လိုအပ်ချက်များ ရှိနေဆဲလော
Vol. 183 Ch. 2621
နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် နတ်ဆိုးအင်ပါယာ၏ စကားများကိုကြားလိုက်သောအခါ အံ့အားသင့်သွားကြသည်။ သူတို့ အလေးအမြတ်ထားသည့် သူတို့၏နတ်ဘုရားသည် အမှန်ပင် ဟာသတစ်ခုပြောနေပေသည်။
သို့သော် ဒွန်ဟောင်တိယွမ်နှင့် ရီဖူရှင်းတို့သည် နတ်ဆိုးအင်ပါယာ မျက်စိကျလောက်စေရန် အမှန်ပင် သန်မာပေ၏။ သူတို့သည် မျိုးဆက်သစ်များထဲတွင် အထူးချွန်ဆုံးသူများ ဖြစ်ကြ၏။
ရီဖူရှင်းသည် ထိုကိစ္စကို ထူးဆန်းသည်ဟု မထင်ပေ။ ထိုမတိုင်ခင်ကပင် နတ်ဆိုးအင်ပါယာသည် မသင့်တော်သော အတွေးများ ရှိနေခဲ့ကြောင်း ပြသခဲ့ပြီးမဟုတ်ပါလား။ နတ်ဆိုးအင်ပါယာ၏ အတွေးသည် မည်သို့ဖြစ်ကြောင်း ရီဖူရှင်းမသိပေ။ သူသည် ရီဖူရှင်းနှင့် ဒွန်ဟောင်တိယွမ်တို့ကို လူသူကင်းရှင်းသော အခန်းတစ်ခုထဲသို့ သွားစေလိုနေသည်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် အရှင်ဒွန်ဟောင်သည် မည်ကဲ့သို့ တုံ့ပြန်မည်နည်း။
ရီဖူရှင်းသည် ထိုသို့ မလုပ်ဝံ့ပေ။ ယခုတွင် အရှင်ဒွန်ဟောင်၌ မည်သည့်အကြောင်းပြချက်ရှိနေစေကာမူ သူသည် ရီဖူရှင်းကို မထိရန် ကတိပေးခဲ့သည်။ သို့သော် ရီဖူရှင်းသာ ဒွန်ဟောင်တိယွမ်နှင့် အတူအိပ်ခဲ့လျှင် အရှင်ဒွန်ဟောင်သည် သူ့ကို ဒေါသအလျောက် သတ်မိမည်၊ မသတ်မိမည်ကို အတပ်ပြောရန် ခက်ပေသည်။
“အရှင်အင်ပါယာ ပြောတာ မှန်ပါတယ်။ မင်းသမီး... မင်းသမီးရော ဘယ်လိုထင်ပါသလဲ”
ရီဖူရှင်း ပြောသည်။ သူ၏ခေါင်းထဲတွင် တွေးနေသော အတွေးများသည် နှုတ်ခမ်းမှနေ၍ စကားများအဖြစ် ထွက်ပေါ်လာ၏။ သူသည် ဒွန်ဟောင်တိယွမ်ကိုကြည့်ကာ ပြုံး၍ ပြောလိုက်ခြင်းပင်။
ထိုအမျိုးသမီးသည် အေးစက်၊ မောက်မာကာ တော်ဝင်ဆန်ပေသည်။ သူမသည် မဆင်မခြင်ပြောတတ်ပြီး လွန်စွာရိုင်းစိုင်းပေသည်။ ထို့ကြောင့် သူသည် သူမကို အနည်းငယ် စနောက်လိုနေခြင်းပင်။
ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းမှာ နတ်ဆိုးအင်ပါယာ၏စကားများကို အမှန်ပင် ပြန်တုံ့ပြန်ဝံ့ကြောင်း သိသွားလေသည်။ သူမသည် ရီဖူရှင်းကို အေးစက်စက်ကြည့်လိုက်ပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များကိုပင် ထုတ်လွှတ်လိုက်သည်။ သူမသည် ရီဖူရှင်းကို စူးစူးဝါးဝါးကြည့်လျှက် ပြောလိုက်၏။
“ကျွန်မရဲ့ ခမည်းတော်က ရှင့်ကို မသတ်ဘူးလို့ ကတိပေးထားပေမယ့် ရှင်စိုးရိမ်စရာမလိုတော့ဘူးလို့ တစ်စက္ကန့်တောင် မတွေးမိစေနဲ့။ နောက်ကျရင်... ရှင် ကျွန်မလက်ထဲမှာ အမိမခံရပါစေနဲ့လို့ ဆုတောင်းနေ...”
