← Chapters

နောက်မဆုတ်နိုင်ဘူး…

Vol. 114 Ch. 1570

နောက်မဆုတ်နိုင်ဘူး…

Vol. 114 Ch. 1570

အတွင်းနယ်မြေနှင့် ပထမဆုံးတိုက်ပွဲ တည်နေရာမှာ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း ဖြစ်နေလေ၏။ သူတို့ အစီအရင်ကို ချိုးဖျက်တော့မည့် နေရာမှာ ဝမ်လင်း ဖြတ်သန်းသွားသော နေရာနှင့် ထပ်တူကျနေသည်။

နယ်မြေချိပ်ပိတ်ခြင်းအစီအရင် တုန်ခါမှုသည် အတွင်းနယ်မြေထိ ရောက်လာသည်။ ဝမ်လင်းသည် အစီအရင်ပိုက်ကွန်မှာ ကဗြောင်းကဗျန်ဖြစ်နေသည်ကို ရှင်းလင်းစွာ မြင်သည်။ စွမ်းအားတစ်ခုက ၎င်းကို ထွင်းဖောက်ရန် ကြိုးစားနေသည့်နှယ်။

ထိုအခြင်းအရာကို ကြည့်ကာ ဝမ်လင်း၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။

အခုချိန်တွင် အတွင်းနယ်မြေသည် တိုက်ပွဲအတွက် အဆင်သင့် မဖြစ်သေးပေ။ ခုနစ်ရောင်စုံနယ်မြေများကိုလည်း အကုန် ရှာမတွေ့သေးပေ။ သို့သော် စစ်ပွဲက ဒီနေရာတွင် အစပြုလေပြီ။ ဝမ်လင်းသည် ချက်ခြင်းပင် အစီအရင်၏ထူးဆန်းစွာ ပြောင်းလဲမှုမှာ ပြင်ပနယ်မြေမှ နည်းလမ်းမျိုးစုံသုံး၍ အစီအရင်ကို ဖွင့်လှစ်နေခြင်းကြောင့် ဖြစ်သည်ဟု ပြောနိုင်၏။

နယ်မြေချိပ်ပိတ်ခြင်းအစီအရင်သည် နှစ်ဖက်သွားဓားတစ်လက်လိုပင်။ ၎င်းက အတွင်းနယ်မြေအတွက် အပူဇော်ခံမီးတောက်များကို ချိပ်ပိတ်ထားသည်။ သို့ဖြစ်၍ အတွင်းနယ်မြေမှ ကျင့်ကြံသူများသည် ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို မယှဉ်သာခြင်းပင်။ ၎င်းအဖြစ်က အတွင်းနယ်မြေ၏ ရေသောက်မြစ်ကို ဖြတ်တောက်ထားသည်နှင့် တူ၏။

သို့ပေမည့် တစ်ချိန်တည်းမှာ ဒီအစီအရင်က အကွာအကွယ်လည်း ဖြစ်စေပြန်၏။ ၎င်းက ဝင်လာဖို့ သို့မဟုတ် ထွက်ဖို့အတွက် အလွန်ခက်ခဲမှုကို ဖြစ်စေသည်။

ခုချိန်တွင် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်မှာ အပြင်းအထန် တုန်ယင်နေ၏။ ထိုအဖြစ်က ပြင်ပနယ်မြေတွင် ပိုထင်ရှားသည်။

သို့ပေမည့် ဝမ်လင်းမှာ အချိန်ဖြုန်းနေ၍ မရတော့ပေ။ သူက တခြားသူများကို အသိပေးဖို့လည်း မလိုအပ်ပေ။ တခြားတတိယအဆင့်ကျင့်ကြံသူများသည်လည်း ဒီအဖြစ်ကို သတိပြုမိကြမည်သာ။ သို့ရာတွင် သူက ဒီနေရာနှင့် အနီးဆုံးလူ ဖြစ်နေ၏။ သူက သူတို့ကို အစီအရင်ချိုးဖျက်ခြင်းအား မရပ်တန့်နိုင်သည်ဖြစ်ရာ အဆိုးဆုံးအတွက် ကြိုပြင်ဆင်ရတော့မည်။

ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် တဖျပ်ဖျပ်ပေါ်၏။ သူ၏သတ်ဖြတ်လိုစိတ်က တာအိုပညာရှင်ရေကို သတ်ပြီးသည့်နောက် အနည်းငယ် လျော့ပါးသွားခဲ့သည်။ သို့ပေမည့် အခု ဒီနေရာတွင် တဖန် မြင့်တက်လာခဲ့ပြန်ပြီ။ သူ၏သတ်ဖြတ်ခြင်းအနှစ်သာရမှာ မြန်ဆန်စွာ တိုးတက်လာချေသည်။

သတ်။ ကျူးကျော်လာသည့် လူတိုင်းကို သတ်။

ဤကား စစ်ပွဲ ဖြစ်၏။ စစ်ပွဲတွင် မည်သည့်စောင့်ထိန်းစရာကျင့်ဝတ်မှ ရှိမနေပေ။

သူ ခုချိန်တွင် ထွက်သွားနိုင်၏။ သို့သော် သူ မလုပ်နိုင်ပေ။

ဤကား ကျူးကျော်မှု ဖြစ်၏။ သူ၏ ဌာနေရပ်ကို ကျူးကျော်လာခြင်း ဖြစ်သည်။ သူ့မွေးရပ်မြေအတွက်၊ သူ့ ဌာနေအတွက် အတွင်းနယ်မြေ၏ ကျင့်ကြံသူများ၏ ဂုဏ်သိက္ခာအတွက်ပင်။ ဝမ်လင်း၏မျက်လုံးတို့မှာ ချင်းချင်းနီရဲလာ၏။ သူသည် သူ့တဘဝလုံး သတ်ဖြတ်ခြင်းနှင့် အသားကျလာခဲ့သူ ဖြစ်သည်။ နတ်ဘုရားကလန်၏ အပြင်ဘက်တွင်လည်း သူသည် အတွင်းနယ်မြေကျင့်ကြံသူတစ်ယောက်၏ ဂုဏ်သိက္ခာကို ခံစားမိခဲ့ပြီး ဖြစ်သည်။

ဒီစစ်ပွဲမှာ အချိန်မည်မျှကြာမည် မသိနိုင်ပေ။ သူလည်း သေသွားနိုင်၏။ ဝမ်အာကို ပြန်အသက်ရှင်အောင် လုပ်မည့် အခွင့်အရေး ဆုံးရှုံးသွားတာလည်း ဖြစ်နိုင်သေးသည်။ သို့သော် ခုချိန်၌ သူသည် သူ့အတွက်သူ တိုက်ခိုက်ခြင်း မဟုတ်တော့၊ သူ့ မွေးရပ်ဌာနေအတွက် တိုက်ခိုက်ရတော့မည်။

သူ တိုက်ခိုက်ရပေမည်။ ထို့အတွက်ကြောင့်လည်း အရှင်ဟုန်ရှန်က သူ့အား သေသည့်အထိ တိုက်ခိုက်နိုင်မည်လားဟု မေးခဲ့ခြင်းပင်။ ဤကား စစ်ပွဲ မည်၏။

ဝမ်လင်းသည် ဒီတိုက်ပွဲအတွင်း သေဖို့ ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။

အခုက ရုတ်တရက် ဆန်နေသော်လည်း သူသည် အတွင်းနယ်မြေမှ လူ ဖြစ်သည်။ အတွင်းနယ်မြေသည် အန္တရာယ်နှင့် ပြည့်နှက်နေလျှင်တောင်မှ သူ့အပေါ်တွင် အကြံအစည်များ ရှိနေလျှင်တောင်မှ သူသည် အတွင်းနယ်မြေမှ ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲသာ။

သူ၏မွေးရပ်မြေ၌ ရှင်သန်အောင် နေထိုင်ရမည်။ သို့သော် အခု ကျူးကျော်လာမှုကို ရင်ဆိုင်ရသည့်အခါ၌ ယင်းသို့ နေထိုင်ခြင်းက မည်သို့ အရေးပါမည်နည်း။ ဤကား ကြီးမြတ်မှုအတွက် တိုက်ခိုက်ခြင်း ဖြစ်သည်။

စစ်ပွဲမီးလျှံက တံခါးဝသို့ ရောက်လာခဲ့ပြီးပင်။ သူသာ ဒီကိစ္စတွင် အကျိုးအမြတ် တွက်နေပါက သူသည် လူတစ်ယောက်ဟု ခေါ်ရန် ထိုက်တန်တော့မည် မဟုတ်ပေ။ ကျင့်ကြံသူတစ်ယောက်ဟု ခေါ်ရန် ထိုက်တန်တော့မည် မဟုတ်ပေ။

