← Chapters

လောကနံပါတ်တစ် ဘက်စုံထူးချွန်သူ

Vol. 183 Ch. 2619

လောကနံပါတ်တစ် ဘက်စုံထူးချွန်သူ

Vol. 183 Ch. 2619

“သူတို့က အတော်စွမ်းအားကြီးကြတာပဲ”

ကျင့်ကြံသူများက ရေရွတ်လိုက်သည်။

သူတို့နှစ်ဦးကြားမှ တိုက်ပွဲသည် နေရာတော်တော်များကို လွှမ်းခြုံထားပေသည်။ နတ်ဆိုးအင်ပါယာနန်း‌တော်အတွင်းနှင့် အပြင်ရှိ ကျင့်ကြံသူများစွာသည် ကောင်းကင်ထက်ရှိ တိုက်ပွဲကြီးကို မြင်ခဲ့ရပေသည်။

တိုက်ပွဲပြင်တွင် အရောင်စုံသောအလင်းများသည် ကောင်းကင်တစ်ခွင် ပြည့်နှက်နေပြီး လွန်စွာ ထည်ဝါနေ၏။ နတ်ဆိုးချောက်ကမ်းပါးအောက်ရှိ အဖျက်စွမ်းအားလှိုင်းများသည် အဟုန်လှိုင်းများကြောင့် ပျက်စီးသွားကြလေသည်။

ယခုတွင် နတ်ဆိုးကျင့်ကြံသူများသည် တိုက်ခိုက်နေသူများမှာ မည်သူများဖြစ်ကြောင်း သိရှိနေပြီဖြစ်သည်။

တိုက်ခိုက်နေသူများထဲမှ တစ်ဦးမှာ အရှင်ဒွန်ဟောင်၏ တစ်ဦးတည်းသောသမီးတော် ဒွန်ဟောင်တိယွမ်ဖြစ်သည်။

ကျန်တစ်ဦးမှာ လက်ရှိတွင် ကောင်းကင်ဒေသ၌ အကျော်ကြားဆုံးလူ၊ မူလဘုံ၏ ထူးချွန်သော ပါရမီရှင်၊ အဓိကရှေးဟောင်နတ်ဘုရားကလန်ခြောက်ခုနှင့် တုယှဉ်ခဲ့သော စီဝေ့ကြယ်ကောင်းကင်၏ အုပ်ချုပ်သူ ရီဖူရှင်းဖြစ်သည်။

သူတို့နှစ်ဦးသည် ယခုတွင် နတ်ဆိုးအင်ပါယာနန်းတော်အထက်ရှိ ကောင်းကင်တွင် တိုက်ခိုက်နေကြသည်။

နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ရီဖူရှင်းနှင့် ယူချင်းတို့မှာ ညီအစ်ကိုဖြစ်ကြောင်း သိသည်။ ရီဖူရှင်းသည် ယူချင်းကြောင့် နတ်ဆိုးဘုံသို့ ရောက်လာခြင်းဖြစ်သည်။

တစ်ဖက်တွင်မူ ဒွန်ဟောင်တိယွမ်သည် အဖမ်းခံရပြီး ဤနေရာသို့ ခေါ်လာခံခဲ့ရခြင်းဖြစ်သည်။ မင်းသမီးဒွန်ဟောင်ကိုပင် နတ်ဆိုးဘုံသို့ ဖမ်းခေါ်လာနိုင်လောက်အောင် စွမ်းအားကြီးသူသည် မည်သူဖြစ်သနည်း။

ထိုသူမှာ ပထမနတ်ဆိုးသူတော်စင်ဖြစ်ပေသည်။

ပထမနတ်ဆိုးသူတော်စင်၏ ကျင့်ကြံခြင်းအစွမ်းသည် နက်ရှိုင်းပြီး ပြိုင်ဘက်ကင်းသည်ဟူသော ကောလာဟလများရှိလေသည်။ သူသည် ပြောင်းလဲမှုအခြေအနေတွင် ရှိခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းဟု ဆိုနိုင်လောက်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။ သူ့ကို လူမြင်ကွင်းတွင် မြင်ရခဲ့ပေသည်။ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများအတွက်ပင် သူ၏အရိပ်အယောင်ကို မြင်နိုင်ရန် ခဲယဉ်းပေသည်။

