← Chapters

တန်ပြန်တိုက်ခိုက်ခြင်း

Vol. 114 Ch. 1751

တန်ပြန်တိုက်ခိုက်ခြင်း

Vol. 114 Ch. 1751

ထိုအဟ ပွင့်ဟသွားသည်နှင့် ကျင့်ကြံသူကိုးသောင်းသည် လူသတ်လိုသောအကြည့်များကို ထုတ်ဖော်ကာ အရူးအမူး အော်ဟစ်လေသည်။

“အတွင်းနယ်မြေ လမ်းတစ်လျှောက် သတ်ပစ်ကြ။ အတွင်းနယ်မြေရဲ့ ပုရွတ်ဆိတ်တွေဟာ တုန်ရီပြီး ငါတို့ကို မော်ဖူးရမယ်…”

“ချိပ်ပိတ်နယ်မြေရဲ့ လမ်းတစ်လျှောက် သတ်ပြ။ အရာအားလုံးကို လုယူမယ်…”

အရှင်အရှေ့ပိုင်းဉာဏ်အလင်းက ရက်စက်လိုဟန်အကြည့်ကို ထုတ်ဖော်ကာ အစီအရင်အက်ကြောင်းအတွင်းသို့ ခြေလှမ်းလိုက်သည်။ မြင့်မြတ်သောနန်ကျောက်လည်း သူ့လျှာကို သပ်ကာ ရှေ့လှမ်းသည်။

မီးစာကလေးကလန်ဘိုးဘေးလည်း ရှိသေး၏။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သူသည် ရှေ့သို့ တဟုန်ထိုး တိုးဝင်လာသည်။

ကျင့်ကြံသူကိုးသောင်းသည် အစီအရင်၏အက်ကြောင်းအတွင်းသို့ တရကြမ်း ဝင်ရောက်လာကြ၏။

ထိုမြင်ကွင်းကို ဖော်ပြရန်ပင် ခက်ခဲလှမည်။ ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ဒီရေလှိုင်းအလား၊ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကမူ ဆည်တစ်ခုအလား။ ခုချိန်တွင် ထိုဆည်က ပေါက်သွားသည့်အတွက် ဒီရေလှိုင်းသည် တရဟော တိုးဝင်လာသည်လော။

ကြယ်များကြား သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်လျှံသည်။

လျှပ်တပြတ်အတွင်း ကျင့်ကြံသူသောင်းချီသည် ထိုအဟကြားသို့ လှမ်းဝင်၍ အတွင်းနယ်မြေသို့ ဝင်ရောက်လာသည်။ သူတို့သည် အတွင်းနယ်မြေကို တွေ့မြင်သည်။ သူတို့က သူတို့အား အေးတိအေးစက် စိုက်ကြည့်နေသော ဝမ်လင်းကိုလည်း မြင်လိုက်ရသည်။

ဝမ်လင်း၏အမူအရာသည် ပုံမှန်အတိုင်းပင်။ သူသည် ချက်ခြင်း မတုန့်ပြန်ပေ။ နယ်မြေချိပ်ပိတ်ခြင်းအစီအရင် ပျက်စီးသွားခြင်းက သူ့ကို တစ်ခုခုမှားနေသလို ခံစားမိစေ၏။ တစ်ခုခု ပုန်းကွယ်နေသည့်အလား။ သူသည် မလှုပ်ရှား အေးစက်စက်ဖြင့်သာ ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို စိုက်ကြည့်နေသည်။ သူသည် သူ့သံသယရှိမှုကို သေချာစေရန် စောင့်ဆိုင်းနေ၏။

ထိုအခိုက်တွင် တုန်လှုပ်ဖွယ်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပွား၏။

နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ပေါ်တွင် ကျောက်စိမ်းပြားတစ်ခု ပေါ်လာလေ၏။ ထိုကျောက်စိမ်းပြားကို ဝမ်လင်းက ရင်းနှီးပေသည်။ ၎င်းသည် လူတစ်ယောက် ပိုင်ဆိုင်သည့်အရာ ဖြစ်၏။ ချိပ်ပိတ်နယ်မြေ၏ အရှင်သခင်။

ထိုကျောက်စိမ်းပြားပေါ်လာသည်နှင့် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်က ပေါ်လာ၏။ ထိုပုဆိန်ပေါ်လာခြင်းမှာ ရုတ်ချည်းဆန်လှသည်။ အတိအကျဆိုရသော် ကျင့်ကြံသူကိုးသောင်း၏ တစ်ဝက်တိတိ တရကြမ်း ဝင်ရောက်လာချိန်တွင် ဖြစ်၏။

ထိုပုဆိန်ပေါ်လာသည်နှင့် ၎င်းက ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို ကြမ်းတမ်းစွာ ပိုင်းခုတ်လာ၏။ ပြင်းထန်သောတုန်ဟည်းသံ အရူးအမူး ပျံ့လွင့်သည်။

ထိုပုဆိန်သည် ခုတ်ပိုင်းချနေရင်း ၎င်း၏လမ်းကြောင်းရှိ ကျင့်ကြံသူအားလုံးသည် နာကျင်စွာ အော်ဟစ်လိုက်ရ၏။ သူတို့သည် တစ်စက်လေးပင် မရှောင်လိုက်နိုင်ကြ။ ပုဆိန်က သူတို့ကို ထိမိသည်နှင့် သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲ၊ မူလစိတ်ဝိညာဉ်များ ကွယ်ပျောက်သွားရသည်။

ထိုပုဆိန် ခုတ်ချက် သူတို့ပေါ်သို့ ကျရောက်လာသည့်အခါ မည်သည့်ကျင့်ကြံသူကမျှ တစ်စက်လေးပင် မဟန့်တားနိုင်လိုက်ပေ။ သူတို့၏နာကျင်စွာအော်သံများသာ လှိုက်တက်ကုန်၏။

ပုဆိန် ခုတ်ပိုင်းချရာ ကျင့်ကြံသူငါးထောင်နီးပါး သေဆုံးသွားလေပြီ။ ပုဆိန် မြင့်တက်လာလာပြီး နောက်တစ်ကြိမ် ခုတ်ပိုင်းရန် ပြင်ဆင်သည်ကို တွေ့မြင်သည့်အခါ အရှင်အရှေ့ပိုင်းဉာဏ်အလင်း၊ မီးစာကလေးကလန်ဘိုးဘေး၊ မြင့်မြတ်သောနန်ကျောက်တို့၏ အမူအရာများသည် ကြီးစွာ ပြောင်းလဲကုန်၏။ သူတို့သည် ပုဆိန်ထံသို့ တရကြမ်း ဦးတည်ဝင်လာသည်။

“အတွင်းနယ်မြေထဲ ပိုမြန်မြန် ဝင်ရောက်ကြ၊ အင်အားကုန်စုစည်းပြီး အမြန်လုပ်…”

“မင်းတို့ ဝင်ရောက်နေတဲ့အချိန် ငါတို့ ဒီကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ကို တားပေးထားမယ်…”

အစီအရင်၏အပြင်ဘက်ရှိ အနက်ရောင်နန်းတော်သည် ရုတ်တရက် ပွင့်ဟကာ အဘိုးအိုတစ်ယောက် လှမ်းထွက်လာသည်။ သူ၏ခန္ဓာကိုယ်မှာ အရိုးစုတစ်ခုအလား။ သူက ရှေ့သို့ ခြေလှမ်းလိုက်၏။ ချက်ခြင်းပင် ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ပုဆိန်ကို ခုခံနိုင်ဖို့ သူသည် အနားရောက်သွားသည်။ သို့ပေမည့် ထိုအခိုက်တွင် ကျောက်စိမ်းပြားက ဖျပ်ခနဲလင်းလက်ကာ ညင်သာသောအလင်းတစ်ခုက ထိုအဘိုးအိုကို လွှမ်းခြုံသွားသည်။

