အပိုင်း(၁၅၇၃)
Vol. 114 Ch. 1573
“စိတ်ဝိညာဉ်လေဟာနယ်။ စိတ်ဝိညာဉ်လေဟာနယ်…” ဝမ်လင်းသည် ဖြူရောသောမျက်နှာဖြင့် နောက်ဆုတ်နေသည်။ အရာအားလုံးသည် ပုံမှန်ဟု ထင်ရသော်လည်း ဒီအဖြစ်သည် အတော်လေးကို ထိတ်လန့်စရာ ကောင်းလှသည်။ ဝမ်လင်းသည် ပထမဆုံးအကြိမ်အဖြစ် စိတ်ဝိညာဉ်လေဟာနယ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားမိလိုက်သည်။
နိဗ္ဗာနလေဟာနယ်အဆင့် ကျင့်ကြံသူများထက် စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံသူများက အရေအတွက် ပိုနည်းပါး၏။ သူတို့၏အဆင့်အတန်းမှာလည်း လွန်စွာမြင့်မားသည်။
နောက်ဆုတ်နေရင်း ဝမ်လင်းက အကြိမ်များစွာ သွေးအန်ထုတ်လိုက်ရသည်။ သူသည် ပြင်ပနယ်မြေမှ အဘိုးအိုတစ်ယောက်နှင့် ဝင်တိုက်မိသည်။ ထိုအဘိုးအိုသည် မအော်နိုင်ခင်မှာပင် ပြင်းထန်သောအားတစ်ခုက သူ့ခန္ဓာကိုယ်တွင်း ဝင်ရောက်ကာ သူ၏ခန္ဓာကိုယ်သည် ပျက်စီးသွားလေ၏။ သို့ပေမည့် သူ၏အသွေးအသားတို့ ပြန့်ကျဲမသွားခင်မှာ ၎င်းသည် အသက်ဓာတ်အဖြစ် သိပ်သည်းသွားပြီး ဝမ်လင်း၏ စုပ်ယူခြင်းကို ခံရသည်။
သူ၏မူလစိတ်ဝိညာဉ်သည်ပင် လွတ်မြောက်နိုင်စွမ်း မရှိဘဲ ဝမ်လင်း၏စုပ်ယူခြင်းကို ခံရသည်။
အဖြစ်အပျက်များသည် မြန်လွန်း၏။ ဝမ်လင်းသည် နောက်ဆုတ်နေသည်ကို မရပ်တန့်ပေ။ သူက ချက်ခြင်းပင် ပြင်ပနယ်မြေကျင့်ကြံသူများထံသို့ တိုးဝင်သွားသည်။ ဝမ်လင်းသည် ပြင်ပနယ်မြေမှ ကျင့်ကြံသူများထံ ဖြောင့်ဖြောင့်တန်းတန်း ဆုတ်သွားခြင်းပင်။ သူနှင့် ထိမိသူတိုင်းမှာ သူ့ကြောင့် မြန်ဆန်စွာ သေဆုံးကုန်သည်။
မြင့်မြတ်သောနန်ကျောက်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်ကာ သူသည် လိုက်ရန် ဟန်ပြင်သည်။ သို့ပေမည့် အေးစက်စက်နှာခေါင်းရှုံ့သံနှင့်အတူ အရှင်ဟုန်ရှန် ရောက်လာပေပြီ။ မြင့်မြတ်သောနန်ကျောက်၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားပြီး သူက ချက်ခြင်း နောက်ဆုတ်သည်။ သူသည် ဝမ်လင်းကို ဆက်၍ အရေးစိုက်မနေတော့ပေ။
“ဒီအဘိုးအိုက နှစ်ပေါင်းသောင်းချီ မသတ်ဖြတ်ရတာ ကြာပြီ။ ဒါ့ကြောင့် ဒီအဘိုးအိုရဲ့ တာအိုနာမည် ဘယ်နေရာကနေ ဖြစ်ပေါ်လာခဲ့တာကို မင်းတို့အားလုံး မေ့နေပြီပေါ့လေ…” အရှင်ဟုန်ရှန်က သူ့လက်ကို ဝေ့ယမ်းလိုက်၏။ အဆုံးမဲ့အနီရောင်အလင်းများ ပေါ်လာ၏။