ဝမ်လင်း၏ သတ်ဖြတ်ခြင်းအနှစ်သာရသည် အရူးအမူး တိုးတက်လာပြီး စိတ်ခံစားချက်မျိုးစုံမှာ သူ့စိတ်ထဲတွင် တဖျပ်ဖျပ်ပေါ်သည်။ သတ်ဖြတ်ခြင်းမျှနှင့် မလုံလောက်ပေ။ ဤအရာမှာ သတ်ဖြတ်ခြင်းမျှ မဟုတ်တော့၊ အရူးအမူး သတ်ဖြတ်ခြင်းသာ မည်၏။

စစ်မှန်သောသတ်ဖြတ်သူသည် အကြောင်းရင်းတစ်ခုဖြင့် သတ်ဖြတ်ခြင်းပင်။ ကိုယ်ယုံကြည်မှုအတွက် အရူးအမူးခုခံဖို့၊ သို့မဟုတ် ကိုယ်လိုချင်သော၊ ကိုယ်ချစ်သောလူများကို ကာကွယ်ပေးဖို့။

သည်လိုသတ်ဖြတ်ခြင်းမျိုးသည် ဒီအနှစ်သာရ၏ ရင်းမြစ်ပင်။

ခုချိန်၌ ဝမ်လင်းသည် ဉာဏ်အလင်း ရလာသည်။ သူက လက်ဝေ့ယမ်းလိုက်ရာ ဓားစွမ်းအင်တန်းဆယ်သန်း ပေါ်လာပြီး အစီအရင်ထံသို့ ပျံသန်းသွားသည်။ လင်းတန်နှင့် ကျိုးကျင်တို့လည်း ပေါ်လာ၏။ သူတို့ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ သူတို့သည် ဝမ်လင်းစကားကို နာခံရမည်သာ။

သူတို့သေရမည်ဆိုလျှင်ပင် သူတို့၏စိတ်ဝိညာဉ်များသည် သူ့အမိန့်ကို နာခံရမည်။

သူတို့နှစ်ယောက် ပေါ်လာပြီးနောက် ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ အထက်သို့ ညွှန်သည်။ မရေမတွက်နိုင်သော အတားအဆီးများသည် ပျံသန်းထွက်ကာ ဒီဧရိယာကို စတင်ချိပ်ပိတ်သည်။

တစ်ချိန်တည်းမှာ ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်သွေးအလင်းနှင့်အတူ သွေးဓား ပေါ်လာသည်။

ထိုအလင်းအောက်တွင် ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်း၏။ အဖြူရောင်အလင်းတန်းတစ်ခုက သူ့အား လွှမ်းခြုံသွားသည်။ သူက ထိုအလင်းအားလုံးကို စုပ်ယူကာ အလင်းအရိပ်ဒိုင်းကို ဖြစ်ပေါ်စေသည်။

သူ၏ဘယ်မျက်လုံးတွင် ကိုးရောင်စုံမီးက မုန်တိုင်းအသွင် ဖြစ်ပေါ်ကာ ပေါက်ကွဲထွက်ရန် အဆင်သင့် ဖြစ်သည်။

သူ့ညာမျက်လုံးတွင် မိုးကြိုးအမှတ်အသားသည် စတင်လှည့်ပတ်ပြီး မိုးကြိုးတုန်ဟည်းသံတို့ ပဲ့တင်ထပ်သည်။

တိုက်၊ တိုက်၊ တိုက်။

သူသည် ထိုသူတို့နှင့် တွေ့ကြုံမှတော့ ပြင်ပနယ်မြေမှ ကျင့်ကြံသူတစ်သိန်းနှင့် တိုက်ခိုက်ရပေတော့မည်။ ဝမ်လင်းက နေရာတွင်ပင် တိုက်ပွဲနတ်ဘုရားတစ်ပါးအလား မားမားရပ်နေ၏။

သူ့အဖြူရောင်ဆံပင်များက လွင့်ဝဲနေ၏။

သူ့ခန္ဓာကိုယ်မှ ဂုဏ်သိက္ခာတရား အငွေ့အသက် ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။ ၎င်းကား အတွင်းနယ်မြေကျင့်ကြံသူတစ်ယောက်၏ ဂုဏ်ရှိန်ဝါပင်။