အဘိုးအို၏အမူအရာသည် ပြောင်းလဲသွား၏။ သူက ကျောက်စိမ်းပြား၏အော်ရာကို သတိပြုမိပြီး ဖြစ်သည်။ အခု ၎င်းက သူ့ပေါ်သို့ ကျရောက်လာရာ သူ့စိတ်မှာ တုန်ယင်သည်။

“ချိပ်ပိတ်နယ်မြေရဲ့အရှင်သခင်၊ တစ္ဆေအိုကြီး…။ သင်က တကယ်ပဲ သင့်ကိုယ်သင် အစီအရင်နှင့် ပေါင်းစည်းလိုက်တာကို…”

ထိုသို့ ဖြစ်ပျက်သွားပြီးသည်နှင့် ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပြည့်လာ၏။ သူသည် သူ၏ထင်မြင်ချက်ကို သေချာစေရန် စောင့်နေခြင်းပင်။

အခုတွင်မူ သူသည် ဆက်၍ တုံ့နှေးမနေတော့ဘဲ ရှေ့သို့ လှမ်း၏။ နီရဲနေသောမျက်လုံးများဖြင့် ကျင့်ကြံသူများ တိုးဝင်လာကြစဉ် ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ဓားအလင်းတန်းဆယ်သန်း ထိုးထွက်၏။

ထိုဓားအလင်းတန်းဆယ်သန်း၏နောက်တွင် မရေမတွက်နိုင်သောအတားအဆီးများ ကပ်ပါသည်။ သူက ကျင့်ကြံသူထောင်ချီကို တစ်ကိုယ်တည်း တိုက်ခိုက်မည့် တိုက်ပွဲကို စတင်သည်။

မြင့်မြတ်သောလင်းတန်နှင့် ကျိုးကျင်တို့ကလည်း ဝမ်လင်း၏အမိန့်အောက်တွင် တိုက်ခိုက်ကြရမည်။ သူတို့သည် ပုဆိန်ကို ခုခံရန် တာဆူနေသော အရှင်အရှေ့ပိုင်းဉာဏ်အလင်းနှင့် တခြားသူများထံ တိုးဝင်သွားကြသည်။

ဝမ်လင်းက ရှေ့သို့ လှမ်း၏။ သူ၏ဘယ်မျက်လုံးတွင်းမှ ကိုးရောင်စုံမီးမုန်တိုင်းသည် ပျံသန်းထွက်သည်။ သိမ်မွေ့ဆန်းကြယ်မီး ပျံ့လွင့်၏။ ပြင်ပနယ်မြေမှ ကျင့်ကြံသူများ၏ စိတ်ခံစားမှုများသည် သူ၏မီးကြောင့် လှိုင်းထကုန်သည်။ စိတ်ခံစားချက်အားလုံးက သိမ်မွေ့ဆန်းကြယ်မီးကို လောင်ကျွမ်းမှု ပြုစေသည်။

“သိမ်မွေ့ဆန်းကြယ်မီး…လောင်ကျွမ်းစမ်း…” ဝမ်လင်း ထိုသို့ ပြောလိုက်ရင်း သူ၏ညာမျက်လုံးတွင်းမှ မိုးကြိုးအမှတ်အသားသည် လင်းလက်ကာ မိုးကြိုးသံ တုန်ဟည်း၏။ မိုးကြိုးအမှတ်အသား ပျံသန်းထွက်လာကာ ကြယ်များကြားတွင် အဆုံးအဆမဲ့စွာ ချဲ့ကားသည်။ အတူတကွမိုးကြိုးကိုးမျိုးသည်လည်း အတိုင်းအဆမဲ့ လျှပ်စီးတန်းများကို ထုတ်လွှတ်လျက် ပြင်ပနယ်မြေမှ ကျင့်ကြံသူများပေါ်သို့ ကျဆင်းကုန်သည်။