သူမသည် ထိုသို့ပြောပြီးနောက်တွင် ချက်ချင်းနောက်သို့လှည့်ကာ ပျံထွက်သွားလေသည်။ သူမသည် ဆက်၍ တိုက်ခိုက်ရန် ဆန္ဒမရှိတော့ပေ။ သူမတို့၏တိုက်ပွဲပြီးဆုံးသွားသောအခါ နှစ်ဖက်စလုံးသည် တစ်ဦးကိုတစ်ဦး လုံးဝအနိုင်ယူနိုင်ရန် ခက်ခဲကြောင်း သဘောပေါက်သွားကြပေပြီ။ သူမတို့သည် နယ်ပယ်အားလုံးနီးပါးတွင် လက်ရည်တူကြပေသည်။
သို့သော် သူတို့သည် အစွမ်းကုန်ထုတ်ကာ သူတို့၏ စွမ်းအားအကြီးဆုံး အတတ်များကို ထုတ်သုံးခဲ့ခြင်းမဟုတ်ပေ။ အကယ်၍ ထိုတိုက်ပွဲသည်သာ အစစ်အမှန်တိုက်ပွဲပြင်ဖြစ်ပါက မည်သည့်ရလဒ်ထွက်ပေါ်လာမည်ကို မည်သူမှ မသိချေ။
“မင်းသမီး... ခင်ဗျားရဲ့ ဝမ်းနည်းမှုတွေကို ဘာလို့ ကျုပ်နဲ့ မမျှဝေတာလဲ။ ကျုပ် ခင်ဗျားကို နှစ်သိမ့်ပေးချင် ပေးနိုင်လောက်မှာပါ...”
ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်၏ ခြိမ်းခြောက်မှုကို လျစ်လျူရှု၍ ပုံမှန်အတိုင်း ပြောသည်။ သူမ၏ စကားလုံးများသည် စူးရှသည်ဖြစ်ရာ မည်သူ၏ စကားလုံးများက တစ်ဖက်သူကို ပိုထိခိုက်စေမည်ကို သူသိချင်နေသည်။
ဒွန်ဟောင်တိယွမ်၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်နတ်မီးတောက်အလင်း စီးဆင်းသွား၏။ သူမသည် နောက်သို့ပြန်မလှည့်လိုက်ဘဲ အောက်သို့ဆက်ဆင်း၍ နန်းတော်ဆီသို့သာ ပြန်သွားလေသည်။
ရီဖူရှင်း၏မျက်နှာထားသည် အရေးမစိုက်ဟန် ရှိနေပေသည်။ သူသည်လည်း နန်းတော်ဆီသို့ ပြန်သွားလိုက်၏။
ဤနေရာသည် နတ်ဆိုးအင်ပါယာနန်းတော်သာ ဖြစ်ပေသည်။ နတ်ဆိုးအင်ပါယာသည် ဒွန်ဟောင်တိယွမ်ကို ယူချင်းနှင့် ရီဖူရှင်းတို့နှင့် နန်းတော်တစ်ခုတည်းနေရန် စီစဉ်ပေးခဲ့သည်။ ထို့ကြောင့် ဒွန်ဟောင်တိယွမ်သည် သူမဘာသာ လျှောက်သွားမည် မဟုတ်ပေ။ သူမသည် နတ်ဆိုးအင်ပါယာက သူမကို ထိခိုက်အောင်လုပ်မည်မဟုတ်ကြောင်း သိသော်လည်း သူမ၏လက်ရှိအနေအထားကို သူမသိသည်။ သူမသည် နတ်ဆိုးအင်ပါယာနန်းတော်၏ ဧည့်သည်တစ်ဦးမဟုတ်ဘဲ ဓားစာခံတစ်ဦးသာဖြစ်လေသည်။
