လိပ်ပြာစိတ်ဝိညာဉ်
Vol. 114 Ch. 1572
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူများ ရောက်ရှိလာကြပေပြီ။
ကျင့်ကြံသူထောင်သောင်းချီ၊ မရေမတွက်နိုင်သောအနီရောင်အလင်းတန်းများ။ သေမျိုးများသည် ထိုအလင်းတန်းများကို မမြင်နိုင်ကြပေ။ တိုက်ပွဲတွင်ပါဝင်သော ကျင့်ကြံသူများသာ မြင်နိုင်၏။ ၎င်းမှာ မမေ့ဖျောက်နိုင်သောမြင်ကွင်းတည်း။
ကျင့်ကြံသူတစ်ယောက်ချင်းစီ၏မျက်နှာကို မြင်ရဖို့မှာ မဖြစ်နိုင်ပေ။ သို့သော်ငြား လူတစ်ယောက်သည် သူတို့၏ တိမ်ပင်လယ်ကို ကာကွယ်မှု စိတ်ဆန္ဒနှင့် သေဆုံးရန်ထိ ပြတ်သားမှုတို့ကို ခံစားမိနိုင်ပေမည်။
ထိုအခိုက်အတန့်တွင် မချိုးဖျက်နိုင်သော ကောင်းကင်ဘုံတောင်က သူတို့၏ရှေ့တွင် ရှိနေခဲ့လျှင်ပင် ထိုတောင်သည် နောက်ဆုတ်ကာ တုန်ယင်ရပေလိမ့်မည်။
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ ဂုဏ်ရှိန်ဝါ။
ထိုအခိုက်အတန့်တွင် ထိုစကားငါးခွန်းမှာ အသက်ဝင်လာ၏။ ယင်းသည် တိမ်ပင်လယ်၏ အော်ရာတစ်ခု ဖြစ်လာသည်။ ၎င်းသည် သွေးဆူခြင်းလည်း မည်၏။
ထိုအော်ရာ၏ သက်ရောက်မှုကို မခံရသူ မရှိပေ။
အရှင်ဟုန်ရှန်သည် အနီရောင်ဝတ်စုံကို ဝတ်ဆင်လျက် ရောက်လာ၏။ သူ၏အမူအရာမှာ ရုပ်စိုးနေသည်။ တာအိုပညာရှင်ရေထံမှ ရွှေရောင်မုန်တိုင်းကို မြေနိမ့်သားရဲက ဝါးမြိုပစ်ခဲ့သော်လည်း နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို ကာကွယ်မှုမှာလည်း ဖျက်စီးခံလိုက်သည်သာ။ ထိုအခါ သူ၏စိတ်ဓာတ်အင်အားပါ ပြောင်းလဲသွားရသည်။ သူ့စိတ်ထဲတွင် စစ်ပွဲမှာ စနှင့်နေပြီ ဖြစ်ကာ သေသည့်အထိ တိုက်ခိုက်ရန် ကြိုပြင်ဆင်ထားခဲ့ပြီးပင်။
ပြင်ပနယ်မြေနှင့် တိုက်ခိုက်ရမည့် တိုက်ပွဲက ရုတ်ချည်းဆန်လှသော်လည်း အရှင်ဟုန်ရှန်သည် ထိတ်ပြာမသွားပေ။ သူသည် ပြုံး၍ ရှေ့သို့ လှမ်းလာ၏။
သူ၏ရယ်သံ၌ ဖော်မပြနိုင်သော ထည်ဝါမှု၊ ကြမ်းတမ်းမှုတို့ ပါဝင်၏။ ၎င်းသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ အကြောက်အလန့်ကင်းသော အော်ရာပင်။