နယ်မြေချိပ်ပိတ်ခြင်းအစီအရင်သည် ပြင်ပနယ်မြေမှ ကျင့်ကြံသူများအတွက် ဧရာမတံတိုင်းကြီးတစ်ခုအလား ဖြစ်လာသည့်ပုံ ရသည်။ ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ အားတစ်ခု ထွက်ပေါ်လာနေ၏။ ၎င်းက ထိုနံရံအတွင်းရှိ စိတ်ဝိညာဉ်များကို မျှားငင်ယူချင်သည့်အလား။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း အစီအရင်သည် အပြင်းအထန် တုန်ခါသည်။ အစီအရင်စိတ်ဝိညာဉ်များစွာ ပေါ်လာကာ တန်ပြန်တိုက်ခိုက်ရန် အဆင့်သင့်ဖြစ်ကြ၏။ သို့ပေမည့် ထိုအခိုက်တွင် ဧရာမအနက်ရောင်နန်းတော်ထံမှ ရှေးကျသောအသံတစ်သံ ထွက်ပေါ်လာသည်။

“အစီအရင်ကို ချိုးဖျက်ကြ…”

ထိုအသံ ပေါ်လာသည့်နောက်တွင် လောကသည် တုန်ယင်၏။ သလင်းဓားသည် တုန်လှုပ်ဖွယ် တဝီဝီမြည်ဟည်းကာ ထိုးထွက်လာ၏။ ပတ်ဝန်းကျင်ရှိ ရတနာများသည်လည်း ၎င်းနှင့်အတူ ထိုးထွက်လာသည်။

လူတစ်ယောက်ကသာ ဒီအစီအရင်ကို ချိုးဖျက်ရန် ကြိုးစားခြင်း မဟုတ်။ လူခြောက်ယောက်အင်အားဖြင့် ပြုလုပ်ခြင်းပင်။ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်နှစ်ယောက်၊ တတိယအဆင့်ကျင့်ကြံသူ စွမ်းအားထောက်တိုင်သုံးယောက်နှင့် အုပ်စိုးသူတို၏ အင်အားဖြင့် ချိုးဖျက်ခြင်းပင်။

အစီအရင်၏စိတ်ဝိညာဉ်က အုပ်စိုးသူကြောင့် ဆွဲနှုတ်ခြင်း ခံရခါနီး၌ အစီအရင်စောင့်စိတ်ဝိညာဉ်များသည် တိုက်ခိုက်ရန် ပေါ်လာသည်။ ရတနာငါးခုက တရှိန်ထိုး ဝင်ရောက်လာကာ အစီအရင်စိတ်ဝိညာဉ်များပေါ်သို့ အကြမ်းပတမ်း တိုက်ခိုက်လာသည်။

ငွေရောင်လျှပ်စီးများ အစီအရင်အနှံ့တွင် ပေါ်လာကာ ဒီအစီအရင်တစ်ခုလုံးကို လျှပ်စီးအစီအရင်အဖြစ်သို့ ပြောင်းလဲသည်။ အဆုံးမဲ့ငွေရောင်လျှပ်စီးတန်းများသည် စုဝေးကာ အကြွင်းမဲ့လျှပ်စီးစွမ်းအားနှင့် ပြည့်နှက်သော လှံတစ်လက် ပေါ်လာပြီး ငွေရောင်ဓားထံသို့ ဦးတည် တိုးဝင်သည်။

ရလဒ်အနေဖြင့် မိုးကြိုးတုန်ဟည်းသံများမှာ ကောင်းကင်ဘုံတုန်လှုပ်ဖွယ်ပင်။ သလင်းဓားက လှံရှည်နှင့် ထိပ်တိုက်တွေ့ရာ အဆုံးမဲ့အပူဇော်ခံမီးတောက်စွမ်းအားသည် လှံကို ခုခံဖို့ငှာ ထိုးထွက်၏။

ဓားနှင့်လှံ တိုက်ခိုက်နေကြစဉ် ခရမ်းရောင်လင်းလက်၏။ ကြောက်မက်ဖွယ်ခရမ်းရောင်အလင်းက ကြယ်များကြား ပြည့်နှက်သည်။ အတွင်းနယ်မြေနှင့် ပြင်ပနယ်မြေနှစ်ခုစလုံးကနေ ထိုအလင်းကို ရှင်းလင်းစွာ မြင်နိုင်သည်။

ထိုခရမ်းရောင်အလင်းအတွင်း၌ ဧရာမကျာပွတ်တစ်ခု ပေါ်လာ၏။ ၎င်းက ဆန့်ထွက် ရိုက်ချကာ တာအိုသခင်အိပ်မက်ပြာ၏ ကုချင်းကြိုးထံသို့ ဦးတည်သည်။