သတ်၊ သတ်၊ သတ်။ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် နာကျင်ထိတ်လန့်စွာ အော်သံများ ဆူညံကုန်သည်။ ကျင့်ကြံသူတစ်သောင်းတွင် သူတို့ထဲမှ တစ်ထောင်နီးပါးမှာ သိမ်မွေ့ဆန်းကြယ်မီးကြောင့် မီးလုံးများအဖြစ် ပြောင်းကုန်သည်။ သူတို့သည် နာကျင်ထိတ်လန့်စွာ အော်ဟစ်ကုန်ရင်း နောက်ဆုတ်ရန် ပြင်သည်။

သို့ပေမည့် ထိုအခိုက်အတန့်တွင် သွေးအလင်း လင်းလက်ကာ ပုန်းကွယ်နေသော သွေးဓားပေါ်လာ၏။ ထိုအခါ လောင်ကျွမ်းခံရသော ဦးခေါင်းတစ်ထောင်နီးပါးသည် ပြက်တောက်သွားသည်။ သူတို့၏ခန္ဓာကိုယ်များမှာလည်း သိမ်မွေ့ဆန်းကြယ်မီးအောက်တွင် ပျောက်ကွယ်လေ၏။

တချက်လှုပ်ရှားလိုက်ခြင်းက ကျင့်ကြံသူတစ်ထောင်ကို သတ်ပစ်လိုက်လေပြီ။

ဝမ်လင်းသည် သူ၏မွေးရပ်မြေကို စောင့်ရှောက်မည့် ကြမ်းတမ်းသောကျားတစ်ကောင်အလား။ သူသည် ထိုးထွက်လာသည်။

သူ၏အထက်တွင် မိုးကြိုးအမှတ်အသား ရှိ၏။ လျှပ်စီးတန်းများက အောက်ဘက်ရှိ ကျင့်ကြံသူများပေါ်သို့ နတ်ဘုရားပြစ်ဒဏ်အလား သက်ဆင်းကျသည်။ နာကျင်ထိတ်လန့်စွာ အော်သံများ ပဲ့တင်ထပ်ကုန်၏။

သို့ပေမည့် ထိုကဲ့သို့ သတ်ဖြတ်မှုမျိုးကပင် ပြင်ပနယ်မြေမှ ကျင့်ကြံသူသောင်းချီကို နောက်ဆုတ်သွားစေဖို့ရာ မလုံလောက်သေးပေ။ ထိုအစား ထိုသူများကို ပို၍ ကြမ်းတမ်းလာစေ၏။ ဤအခိုက်တွင် လောင်ကျွမ်းခံရသော ကျင့်ကြံသူများသည် သူတို့ သေတော့မည်ကို သိ၏။ ထို့အတွက် သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် ရူးသွပ်စွာ ရွေးချယ်ကြသည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ သူတို့သည် ပေါက်ကွဲသွားရင်း အဖျက်အစီးအားတစ်ခုက ပျံ့လွင့်သည်။ ဝမ်လင်းထံ၌ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သာ မပိုင်ဆိုင်ထားပါက သူသည် ထိုရှုပ်ထွေးသော တိုက်ပွဲအလယ်ကနေ နောက်ဆုတ်သွားရနိုင်သည်။

“သူက ဝမ်လင်းပဲ။ သူ့ကို သတ်။ ဒါဆိုရင် မင်း ရှေးဟောင်းကြယ်အဖွဲ့အစည်း အဆင့်သတ်မှတ်ချက်ထဲ ဝင်နိုင်ပြီ…”

“သူ့ကို သတ်ကြ…”

“သူက တစ်ယောက်တည်းပဲ။ ဒါတောင်မှ ငါတို့ရဲ့ ပြင်ပနယ်မြေ စစ်တပ်တစ်ခုလုံးကို ပိတ်ဆို့ရဲတယ်လား။ သေလိုက်တော့…သေ…သေ…သေ…သေစမ်း…”

