← Chapters

အားနည်းချက်တစ်ခု

Vol. 183 Ch. 2620

အားနည်းချက်တစ်ခု

Vol. 183 Ch. 2620

ကောင်းကင်ထက်တွင် ဂီတမုန်တိုင်းများသည် ကျယ်ပြောသော အာကာပြင်ကို လွှမ်းခြုံထားပေသည်။ ထိုနေရာတွင် လောကအတွင်းရှိ အတတ်ပညာအားလုံးကို မှေးမှိန်သွားစေသော ဝိညာဉ်စွမ်းအားတစ်ခုနှင့် လွန်စွာဝမ်းနည်းဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားတစ်ခုတို့ ရှိနေကြ၏။

တေးသွားသည် နတ်ဆိုးအင်ပါယာနန်းတော်သို့ ရောက်ရှိလာပြီး ထိုနေရာရှိ ကျင့်ကြံသူများပင် သူတို့ရင်ထဲ၌ ရှင်းပြ၍မရနိုင်သော ဝမ်နည်းမှုတစ်ခု တလိပ်လပ်တက်လာသည် ခံစားနေရ၏။

အောက်မေ့ခြင်းတေးသွားသည် နားဆင်သူများ၏ စိတ်အခြေအနေအပေါ် သက်ရောက်နိုင်သော နတ်တေးသွားတစ်ခုဖြစ်သည်။ ယင်းတေးသွားသည် နားဆင်သူများကို လွန်စွာပူဆွေးသွားစေပြီး ထိန်းချုပ်၍မရအောင် ဖြစ်သွားစေနိုင်၏။ ထိုတေးသွားသည် ပြိုင်ဘက်များကို တိုက်ရိုက်တိုက်ခိုက်သော တိုက်ခိုက်မှုမဟုတ်ပေ။ ပြိုင်ဘက်များသည် ထိုတေးသွားကို တိုက်ရိုက်ပင် မကာကွယ်နိုင်ပေ။ သူတို့သည် တေးသွား၏ရိုက်ခတ်မှုကို မခံရစေရန် သူတို့၏ ခိုင်မာသောစိတ်ဓာတ်အပေါ်၌သာ မှီခိုနိုင်ပေသည်။

ယခုတွင် အူကီယိုတေးသွားမုန်တိုင်းသည် ရီဖူရှင်းထံသို့ ဝင်ရောက်လာပြီး သူ့ကို အောက်မေ့ခြင်းတေးသွား ဆက်မတီးခတ်နိုင်တော့စေရန် အတင်းရပ်တန့်ပစ်လိုနေသည်။ ထိုမုန်တိုင်းအလယ်တွင် အနီတောက်တောက် တိုက်ခိုက်မှုတစ်ခုပင် ပါလေသည်။ ဂီတမုန်တိုင်းသည် နတ်ဇာမနီဝိညာဉ်ပုံရိပ်အဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်းထံသို့ ခုန်အုပ်လိုက်သည်။

ရီဖူရှင်းသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး အခြားတစ်နေရာတွင် ပြန်ပေါ်လာ၏။ သို့သော် တေးသွားသည် အဆက်မပြတ် ထွက်ပေါ်နေဆဲပင်ဖြစ်သည်။

သူမသည် ထိုတေးသွား၏ ရိုက်ခတ်မှုကို ခံနေရ၏လော။ ဒွန်ဟောင်တိယွမ်သည် အနည်းငယ် တွန့်လှုပ်နေသည်ကို ရီဖူရှင်း သတိပြုမိလိုက်သည်။ ထိုအခြင်းအရာသည် ယခင်က တစ်ခါမှ မဖြစ်ခဲ့ဖူးသော အခြင်းအရာဖြစ်သည်။ သူသည် သူ၏အတွေးကို ရွှေ့ပြောင်းလိုက်သည်။ ရုတ်ခြည်းပင် သူ့ပတ်ပတ်လည်၌ ပုံရိပ်ယောင် အမြောက်အမြား ထွက်ပေါ်လာ၏။ ပုံရိပ်ယောင်များသည် ထိုတေးသွားတစ်ခုတည်းကိုပင် နေရာအသီးသီးမှနေ၍ အဆက်မပြတ် တီးခတ်လိုက်ကြသည်။

တေးသွားသည် ကောင်းကင်နှင့် မြေကြီး၏ နေရာအနှံ့ကို လွှမ်းခြုံထားသည်။ အောက်မေ့ခြင်းတေးသွားသည် ပို၍အားကောင်းလာ၏။

ဒွန်ဟောင်တိယွမ်၏ တိုက်ခိုက်မှုများသည် ရုတ်တရက် တက်သုတ်ရိုက် ထွက်ပေါ်လာ၏။ တေးသွားတိုက်ခိုက်မှုများသည် နေရာအသီးသီးသို့ ဦးတည်သွား၏။ တစ်ချိန်တည်းမှာပင် မုန်တိုင်းသည် သူမအနီးသို့ ချဉ်းကပ်လာသည့် တေးသွားသင်္ကေတများကို ဖျက်ဆီးပစ်နေလေသည်။

ရွှီး...