ဒွန်ဟောင်တိယွမ်သည် နန်းတော်သို့ ပြန်ရောက်သောအခါ ချောင်ကျသော ထောင့်တစ်နေရာသို့ လျှောက်သွားလိုက်သည်။ သူမသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူမ၏မျက်လုံးများကို မှိတ်ကာ စတင်ကျင့်ကြံလိုက်၏။
ရီဖူရှင်း ပြန်ရောက်လာသောအခါ သူသည် ယူချင်းဘေးသို့ သွားလိုက်သည်။ ထို့နောက် သူသည် ဒွန်ဟောင်တိယွမ်ကို တစ်ချက်လှမ်းကြည့်သည်။
ရီဖူရှင်းသည် ထိုတိုက်ပွဲမှနေ၍ အချက်အလက်များစွာကို သိခဲ့ရသည်။ သူသည် ဒွန်ဟောင်တိယွမ်၏ တိုက်ခိုက်စွမ်းရည်အစစ်အမှန်ကို သိရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ကိုယ်ပိုင်စွမ်းရည်အကြောင်းကို ပို၍သိမြင်နားလည်ခဲ့ရသည်။ တိုက်ခိုက်စွမ်းရည်အရ သူသည် ဒုတိယကပ်ဘေးအဆင့်တွင် ရှိနိုင်ပေသည်။ ထိုအချက်သည် သူ့ကို ထိပ်သီးများအကြားတွင် ရပ်တည်နိုင်စေ၏။
သို့သော် သူသည် ပြိုင်ဘက်ကင်းမဟုတ်ပေ။ ထိုအဆင့်တွင် အခြား သန်မာသော ကျင့်ကြံသူများစွာ ရှိပေသည်။ ဥပမာပြရလျှင် ဒွန်ဟောင်တိယွမ်ကို ဖမ်းခဲ့သော သူကို ပြရပေမည်။
ယခင်က ရီဖူရှင်းတွေ့ခဲ့သော ဖုန်းရူသည်လည်း နတ်ဘုရားတစ်ပိုင်းဟု ဆိုနိုင်သည့် စွမ်းအားကြီးကျင့်ကြံသူတစ်ဦးဖြစ်သည်။
မဟာအင်ပါယာအဆင့် အင်အားစုအားလုံးတွင် သူနှင့်အဆင့်တူသော ကျင့်ကြံသူများ မရှားပေ။
နတ်ဘုရားမာန်ဟုန်တောင်ကုန်းကဲ့သို့ ထိပ်တန်းအင်အားစုများ၏ ခေါင်းဆောင်များသည် ရီဖူရှင်း၏ ပြိုင်ဘက်မဟုတ်ပေ။ သို့သော် ရှေးဟောင်းနတ်ဘုရားကလန်များမှ စွမ်းအားကြီး ထိပ်သီးများ၏ စွမ်းရည်များကို သူသေချာမသိရသေးပေ။ သူတို့သည် ရှေးဟောင်းနတ်ဘုရားကလန်များကိုပင် အုပ်ချုပ်အမိန့်ပေးနိုင်သည်ဖြစ်ရာ သူတို့၏စွမ်းရည်သည် သေချာပေါက် ရီဖူရှင်းထက် နိမ့်မည်မဟုတ်ပေ။ သူတို့၏စွမ်းရည်သည် ဖုန်းရူနှင့်တန်းတူရှိမည်လောဟု သူတွေးမိနေသည်။
သူသည် ထိုသူများကို စမ်းသပ်ပြီးမှသာ သေချာပေါက် ပြောနိုင်ပေလိမ့်မည်။
“ယူချင်း...”