သို့သော် နတ်ဆိုးအင်ပါယာနန်းတော်မှ ထိပ်သီးများအပြင် ဒွန်ဟောင်တိယွမ်နှင့် ရီဖူရှင်းတို့၏ တိုက်ခိုက်စွမ်းရည်သည်လည်း နတ်ဆိုးသူတော်စင်အဆင့်တွင် ရှိနေပြီဖြစ်သည်။ နတ်ဆိုးအင်ပါယာနန်းတော်၏ ကိုယ်ရံတော် သွေးဝတ်ရုံပင် ရီဖူရှင်းကို မတားနိုင်ခဲ့သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။

ဤတိုက်ပွဲတွင် မည်သူနိုင်မည်နည်း။

ယခု ကြည့်ရပုံအရ သူတို့သည် လက်ရည်တူနေသည်ဟု ထင်ရပေသည်။ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် သက်ပြင်းသာချနေရ၏။ မူလဘုံ၏ ထိုပါရမီရှင်သည် ကောလာဟလများအတိုင်းပင်ဖြစ်သည်။ သူသည် အရှင်ဒွန်ဟောင်၏ သမီးတော်ဖြင့်ပင် သူတင်ကိုယ်တင် ယှဉ်ပြိုင်တိုင်ခိုက်နိုင်ပေသည်။

ဝမ်သင်္ကတနှင့် သန့်စင်ခြင်းနတ်ဓားတို့ ကောင်းကင်ထက်တွင် ထိခတ်သွားပြီးနောက်၌ နှစ်ဖက်စလုံးသည် ဆက်၍ မတိုက်ခိုက်ကြတော့ချေ။ ထိုနေရာတွင် တဒင်္ဂမျှ တိတ်ဆိတ်သွားလေသည်။

ယခုအထိ သူတို့နှစ်ဦးစလုံးသည် အသာစီးမယူနိုင်ကြသေးပေ။

နှစ်ဖက်စလုံးသည် နယ်ပယ်အားလုံးတွင် လွန်စွာ စွမ်းအားကြီးကြပေသည်။

သို့သော် သူတို့၏အကန့်အသတ်သည် ထိုမျှပင်လော။ သူတို့သာ သေချာ သိပေလိမ့်မည်။

“ရှင် ဘာစွမ်းရည်တွေ ပိုင်ဆိုင်ထားသေးလဲ”

ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းကိုကြည့်လျှက် မေးလိုက်သည်။

“ကျုပ်မှာ အများကြီးကျန်သေးပါတယ်။ ခင်ဗျား မခုခံနိုင်မှာပဲ ကျုပ် စိုးရိမ်နေတာပါ...”

ရီဖူရှင်းသည် ထီမထင်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

“ရိုင်းစိုင်းလိုက်တာ...”

ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းကို စူးစူးဝါးဝါးကြည့်လျှက် ပြောသည်။

“လက်ရှိလောကထဲမှာ ဘယ်သူက ဘက်စုံထူးချွန်တဲ့ ကျင့်ကြံသူဆိုတာ ရှင်သိလား”

ထိုသူသည် အရှင်ဒွန်ဟောင်လော။ ရီဖူရှင်း သူ့ဘာသာ တွေးလိုက်သည်။ သို့သော် သူသည် သူမကို တိုက်ရိုက်ပြန်မဖြေလိုက်ပေ။ အရှင်ဒွန်ဟောင်သည် ဘက်စုံထူးချွန်သော ပါရမီတစ်ယောက်ဖြစ်ကြောင်းကို သူလည်း ကြားဖူးပေသည်။

“အဲဒီသူက ကျွန်မရဲ့ ခမည်းတော်ပဲ...”