ဒွန်ဟောင်တိယွမ်အနီးတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုသူသည် ရီဖူရှင်းအစစ်အမှန် ဖြစ်ပေသည် သူ၏ ဝိညာဉ်ပုံရိပ်များသည် တေးသွားကို ဆက်လက်တီးခတ်ပေးနေသဖြင့် သူကိုယ်တိုင် ဆက်၍ တီးခတ်နေရန်မလိုတော့ပေ။ သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ခန္ဓာကိုယ်ကို မဟာလမ်းစဉ်လှိုင်းကို ဆန်၍ စီးဆင်းနေသော ကြောက်မက်ဖွယ် ဓားဝိညာဉ်စွမ်းအားက လွှမ်းခြုံထားပေသည်။ သူသည် သူ့ဓားခန္ဓာကို အသက်သွင်းလိုက်ရာ သူ့ခန္ဓာကိုယ်သည် တောက်ပစွာလင်းလက်လာလေသည်။

ရီဖူရှင်းသည် ရှေ့သို့တစ်လှမ်း,လှမ်း၍ ဒွန်ဟောင်တိယွမ်၏ ဂီတမုန်တိုင်းအတွင်းသို့ ဝင်သွားလိုက်သည်။

သူ့နတ်ခန္ဓာမှနေ၍ အလွန်ကြောက်မက်ဖွယ်ဓားအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး သူ့ပတ်ပတ်လည်တွင် ဆန့်ကျင်ဘက်ဓားလှိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက်တွင် ထိုဓားလှိုင်းသည် ဒွန်ဟောင်တိယွမ်ထံသို့ ဝင်ရောက်သွားလေသည်။

သူမသည် သူ၏တိုက်ခိုက်မှုကို လျှော့မတွက်ဝံ့ပေ။ သူမအထက်တွင် တလက်လက်တောက်ပနေသော နတ်ဇာမနီဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သူမကို ဝန်းရံသွား၏။ သူမသည် သူမ၏တေးသွားကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တီးခတ်နေသည်။ သူမ၏ ကြောက်မက်ဖွယ် ဂီတမုန်တိုင်းသည် ရီဖူရှင်းကို ရိုက်ခတ်တားဆီးနေပြီး သူ၏မဟာလမ်းစဉ်ကို ဖျက်ဆီးရန် ကြိုးပမ်းနေသည်။

စွမ်းအားနှစ်ခုသည် တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ရိုက်ခတ်သွား၏။ ကြောက်မက်ဖွယ် တုန်ဟည်းသံကြီးများကို ကြားလိုက်ရ၏။ အဖျက်မုန်တိုင်းများသည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသော်လည်း သူ၏နတ်ခန္ဓာသည် အကောင်းအတိုင်းရှိနေသေးပေသည်။ ကြောက်မက်ဖွယ် ဓားလှိုင်းများသည် သူ့ပတ်ပတ်လည်တွင် လှည့်ပတ်ကာ စက်ကွင်းတစ်ခုကို ဖန်းတီးလိုက်ပြီး သူသည် ဒွန်ဟောင်တိယွမ်ဆီသို့ ဆက်၍ သွားနေလေသည်။

ဂီတမုန်တိုင်းသည် သူ၏ခုခံမှုကို ဖျက်ဆီးသွားပြီး သူ့ခန္ဓာကိုယ်အတွင်းသို့ ထွင်းဖောက်ဝင်ရောက်ကာ သူ၏နတ်ခန္ဓာနှင့် အသွေးအသားခန္ဓာကို ဖျက်ဆီးရန် ကြိုးပမ်းလိုက်၏။ သို့သော် ရီဖူရှင်း၏အသွေးအသားသည် ထူးကဲပေသည်။ သူ့ခန္ဓာကိုယ်အပေါ်တွင် နတ်အလင်းစီးဆင်းသွားပြီး သူ့ကို ဖျက်ဆီး၍ မရနိုင်အောင် လုပ်လိုက်သည်။