ကျင့်ကြံသူသောင်းချီသည် သွေးချင်းချင်းနီရဲသော မျက်လုံးတို့ဖြင့် ရှေ့သို့ တိုးဝင်လာသည်။ ဝမ်လင်းသည် သူတို့ကို သူ့လမ်းတစ်လျှောက် သတ်ဖြတ်ပေမည်။ သူ့ပတ်လည်ရှိ လူတိုင်းမှာ သူ၏ရန်သူပင်။ ရတနာလက်နက်မျိုးစုံက သူ့ခန္ဓာကိုယ်ပေါ်သို့ ဝုန်းဒိုင်းကြဲ တိုက်ခိုက်သည်။ အလင်းအရိပ်ဒိုင်းက တဒင်္ဂသာ တောင့်ခံနိုင်ပြီး ပျက်စီးသွားသည်။

သို့ရာတွင် သူ၏ရှေးဟောင်းနတ်ဘုရားသည် အလွန်သန်မာသည်။ အလင်းအရိပ်ဒိုင်းသည် ပျက်စီးသွားသော်လည်း သူသည် တစ်စက်လေးမှ မထိတ်လန့်သွားပေ။ သူ၏လက်ချောင်းများကို ရှေ့သို့ ရွှေ့လျားစေပြီး ကျင့်ကြံသူတစ်ယောက်ကို လက်ညွှန်သည်။ ထိုသူသည် ပေါက်ကွဲကာ သေဆုံးသွားရ၏။

သတ်၊ သတ်၊ သတ်။ ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်မှုကြောင့် သွေးချင်းချင်းနီရဲသည်။ သူအနီးပတ်လည်ရှိ ကျင့်ကြံသူများသည် စတင်လောင်ကျွမ်းသည်။ သူတို့အားလုံး ပေါက်ကွဲသွားကြသော်လည်း သူတို့၏သိမ်မွေ့ဆန်းကြယ်မီးသည် ပျံသန်းထွက်ကာ ဝမ်လင်းကို ဝန်းရံပတ်သည်။

ထိုသတ်ဖြတ်မှုကြီးအလယ်၌ ဝမ်လင်းက သူ လူဘယ်လောက်များများ သတ်ပစ်ခဲ့ပြီကိုပါ မမှတ်နိုင်တော့ပေ။ သူ့ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများစွာ ဖြစ်ပေါ်နေ၏။ သို့သော် ထိုဒဏ်ရာများမှာ မြန်ဆန်စွာ ပျောက်ကင်းသည်။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်က ရုတ်ချည်း ကျရောက်လာ၏။ ကျင့်ကြံသူငါးထောင်နီးပါးသည် တစစီဖြစ်ကာ ဆိုးဆိုးဝါးဝါး သေဆုံးသည်။

“လင်းတန်၊ ကျိုးကျင်၊ မင်းတို့နှစ်ယောက်က ငါတို့ကို တားဆီးရဲတယ်လား။ မင်းတို့က ပြင်ပနယ်မြေရဲ့ ကျင့်ကြံသူတွေလေ။ မင်းတို့က သစ္စာဖောက်နှစ်ယောက် ဖြစ်ချင်နေတာလား…” အရှင်အရှေ့ပိုင်းဉာဏ်အလင်းသည် သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး မထင်မှတ်စွာဖြင့် လင်းတန်နှင့်ကျိုးကျင်တို့ကို ရှောင်သွားသည်။ ထိုမျှသာမက သူ၏ပိုလျှံသော စွမ်းအားက ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန် ထပ်မံ ကျဆင်းလာမည်ကို ဟန့်တားရာ၌ လုံလောက်နေသေး၏။