ဒွန်ဟောင်တိယွမ်က ပြောသည်။

“အရှင်နတ်ဆိုးအင်ပါယာတောင် အဲဒီအချက်ကို မငြင်းနိုင်ဘူး။ ရှင် ဘယ်လိုစွမ်းရည်မျိုးကိုပဲသုံးသုံး ကျွန်မက တူညီတဲ့စွမ်းရည်နဲ့ ပြန်တုံ့ပြန်နိုင်မှာပဲ”

ထိုမတိုင်ခင်က သူမသည် ဖျက်ဆီး၍မရနိုင်သောအသွေးအသား၊ အရည်အချင်းပြည့်ဝသော ဓားသိုင်းနှင့် ဗုဒ္ဓတန်ခိုးတို့ကို ပိုင်ဆိုင်ပြီး သူမသည်လည်း လောကထဲတွင် အထူးချွန်ဆုံးများထဲမှ တစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်ပေသည်။ သူမသည် တိုက်ခိုက်စွမ်းရည်ကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံထားသူတစ်ဦးဟု ဆိုနိုင်၏။ ရီဖူရှင်းသည်ပင် ထိုအချက်ကို အသိအမှတ်ပြုရ၏။

သူသည် ဤကဲ့သို့ အံ့အားသင့်ဖွယ်ကောင်းသူမျိုးနှင့် ပထမဆုံးအကြိမ် တွေ့ကြုံရခြင်းဖြစ်သည်။ သူမသည် သူ့ကို မည်သည့်စွမ်းရည်တွင်မဆို ယှဉ်ပြိုင်နိုင်ပေသည်။

သူသည် တိုက်ခိုက်ရန် သူ၏ဝိညာဉ်စွမ်းအားကို မသုံးခဲ့ပေ။ သူတို့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ခဲ့စဉ်က သူ့စိတ်ထဲတွင် ပေါ်လာသည့် နတ်ဇာမနီကြောင့် ဒွန်ဟောင်တိယွမ်သည် ထိုနယ်ပယ်တွင်လည်း သူ့ကဲ့သို့ပင် စွမ်းအားကြီးကြောင်း သူသိရှိခဲ့ရသည်။

အရှင်ဒွန်ဟောင်သည် ဒွန်ဟောင်တိယွမ်ကို သိသာသော အားနည်းချက်ရှိစေမည် မဟုတ်ပေ။ သူမ၏စိတ်ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်သည် သေချာပေါက် ကျင့်ကြံမှုများဖြင့် မွမ်းမံထားလေသည်။

“သူက တကယ်ကို မာနကြီးတာပဲ...”

နတ်ဆိုးအင်ပါယာနန်း‌တော်မှ ကျင့်ကြံသူများက ရေရွတ်လိုက်သည်။ သို့သော် အရှင်ဒွန်ဟောင်၏ တစ်ဦးတည်းသောသမီးတော်သည် အရည်အချင်းရော၊ အလှအပမှာပါ ထိပ်တန်းမဟုတ်ပါလော။ မည်သူမဆို သူမနှင့် ယှဉ်နိုင်ရန် ခက်ခဲမည်ဖြစ်ရာ သူမအနေဖြင့် မာနကြီးရန် သေချာပေါက် အရည်အချင်းပြည့်မီပေသည်။

ရီဖူရှင်းသည် သူမနှင့် မျိုးဆက်တူပေသည်။ သူ့အနေဖြင့် သူမနှင့် ဤမျှလက်ရည်တူ တိုက်ခိုက်နိုင်နေသည်မှာပင် အလွန်ချီးကျူးဖွယ် ဖြစ်နေပေပြီ။

လူအားလုံးသည် ရီဖူရှင်းမှာ အင်ပါယာရီချင်၏ မျိုးဆက်ဖြစ်သည်ဟု ပြောကြသည်။ သို့သော် အင်ပါယာရီချင်သေဆုံးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ရီဖူရှင်းသည် မဟာအင်ပါယာထံမှ လေ့ကျင့်သင်ကြားပေးမှုကို မခံခဲ့ရပေ။ ထိုအစား သူသည် သူ၏အရည်အချင်းများကို သူ၏စွန့်စားခန်းများမှ ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူမသည် လောကနံပါတစ် ဘက်စုံထူးချွန်သူ ဟုတ်ပါလေသလော။ ရီဖူရှင်း တွေးလိုက်သည်။ ဒွန်ဟောင်တိယွမ်သည် အရှင်ဒွန်ဟောင်က လောကနံပါတစ် ဘက်စုံထူးချွန်သူဖြစ်ခဲ့ပြီး ယခုတွင် သူမသည် ထိုဂုဏ်ပုဒ်ကို လက်လွှဲယူလိုက်ပြီဖြစ်ကြောင်း စကားအရိပ်အမြွက်ပေးနေပုံပင်။