ထိုနှစ်ခုက နီးကပ်သွားပြီး ပြင်းထန်စွာ ထိပ်တိုက်တွေ့သည်။

ခရမ်းရောင်အလင်းပြီးနောက် အနီရောင်အလင်းသည် လတ်ဆတ်သောသွေးကဲ့သို့ ပျံ့နှံ့သည်။ နာကျင်စွာအော်ဟစ်သံလှိုင်းများပါ ပျံ့နှံ့လာ၏။ ဥက္ကာပျံကိုးခုတူကြီးတစ်လက် ရုတ်တရက် ပေါ်လာ၏။

ထိုတူမှာ ပွင့်ချပ်ကိုးခုထံသို့ တရှိန်တိုး ဝင်ရောက်လာသည်။

အနီရောင်အလင်း ပေါ်လာသည်နှင့် ကြောက်မက်ဖွယ်အပူလှိုင်းတစ်ခုသည် အစီအရင်ပေါ်သို့ မွှေနှောက်သည်။ ကြီးမားသောစစ်ရထားတစ်ခု ပေါ်လာပြီး အဆုံးစွန်အပူဓာတ်အော်ရာတစ်ခု ပျံ့နှံ့သည်။

ဧရာမလောက်လေးခွကြီး ပေါ်လာ၏။ ၎င်းပေါ်လာသည်နှင့် မြေကမ္ဘာအက်ကွဲမည့် အော်ရာကို ပေးစွမ်းလေသည်။ ၎င်းက ရှေ့သို့ ရုတ်တရက် ထိုးတက်သွား၏။ ၎င်းသည် ရေခဲဖြင့် ပြုလုပ်ထားသော သူငယ်အိမ်သုံးခုနှင့်မျက်လုံးထံ ဦးတည်ဝင်လာခြင်းပင်။

စစ်ရတား၏နောက်တွင် အလင်းအားလုံးကို ဝါးမြိုပစ်မည့် အမှောင်ထုက လင်းလက်သည်။ ဧရာမတောင်ဝှေးကြီးတစ်ခု ရုတ်ချည်း ပေါ်လာသည်။

ထိုလောက်လေးခွမှာ ဆူးချွန်များ ဖုံးနေပြီး အနက်ရောင်သွေးများ စွန်းထင်းနေသည်။ ၎င်းသည် ကြမ်းကြုတ်သောအော်ရာကို ပေးစွမ်းလျက် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်၏ သွေးအနှစ်သာရသုံးစက်မှ ဖြစ်ပေါ်လာသော တစ္ဆေသုံးကောင်ထံ တိုးဝင်လာသည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်တစ်ခုလုံးသည် အပြင်းအထန် တုန်ဟည်းသည်။ ဝမ်လင်း၏မျက်လုံး သူငယ်အိမ်မှာ ကြုံ့သွားမိ၏။ သို့သော် သူ၏အမူအရာသည် ကြမ်းတမ်းလာသည်။

စစ်ပွဲ စတင်ပြီ။

နယ်မြေချိပ်ပိတ်ခြင်းအစီအရင်သည် အစီအရင်စောင့်စိတ်ဝိညာဉ်များ တစ်ခုပြီးတစ်ခု ပေါ်လာကာ မကြာမီတွင်ပင် အားလုံး ပေါ်လာသည်။ သို့ပေမည့် သူတို့ပေါ်လာရုံ ရှိသေး ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ ဆန်းကြယ်သောစွမ်းအားတစ်ခု ထွက်ပေါ်ကာ လက်တစ်ဖက် အသွင်ဖန်တီး၍ ဆွဲငင်ယူ၏။

နယ်မြေချိပ်ပိတ်ခြင်းအစီအရင်သည် တုန်ခါကာ နှစ်ပေါင်းသောင်းချီ အစီအရင်အတွင်း၌ မွေးဖွားခဲ့သော စိတ်ဝိညာဉ်မှာ ဆွဲထုတ်ခြင်း ခံရသည်။ ထိုစိတ်ဝိညာဉ်ကို မမြင်ရပေ။ သို့သော် အပြင်ဘက်ရှိ ကျင့်ကြံသူများက ၎င်း၏ရှေးကျသောအော်ရာကို ခံစားမိနိုင်သည်။