ကျိုးကျင်သည် ငြိမ်သက်စွာ စဉ်းစားကာ ရှုပ်ထွေးသောအမူအရာ ဖြစ်ပေါ်နေ၏။ သို့သော် သူသည် တွေဝေခြင်းမရှိ တိုက်ခိုက်လိုက်ဆဲသာ။ လင်းတန်ကမူ ထုံနေ၏။ တဖက်လူ၏ စကားများက သူ့စိတ်ကို အနည်းငယ်မျှပင် တွေဝေမသွားစေပေ။

ဆရာသခင်ယွင်လောက အစီအရင်တွင်းသို့ လှမ်းလာ၏။ သူမက ဝမ်လင်းကို တွေ့မြင်သည့်အခါ သူမ၏မျက်လုံးထဲတွင် ကြောက်လန့်မှု အထင်းသား ပေါ်၏။ သူမ၏လက်ကို လှုပ်ရှားလိုက်ပြီး အသည်းအသန် အော်ဟစ်လိုက်၏။ “သတ်…ဝမ်လင်းကို သတ်…”

မီးစာကလေးကလန်မှဘိုးဘေးသည် ရုတ်တရက် လှည့်လာ၏။ သူသည် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ကို လစ်လျူရှုကာ ဝမ်လင်းထံ တရှိန်ထိုး ဝင်လာ၏။

မြင့်မြတ်သောနန်ကျောက်လည်း ရှိသေး၏။ သူ့မျက်လုံးက တလက်လက် ဖြစ်ကာ သူသည် ဝမ်လင်းထံသို့ မီးစာကလေးကလန်ဘိုးဘေးနှင့်အတူ တိုးဝင်လာ၏။

တစ်ချိန်တည်းမှာ ချိပ်ပိတ်နယ်မြေအရှင်သခင်၏ ကျောက်စိမ်းပြားဖြင့် ပိတ်မိနေသော ပိန်ပါးပါးလူက သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ရူးသွပ်ဖွယ်တိုက်ခိုက်မှု ပြု၏။ တုန်ဟည်းသံများ ကျယ်လောင်စွာ ပဲ့တင်ထပ်သည်။ အနိုင်ရသူကို အချိန်တိုအတွင်း ဆုံးဖြတ်နိုင်ခြင်း မရှိပေ။

ဒီစစ်ပွဲကား စသည်နှင့် အထွတ်အထိပ်သို့ ရောက်လာတော့၏။

ချိပ်ပိတ်နယ်မြေအရှင်သခင်၏ တည်ရှိမှုကြောင့် မျှခြေမှာ အတွင်းနယ်မြေဘက်သို့ ယိမ်းသွား၏။ သို့ပေမည့် ဤစစ်ပွဲက အဆုံးသပ်မည့် အရိပ်အယောင် လုံးဝ မရှိချေ။ ရှေးဟောင်းကြယ်အဖွဲ့အစည်းအတွင်း၌ ကလန်ဆယ်ခုကျော်က ဒီစစ်ပွဲအတွက် ကြာမြင့်စွာတည်းက ကြိုပြင်ဆင်ထားခဲ့ကြပြီး ဖြစ်သည်။ ထိုအခိုက်တွင် အမိန့်ပေးထားပြီး ဖြစ်ရာ သူတို့သည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်တွင်းရှိ အဟထံသို့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှ တဆင့် ကူးသန်းလာကြသည်။

ကလန်ဆယ်ခုကြားမှ လူပေါင်းရှစ်သောင်းရှိ၏။ သူတို့ကြားတွင် တတိယအဆင့်ကျင့်ကြံသူနှစ်ယောက် ပါသည်။ သူတို့နှစ်ယောက်သည် တိုးဝင်လာကြသည်။