ထိုအနီရောင်အလင်းများသည် အဝေးမှ လာခြင်း မဟုတ်။ ပြင်ပနယ်မြေမှ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များမှ လာခြင်းပင်။ သူတို့သွေးများသည် ခန္ဓာကိုယ်ကို ဖြတ်သန်း၍ တောက်ပလေသည့်နှယ်။
သွေးအလင်းသည် ကျင့်ကြံသူများစွာ၏ ခန္ဓာကိုယ်ကို ထွင်းဖောက်လေ၏။ ထိုအဖြစ်က သူတို့သည် အနီရောင်အင်္ကျီများကို ဝတ်ဆင်ထားသလို ဖြစ်နေစေသည်။ သွေးနီရောင်အင်္ကျီက အရှင်နန်ကျောက်၏ခန္ဓာကိုယ်ပေါ်တွင်ပင် ပေါ်လာ၏။
ထိုအင်္ကျီများသည် အမှန်တော့ အင်္ကျီများ မဟုတ်ပါ။
သို့သော် ၎င်းမှာ တုန်လှုပ်ဖွယ်ရာ ကောင်းနေဆဲပင်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ချက်ခြင်းပင် အနီရောင်အင်္ကျီများ ပေါ်လာသည်နှင့် နာကျင်ထိတ်လန့်စွာအော်သံများ ပဲ့တင်ထပ်သည်။ ကျင့်ကြံသူထောင်ချီ၏ ကိုယ်တွင်းရှိ သွေးများသည် ထူးဆန်းသောအားတစ်ခုကြောင့် သူတို့၏ခန္ဓာကိုယ်များကနေ အတင်းထိုးထွက်ရသည်။
သွေးများသည် သူတို့ခန္ဓာကိုယ်၏ ဒွာရပေါက်များထံမှ ညှစ်ထုတ်ခြင်း ခံရသည်။
အထိတ်တလန့်အော်သံဟစ်သံများထဲ၌ နာကျင်မှုနှင့် ပြည့်သည်။ ခုချိန်၌ ထိုကျင့်ကြံသူထောင်ချီက အမှန်တကယ်ပင် အနီရောင်အင်္ကျီများကို ဝတ်ဆင်ထားသလို ဖြစ်နေတော့၏။
ထိုအနီရောင်အင်္ကျီများ ပေါ်လာသည်နှင့် ယင်းတို့သည် ချက်ခြင်း ကြုံ့၏။ သူတို့၏နာကျင်စွာအော်သံများ ပဲ့တင်ထပ်နေရင်း ထိုကျင့်ကြံသူထောင်ချီသည် မံမီများအဖြစ်သို့ မြန်ဆန်စွာ ပြောင်းကာ သေဆုံးကုန်သည်။
သူတို့၏ခန္ဓာကိုယ်ထဲရှိ မူလစိတ်ဝိညာဉ်များသည်ပင် အကျဉ်းချခြင်း ခံရကာ လွတ်မြောက်ဖို့ မစွမ်းသာ ဖြစ်ရ၏။ သူတို့၏ခန္ဓာကိုယ်များ သေဆုံးကုန်သည့်အခါ သေဆုံးခြင်းစွမ်းအင်များသည် သူတို့၏မူလစိတ်ဝိညာဉ်များအတွင်းသို့ တရှိန်ထိုး ဝင်ရောက်ပြီး သူတို့အား ရှင်လျက်သေရသလို ဖြစ်စေသည်။
ထိုမျှဖြင့် အရှင်ဟုန်ရှန်၏နည်းလမ်းများကို မဖော်ပြနိုင်သေးပါ။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်၏။ အနီရောင်အင်္ကျီဝတ်ဆင်ထားသော သွေ့ခြောက်သွားသည့် ထိုအလောင်းများ၏ မျက်လုံးများထံမှ ကြောက်မက်ဖွယ်သွေးအလင်းကို ပေးစွမ်းသည်။ သူတို့သည်ထိန်းချုပ် ခံရသည့််အလား ပြင်ပနယ်မြေမှ ကျင့်ကြံသူများထံ တိုးဝင်ကာ သတ်ဖြတ်ပွဲ စတင်တော့သည်။
