါ်သို့ ပျံတက်သွားကြပြီး ကောင်းကင်ထက်သို့ ရောက်ရှိသွား၏။ ထိုကြာပွင့်များအကြားတွင် အတောက်ပဆုံး ဗုဒ္ဓအရောင်အဝါတစ်ခု ထွက်ပေါ်လာပြီး ကွမ်ရင်ဗုဒ္ဓပုံရိပ်အထက်တွင် စုဝေးသွား၏။ လက်ပေါင်းတစ်ထောင်သည် ချိပ်စည်းသင်္ကေတများကို အဆက်မပြတ်ပြုလုပ်လိုက်ပြီး သန့်စင်ခြင်းနတ်ဓားများအဖြစ် ပြောင်းလဲသွားစေလေသည်။

ထိုအချိန်တွင် ကွမ်ရင်ဗုဒ္ဓ၏ လက်ယာလက်သည် ရှေ့သို့ ဆန့်ထွက်သွားပြီး လက်မနှင့်လက်ညှိုးကို စက်ဝိုင်းသဏ္ဍာန်ထိ၍ ကျန်လက်ချောင်းသုံးချောင်းသုံးချောင်းကို ကောင်းကင်ထက်သို့ ထောင်ထားသည့် မုဒြာဟန်ကို ပြုလိုက်လိုက်သည်။ သန့်စင်ခြင်းနတ်ဓားများ စုဝေးသွားပြီး ကောင်းကင်ထက်တွင် ဗုဒ္ဓအလင်းတောက်ပလာကာ ဝမ်စာလုံးသင်္ကေတကြီးနှင့် ထိခတ်သွား၏။ ကြောက်မက်ဖွယ် ဗုဒ္ဓအလင်းတစ်ခုသည် အာကာပြင်ထဲတွင် ပြန့်ကားရိုက်ခတ်သွားပြီး ကောင်းကင်ထက်ရှိ ကပ်ဘေးတိမ်တိုက်များသည် လွင့်ပြယ်သွားကာ အံ့အားသင့်ဖွယ်တောက်ပနေသော အထွတ်အမြတ်တိမ်တိုက်များအဖြစ် ပြောင်းလဲသွား၏။

တိုက်ခိုက်မှုနှစ်ခုသည် အချိန်တစ်ခုအထိ ကြာမြင့်ခဲ့လေသည်။ ထို့နောက်တွင် တစ်ချိန်တည်း ပျောက်ကွယ်သွား၏။ ကြောက်မက်ဖွယ်မုန်တိုင်းတစ်ခုသည် ရီဖူရှင်းနှင့် ဒွန်ဟောင်တိယွမ်တို့ကို နောက်သို့ လွင့်သွားစေလေသည်။ ထိုစွမ်းအားကြောင့် ဗုဒ္ဓအလင်းပင် ပျက်ပြယ်သွား၏။

နတ်ဆိုးနတ်ဘုရားနန်းတော်အထက်ရှိ နတ်ဆိုးအင်ပါယာသည် နတ်ဆိုးအလင်းများတောက်ပနေသော မျက်ဝန်းများဖြင့် ထိုတိုက်ပွဲကို ကြည့်ရှုနေလေသည်။ ထိုတိုက်ပွဲသည် အမှန်ပင် သေစေနိုင်လောက်သည့် တိုက်ပွဲတစ်ပွဲဖြစ်၏။ အရှင်ဒွန်ဟောင် ပြုစုပျိုးထောင်ခဲ့သော မျိုးဆက်သည် ထိုမျှထူးချွန်ပေသည်။

All Chapters