အရှင်တောင်ပိုင်းတိမ်လည်း ရှိသေး၏။ ထိုသူမှာ လွန်စွာ ဆန်းကြယ်ပြီး ဝမ်လင်းက သူ့အကြောင်း သိပ်မသိပေ။ သို့ပေမည့် ထိုအခိုက်တွင် သူ့မျက်လုံးတို့မှာ အေးစက်နေ၏။ သူသည် အရှင်ဟုန်ရှန်နှင့်အတူ မြန်ဆန်စွာ ရောက်လာခဲ့လေပြီ။
အဖြစ်အပျက်များက မြန်ဆန်လှ၏။ တိမ်ပင်လယ်မှ ကျင့်ကြံသူများ ရောက်လာသည့်အခါတွင် ဝမ်လင်းက အန္တရာယ်ကြီးကြီးမားမား ရင်ဆိုင်နေရသည်။ ထိုအန္တရာယ်သည် မီးစာကလေးကလန်ဘိုးဘေးထံမှ လာခြင်းမဟုတ်။ သို့သော် မြင့်မြတ်သောနန်ကျောက်မှာမူ စိတ်ဝိညာဉ်လေဟာနယ်အဆင့်တွင် ဖြစ်နေ၏။
တတိယအဆင့်၏ လေဟာနယ်နယ်ပယ်အဆင့်လေးခုကြား ကွာဟချက်မှာ ကြီးမားလွန်းပေ၏။ စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံသူတစ်ယောက်က ပိုမိုများပြားသော အပူဇော်ခံမီးတောက်များကို အသုံးပြုနိုင်သည်သာမက သူတို့သည် အပူဇော်ခံမီးတောက်များကို သူတို့၏ကိုယ်ပိုင်စိတ်ဝိညာဉ်များ ဖြစ်တည်အောင် အသုံးပြုနိုင်သည်။
အမှန်တော့ အပူဇော်ခံမီးတောက်များ၏စွမ်းအားကို ပထမဆုံးလေဟာနယ်နယ်ပယ်၌ နိဗ္ဗာနစွမ်းအားဟုလည်း ခေါ်တွင်သည်။
နိဗ္ဗာနစွမ်းအားမှာ အကန့်အသတ်မဲ့၏။ သို့ဖြစ်၍ အဆုံးမဲ့အပူဇော်ခံမီးတောက်များကို ဖြစ်ပေါ်နိုင်သည်။ နိဗ္ဗာနလေဟာနယ်ကျင့်ကြံသူသည် အမျိုးမျိုးသော ကောင်းကင်တုန်လှုပ်ဖွယ်မန္တာန်များကို ထုတ်ဖော်ဖို့ အပူဇော်ခံမီးတောက်အတွင်းရှိ နိဗ္ဗာနစွမ်းအားကို ထိန်းချုပ်နိုင်သည်။
စိတ်ဝိညာဉ်လေဟာနယ်။ ထိုအဆင့်မှာ ဝိညာဉ်တစ်ခု၏ ဆင့်ကဲတိုးတက်မှုပင်။ စိတ်ဝိညာဉ်လေဟာနယ်အဆင့်သို့ ရောက်သွားသော မည်သူမဆို သူတို့၏မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားသော သူတို့၏ဝိညာဉ်နေရာတွင် အတွင်းပိုင်း ပြောင်းလဲမှုတစ်ခု ရှိ၏။ သူတို့၏မူလစိတ်ဝိညာဉ်သည် မူလစိတ်ဝိညာဉ်ဟု ဆက်၍ မခေါ်နိုင်တော့၊ ၎င်းသည် လိပ်ပြာစိတ်ဝိညာဉ် ဖြစ်လာချေ၏။
(ဘာသာပြန်သူမှတ်ချက်…လိပ်ပြာ= ဝိညာဉ်)
အလားတူပင် အပူဇော်ခံမီးတောက်များကား သူတို့၏စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ကာ တစ်သားတည်း ဖြစ်လာမည်။ တကယ်တော့ တာအိုသခင်မြောင်ယင်ကဲ့သို့ ကျင့်ကြံသူအချို့လည်း ရှိသေး၏။ အချို့အထူးအကြောင်းရင်းများကြောင့် သူတို့ကမူ ထိုသို့ မပြုလုပ်ကြပေ။ ထို့ကြောင့်လည်း ဝမ်လင်းနှင့်အဆိပ်အိုကြီးတို့က မြောင်ယင်၏အပူဇော်ခံမီးတောက်များ တစိတ်တပိုင်းကို ကံကောင်းလွန်းစွာ လုယူနိုင်ခဲ့ကြခြင်း ဖြစ်သည်။