ထိုစိတ်ဝိညာဉ်မှာ ကြီးမားလွန်း၏။ ၎င်း ဆွဲထုတ်ယူခြင်း ခံနေရသည့်အခါ ဆန်းကြယ်သောစွမ်းအားက ၎င်းကို တောင့်မခံနိုင်တော့သည်ဟု ထင်မှားရသည်။

ရှေးဟောင်းကြယ်အဖွဲ့အစည်းအနှံ့တွင် သက်ပြင်းချသံတစ်သံ ပဲ့တင်ထပ်၏။ ဆန်းကြယ်သောအားက ရုတ်တရက် ဘေးတစ်ဖက်သို့ ဆုတ်ပြဲသွား၏။ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ စိတ်ဝိညာဉ်၌ အဟတစ်ခု ပွင့်ဟသည်။

ထိုအဟ ပေါ်လာသည်နှင့် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာချေသည်။

ထိုအက်ကြောင်းက နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို ရပ်တန့်သွားစေသည်ဟု ထင်မှတ်ရ၏။ ၎င်းက ရပ်တန့်သွားသည်နှင့် ရှေးကျကြမ်းရှသော အသံတစ်သံ ကြယ်များကြားတွင် ပဲ့တင်ထပ်သည်။

“ဒီအဘိုးအို အကောင်းဆုံး လုပ်ပေးပြီးပြီး…”

သူ ထိုသို့ ပြောလိုက်သည့်နောက် အစီအရင်စောင့်ဝိညာဉ်များနှင့် တိုက်ခိုက်နေသော ရတနာငါးခုသည် တစ်ချိန်တည်းမှာ တုန်ခါသည်။

ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေသော ဟင်းလင်းပြင်အက်ကြောင်းအတွင်း၌ တောင်ထိပ်တစ်ခုပေါ်တွင် ထိုင်နေသော သက်လတ်ပိုင်းအမျိုးသမီး၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူမ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ပြောလိုက်သည်။ “ပေါက်ကွဲစမ်း…”

အပြာရောင်ပိုးသားကလန်၊ အပြာရောင်တောင်ထိပ်ပေါ်တွင် တာအိုသခင်အိပ်မက်ပြာသည် ဆံထိုးကို ငေးမောကြည့်နေ၏။ သူ့ညာလက်ကို ပင့်မြှောက်ကာ ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး အကူအညီမဲ့စွာ ပြောလိုက်လေ၏။ “ပေါက်ကွဲလိုက်…”

ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အနောက်အစွန်းပိုင်း အေးခဲဂြိုဟ်ကိုးခုပေါ်မှ ကောင်လေးကလည်း သူ့လက်ကို ပင့်မြှောက်ကာ ခပ်တိုးတိုး ရေရွတ်သည်။ “ပေါက်ကွဲစေ…”

ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခုအတွင်းရှိ ကုန်းမြေတစ်ခုပေါ်တွင် အနီရောင်ဝတ်စုံဖြင့် အမျိုးသမီး ထိုင်နေသည်။ သူမ၏မျက်လုံးက တောက်ပသွားကာ အပြုံးမမည်သောအပြုံးဖြင့် ညင်သာစွာ ပြောလိုက်သည်။ “ပေါက်ကွဲလိုက်…”

နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏အပြင်ဘက် ကောင်းကင်အပြစ်ပေးခြင်းနန်းတော်ထဲ၌ ဟိန်းသံတစ်ခု ပဲ့တင်ထပ်သည်။ “ပေါက်ကွဲလိုက်စမ်း…”

ရတနာငါးခု ရှိ၏။ တစ်ခုစီသည် ကပ်ဘေးတစ်ခုကို ဖြစ်စေနိုင်သည်။ သည်အခိုက်တွင် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်အတွင်း၌ ယင်းတို့အားလုံးသည် ပေါက်ကွဲသွားသည်။ အဖျက်အစီးအော်ရာမှာ အစီအရင်ပေါ်ရှိ အက်ကြောင်းအတွင်း တိုးဝင်လာပြီး ၎င်းကို စတင်ဆုတ်ဖြဲ ဖွင့်ဟသည်။ ထိုအဖြစ်က အတွင်းနယ်မြေကော၊ အပြင်နယ်မြေကောကို တုန်ခါသွားစေသည်။

နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ပေါ်တွင် အချိန်တိုအတွင်း ကြီးမားသောအဟကြီးတစ်ခု ပေါ်လာခဲ့လေပြီ။

တိုက်ပွဲကား စတင်လေပြီ။

***

All Chapters