“ငါ့သွေးပြန်ပေး။ ငါ သွေးလိုချင်တယ်။ သွေးလိုချင်တယ်…”
“ငါ့သွေးပြန်ပေးပါ။ ငါ့ခန္ဓာကိုယ်က အရမ်းနာကျင်နေပြီ။ ငါ့ခန္ဓာကိုယ် အတော့်ကို ခြောက်ကပ်နေပြီ။ ငါ သွေးလိုချင်တယ်…”
ထိုကျင့်ကြံသူများထံမှ ထူးဆန်းသောအော်သံဟစ်သံများ ပေါ်လာသည်။ သူတို့သည် သွေးလိုချင်၏။ သူတို့၏သွေးကို ဆုံးရှုံးသွားပြီးနောက် သူတို့ခံစားရသော နာကျင်မှုသည် တခြားသူများအနေဖြင့် နားလည်နိုင်လိမ့်မည် မဟုတ်ပေ။
အရှင်နန်ကျောက်၏ ခန္ဓာကိုယ်ပတ်လည်တွင်လည်း သွေးအင်္ကျီတစ်ခု ရှိနေ၏။ သူက စိတ်ဝိညာဉ်အားကို ပါးစပ်အပြည့် ထွေးထုတ်လိုက်သည်။ သူ့မျက်နှာမှာ ဖြူရောသွား၏။ သူ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် တုန်ယင်ကာ ပျက်စီးသည်။
သူ၏ခန္ဓာကိုယ် ပျက်စီးသွားသည်နှင့် သူ့မူလစိတ်ဝိညာဉ်နှင့်မျက်လုံးတို့တွင် အတိုင်းမသိ ကြောက်ရွှံ့မှု ပြည့်နှက်သည်။ သူသည် ပြင်ပနယ်မြေ၌ ဟိုးလွန်ခဲ့သောနှစ်ပေါင်းသောင်းချီက ဒဏ္ဌာရီတစ်ခုကို ပြန်အမှတ်ရမိသွားသည်။ ထိုကြောက်မက်ဖွယ်ကောလဟာလမှာ ဒုတိယအကြိမ် ချိပ်ပိတ်မြေစစ်ပွဲနှင့် ပတ်သတ်၍ ဖြစ်သည်။
ထိုကောလဟာလမှာ လူတစ်ယောက်နှင့် ပတ်သတ်၍ ဖြစ်သည်။
“သွေးအင်္ကျီကောင်လေး။ သင်က သွေးအင်္ကျီကောင်လေးပဲ…”
အရှင်ဟုန်ရှန်၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေး၏။ သူက မြင့်မြတ်သောနန်ကျောက်ထံ တိုးဝင်လာသည်။ သူသည် သတ်ရပေတော့မည်။ ထိုအခိုက်တွင် ပြင်ပနယ်မြေ၏ ကျင့်ကြံသူများ ဒုတိယလှိုင်းကြားထဲရှိ တတိယအဆင့်ကျင့်ကြံသူနှစ်ယောက်၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ သူတို့သည် အံတင်းတင်းကြိတ်လျက် အရှင်ဟုန်ရှန်ထံသို့ တိုးဝင်လာကြသည်။
အရှင်အရှေ့ပိုင်းဉာဏ်အလင်းက ကြောက်မက်ဖွယ်ကောလဟာလများမှ ထိုလူကို မည်သူမှန်း သိလိုက်၏။ သူ၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။ သူသည် ကျိုးကျင်၊လင်းတန်နှင့် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်တို့ကို လစ်လျူရှုကာ အရှင်ဟုန်ရှန်ထံသို့ တိုးဝင်လာတော့သည်။ တတိယအဆင့်ကျင့်ကြံသူ သုံးယောက်။