ရီဖူရှင်းသည် ယူချင်းကိုကြည့်လျှက် ပြောသည်။
“ငါတို့ ကပ်ဘေးအားလုံးကို အောင်အောင်မြင်မြင် တောင့်ခံနိုင်ခဲ့တယ်။ အခု အရှင်အင်ပါယာက ငါတို့ကို ပစ်မှတ်ထားမှာ မဟုတ်လောက်တော့ပါဘူး။ အခုက ငါတို့ လေ့ကျင့်ရမယ့် အချိန်ပဲ”
သူတို့ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်တွင် ကပ်ဘေး(၄၉)ခုကို ကျော်ဖြတ်ပြီးသွားပြီးနောက်တွင် သူတို့၏ အသွေးအသားများနှင့် စိတ်ဝိညာဉ်များသည် သန့်စင်ခြင်းခံခဲ့ရပြီး သူတို့သည် ပို၍စွမ်းအားကြီးလာပေသည်။ သူတို့သည် သူတို့၏ကျင့်ကြံခြင်းအစွမ်းကို ခိုင်မာအောင်လုပ်ရန် ပိုကြိုးစားလေ့ကျင့်ရန် လိုလေသည်။
“အင်း...”
ယူချင်းသည် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူတို့သည် ကံကောင်းသဖြင့် ကပ်ဘေးများကို ကျော်ဖြတ်နိုင်ခဲ့ခြင်းပင်။ ထိုသို့ တွေ့ကြုံပြီးနောက်တွင် သူသည် နတ်ဆိုးစွမ်းအားကို ပို၍သိမြင်နားလည်လာပေသည်။
ရီဖူရှင်းသည် ယူချင်းကို ပခုံးပုတ်လိုက်သည်။ သူသည် တစ်စုံတစ်ခု ပြောလိုနေသော်လည်း နောက်ဆုံးတွင် သူ၏လျှာကို ထိန်းထားလိုက်၏။
နတ်ဆိုးအင်ပါယာက သူတို့ကို ပြသခဲ့သောအရာများနှင့် သူတို့နှင့် ပြောခဲ့သောစကားများသည် ရီဖူရှင်းအပေါ် အတော်လေး သက်ရောက်မှုရှိနေဆဲဖြစ်သည်။
လောကအတွင်းရှိ ကျင့်ကြံသူများသည် သိုင်းပညာအထွတ်အထိပ်အဆင့်ရောက်လိုကြပေသည်။ သူတို့သည် အဆက်မပြတ် လေ့ကျင့်၍ သူတို့၏ လမ်းစဉ်သည် အမြင့်ဆုံးအဆင့်တွင် ရှိကြောင်း သက်သေပြရန် ကြိုးပမ်းကြ၏။ သူတို့သည် ထူးကဲသော ပါရမီကြောင့် ထိုအဆင့်သို့ ရောက်နိုင်ခဲ့လျှင်ပင် နောက်ထပ်ကပ်ဘေးကို ဖြတ်ကျော်ကြရဦးမည်ကိုမူ မသိကြပေ။ နောက်ဆုံးကပ်ဘေးသည် ယနေ့ခေတ်တွင် အသက်ရှင်နေသေးသော မဟာအင်ပါယာအားလုံး၏ အသိအမှတ်ပြုမှုကို ရရှိနိုင်ရန်ဖြစ်ပေသည်။
လက်ရှိ လောကများထဲတွင် မဟာအင်ပါယာခြောက်ပါးရှိ၏။ သူတို့၏ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးများသည် ရှုပ်ထွေးပြီး လျောက်ပတ်သည့်ဟန်ချက်ညီမှုတစ်ခု ရှိနေလေသည်။
အင်ပါယာအသစ်တစ်ပါး ဖွားမြင်လာမှုသည် လောကများ၏ဟန်ချက်ညီမှုကို ပြိုပျက်သွားစေမည်ဖြစ်သည်။ ဤစွမ်းအားဟန်ချက်ညီမှုကို ထိန်းထားနိုင်ပါမှသာ မဟာအင်ပါယာများသည် သူတို့၏ပလ္လင်ပေါ်တွင် အန္တရာယ်ကင်းကင်း စိုးစံနိုင်မည်ဖြစ်သည်။