သူ၏နတ်ခန္ဓာသည် တိုက်ခိုက်နေသော်လည်း တေးသွားများသည် မရပ်တန့်သွားသေးပေ။ ကျင့်ကြံသူများသည် ကောင်းကင်ထက်သို့ မော့ကြည့်နေကြသည်။ ရီဖူရှင်း၏ ဝိညာဉ်ပုံရိပ်များသည် အောက်မေ့ခြင်းတေးသွားကို တီးခတ်နေကြပြီး သူ၏နတ်ခန္ဓာသည် တိုက်ခိုက်နေကာ ဒွန်ဟောင်တိယွမ်ကို အသာရရန် ကြိုးပမ်းနေသည်။

ထိုကြိုးပမ်းမှုသည် အလုပ်ဖြစ်မည်လော။

ယခုတွင် ရီဖူရှင်းသည် ဂီတမုန်တိုင်းထဲတွင် လွန်စွာအားကောင်းသည့် ဖိအားကို တောင့်ခံနေပေသည်။ သူသည် ‌ရှေ့သို့ အလွန်ခက်ခဲစွာ လျှောက်လှမ်းနေရ၏။ သို့သော် သူ့ခန္ဓာကိုယ်သည်လည်း အလွန်အားကောင်း၍ သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ပြည့်နှက်နေသော ဓားလှိုင်း၏ လွှမ်းခြုံမှုကို ခံထားရပေသည်။ ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းနှင့် ယှဉ်ပြိုင်နေရ၏ဖြစ်ရာ တဒင်္ဂမျှပင် စိတ်ပျံ့လွင့်မသွားစေဝံ့ပေ။

တစ်ချိန်တည်းမှာပင် အောက်မေ့ခြင်း‌တေးသွားသည် ဖောက်ဝင်လာ၏။ ဒွန်ဟောင်တိယွမ်၏ လက်များသည် ပို၍လျင်မြန်စွာ တီးခတ်လာ၏။ အူကီယိုတေးသွားမှနေ၍ သူမ၏ အလျင်လိုမှုကို သိရှိနိုင်ပေသည်။

ဝုန်း...

ရီဖူရှင်းသည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး ကြောက်မက်ဖွယ် ဂီတမုန်တိုင်းကို သူ့ခန္ဓာကိုယ်အား ရိုက်ခတ်ခွင့်ပြုလိုက်လေသည်။

ထည်ဝါသော ဗျပ်စောင်းသံများ ရိုက်ခတ်သွား၏။ မုန်တိုင်းသည် ပို၍အားကောင်းလာ၏။ ရီဖူရှင်းသည် ရပ်တန့်လိုက်ပြီး ဒွန်ဟောင်တိယွမ်ကို စိုက်ကြည့်လိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် အားကောင်းသော ဓားဝိညာဉ်စွမ်းအား စီးဆင်းနေပေသည်။ ယခုတွင် သူသည် သူမနှင့် နီးကပ်လာပြီဖြစ်သည်။ သူမ၏ ဂီတမုန်တိုင်းကသာ သူ၏လမ်းကို ပိတ်ဆို့မနေလျှင် သူသည် သူမကို ရုတ်ခြည်းသတ်ပစ်နိုင်ပေသည်။

စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခု ပေါင်းစည်းသွားပြီး သူ့ပေါ်တွင် ဓားဝိညာဉ်စွမ်းအား စီးဆင်းသွား၏။ ရီဖူရှင်း၏ နတ်ခန္ဓာသည် ဓားတစ်ချောင်းအဖြစ်ပြောင်းလဲသွားပြီး အာကာပြင်ကို ဖြတ်သန်းသွားကာ မဟာလမ်းစဉ်စွမ်းအားကို နောက်ပြန်ထွက်သွားစေနေ၏။ ဂီတမုန်တိုင်းသည်ပင် သူ့ကို မဖျက်ဆီးနိုင်ပေ။ သူ့အရှေ့ရှိ ဒွန်ဟောင်တိယွမ်၏နောက်တွင် ဧရာမ နတ်ဇာမနီဝိညာဉ်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာ၏။ ရှေးဟောင်းဇာမနီသည် ပြန်အသက်ရှင်လာသကဲ့သို့ပင်။ ၎င်း၏အကြည့်သည့် ကြောက်မက်ဖွယ်ကောင်းပြီး ၎င်း၏ခန္ဓာကိုယ်ကို အံ့အားသင့်ဖွယ် အဖျက်စွမ်းအားက လွှမ်းခြုံထားလေသည်။ အနီရဲရဲ နတ်မီးတောက်များသည် ဗျပ်စောင်းသံများနှင့်အတူ ရီဖူရှင်းထံသို့ ပျံဝင်လာကြသည်။