သို့ဖြစ်၍ စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံသူများ ခန္ဓာကိုယ်များထဲ၌ နိဗ္ဗာနစွမ်းအားကို စိတ်ဝိညာဉ်အားတစ်ခုအဖြစ်သို့ အသွင်ပြောင်းနိုင်ပေလိမ့်မည်။
ထိုစိတ်ဝိညာဉ်အားမှာ ပထမအဆင့်ရှိ ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် သိသာစွာ ကွာခြားသည်။ ၎င်းသည် အပူဇော်ခံမီးတောက်ကို နိဗ္ဗာနစွမ်းအားအဖြစ်သို့ ကူးပြောင်းခြင်းပင်။ ထို့နောက်တွင် ၎င်းက သူတို့၏စိတ်ဆန္ဒနှင့် ပေါင်းစပ်ကာ နောက်ဆုံးတွင်မူ သူတို့၏မူလစိတ်ဝိညာဉ်သည် သူတို့၏ကိုယ်ပိုင်လောကအဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်သည်။ အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များက ထိုလောက၏ အခြေချနေထိုင်သူများ ဖြစ်လာမည်။ ယင်းအပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များက စိတ်ဝိညာဉ်အားကို မွေးဖွားပေးခြင်းပင်။
ထို့အတွက်ကြောင့် စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ချင်းစီမှာ လောကတစ်ခုနှင့် ဆင်တူသည်။ သူတို့သည် သူတို့၏ခွဲခြားထားသော ကိုယ်ပိုင်လောကများ ဖြစ်နေသည်။
စိတ်ဝိညာဉ်လေဟာနယ်အဆင့်ကျင့်ကြံသူ တစ်ယောက်ထံမှ တိုက်ချက်သည် အစောပိုင်းဆင့်ဖြစ်နေလျှင်ပင် နိဗ္ဗာနလေဟာနယ်အဆင့် ကျင့်ကြံသူတစ်ယောက် ကိုင်တွယ်နိုင်သော အရာတစ်ခု မဟုတ်ပေ။ မြင့်မြတ်သောနန်ကျောက်၏ တိုက်ချက်က ရိုးရှင်းလှသော်လည်း သူ၏ စိတ်ဝိညာဉ်အား ပါဝင်နေ၏။ ထိုလက်ဝါးချက်သည် လောကတစ်ခု သင့်အပေါ်သို့ ရိုက်ချလာသည်နှင့် တူလေသည်။
ထိုအခိုက်၌ မြင့်မြတ်သောနန်ကျောက်မှာ ဝမ်လင်း၏အမြင်ကနေ ပျောက်ကွယ်သွားသလား မှတ်ရသည်။ အစီအရင်နှင့်ကျင့်ကြံသူများအပါအဝင် အရာအားလုံးသည် သဲလွန်စမရှိ ကွယ်ပျောက်သွားသလား မှတ်ထင်ရသည်။
ဝမ်လင်းသည် သူ ဘယ်တုန်းကမျှ မမြင်ဖူးသော လောကတစ်ခုအတွင်းသို့ ဆွဲငင်ခြင်း ခံလိုက်ရသည့်အလား။ ဟင်းလင်းပြင်ကိုယ်တိုင်သည်ပင် ကွယ်ပျောက်ကာ သဲလွန်စမကျန်တော့သည့်နှယ်။