ရီဖူရှင်းသည် အရှင်ဒွန်ဟောင်နှင့် ရန်ငြိုး၊ ရန်စရှိပေသည်။ ရီဖူရှင်းသည် မူလဘုံတွင် မွေးဖွားခဲ့ခြင်းဖြစ်သဖြင့် အင်ပါယာတစ်ပါးဖြစ်လာနိုင်သည်ဟု နတ်ဆိုးအင်ပါယာက ဆိုခဲ့သည်။ သို့သော် ထိုအရာသည် ဖြစ်နိုင်ချေတစ်ခုသာ ဖြစ်လေသည်။ ရီဖူရှင်း၏ ဇစ်မြစ်သည် ထိလွယ်၊ ရှလွယ်သော အရာတစ်ခုဖြစ်နေသေးသည် မဟုတ်ပါလော။
ယူချင်းသည်လည်း မဟာအင်ပါယာဖြစ်လာလျှင် နတ်ဆိုးအင်ပါယာနှင့် တုပြိုင်ရမည်ဖြစ်သဖြင့် အန္တရာယ်များပေသည်။
ဒွန်ဟောင်တိယွမ်အတွက်လည်း ထို့အတူသာဖြစ်သည်။ အရှေ့တွင် အင်ပါယာရီချင်၏ ဥပမာရှိသည် မဟုတ်ပါလော။
အဓိကအင်ပါယာနန်းတော်အသီးသီးမှ ကျင့်ကြံသူအားလုံးသည် အင်ပါယာလမ်းစဉ်ကို လျှောက်လှမ်းလိုကြသော်လည်း သူတို့ မဟာအင်ပါယာအဆင့်သို့ အမှန်ပင် ရောက်သွားစေကာမူ သူတို့သည် အန္တရာယ်တောအတွင်းမှာပင် ရှိနေဦးမည်ဖြစ်သည်။ သို့ပေသည့် မဟာအင်ပါယာလမ်းစဉ်သည် ကျင့်ကြံသူအားလုံး၏ ဘဝပန်းတိုင်းဖြစ်နေဆဲပင်။ မရေမတွက်နိုင်အောင်များပြားသော ကျင့်ကြံသူများကို ထိုလမ်းစဉ်ကို လျှောက်လှမ်းနိုင်ရန် ကြိုးပမ်းကြပေသည်။
သို့သော် ရှေးဟောင်းနတ်ဘုရားကလန်များ သို့မဟုတ် အခြားထိပ်တန်းအင်အားစုများကဲ့သို့ အဓိကအင်ပါယာနန်းတော်များနှင့် မသက်ဆိုင်သော ကျင့်ကြံသူများသည် မဟာအင်ပါယာဖြစ်လာလျှင်လည်း ပြဿနာမရှိပေ။ သူတို့သည် ဟန်ချက်ညီမှုကို ပျက်ပြားစေမည်မဟုတ်သဖြင့် သူတို့အနေဖြင့် မဟာအင်ပါယာအဖြစ် တည်ရှိနေလျှင်လည်း ကိစ္စရှိမည်မဟုတ်ပေ။
အကယ်၍ ရှေးဟောင်းနတ်ဘုရားကလန်များမှသာ မဟာအင်ပါယာတစ်ပါး ပေါ်ထွက်လာပါက သူတို့သည် သေချာပေါက် အရှင်ဒွန်ဟောင်နှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိတော့မည်မဟုတ်ပေ။ သူတို့သည် သူတို့၏ကိုယ်ပိုင်လောကကို ဖန်တီးမည်ဖြစ်ပြီး အရှင်ဒွန်ဟောင်၏ အမိန့်များကို လိုက်နာတော့မည်မဟုတ်ချေ။
အကယ်၍ ယူချင်းသာ မဟာအင်ပါယာတစ်ပါးဖြစ်လာပါက အခြားမဟာအင်ပါယာများသည် ယူချင်းကို ဆန့်ကျင်နိုင်ချေများပေသည်။ ယူချင်းနှင့် နတ်ဆိုးအင်ပါယာ နှစ်ဦးထဲတွင် တစ်ဦးသာ ဆက်၍ရှင်သန်နိုင်မည်ဖြစ်သည်။ ယခင်က နတ်ဆိုးအင်ပါယာ ပြောခဲ့သည့်စကားများအရ သူသည် ယူချင်းကို ပလ္လင်လွှဲပြောင်းပေးလောက်ပေသည်။
သို့သော် ယူချင်းသည် အပြန်အလှန်အနေဖြင့် နတ်ဆိုးဘုံတစ်ခုလုံး၏ တည်ငြိမ်အေးချမ်းမှုကို ပြန်၍တာဝန်ယူရမည်ဖြစ်ပြီး နတ်ဆိုးချောက်ကမ်းပါး၏ ကပ်ဘေးများကို ခုခံပေးရမည်ဖြစ်သည်။