ရီဖူရှင်းပတ်ပတ်လည်တွင် ဓားဝိညာဉ်စွမ်းအား အလင်းတစ်ခု ထွက်ပေါ်ဝန်းရံသွားပြီး တိုက်ခိုက်မှုအားလုံးကို ကာရံသွား၏။

သူ၏ခန္ဓာကိုယ်သည် ဆက်၍ မရွေ့လျားတော့ပေ။ ထိုအစား သူသည် ရှေ့သို့သာ စိုက်ကြည့်နေသည်။ သူသည် သူမကို ခြိမ်းခြောက်နိုင်နေဆဲဖြစ်ပြီး အချိန်မရွေး စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်နိုင်ပေသည်။ သို့သော် ထိုသို့လုပ်ရန် သူသည်လည်း သူမထံမှ ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ပြန်ခံရပေလိမ့်မည်။

ရီဖူရှင်း၏အကြည့်သည် ဒွန်ဟောင်တိယွမ်ပေါ်တွင်သာ ရှိနေ၏။ သူမသည် ခေါင်းငုံ့၍ ဆက်လက်တီးခတ်နေရာ သူသည် သူမ၏မျက်လုံးများကို မမြင်ရပေ။ သို့သော် သူသည် သူမ၏ဂီတကို ခံစားနိုင်ပေသည်။

ဂီတပညာရှင်၏ စိတ်ခံစားချက်များသည် သူတို့၏ဂီတထဲတွင် ရောင်ပြန်ဟပ်နေပေသည်။ ရီဖူရှင်းသည် ဂီတတွင် ထူးချွန်သူဖြစ်သဖြင့် သူမ၏ဂီတသံမှနေ၍ သူမ၏လက်ရှိစိတ်အခြေအနေကို ပြောနိုင်ပေသည်။ သူမသည် အောက်မေ့ခြင်းတေးသွားကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေကြောင်း သူသိလေသည်။

အချိန်နှင့် နေရာသည် ကောင်းကင်ထက်တွင် ရပ်တန့်သွားသကဲ့သို့ ထင်ရပေသည်။ ဂီတမုန်တိုင်းများသာ အာကာပြင်ထဲတွင် ဆက်လက်ဗြောင်းဆန်နေသည်။ နတ်ဘုရားတေးသွားနှစ်ခုစလုံးသည် ကွဲပြားသောနယ်ပယ်များတွင် အစွမ်းထက်ပေသည်။ သို့သော် ရီဖူရှင်းသည် တေးသွား၏ပြင်းအားကို မြှင့်တင်ရန် သူ၏ဝိညာဉ်ပုံရိပ်များကို အသုံးချနိုင်၏။ ထိုအချက်အရကြည့်မည်ဆိုလျှင် သူသည် ဂီတပိုင်းတွင် ဒွန်ဟောင်တိယွမ်ထက် ပိုသာပုံပေါ်၏။

ဒွန်ဟောင်တိယွမ်သည် ခေါင်းငုံ့၍ တီးခတ်နေ၏။ သူမ၏မျက်ဝန်းထဲတွင် အားကောင်းသော ဝမ်နည်းမှုအရိပ်အယောင်တစ်ခု တောက်ပနေသည်။ သူမ ဆက်၍တီးခတ်နေသော်လည်း အူကီယိုတေးသွားထဲတွင် ဝမ်နည်းမှုအငွေ့အသက်တစ်ခု ရောယှက်နေလေသည်။ ထိုအခိုက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် ဂီတကို ဖောက်ထွင်းသွားပြီး သူမထံ ဝင်ရောက်သွား၏။ သူမသည် ထိုအရှိန်အဝါကို အာရုံခံမိလိုက်သည်။

သူမသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး ရီဖူရှင်းကို ကြည့်လိုက်၏။ သူမ၏အကြည့်သည် ပြတ်သားသွား၏။ ထို့နောက် သူမသည် ခေါင်းငုံ့၍ နတ်တေးသွားကို ဆက်လက်တီးခတ်လိုက်သည်။