ထိုလောကရှိ ကောင်းကင်မှာ နက်မှောင်၏။ မြေပြင်ထုသည် နက်မှောင်၏။ ထိုဧရိယာတွင် ညှီစို့စို့အနံ့နှင့် ပြည့်နှက်သည်။ သူသည် မြေပြင်ထက်တွင် ဝတ်စုံနက်လူများစွာ ထိုင်နေသည်ကို တွေ့မြင်ရသည်။ ဖျပ်ခနဲ ကြည့်ပါက ထိုလူများသည် အတောမသပ်အောင် များပြားလှသည့်နှယ်။
တစ်သိန်း၊ တစ်သန်း၊ ဆယ်သန်း၊ သန်းတစ်ရာကနေသည် တစ်ဘီလီယံ၊ ဆယ်ဘီလီယံ။
ထိုလောကမှာ အကန့်အသတ်မဲ့၏။ ဝတ်စုံနက်လူများ၏ ပမာဏမှာ တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းသည်။
ထိုသူများမှာ မြင့်မြတ်သောနန်ကျောက်၏ အပူဇော်ခံမီးတောက် စိတ်ဝိညာဉ်များတည်း။ ထိုနေရာမှာ နန်ကျောက်၏ အပူဇော်ခံမီးတောက်နယ်မြေပင်။
စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုသည် သူတို့၏ပစ်မှတ်ကို သူတို့၏အပူဇော်ခံမီးတောက်နယ်မြေအတွင်းသို့ ခေါ်ဆောင်နိုင်သညည်။ အပူဇော်ခံမီးတောက်နယ်ပယ်က စိတ်ဝိညာဉ်လေဟာနယ်ကျင့်ကြံသူ၏ စိတ်ဝိညာဉ်နှင့် ပေါင်းစည်းထားခြင်း ဖြစ်ကာ ထိုနေရာကို အပူဇော်ခံမီးတောက်များဖြင့် ဖန်တီးထားခြင်း မည်၏။
ဝမ်လင်းသည် တုန်လှုပ်မိရသည်။ တကယ်တော့ သူသည် တတိယအဆင့်ကျင့်ကြံသူများနှင့် ပတ်သတ်၍ များများစားစား သိမထားပေ။ အထူးသဖြင့် စိတ်ဝိညာဉ်လေဟာနယ်အဆင့်ကိုပင်။ လင်းတန် သို့မဟုတ် ကျိုးကျင်တို့သည်လည်း ထိုစိတ်ဝိညာဉ်လေဟာနယ်အဆင့်ကို များများစားစား သိမထားပေ။ လူတစ်ယောက်သည် ၎င်းအဆင့်ကို ကိုယ်တိုင်ကိုယ်ကျ မကြုံဖူးပါက မည်သူကမျှ ရှင်းပြနိုင်မည် မဟုတ်ပါ။
ဝမ်လင်းသည် သူ့စိတ်ထဲ၌ အရင်က စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံသူများကို အထင်သေးသလို ရှိခဲ့ဖူး၏။ တကယ်တော့ ပြင်ပနယ်မြေတွင် သူသည် တာအိုသခင်အိပ်မက်ပြာနှင့် ဆုံခဲ့ရသလို အုပ်စိုးသူနှင့်လည်း တိုက်ခိုက်ခဲ့ဖူးသည်။
သူသည် အဆိပ်အိုကြီးနှင့်ပင် အတူလက်တွဲ လုပ်ဆောင်ခဲ့ဖူးသေးသည်။
သို့ပေမည့် ဤအခိုက်အတန့်တွင်မူ ထိုအထင်သေးမှုမှာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။ ဝမ်လင်း နားလည်သွားပေပြီ။