ရီဖူရှင်းသည် ယူချင်းတစ်ယောက် နတ်ဆိုးချောက်ကမ်းပါး၏ ကပ်ဘေးများကို ပခုံးထမ်းကာ အဆုံးမဲ့ နာကျင်မှုကို ခံစားနေရမည်ကို မမြင်လိုပေ။ မည်သို့ပင်ဖြစ်စေ ယခုတွင် ထိုအရာအားလုံးကို တွေးတောရန် စောလွန်းပေသေးသည်။
နောက်ရက်အနည်းငယ်အတွင်း၌ ရီဖူရှင်းနှင့် ယူချင်းတို့သည် နတ်ဆိုးအင်ပါယာနန်းတော်ထဲတွင် တိတ်တဆိတ်ကျင့်ကြံနေခဲ့ကြသည်။ ဒွန်ဟောင်တိယွမ်သည်လည်း သူတို့နှင့် တစ်မိုးအောက်ထဲမှာပင် ကျင့်ကြံနေခဲ့သည်။ သို့သော် သူမသည် စကားအလွန်နည်းပေသည်။ သူမသည် သူမ၏တရားထိုင်မှုထဲတွင်သာ စိတ်နှစ်ထား၏။ သူမသည် သူမမှာ ဓားစာခံတစ်ဦးဖြစ်ကြောင်း နားလည်ပုံပင်။
ထိုနေ့တွင် နတ်ဆိုးအင်ပါယာနန်းတော်အထက်ရှိ ကောင်းကင်တွင် နတ်အလင်း ရုတ်တရက် တောက်ပလာလေသည်။ တလက်လက်တောက်ပနေသော အလင်းသည် နန်းတော်တစ်ခုလုံးကို လင်းလက်သွားစေသည်။
အထက်ကောင်းကင်တွင် နတ်အလင်းတောက်ပလာသဖြင့် နန်းတော်အတွင်းရှိ ကျင့်ကြံသူများသည် အံ့ဩတကြီး မော့ကြည့်လိုက်ကြသည်။ မည်သူ ရောက်ရှိလာခြင်းပေနည်း။
နတ်ဆိုးနတ်ဘုရားနန်းတော်ထက်တွင် နတ်ဆိုးအင်ပါယာ ထွက်ပေါ်လာ၏။ သူသည် လက်နောက်ပစ်ကာ ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်သည်။ သူ၏အနက်ရောင်ဝတ်ရုံသည် လေထဲတွင် ဝဲလွင့်နေပြီး သူသည် လွှမ်းမိုးမှုအရှိန်အဝါ ကြီးမားနေပေသည်။ သူ့ကိုယ်မှနေ၍ ကောင်းကင်နှင့်မြေကြီး၏ အုပ်ချုပ်သူတစ်ဦး၏ အရှိန်အဝါထွက်ပေါ်နေသည်။
နတ်ဆိုးအင်ပါယာ၏အရှေ့သို့ ပုံရိပ်တစ်ခု ရောက်လာလေသည်။ ရီဖူရှင်းနှင့် ယူချင်းတို့သည် ထိုသူရောက်ရှိလာမှုကို အာရုံရလိုက်သောအခါ ကောင်းကင်ပေါ်သို့ အာရုံစိုက်လိုက်ကြ၏။ သူတို့ ရင်တုန်သွားကြသည်။ ဒွန်ဟောင်တိယွမ်သည်လည်း သူမ၏ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်သည်။ သူမသည် ထရပ်လိုက်ပြီး ရောက်ရှိလာသော ဧည့်သည်ရှိရာဘက်သို့ လှမ်းကြည့်သည်။
“အရှင်ဒွန်ဟောင် ဒီကို ရောက်လာပြီ”
ရီဖူရှင်း ရေရွတ်လိုက်သည်။ ဤအကြိမ်သည် သူ ကောင်းကင်ဒေသ၏ ဘုရင်နှင့် ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။
“ကျုပ်တို့ နောက်ဆုံးတွေ့ခဲ့တာတောင် နှစ်တွေအတော်ကြာခဲ့ပြီပဲ။ နတ်ဆိုးအင်ပါယာ... အဆင်ပြေပါရဲ့လား...”