ရီဖူရှင်းသည် လျပ်တစ်ပြက်အတွင်း ရှေ့သို့ တိုးသွားပြီး သူမကို လက်ချောင်းတစ်ချောင်းဖြင့် ချိန်ရွယ်လိုက်သည်။ ၎င်းသည် နတ်ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး ဂီတမုန်တိုင်းကို ဖောက်ထွင်းကာ ဒွန်ဟောင်တိယွမ်ထံ ပျံဝင်သွား၏။

သူမ၏ နတ်ဇာမနီသည် အသံရှည်ဆွဲ၍ အော်မြည်လိုက်ပြီး ကြောက်မက်ဖွယ် ဂီတသင်္ကေများနှင့်အတူ ရီဖူရှင်းထံသို့ ခုန်အုပ်လိုက်၏။ ၎င်းသည် ရီဖူရှင်း၏နတ်ခန္ဓာနှင့် ထိတိုက်သွားပြီး အဖျက်မုန်တိုင်းတစ်ခု ထွက်ပေါ်လာစေလေသည်။ ရီဖူရှင်းသည် မုန်တိုင်း၏စွမ်းအားကြောင့် နောက်သို့ လွင့်သွား၏။ ထို့နောက်တွင် သူသည် လေထဲတွင် ပြန်အရှိန်သတ်ကာ ရပ်လိုက်လေသည်။

ထို့နောက်တွင် အောက်မေ့ခြင်းတေးသွားသည်လည်း တဖြည်းဖြည်းရပ်တန့်သွား၏။ သူ၏ဝိညာဉ်ပုံရိပ်အားလုံးသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ပြန်ဝင်သွားကြသည်။

ဒွန်ဟောင်တိယွမ်သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ တီးခတ်နေခြင်းကို ရပ်တန့်လိုက်၏။ သူမ၏ ဗျပ်စောင်း ပျောက်ကွယ်သွား၏။ သူမ ထရပ်လိုက်ပြီး ရီဖူရှင်းကို ကြည့်သည်။

“ခင်ဗျားရှုံးသွားပြီ...”

ရီဖူရှင်းသည် သူမကို စိုက်ကြည့်လျှက် ပြောသည်။

“အဲဒီလိုလား...”

ဒွန်ဟောင်တိယွမ်သည် သူ့ကို တစ်ချက်ကြည့်လိုက်၏။

“ခင်ဗျားရဲ့ အားနည်းချက် ပေါ်သွားပြီ”

ရီဖူရှင်းပြောသည်။

“အဲဒါက စက္ကန့်ဝက်လောက်ပဲဆိုပေမယ့် ခင်ဗျား အားနည်းချက်ကို ထုတ်ပြလိုက်မိတယ်”

ဒွန်ဟောင်တိယွမ် မျက်မှောင်ကြုတ်သွား၏။ သူမ ထိုအချက်ကို မငြင်းပေ။

“ခင်ဗျားက ကောင်းကင်ဒေသရဲ့ တော်ဝင်မင်းသမီးတစ်ပါးပဲ။ ခင်ဗျားက လူတိုင်း လိုချင်တပ်မက်တဲ့အရာအားလုံးနဲ့ မွေးဖွားလာတာပဲ။ ခင်ဗျားက ဂုဏ်အဆင့်အတန်းမြင့်မားပြီး လူတိုင်းရဲ့ ချစ်ခင်မှုကို ခံရတယ်”

ရီဖူရှင်းသည် သူမကိုကြည့်လျှက် ခနဲ့လိုက်သည်။

“ခင်ဗျားရဲ့ အရာအားလုံးက ပြီးပြည့်စုံနေတယ်။ လိုအပ်ချက် တစ်စိုးတစ်စိတောင် မရှိဘူး...”

“ဒါပေမဲ့ ခင်ဗျားလို အရှင်ဒွန်ဟောင်ရဲ့ တစ်ဦးတည်းသောသမီးတော်၊ လောကထဲမှ အမြင့်မြတ်ဆုံးအမျိုးသမီးက အောက်မေ့ခြင်းတေးသွားကို နားထောင်လိုက်မိတော့ ဘာလို့ ဝမ်းနည်းမှုကို ခံစားလိုက်ရတာလဲ”

ရီဖူရှင်း၏အကြည့်သည် စူးရှနေပြီး ဒွန်ဟောင်တိယွမ်ကို စူးစိုက်ကာကြည့်နေပေသည်။

သူသည် အောက်မေ့ခြင်းတေးသွားကြောင့် ဒွန်ဟောင်တိယွမ်၏ အားနည်းချက် ပေါ်သွားမည်ဟု သူမမျှော်လင့်ခဲ့ပေ။