သူသည် ခုချိန်၌ မြင့်မြတ်သောနန်ကျောက်၏ အပူဇော်ခံမီးတောက်နယ်ပယ်အတွင်း၌ ရှိနေ၏။ ထိုလောကသည် တုန်ဟည်းကာ ဧရာမလက်ဝါးရာတစ်ခုသည် ကောင်းကင်ထက်တွင် ပေါ်လာသည်။
ထိုလက်ဝါးသည် နက်မျောင်၏။ အနံ့ဆိုးကို ပေးသည်။ ကောင်းကင်တခွင်သည် လက်ဝါးချက် ဖြစ်လာကာ ဝမ်လင်းပေါ်သို့ ရိုက်ချသည်။
မြေပြင်ထုသည် တုန်ဟည်းကာ တစီစီအသံများ ပဲ့တင်ထပ်သည်။ မရေမတွက်နိုင်သော ဝတ်စုံနက်များသည် ဝမ်လင်းထံ ခပ်တိုးတိုး ရေရွတ်သည်။ ဝမ်လင်းသည် သူတို့ မည်သည့်အရာကို ပြောနေသည်အား မသိပေ။ သိ့သော် ထိုအသံက သူ၏စိတ်နှလုံးကို မသက်မသာ ဖြစ်စေသည်။
ထိုသို့ပြောနေခြင်းမှာ အမှန်နှင့်အမှားနှစ်ခုလုံး ပါဝင်သော ပုံရိပ်ယောင်တစ်ခု ဖြစ်သည်။
အမှန်ကမူ ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် တည်ရှိဆဲ ဖြစ်ကာ တရှိန်ထိုး တိုးဝင်လာသည်။ တိမ်ပင်လယ်မှ ကျင့်ကြံသူများသည်လည်း အလျင်စလို တိုးဝင်လာသည်။
ဝမ်လင်း၏ခန္ဓာကိုယ်မှာ မပျောက်ကွယ်သွားပေ။ သူသည် နေရာတွင်ပင် လွင့်မြောနေ၏။ သို့ပေမည့် သူ၏မျက်လုံးထဲတွင် စူးရှမှုက ဗလာဖြစ်လာ၏။ သူ့ရှေ့တွင် အနက်ရောင်မီးငှက်က နန်ကျောက်၏လက်ဝါးနှင့်အတူ တိုးဝင်လာသည်။
ထိုလက်ဝါးသည် ဝမ်လင်း၏ ဟောက်ပက်ဖြစ်သော မျက်လုံးသူငယ်အိမ်တွင်း၌ ကြီးသထက် ကြီးလာသည်။ ၎င်းလက်ဝါးက သူ့အမြင်ရှိ အရာအားလုံးကို အစားထိုးဝင်သွားကာ သူ၏မျက်ခုံးနှစ်ခုကြား အမှတ်သို့ တိုးဝင်သည်။
အမှားကမူ အရာအားလုံးသည် ဝမ်လင်းအတွက် အစစ်အမှန် ဖြစ်လွန်းသည်ဟု ခံစားရခြင်းပင်။ မြင့်မြတ်သောနန်ကျောက်၏ အပူဇော်ခံမီးတောက်နယ်ပယ်အတွင်း၌ သူသည် ကောင်းကင်တမျှ လက်ဝါးသည် သူ့ပေါ်သို့ ကျဆင်းလာခြင်းပင်။ အဖြစ်အပျက်အားလုံးမှာ ချက်ခြင်းလိုလိုပင်။ မြန်ဆန်လှသည်။
ရှောင်ဖို့ပင် မဖြစ်နိုင်ပေ။ ဝတ်စုံနက်လူများ၏ တဝီဝီအော်သံများသည် ဝမ်လင်းကို ဂနာမငြိမ် ဖြစ်လာစေသည်။ သူသည် ထိုင်ချကာ သူတို့နှင့်အတူ ရေရွတ်ချင်လာသည်။
ထိုစိတ်ဆန္ဒမှာ ပိုပိုအားကောင်းလာပြီး ချက်ခြင်းပင် အထွတ်အထိပ်သို့ ရောက်လာသည်။ ထိုအဖြစ်က ဝမ်လင်း၏မျက်လုံးကို သွေးချင်းချင်းနီလာသည်။ သူ့မျက်နှာပေါ်ရှိ သွေးကြောများ ဖောင်းကြွလာသည်။ ထိုအခိုက်တွင် လက်ဝါးချက်က နီးသထက် နီးလာပြီး ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်သောဖိအားတစ်ခု ပြိုဆင်းကျလာသည်။