အရှင်ဒွန်ဟောင်သည် ကောင်းကင်ထက်တွင်ရပ်ကာ နတ်ဘုရားနန်းတော်အထက်ရှိ နတ်ဆိုးအင်ပါယာကိုကြည့်ကာ နှုတ်ဆက်လိုက်သည်။ သူသည် မိတ်ဆွေးဟောင်းတစ်ဦးကို တွေ့နေသကဲ့သို့ တည်ငြိမ်သောလေသံရှိပေသည်။
“ဒွန်ဟောင်... ခင်ဗျားက ဘာလို့ ကျုပ်ရဲ့ နတ်ဆိုးအင်ပါယာနန်းတော်ကို ရောက်လာရတာပါလဲ”
နတ်ဆိုးအင်ပါယာသည် တဲ့တိုးမေးလိုက်သည်။
“ကျုပ်ရဲ့ သမီးတော် ဒီမှာ နေ,နေတာ အချိန်အတော်ကြာပြီပဲ... သူ့ကို စောင့်ရှောက်ပေးထားတဲ့အတွက် ကျုပ် ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ကျင့်ကြံခြင်းကို အနှောင့်အယှက် မဖြစ်ရအောင် ကျုပ် သူ့ကို ပြန်ခေါ်သွားဖို့ အချိန်တန်ပြီလေ...”
အရှင်ဒွန်ဟောင်က ပြန်ပြောသည်။ သူသည် သူ၏သမီးတော်ကို ပြန်ခေါ်သွားရန် ဤနေရာသို့ ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
“သူက စစ်သုံ့ပန်းပဲ။ ကျုပ် ခင်ဗျားကို လေးစားလို့ သူ့ကို ဆိုးဆိုးဝါးဝါး မဆက်ဆံခဲ့ပါဘူး။ ဒါပေမဲ့ ခင်ဗျားက စကားနည်းနည်းလောက်ပြောပြီးတော့ ဒီနေရာကနေ သူနဲ့အတူ ထွက်သွားနိုင်မယ်လို့ ထင်လို့လား...”
နတ်ဆိုးအင်ပါယာက မေးခွန်းထုတ်လိုက်သည်။
“ကျုပ် ခင်ဗျားအပေါ် အကြွေးတစ်ခု တင်သွားပါပြီ။ အနာဂတ်မှာ အခွင့်အရေးရခဲ့ရင် ကျုပ် အဲဒီအကြွေးကို ပြန်ဆပ်မယ်”
အရှင်ဒွန်ဟောင် ပြောလိုက်၏။
သူတို့၏အဆင့်တွင် သူတို့သည် ပြိုင်ဘက်များဖြစ်သော်လည်း မဆင်မခြင် မပြုမူကြပေ။ အကယ်၍ သူတို့သာ ပြိုင်ဘက်၏ မျိုးဆက်ကို သတ်ပစ်ခဲ့လျှင် သူတို့၏အပြုအမူသည် အလွန်အကျုးဖြစ်သွားမည်ဖြစ်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို အစပြုမိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် မဟာအင်ပါယာနှစ်ပါးစလုံးသည် လွန်စွာသတိထားနေကြပြီး အလျင်စလို မပြုမူကြခြင်းဖြစ်သည်။
“ခင်ဗျားက ဘယ်လို အကြွေးပြန်ဆပ်မှာလဲ”
နတ်ဆိုးအင်ပါယာက ပြောသည်။
“နတ်ဆိုးအင်ပါယာ... ခင်ဗျားဆီမှာ တောင်းဆိုစရာတစ်ခုရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောပါ”
အရှင်ဒွန်ဟောင် ပြောသည်။
“အခုတော့ ကျုပ် မဆုံးဖြတ်ရသေးပါဘူး။ ကျုပ် စိတ်ဆုံးဖြတ်ပြီးသွားရင် ခင်ဗျားကို အကြောင်းကြားလိုက်မယ်”
နတ်ဆိုးအင်ပါယာ ပြန်ပြောလိုက်၏။
“ကောင်းပါပြီ...”