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို ကြည့်သည်။ သူ့ခန္ဓာကိုယ်အတွင်းမှနေ၍ ပုံသဏ္ဍာန်မဲ့ အရှိန်အဝါတစ်ခုသည် အပြင်ဘက်သို့ လှိုင်းတွန့်ကဲ့သို့ ထွက်သွား၏။ ကောင်းကင်ထက်တွင် ဂီတသံ ထွက်ပေါ်လာ၏။ သဏ္ဍာန်မဲ့ ဂီတလှိုင်းများသည် ကျယ်ပြောသောအာကာပြင်ကို လွှမ်းခြုံသွား၏။ မဟာလမ်းစဉ်ဗျပ်စောင်း၏ မရေမတွက်နိုင်အောင်များပြားသော စောင်းကြိုးများသည် ကောင်းကင်နှင့် မြေကြီးတွင် တစ်ချိန်တည်း တုန်ခါလာသကဲ့သို့ပင်။

ဗျပ်စောင်းကြိုးများသည် နေရာအနှံ့တွင် ရှိနေသည်။

တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏ခန္ဓာကိုယ်မှနေ၍ တောက်ပသော ပုံရိပ်ယောင်များ အဆုံးမဲ့ ထွက်ပေါ်လာ၏။ ၎င်းတို့သည် သူနှင့် တစ်ပုံစံတည်းတူညီပြီး သူ၏စိတ်ဝိညာဉ်မှ ဖြစ်ပေါ်လာ၏ဟု ထင်ရပေသည်။ သူ၏စိတ်ဝိညာဉ်သည် မဟာလမ်းစဉ် ဝိညာဉ်ပုံရိပ်များအဖြစ် ပြောင်းလဲသွားပြီး သဏ္ဍာန်မဲ့ဂယက်လှိုင်းများနှင့်အတူ ပတ်ဝန်းကျင်နေရာအနှံ့တွင် ထွက်ပေါ်လာ၏။

အာကာပြင်တစ်ခွင်လုံးသည် ရီဖူရှင်း၏ ဂီတစက်ကွင်းအဖြစ် ပြောင်းလဲသွား၏။ မဟာလမ်းစဉ်ဝိညာဉ်ပုံရိပ်များသည် ထိုစက်ကွင်းအတွင်းရှိ နေရာအနှံ့တွင် ရပ်နေကြ၏။

ဗုဒ္ဓအလင်းတောက်ပလာပြီး ဝိညာဉ်ပုံရိပ်အားလုံးကို အလင်းပေးလိုက်သည်။ ထို့နောက်တွင် ရီဖူရှင်းသည် ရွတ်ဆိုလိုက်ရာ ကြောက်မက်ဖွယ်အသံလှိုင်းများသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့ရိုက်ခတ်ကာ တုန်ခါသွားစေလေသည်။ သူသည် ဗုဒ္ဓမှော်အစွမ်းကို ရွတ်ဆိုနေခြင်းပင်။

သူ၏နှုတ်ခမ်းများ လှုပ်ရှားနေပြီး ပတ်ဝန်းကျင်မှ ဝိညာဉ်ပုံရိပ်များသည် ဗုဒ္ဓများအဖြစ် ပြောင်းလဲသွားကြကာ သူနှင့်အတူ လိုက်လံရွတ်ဆိုကြလေသည်။ ကြောက်မက်ဖွယ် ဗုဒ္ဓမှော်အစွမ်းထွက်ပေါ်လာပြီး ဒွန်ဟောင်တိယွမ်ထံသို့ ပျံဝင်သွား၏။