သူ၏ဆံပင်ဖြူများသည် နောက်သို့ တဖျပ်ဖျပ် လွင့်ဝဲ၏။ လက်ဝါးချက်သည် သူနှင့် ပေတစ်သောင်းမျှပင် မလိုတော့ပေ။
“ငါဟာ ရှေးဟောင်းနတ်ဘုရားတစ်ပါး။ ငါက တာအိုပဲ…” ဝမ်လင်းက ဆက်ခနဲ ခေါင်းမော့လိုက်၏။ သူ့ညာလက်ကို ဝေ့ယမ်းသည်။ ရှေးဟောင်းနတ်ဘုရား လက်အိတ်တစ်ခု ပေါ်လာ၏။ ထိုကဲ့သို့ သေရေးရှင်ရေးတွင် ဝမ်လင်းသည် သူ၏ အသက်ကယ်မန္တာန်ကို တုံ့ဆိုင်းခြင်းမရှိ အသုံးပြုရန် ရွေးချယ်လိုက်သည်။
တုန်ဟည်းသံများ ကျယ်လောင်စွာ ပဲ့တင်ထပ်နေရင်း ဧရာမရှေးဟောင်းနတ်ဘုရားသည် ဝမ်လင်းရှေ့တွင် ပေါ်လာပြီး ၎င်း၏နောက်ကျောကို ကောင်းကင်အလား ပြိုဆင်းကျလာသည့် လက်ဝါးကို ပိတ်ဆို့ရန် အသုံးပြုသည်။
ကောင်းကင် ပြိုဆင်းကျသည်။ လက်ဝါးသည် သက်ဆင်းလာသည်။ အနက်ရောင်လက်ဝါးသည် ရှေးဟောင်းနတ်ဘုရား၏ကျောပေါ်သို့ ကျရောက်သွားသည်။
ထိုအနက်ရောင်လက်ဝါးက ရှေးဟောင်းနတ်ဘုရား၏နောက်ကျောပေါ်သို့ ကျရောက်သွားသည့်အခါ ကျယ်လောင်စွာ မြည်ဟိန်းသည်။ ထိုရှေးဟောင်းနတ်ဘုရားသည် အနှီလက်ဝါးချက်ကို မခုခံနိုင်သည့်အလား ကြုံ့ဝင်သွားသည်။
“ငါက မင်းလိုလူကို ဘာကြောင့် ပူဇော်သမှု ပြုရမှာလဲ…” ဝမ်လင်းသည် မာန်သွင်းဟောက်လိုက်၏။ သူ့မျက်နှာထက်တွင် ကြမ်းကြုတ်သောအမူအရာ ပေါ်လာသည်။ သူ့အား ကာကွယ်ပေးသော ရှေးဟောင်းနတ်ဘုရားသည် လက်သီးတစ်လုံးကို ပစ်သွင်းလိုက်လေ၏။
နောက်ထပ်ကျယ်လောင်စွာ မြည်ဟည်းသံ ပဲ့တင်ထပ်ကာ ရှေးဟောင်းနတ်ဘုရားလက်သီးချက်သည် အနက်ရောင်လက်ဝါးနှင့် ထိပ်တိုက်တွေ့သည်။ ပြင်းထန်သောအားတစ်ခု ပျံ့လွင့်ကာ အနက်ရောင်လက်ဝါးသည် နောက်သို့ ပေတစ်သိန်း လွင့်ထွက်သွားသည်။
ထိုရှေးဟောင်းနတ်ဘုရားသည် သက်ပြင်းချသံ ပြုကာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ၎င်းသည် ဝမ်လင်း၏ညာလက်တွင် လက်အိတ်အဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။ အက်သံတစ်ခု ပေါ်လာကာ ထိုလက်အိတ်ပေါ်တွင် အက်ကြောင်းများ ပိုပေါ်လာသည်။