ရီဖူရှင်းသည် ထိုအခြင်းအရာ၏ အဓိပ္ပာယ်ကို နားလည်ပေသည်။

“ရှင်က ရှင့်ကိုယ်ရှင် အထင်ကြီးနေတာပဲ”

ဒွန်ဟောင်တိယွမ်သည် အေးစက်စက် ကြိမ်းမောင်းလိုက်သည်။ သူမ၏လေသံသည် ခံစားချက်ကင်းမဲ့နေသည်။ သူမသည် ထိုကိစ္စကို ဝန်မခံခဲ့ပေ။

ရီဖူရှင်း အသေးစိတ် ရှင်းပြလိုက်သည်။

“အောက်မေ့ခြင်းတေးသွားက နားဆင်သူရဲ့ နှလုံးသားထဲမှာ ပုန်းရှိုးနေတဲ့ ဝမ်နည်းမှုကို နိုးထလာစေနိုင်တယ်။ တစ်ခါမှ မပူဆွေးဖူးတဲ့သူက အဲဒီတေးသွားကြောင့် ဘာမှသိပ်ပြီး ခံစားရမှာ မဟုတ်ဘူး။ အဲဒီလိုပဲ ကြီးမားတဲ့ပူဆွေးမှုကို ခံစားခဲ့ရဖူးတဲ့သူတွေဆိုရင် အောက်မေ့ခြင်းတေးသွားကို နားထောင်နေရတုန်းမှာ သူတို့ရဲ့ အားနည်းချက်က ပိုပြီးပေါ်လွင်လာလိမ့်မယ်။ သူတို့ရဲ့ စိတ်ဝိညာဉ်အတွင်းမှာ နက်နက်ရှိုင်းရှိုင်းပုန်းရှိုးနေတဲ့ ဝမ်းနည်းပူဆွေးမှုက နိုးထာလာပြီး ကြီးထွားလာလိမ့်မယ်။ ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ခင်ဗျားရဲ့ ဝိညာဉ်စွမ်းအားအရဆို ခင်ဗျားက တကယ့်ကို တော်‌တော်‌လေး စွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ ဒါပေမဲ့ ခင်ဗျားက အောက်မေ့ခြင်းတေးသွားကြောင့် ဝမ်းနည်းမှုကို ခံစားခဲ့ရတယ်။ အဲဒါရဲ့ အဓိပ္ပာယ်က တစ်ခုပဲရှိတယ်”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို စိုက်ကြည့်လျှက် ဆက်ပြောသည်။

“မြင့်မြတ်ထည်ဝါတဲ့ ကောင်းကင်ဒေသရဲ့ မင်းသမီးက ခင်ဗျားထင်သလောက် မသန်မာဘူးပဲ။ ခင်ဗျားနှလုံးသားရဲ့ နက်ရှိုင်းတဲ့နေရာမှာ ပြင်းပြတဲ့ဝမ်းနည်းမှုတစ်ခု ရှိနေတယ်။ ခင်ဗျား ဘာတွေကြုံတွေ့ခဲ့ရတာလဲ...”

သူ ပြောခဲ့သလိုပင် ဒွန်ဟောင်တိယွမ်၏ စိတ်ဓာတ်သည် အလွန်ပင် ခိုင်မာပေသည်။ သို့သော် သူမသည် အောက်မေ့ခြင်းတေးသွားကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး သူမ၏အားနည်းချက်ကို ပြမိသွားပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ သေချာပေါက် သူမသည် အလွန်ဝမ်းနည်းဖွယ်ကိစ္စတစ်ခုနှင့် ကြုံတွေ့ခဲ့ဖူး၍ ဖြစ်သည်။

သူမ၏ ဂုဏ်ပုဒ်အရဆိုလျှင် အဘယ်ကြောင့် သူမသည် ထိုကဲ့သို့ ဝမ်းနည်းဖွယ်ကိစ္စတစ်ခုနှင့် တွေ့ကြုံဖူးရမည်နည်း။

သူမသည် အဆင့်အတန်းမြင့်စွာ မွေးဖွားခဲ့သူဖြစ်သည်။ သူမ၏ ဘဝအစသည် အခြာလူပေါင်းများစွာ၏ သူတို့ဘဝတွင်မရရှိနိုင်သည့်ပန်းတိုင်ဖြစ်သည်။ သူမသည် လူပေါင်းများစွာ၏ ချစ်ခင်မှုကို ခံရပေသည်။

မည်သည့်အရာသည် သူမကို လွန်စွာပူဆွေးစေခြင်းဖြစ်သနည်း။

“အဓိပ္ပာယ်မရှိတဲ့စကားတွေပဲ...”