နောက်ဆုတ်နေရင်း အရှင်နန်ကျောက်၏မျက်နှာထက်တွင် ရက်စက်လိုဟန် အရိပ်အယောင် ပေါ်၏။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ သူသည် နောက်ထပ်ခန္ဓာကိုယ်တစ်ခုကို ထုတ်ယူကာ ၎င်းအထဲသို့ ဝင်ရောက်သည်။ ထို့နောက် သူက လက်ဝေ့ယမ်းလိုက်ပြန်၏။ လက်သီးဆုပ်ခန့်အရွယ် အဆိပ်လုံးသုံးလုံး ပေါ်လာသည်။ ၎င်းတို့သည် အရှင်ဟုန်ရှန်ထံ ဦးတည်ဝင်လာသည်။
တတိယအဆင့်ကျင့်ကြံသူလေးယောက်။
မီးစာကလေးကလန်မှ ဘိုးဘေးသည် အံတင်းတင်း ကြိတ်လျက် ဝမ်လင်းထံမှ အာရုံပြောင်းသည်။ သူသည်လည်း အရှင်ဟုန်ရှန်ထံသို့ တိုးဝင်လာသည်။
တတိယအဆင့်ကျင့်ကြံသူ ငါးယောက်သည် အရှင်ဟုန်ရှန်ထံသို့ တိုက်ခိုက်ရန် တိုးဝင်လာချေသည်။
အရှင်တိမ်စွန်းသည် အရှင်ဟုန်ရှန် သို့မဟုတ် ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို အာရုံမစိုက်အားပေ။ သူသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ထံသို့ တိုးဝင်လာနေ၏။ သူ၏တာဝန်မှာ ခက်ခဲလှ၏။ သူသည် ချိပ်ပိတ်နယ်မြေအစီအရင်ပေါ်ရှိ အဟကို ပြန်ပြုပြင်ရမည် ဖြစ်သည်။
“အတွင်းနယ်မြေဟာ အဆင်သင့် မဖြစ်သေးဘူး။ အချိန်နည်းနည်း ထပ်လိုနေသေးတယ်။ နယ်မြေချိပ်ပိတ်ခြင်းအစီအရင် ပွင့်ဟသွားလို့ မဖြစ်ဘူး…”
အရှင်တိမ်စွန်းသည် ပူပန်နေရင်း အစီအရင်နားသို့ ရောက်သွားသည်။ သူသည် ချက်ခြင်းပင် လင်းတန်နှင့်ကျိုးကျင်တို့ကို မြင်သည်။
“ဝမ်လင်း…ဒီနှစ်ယောက်ကို ဒီအဘိုးအိုရှိ ခဏငှား…” အရှင်တိမ်စွန်း၏ ခပ်ဩဩအသံသည် ကြယ်များကြား၌ ထွက်ပေါ်လာ၏။
ဝမ်လင်းသည် နောက်ဆုတ်ကာ ဒဏ်ရာကုသနေရင်း ချက်ခြင်း နတ်ဘုရားအာရုံဖြင့် သတင်းစကားတစ်ခု ပို့လွှတ်လိုက်၏။ လင်းတန်နှင့်ကျိုးကျင်တို့သည် ချက်ခြင်းပင် အရှင်တိမ်စွန်းထံသို့ ပျံသန်းသွားကြပြီး သူတို့၏လက်နှစ်ဖက်ကို ဆုပ်၍ အရိုအသေပြု၏။
“မင်းတို့နှစ်ယောက်…ဒီအဘိုးအိုကို ကာကွယ်ပေးထား…” အရှင်တိမ်စွန်းက အများကြီး ပြောမနေတော့၊ သူက အမိန့်တစ်ခု ပေးလိုက်ပြီးနောက် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ထံသို့ ခြေလှမ်းဝင်လိုက်သည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များစွာကို ဖြစ်စေရာ အတားအဆီးများစွာသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ထံသို့ ပျံသန်းသွားကြသည်။