ဒွန်ဟောင်တိယွမ်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်သည်။ ထို့နောက် သူမသည် သူမရှိနေသာနေရာတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူမ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ သူမရှေ့တွင် အနီရဲရဲ ဗျပ်စောင်းတစ်ခု ထွက်ပေါ်လာလေသည်။ သူမသည် သူမ၏သွယ်လျသော လက်လေးများကို ဗျပ်စောင်းပေါ်သို့ တင်လိုက်ပြီး သူမ၏ သေးသွယ်သောလက်ချောင်းလေးများသည် စောင်းကြိုးများကို စတင်တီးခတ်လိုက်သည်။ ဂီတံသံစဉ်စီးဆင်းသွားပြီး မဟာအင်ပါယာအရောင်အဝါသည် အာကာပြင်ကို ထွင်းဖောက်သွား၏။ နတ်ရောင်ခြည်တစ်ခုသည် သူမကို လွှမ်းခြုံသွား၏။

ရီဖူရှင်းသည် သူမ တီးခတ်နေသော ရင်းနှီးသည့်တေးသွားကို ကြားလိုက်ရသောအခါ ရင်ထဲတွင် အနည်းငယ်ခံစားလိုက်ရသည်။

သူမသည် အရှင်ဒွန်ဟောင်ရေးစပ်ခဲ့သော အူကီယိုတေးသွားကို တီးခတ်နေခြင်းပင်။ အူကီယိုတေးသွားရှေ့တွင် လောကအတွင်းရှိ အတတ်ပညာအားလုံးသည် မှေးမှိန်သွားရပေသည်။

အတိတ်တွင် ရီဖူရှင်း ရရှိခဲ့သော အူကီယိုတေးသွားသည် ပြစ်ချက်များရှိခဲ့၏။ ထို့ကြောင့် သူသည် ထိုတေးသွားကို တစ်ခါမှ မတီးခတ်ခဲ့ခြင်းဖြစ်သည်။ သူသည် နတ်ဘုရားတို့ပူဆွေးခြင်းတေးသွားနှင့် အောက်မေ့ခြင်းတေးသွားတို့ကိုသာ တီးခတ်လေ့ရှိခဲ့သည်။

သို့သော် ယခု ဒွန်ဟောင်တိယွမ် တီးခတ်နေသော အူကီယိုတေးသွားသည် ပြည့်စုံသောတေးသွားဖြစ်သည်။

မဟာအင်ပါယာနတ်အလင်းသည် ‌ကောင်းကင်ထက်တွင် ထိုင်နေသော အနီရဲရဲ ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဒွန်ဟောင်တိယွမ်ကို လှည့်ပတ်နေလေသည်။ သူမသည် တေးသွားထဲတွင် အပြည့်အဝ အနုပညာဈာန်ဝင်စားနေ၏။ လွှမ်းမိုးအားကြီးပြီး ဖျက်ဆီး၍မရနိုင်သော ဗုဒ္ဓမှော်အစွမ်းသည် ဒွန်ဟောင်တိယွမ်ထံသို့ ပျံဝင်သွားလေသည်။

သို့သော် အူကီယိုတေးသွား ရှေ့မှောက်တွင် လောကအတွင်းရှိ အတတ်ပညာအားလုံးသည် မှေးမှိန်သွားရပေသည်။ ထိုတေးသွားသည် အတတ်ပညာအားလုံးနှင့် မဟာလမ်းစဉ်အားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိပေသည်။

ဗုဒ္ဓမှော်အစွမ်းသည် သူမ၏ ဂီတမုန်တိုင်းကို မထွင်းဖောက်နိုင်ခဲ့ချေ။

မဟာလမ်းစဉ်ဝိညာဉ်ပုံရိပ်အားလုံးသည် ရီဖူရှင်း၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားကြသည်။ ထို့နောက်တွင် သူသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ့ရှေ့တွင် ဗျပ်စောင်းတစ်ခု ထွက်ပေါ်လာလေသည်။ သူသည် စောင်းကြိုးများအပေါ် လက်နှစ်ဖက်စလုံးတင်လိုက်ပြီး တေးသွားတစ်ခုကို စတင်တီးခတ်လိုက်သည်။