ဒွန်ဟောင်တိယွမ်သည် အေးစက်သောအကြည့်ဖြင့် ပြောသည်။

“ကျွန်မကြုံတွေ့ခဲ့ရာတွေက ရှင် နားလည်နိုင်တဲ့အရာတွေမဟုတ်ဘူး...”

“ဟုတ်လား...”

ရီဖူရှင်းသည် သရော်ပြုံး,ပြုံးလိုက်သည်။ ကြည့်ရသည်မှာ လောကထဲတွင် တမူထူးသည့်သူ မည်သူမှ မရှိပုံပင်။ လောက၏ ထိပ်ဆုံးတွင်ရှိသည့် ဒွန်ဟောင်တိယွမ်သည်ပင် သာမန်လူများနှင့် မခြားနားချေ။ သူမ၏မောက်မာမှုသည် သူမ၏အပေါ်ယံမျက်နှာဖုံး ဖြစ်နိုင်ပေသည်။

ရီဖူရှင်းသည် ပြုံး၍ ပြောလိုက်၏။

“ဝမ်းနည်းမှုဆိုတာ လူသားတွေအားလုံး တွေ့ကြုံခံစားရတဲ့ ခံစားချက်တစ်ခုပါပဲ။ လူတိုင်း သူတို့ရဲ့ ခံစားချက်တွေကို ထွက်ပေါက်ပေးဖို့လိုတယ်။ ကျုပ်က မင်းသမီးတွေ့ကြုံခံစားခဲ့ရတာတွေကို တစ်ခုမှမသိဘူးလို့ မင်းသမီးက ပြောတယ်ဆိုတော့... ကျုပ်သိသွားအောင် အဲဒီအကြောင်းတွေ ကျုပ်ကို ပြောပြရင်ရော ဘယ်လိုလဲ။ မင်းသမီးရဲ့ ပူဆွေးမှုတွေကို လျော့ပါးသွားအောင် ကျုပ် လုပ်ပေးချင် လုပ်ပေးနိုင်လောက်မှာပေါ့”

“ရဲတင်းလိုက်တာ...”

ဒွန်ဟောင်တိယွမ် ပြောသည်။ သူမထံနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်းထံသို့ ဦးတည်ဝင်ရောက်သွား၏။ သူမ၏အကြည့်သည် လွန်စွာ အေးစက်နေလေသည်။

ရီဖူရှင်းသည် ထိုကဲ့သို့ အပြောင်အပြက်စကားများကို အမှန်ပင် ပြောဝံ့ပေသည်။

“ရဲတင်းတယ်ဟုတ်လား...”

ရီဖူရှင်း ပြုံး၍ ပြောသည်။

“ခင်ဗျားရဲ့ စကားတွေက ကျုပ်ထက်တောင် ရဲတင်းနေသေးတယ်။ အခု ကျုပ်တို့က နတ်ဆိုးအင်ပါယာနန်း‌တော်မှာ... ဒွန်ဟောင်အင်ပါယာနန်းတော်မှာ မဟုတ်ဘူး။ ခင်ဗျား ခင်ဗျားရဲ့မာနကို လျှော့ထားသင့်တယ်”

ရီဖူရှင်း စနောက်လိုက်သည်။

“ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က တကယ်ပဲ ထုတ်ပြောဖို့ မတန်ပါဘူး။ ဒါပေမဲ့ ခင်ဗျားက အကောင်းဆုံးအရင်းအမြစ်တွေကို ရထားတဲ့ ကောင်းကင်ဒေသရဲ့ မင်းသမီးတစ်ပါးဖြစ်ပေမယ့် ခင်ဗျားရဲ့ ကျင့်ကြံခြင်းအစွမ်းက ကျုပ်ရဲ့ကျင့်ကြံခြင်းအစွမ်းနဲ့လည်း သိပ်မကွာပါလား။ အဲဒါက ရှက်စရာပဲ...”