အရှင်ဒွန်ဟောင် ခေါင်းညိတ်လိုက်သည်။
“ခင်ဗျား ခင်ဗျားရဲ့သမီးတော်ကို ပြန်ခေါ်သွားနိုင်ပါပြီ”
နတ်ဆိုးအင်ပါယာက ချက်ချင်းပြောသည်။ သူသည် အရှင်ဒွန်ဟောင်၏ ကတိကို တန်း၍လက်ခံလိုက်ပြီး အရှင်ဒွန်ဟောင်သည် သူ၏စကားကို မတည်မည်ကို အနည်းငယ်ပင် မစိုးရမ်ခဲ့ချေ။
သူတို့သည် ရန်သူများဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး အတော်လေးရင်းနှီးပေသည်။ ထို့အပြင် သူတို့သည် တစ်ဦးကိုတစ်ဦးလည်း ယုံကြည်ကြပေသည်။
“ကျေးဇူးအများကြီးတင်တယ်”
အရှင်ဒွန်ဟောင် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် ဒွန်ဟောင်တိယွမ်ရှိရာဘက်သို့ လှမ်းကြည့်သည်။ သူမသည် ကောင်းကင်ပေါ်သို့ ပျံတက်လာပြီး အရှင်ဒွန်ဟောင်ဆီသို့ ပျံသွားလိုက်၏။
“ခမည်းတော်...”
ဒွန်ဟောင်တိယွမ်က နှုတ်ဆက်လိုက်၏။
“အိမ်ပြန်ကြစို့...”
အရှင်ဒွန်ဟောင် ပြောသည်။ ဒွန်ဟောင်တိယွမ်က ခေါင်းညိတ်ပြလိုက်သည်။ သူမသည် ထွက်မသွားခင်တွင် နောက်လှည့်၍ နန်းတော်ကို တစ်ချက်ကြည့်သည်။ ထိုအခိုက်တွင် နတ်ဆိုးအင်ပါယာနန်းတော်အတွင်းရှိ ရီဖူရှင်းသည် သူမက သူ့ကိုကြည့်နေခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိလိုက်လေသည်။
ကြည့်ရသည်မှာ ထိုအမျိုးသမီးသည် ဆက်ဆံရေးတွင် အမှတ်အတေးရှိသူတစ်ဦးဖြစ်ပုံပင်။
အရှင်ဒွန်ဟောင်နှင့် ဒွန်ဟောင်တိယွမ်တို့သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ပျောက်ကွယ်သွားပြီး နတ်ဆိုးအင်ပါယာနန်းတော်မှ ထွက်ခွာသွားကြလေသည်။
သူတို့ထွက်ခွာသွားပြီးနောက်တွင် နတ်ဆိုးအင်ပါယာသည် ယူချင်းနှင့် ရီဖူရှင်းတို့ ရှိရာ နန်းတော်ထဲတွင် ပေါ်လာ၏။ သူသည် သူတို့ကို တစ်ချက်ကြည့်လျှက် ပြောသည်။
“ဒီလောက် အချိန်အကြာကြီး အတူနေခဲ့ရတာတောင် မင်းတို့က မိန်းမပျိုလေးရဲ့ နှလုံးသားကို မရနိုင်ခဲ့ဖူးပေါ့လေ... မင်းတို့မှာ လိုအပ်ချက်တွေ ရှိနေသေးပုံပဲ...”
“...”
ရီဖူရှင်းသည် နတ်ဆိုးအင်ပါယာကို အူကြောင်ကြောင်ဖြင့် ကြည့်သည်။ သူသည် စော်ကားခံလိုက်ရသလို ခံစားလိုက်ရ၏။
နတ်ဆိုးအင်ပါယာက ရီဖူရှင်းကို ပြောသည်။
“သူ ထွက်သွားပြီဆိုတော့ မင်းလည်း သွားသင့်ပြီ။ နတ်ဆိုးဘုံက စစ်တပ်တွေက မူလဘုံကို ထိမှာ မဟုတ်ဘူး...”