ဤအကြိမ်တွင် သူသည် နတ်တေးသွားတစ်ခုဖြစ်သည့် နတ်ဘုရားတို့ပူဆွေးခြင်းတေးသွားကို တီးခတ်လိုက်၏။

နတ်ဘုရားတို့ပူဆွေးခြင်းတေးသွားထွက်ပေါ်လာသောအခါ မဟာလမ်းစဉ်သည် တေးသွားလှိုင်းကို ဆန်၍ စီးဆင်းသွား၏။

သူတို့၏ တေးသွားများကို တီးခတ်နေသဖြင့် ဂီတမုန်တိုင်းများသည် ကျယ်ပြောသောအာကာပြင်ကို လွှမ်းခြုံသွား၏။ ကောင်းကင်ထက်တွင် ကောင်းကင်နှင့်မြေကြီး၏ မဟာလမ်းစဉ်စွမ်းအား အဆက်မပြတ် စီးဆင်းသွား၏။ ကြောက်မက်ဖွယ် ဂီတမုန်တိုင်းများသည် ထိုအာကာပြင်ကို ထိန်းချုပ်နိုင်ရန် အားပြိုင်နေကြလေသည်။ သို့သော် ၎င်းတို့သည် အတူတကွယ် ရစ်နွယ်သွားသောအခါ တစ်ခုကိုတစ်ခု မဖိနှိပ်နိုင်ခဲ့ချေ။

သူတို့၏ဂီတတေးသွားသည် တစ်ဖက်လူ၏ စက်ကွင်းအတွင်းသို့ ဖောက်မဝင်နိုင်ကြပေ။

ရီဖူရှင်း ဆက်လက်တီးခတ်လိုက်ပြီး ထက်ရှသောဓားများသည် တေးသွားနှင့်အတူ ထွက်ပေါ်လာ၏။ ဓားများသည် တစ်ဖက်လူ၏ မဟာလမ်းစဉ်များကို ဖျက်ဆီးမည့် စွမ်းအားကို သယ်ဆောင်ကာ အာကာပြင်ကို ဖြတ်သန်းသွား၏။ သို့သော် ဓားများသည် ဒွန်ဟောင်တိယွမ်၏ စက်ကွင်းအတွင်းသို့ ရောက်သွားသောအခါ အမှုန့်ဖြစ်သွားကြသည်။ မည်သည့်မဟာလမ်းစဉ် သို့မဟုတ် မည်သည့်တိုက်ခိုက်မှုမှ သူမ၏အနီးသို့ မကပ်နိုင်ပေ။

ဂီတဖြင့်ပင် သူတို့နှစ်ဦးတွင် မည်သူက ပိုသာကြောင်း ဆုံးဖြတ်ရန် ခက်ခဲနေသည်လော။ ကျင့်ကြံသူများ အံ့အားသင့်သွားကြသည်။ ထိုတိုက်ပွဲသည် နတ်တေးသွားနှစ်ခုအကြားမှ တိုက်ပွဲဖြစ်သည်။

ထိုအခိုက်တွင် ရီဖူရှင်း၏လက်သည် ဗျပ်စောင်းပေါ်တွင် ပွတ်တိုက်ရွေ့လျားသွား၏။ ဤအကြိမ်တွင် မည်သည့် စွမ်းအားကြီးတိုက်ခိုက်မှုမှ ထွက်ပေါ်မလာပေ။ ထိုအစား နားဆင်နေသူများကို အဆုံးမဲ့မြင်ကွင်းအာရုံအတွင်းသို့ ရောက်ရှိသွားစေသည်။ ထိုတေးသွားထွက်ပေါ်လာ၏နှင့် တစ်ပြိုင်နက် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် စူးရှသောဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ကြရ၏။

အောက်မေ့ခြင်းတေးသွားကို တီးခတ်လိုက်လျှင် လောကကြီးသည် လွမ်းဆွတ်ပူဆွေးသွားပေမည်။

တင်ပျဉ်ခွေထိုင်နေသော ဒွန်ဟောင်တိယွမ်၏ မျက်လုံးများသည် အနည်းငယ် တွန့်လှုပ်သွားလေသည်။

All Chapters