သူတို့၏ တိုက်ပွဲအတွင်းမှ စွမ်းဆောင်ရည်ကို အခြေခံ၍ ဆိုရလျှင် မည်သူမှ သိသိသာသာ သာလွန်မှု မရှိပေ။ သူတို့သည် စွမ်းရည်တစ်မျိုးချင်းစီတိုင်းတွင် တစ်ဦးကိုတစ်ဦး အသာမယူနိုင်ချေ။ သူတို့နှစ်ဦးစလုံးသည် ဘက်စုံထူးချွန်သော ထိပ်သီးများဖြစ်ပေသည်။ သူတို့၏ တိုက်ခိုက်စွမ်းရည်သည်လည်း အံ့အားသင့်ဖွယ်ကောင်းပေသည်။

သို့သော် အစောပိုင်းတွင် ဒွန်ဟောင်တိယွမ်သည် အားနည်းချက်တစ်ခုကို ထုတ်ပြမိခဲ့၏။ သူမ၏စိတ်ခံစားချက်သည် အောက်မေ့ခြင်းတေးသွားကြောင့် လှုပ်ခတ်သွားခဲ့ပြီး သူမ၏ဝမ်းနည်းမှုကို သူမပြသမိခဲ့သည်။

ဝှီး...

တဝှီးဝှီး အော်မြည်နေသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။ ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းကြောင့် ဒေါသထွက်သွားပုံပင်။

ရီဖူရှင်း၏ပတ်ပတ်လည်တွင် နတ်အလင်းစီးဆင်းလာလေသည်။ သူသည် ဒွန်ဟောင်တိယွမ်၏မျက်လုံးများကို တည့်တည့်ကြည့်လျှက် ပြောသည်။

“တကယ်လို့ ကျုပ်တို့သာ တိုက်ပွဲအစစ်အမှန်ထဲမှာဆိုရင် ကျုပ်ရဲ့ ဗုဒ္ဓရောင်ဝါခြေလှမ်းကြောင့် ကျုပ် ရှုံးမှာ မဟုတ်ဘူး။ ကျုပ် ခင်ဗျားကို အများကြီးထိခိုက်သွားအောင် လုပ်နိုင်မှာ မဟုတ်ဘူးဆိုပေမယ့် နောက်ဆုံးမှာ ရှုံးမယ့်သူက ခင်ဗျားပဲဖြစ်မယ်ဆိုတာ သေချာပေါက် ပြောနိုင်တယ်...”

ဒွန်ဟောင်တိယွမ်သည် သူဗုဒ္ဓရောင်ဝါခြေလှမ်း အသုံးပြုနေတုန်းကပင် သူ၏တိုက်ခိုက်မှုများကို ခန့်မှန်းနိုင်ခဲ့လေသည်။ သို့သော် အကယ်၍ သူသာ မတိုက်ခိုက်ခဲ့လျှင် သူမသည် သူ့ကို မည်သို့လုပ်နိုင်မည်နည်း။

သူတို့သည် တစ်ဦးကိုတစ်ဦး ထိခိုက်အောင် မတိုက်နိုင်သဖြင့် တိုက်ပွဲရှည်ကြာလာပါက မည်သူနိုင်သွားမည်နည်း။

“ကျွန်မတို့သာ တကယ့်တိုက်ပွဲထဲမှာဆိုရင် ရှင်သေသွားမှာပေါ့...”

ဒွန်ဟောင်တိယွမ် ပြန်တုံ့ပြန်လိုက်သည်။

“အံ့အားသင့်စရာပဲ...”

ထိုအခိုက်တွင် အဝေးမှနေ၍ သူတို့ထံသို့ အသံတစ်သံ ရောက်ရှိလာ၏။ ထိုသို့ပြောလိုက်သူမှာ နတ်ဆိုးအင်ပါယာဖြစ်သည်။ သူသည် နတ်ဆိုးနတ်ဘုရားနန်းတော်ထဲတွင် ရှိနေ၏။ သို့သော် သူ၏အသံသည် သူတို့ဘေးတွင် ထွက်ပေါ်လာ၏။

“မင်းတို့နှစ်ယောက်က ရေစက်ပါတာပဲ။ အတိတ်တုန်းက အရှင်ဒွန်ဟောင်နဲ့ အင်ပါယာရီချင်တို့က မိတ်ဆွေတွေဖြစ်ခဲ့ပြီး ကောင်းကင်ဒေသရဲ့ အင်ပါယာနှစ်ပါးဖြစ်ခဲ့တယ်။ အခု မင်းတို့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံရတာ ကံကြမ္မာရေစက်ဖြစ်နိုင်တယ်။ ဘယ်သူ အနိုင်ရမလဲဆိုတာ ဒီမှာ ဆုံးဖြတ်မနေကြနဲ့တော့။ မင်းတို့ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်ရင် လူသူကင်းရှင်းတဲ့ နေရာမှာ သွားလုပ်ကြ...”

All Chapters