ဆရာသခင်ယွင်လောကိုမူ ပြင်ပနယ်မြေမှ ကျင့်ကြံသူသောင်းချီ ဝန်းရံထား၏။ သူမ၏မျက်လုံး သူငယ်အိမ်မှာ ကြုံ့နေမိ၏။ သူမသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကြောင့် သူတို့ ဝင်ရောက်ရုံရှိသေး ဆိုးဝါးစွာ ခံလိုက်ရမည်ဟု မထင်ထားမိခဲ့ပေ။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်က အကြီးမားဆုံး ပြဿနာတစ်ခု ဖြစ်နေ၏။ ခုချိန်တွင် ၎င်းကို ဟန့်တားထားသောသူ မည်သူမျှ ရှိမနေရာ ၎င်းသည် ကျင့်ကြံသူများကို ခုတ်ပိုင်းချနေ၏။ ထိုပုဆိန်တစ်ချက် ခုတ်ချလိုက်တိုင်း ကျင့်ကြံသူငါးထောင်လောက် ဆိုးဆိုးဝါးဝါး သေဆုံးသွားရ၏။
ဆရာသခင်ယွင်လောက သူမ၏လက်ကို ပင့်မြှောက်လိုက်၏။ သူမက ပုဆိန်ထံသို့ လက်ညွှန်ကာ ညင်သာစွာ ပြောလိုက်သည်။ အချိန်တိုအတွင်းမှာ ငါတို့ရဲ့ “ပြင်ပနယ်မြေဟာ ကျင့်ကြံသူနှစ်သောင်းနီးပါးကို စတေးလိုက်ရပြီ….”
“ကောင်းကင်အပြစ်ပေးခြင်းနန်းတော်၊ ဓားကလန်၊ စိတ်ဝိညာဉ်ချိုးဖျက်ခြင်းရိုက်ချက်နဲ့ ဒီပုဆိန်ကို ဟန့်တားလိုက်…” သူမ၏အသံ ထွက်ပေါ်လာသည့်အခါ ကောင်းကင်အပြစ်ပေးခြင်းနန်းတော် ပတ်လည်ရှိ ဝတ်စုံနက်ကျင့်ကြံသူများသည် မော့ကြည့်လာ၏။ သူတို့သည် ချက်ခြင်းပင် ပုဆိန်ထံသို့ တုံ့ဆိုင်းခြင်းမရှိ ပြေးဝင်လာသည်။
ပုဆိန်သည် နောက်တစ်ဖန် ကျရောက်လာစဉ် ကျင့်ကြံသူတစ်ထောင်နီးပါး ပေါ်လာ၏။ သူတို့အားလုံးသည် တူညီသော လှုပ်ရှားဟန် ပြုမူရာ အနက်ရောင်ဓားအရိပ်ကြီးတစ်ခု ပေါ်လာသည့်ဟန်ပင်။ သူတို့ရှေ့သို့ တိုးဝင်လာ၏။
ဓားစွမ်းအင်တစ်ထောင်သည် စုဝေးလျက် ပုဆိန်ထံသို့ ဦးတည်သည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ပုဆိန်သည် ခဏတာ ရပ်တန့်သွား၏။ ဓားစွမ်းအင်များ ပျက်စီးကာ ကျင့်ကြံသူတစ်ထောင်သည် သွေးအန်လိုက်ရသည်။ သို့ပေမည့် သူတို့သည် မရပ်တန့်ပေ။ သူတို့၏ ဘယ်လက်များကို ဝေ့ယမ်းလိုက်ကြသည်။ သူတို့၏သွေးကို ဓားများဖြင့် ပေါင်းစည်းစေသည်။ သူတို့က သွေးဖြင့်စွန်းသော ဓားစွမ်းအင်တန်းများကို စေလွှတ်လိုက်ကြသည်။
အကွာအဝေးတစ်ခုရှိ ဝမ်လင်းကို ကြည့်ကာ ဆရာသခင်ယွင်လော၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူမ၏ကျောက်စိမ်းကဲ့သို့ လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ဝမ်လင်းထံသို့ ညွှန်လိုက်သည်။
“ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ရဲ့ အကြီးအကဲသုံးယောက်၊ ကျေးဇူးပြုပြီး ဒီကောင်လေးကို ကိုင်တွယ်ပေးပါ…။ ဘယ်လိုပဲ ပေးစပ်ရပါစေ သူ့ကို ချိပ်ပိတ်ချင်ချိပ်ပိတ်၊ ဒါမှမဟုတ် သတ်ပစ်လိုက်…” ဆရာသခင်ယွင်လောသည် ထိုသို့ ပြောပြီးနောက် သူမနောက်တွင် တစ္ဆေအလင်းတန်းသုံးခု ပေါ်လာပြီး ခရမ်းရောင်ဝတ်စုံဖြင့် ပုံရိပ်သုံးခုအသွင် ပြောင်းလဲသည်။
သူတို့၏ပုံပန်းသွင်ပြင်များကို သူတို့၏ဝတ်ရုံများဖြင့် လွှမ်းခြုံထား၏။ စကားတစ်ခွန်းမှ မဆိုဘဲ သူတို့သည် ဝမ်လင်းထံသို့ တိုးဝင်လာကြသည်။
ထိုအခိုက်တွင် တိမ်ပင်လယ်မှ ကျင့်ကြံသူများ ရောက်လာကြပေပြီ။ ကျင့်ကြံသူထောင်သောင်းချီက ကျူးကျော်လာသူများကို အကြမ်းပတမ်း တိုက်ခိုက်မှု အစပြုလေပြီ။
ဒီစစ်ပွဲသည် စသည်ဆိုရုံဖြင့် အလွန်တရာ ရုန့်ရင်းကြမ်းတမ်းနေ၏။
အရူးအမူး အော်သံဟစ်သံများ ပဲ့တင်ထပ်သည်။ သတ်ဖြတ်မှုများ ဖြစ်ပွားသည်။သွေးအော်ရာများ ပျံ့နှံ့သည်။ တိမ်ပင်လယ်မှ ကျင့်ကြံသူတစ်ယောက်သည် ပြင်ပနယ်မြေမှ ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်လိုက်၏။ သို့သော် သူ အပေါ်သို့ မော့မကြည့်နိုင်ခင်မှာပင် ဓားတစ်လက်က သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်သွားသည်။ ပြင်ပနယ်မြေမှ ကျင့်ကြံသူတစ်ယောက်က သူ့နောက်မှ ထွက်ပေါ်လာပြီး ထိုဓားကို ဖမ်းယူကာ နောက်ထပ်ပစ်မှတ်ထံ ဦးတည်သည်။
“တိမ်ပင်လယ်ရဲ့ ဂုဏ်သိက္ခာ…”သေအံ့မူးမူး တိမ်ပင်လယ်မှ ကျင့်ကြံသူက ရုန်းကန်ပြီးနောက် သူ့မွေးရပ်မြေသို့ တစ်ချက် ကြည့်လိုက်၏။ သို့ပေမည့် သူ၏အမြင်မှာ ဝေဝါးသွားသည်။ သူသည် ကြောက်မက်ဖွယ်ပြုံး၍ သူ့ကိုယ်သူ ဖောက်ခွဲပစ်ဖို့ကို ရွေးချယ်လိုက်လေသည်။
သူ သေရမည်ဆိုလျှင်ပင် သူသည် ပေါက်ကွဲ၍ သေပေမည်။
တိမ်ပင်လယ်မှ ကျင့်ကြံသူပေါက်ကွဲမှုကနေ အဖျက်အစီးအော်ရာသည် အဘက်ဘက်သို့ ပျံ့နှံ့သွား၏။
အဝေးမှကြည့်ပါက တိမ်ပင်လယ်မှ သက်လတ်ပိုင်းလူတစ်ယောက်သည် ဒဏ်ရာဗရပွ ဖြစ်နေသည်ကို တွေ့ရမည်။ သူ့ခန္ဓာကိုယ်တွင် သွေးများ ပေကျန်နေသည်။ သူ့ကို ဓားလေးချောင်း စိုက်နေ၏။