မီးစာကလေးကလန်ဘိုးဘေးနှင့် မြင့်မြတ်သောနန်ကျောက်တို့ နီးကပ်လာ၏။ ထိုနှစ်ယောက်လုံးက မီးစာကလေးကလန်ဘိုးဘေး၏ ကျင့်ကြံမှုလိုသာ ဖြစ်နေပါက ဝမ်လင်းသည် သူတို့ကို အချိန်ဆွဲထားနိုင်သေး၏။ သို့ပေမည့် မြင့်မြတ်သောနန်ကျောက်မှာ စိတ်ဝိညာဉ်လေဟာနယ်အဆင့်တွင် ဖြစ်နေ၏။

သူတစ်ယောက်ဖြင့်ပင် ဝမ်လင်းကို သတ်ရန် လုံလောက်နေသည်။ အဆိပ်အိုကြီးကဲ့သို့ ကျော်ကြားလှသော သူ၏အဆိပ်မန္တာန်များဆို ဆိုဖွယ်ရာပင် မရှိတော့ပေ။

မီးစာကလေးဘိုးဘေးသည် သတ်ဖြတ်ချင်စိတ် ပြည့်နှက်နေ၏။ သူက သူ၏ညာလက်ကို ဝေ့ယမ်းသည်။ သူ၏မျက်ခုံးကြားမှ မီးစာကလေးအမှတ်အသားသည် လင်းလက်၏။ ဧရာမအနက်ရောင်မီးငှက်တစ်ကောင်သည် ထိုးထွက်လာသည်။ ၎င်းထံ၌ သိမ်မွေ့မီးအငွေ့အသက် ရှိနေပြီး ယင်းက ရှေ့သို့ ဦးတည်လာသည်။

ထိုမီးငှက်သည် များပြားလွန်းသော အပူဇော်ခံမီးတောက်များ ပါဝင်နေသလို လွန်စွာပူပြင်းမှုအော်ရာကို ထုတ်လွှတ်နေသည်။ ထိုငှက်က ချက်ခြင်းပင် ဝမ်လင်းနား ရောက်လာသည်။

မြင့်မြတ်သောနန်ကျောက်၏ မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက မည်သည့်မန္တာန်ကိုမျှ မသုံးမပြုသေး‌ပေ။ သူက သူ့ညာလက်ကိုသာ ပင့်မြှောက်ရုံ ပင့်မြှောက်၏။ သူ့လက်ဝါးမှာ ချက်ခြင်း မဲနက်လာ၏။ ၎င်းထံတွင် အံ့မခန်းအဆိပ်တို့ ပါဝင်သည်။ သူက ရက်စက်စွာ ပြုံးပြီး ရှေ့သို့ လှမ်းသည်။ သူသည် မီးငှက်ကို ဖြတ်ကျော်လာပြီး ဝမ်လင်းထံသို့ သူ့ညာလက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဝမ်လင်းသည် ရုတ်တရက် လှည့်လိုက်၏။ သူ၏မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားမိပြီး သူ့ညာလက်ကို ပင့်မြှောက်လျက် နောက်သို့ အမြန်ဆုတ်သည်။

ထိုအခိုက်တွင် အကွာအဝေးတစ်ခုရှိ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ လောကသည် တွန့်ခေါက်ပုံပျက်လာ၏။ အရှင်ဟုန်ရှန်၊ အရှင်တိမ်စွန်းတို့ လှမ်းလျှောက်ထွက်လာသည်။ သူတို့က သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်လျက် မြန်ဆန်စွာ နီးကပ်လာ၏။

သူတို့နောက်ရှိ ကြယ်များကြားမှ ခပ်ဖျော့ဖျော့ အော်ဟိန်းသံများ ကြားရသည်။

“တိမ်ပင်လယ်ရဲ့ ဂုဏ်ရှိန်ဝါ…”

“တိမ်ပင်လယ်ရဲ့ ဂုဏ်ကျက်သရေ…”

“တိမ်ပင်လယ်ရဲ့ ဂုဏ်သိက္ခာ…”

ကျင့်ကြံသူသောင်းချီသည် ရှေ့သို့ တရကြမ်း တိုးဝင်လာလေ၏။

***

All Chapters