ရှေးဟောင်းနတ်ဘုရားလက်သီးချက်က အနက်ရောင်လက်ဝါးကို လွင့်စင်ထွက်သွားစေချိန်၌ ဝမ်လင်းသည် ရှေ့သို့ တိုးလာသည်။ သူ့လက်ဖြင့် လက်သီးဆုပ်ဟန် ပြုကာ လက်သီးတစ်လုံးကို ပစ်သွင်းလိုက်လေသည်။ ဦးခေါင်းအရိပ်က ပေါ်လာကာ ထိုလက်သီးချက်နှင့် ပေါင်းစပ်သည်။
“ငါ့အတွက် ချိုးဖျက်လိုက်စမ်း…” ဝမ်လင်း၏ခန္ဓာကိုယ်သည် ထိုလက်သီးချက်နှင့် ပေါင်းစပ်သွားသည့်နှယ်။ သူရှေ့သို့ ဥက္ကာပျံတစ်စင်းအလား ထိုးတက်သွားရင်း လျှပ်စီးတန်း လင်းလက်ပြီး လောင်ကျွမ်းမီးလည်း ဖြစ်ပေါ်သည်။ သူသည် အနက်ရောင်လက်ဝါးနှင့် နောက်တဖန် ထိပ်တိုက်တွေ့ပြန်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ အနက်ရောင်လက်ဝါးသည် တုန်ခါသည်။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ ထိုလက်ဝါး၏ဗဟိုချက်ကနေ ထွင်းဖောက်သွားသည်။
ဝမ်လင်း၏ မျက်လုံးဟောက်ပက်မှာ ချက်ခြင်း ပြန်ကောင်းမွန်၏။ အမှန်တော့ ဒီအဖြစ်အပျက်သည် ခဏတာသာ ကြာမြင့်၏။ သူ ပြန်ကောင်းမွန်လာပြီးနောက် သူ့မျက်နှာသည် ဖြူရောကာ သွေးအန်ထုတ်လိုက်ရသည်။ သူသည် နောက်သို့ အမြန်ဆုတ်လေ၏။
မြင့်မြတ်သောနန်ကျောက်၏ ညာလက်မှာ ဝမ်လင်းနှင့် ပေသုံးဆယ်အကွာသို့ ရောက်လာသည့်အခါတွင် တုန်ယင်သွား၏။ ထိုအခိုက်တွင် သူ့လက်ဝါးအလယ်မှ သွေးများ စီးကျသည်။ သူ့မျက်လုံးသည် တုန်လှုပ်မှုတို့ ပြည့်သွား၏။ သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်သောအားတစ်ခု၏ ထိမှန်ခြင်း ခံလိုက်ရသည်။ သူသည် နောက်သို့ ဆက်မလိုက်တော့ပေ။ အနက်ရောင်မီးငှက်ထံမှ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
“သန်မာလိုက်တဲ့ခန္ဓာကိုယ်…” မြင့်မြတ်သောနန်ကျောက်၏အမူအရာသည် သုန်မှုန်၏။ သူသည် ဝမ်လင်းက ဦးစားပေး သတ်ကိုသတ်ရမည့် စာရင်းထဲတွင် ဘာကြောင့်ပါမှန်းကို နားလည်သွားပေပြီ။
“သူက တတိယအဆင့်ကိုတောင် မရောက်သေးဘူး။ ဒါတောင်မှ သူ ငါ့ရဲ့လက်ဝါးကနေ လွတ်မြောက်အောင် လုပ်နိုင်ပြီး ပြန်တိုက်ခိုက်နိုင်တယ်။ သူသာ တတိယအဆင့်ကိုသာ ရောက်သွားရင် တော်တော် ကြောက်ဖို့ ကောင်းမှာပဲ…။ ဒီကောင်လေးကို အသက်ရှင်ခွင့် ပြုလို့ မဖြစ်ဘူး…”
***