သို့ပေမည့် သူသည် နာကျင်မှုကို မသိသည့်အလား ရယ်မောကာ ရှေ့သို့ တိုးဝင်၏။ သူသည် ပြင်ပနယ်မြေမှ ကျင့်ကြံသူတစ်ယောက်ထံ ဦးတည်ကာ အနားရောက်သည်နှင့် သူ၏ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်လိုက်သည်။ ပြင်းထန်သောတုန်ခါလှိုင်းကို ဖြစ်စေ၍ သူသည် သူနှင့်အတူ ပြင်ပနယ်မြေမှ ကျင့်ကြံသူကို သေရွာသို့ အပါခေါ်သွားလေ၏။
ပိုဝေးသောနေရာတွင် ပြင်ပနယ်မြေမှ တတိယကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်သည် လျှပ်စီးတန်းများ ဝန်းရံ၍ လှုပ်ရှားနေ၏။ သူ ဖြတ်သန်းသွားသည်နှင့် တိမ်ပင်လယ်မှ ကျင့်ကြံသူတော်တော်များများ သေဆုံးကုန်ကြသည်။
ထိုသို့ ဗရမ်းဗတာ ဗြောင်းဆန်နေသော တိုက်ပွဲအတွင်း မည်သူကမျှ သူ့ကို မရပ်တန့်နိုင်သည့်အလား။ သူသည် တိမ်ပင်လယ်မှ ကျင့်ကြံသူတစ်ယောက်၏ ရှေ့တွင် ပေါ်လာပြီး သူ့လက်က ထိုကျင့်ကြံသူ၏ ရင်ဘက်ကို ထွင်းဖောက်သွားသည်။ သူက ယင်းကျင့်ကြံသူ၏နှလုံးကို ထုတ်ယူကာ ရက်စက်စွာ ပြုံးသည်။
သူသည် လက်ထဲရှိ နှလုံးကို ချေမွ၍ ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာ သူ မျက်မှောင်ကြုတ်သွားသည်။ တိမ်ပင်လယ်မှ ကျင့်ကြံသူ၏နှလုံးနှင့် မူလစိတ်ဝိညာဉ်သည် တစစီဖြစ်သွားပြီး ပေါက်ကွဲကာ နောက်ဆုံးလက်ကျန်စွမ်းအားကို သုံး၍ ထိုသူ့အား တိုက်ခိုက်သွားသည်။
“ပုရွတ်ဆိတ်လေးတွေရဲ့ အစွမ်းအစနဲ့များ…” ပြင်ပနယ်မြေမှ ထိုကျင့်ကြံသူက နှာခေါင်းရှုံ့ကာ သူ့လက်ကို ဝေ့ယမ်း၏။ တိမ်ပင်လယ်မှ ကျင့်ကြံသူ၏ခန္ဓာကိုယ်သည် ပျက်စီးကာ လွင့်စင်ထွက်သွားသည်။
သူ့ဦးခေါင်းမှာ ပျံဝဲထွက်သွား၏။ သို့ပေမည့် သူ၏မျက်လုံးထဲတွင်မူ အမုန်းတရား ရှိနေဆဲပင်။
တိမ်ပင်လယ်မှ ကျင့်ကြံသူများသည် တိုက်ခိုက်ဖို့ပင် မကြိုးစားတော့၊ သူတို့အားလုံးက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ကြသည်။
ကျင့်ကြံသူဆယ်ယောက်၏ ဖောက်ခွဲမှုက သင့်ကို မသတ်နိုင်ခဲ့လျှင်ပင် တစ်ရာဆိုလျှင်မူ။ တစ်ရာက သင့်ကို မသတ်နိုင်လျှင် သုံးရာဆိုလျှင်မူ။
ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်စီး၍ အဆုံးစွန်တိုက်ခိုက်မှုများမှ အဖျက်အစီးအားသည် ပြင်ပနယ်မြေမှ ကျင့်ကြံသူကို ဖျက်စီးသွားလေသည်။ ထိုလူ သေဆုံးသွားရစဉ်အတွင်းမှာပင် သူသည် စိတ်ဝိညာဉ်လှုပ်ခါစေမည့် စကားငါးခွန်းကို ကြားလိုက်ရသေးသည်။
“တိမ်ပင်လယ်ရဲ့ ဂုဏ်ကျက်သရေ…”
***