ချိပ်ပိတ်မှုသုံးခု
Vol. 114 Ch. 1574
နောက်ဆုတ်နေရင်း ဝမ်လင်း၏မျက်လုံးများသည် ချင်းချင်းနီရဲနေ၏။ သူသည် အဖြစ်အပျက်အားလုံးကို မြင်၏။ တိမ်ပင်လယ်မှ ကျင့်ကြံသူများ၏ရူးသွပ်မှုကို မြင်သည်။ သူသည် ဖော်ပြရန်မဖြစ်နိုင်သောအော်ရာတစ်ခုကို ခံစားမိသည်။
“သတ်…သတ်…သတ်…သတ်…” ဝမ်လင်းသည် ရုတ်တရက် ရပ်၍ ရန်သူစစ်တပ်ထံ တိုးဝင်သွားလေ၏။ သူ့ဘယ်လက်ကို ပင့်မြှောက်လိုက်ရာ ကြောက်မက်ဖွယ်မီးတောက်တစ်ခု ရှေ့သို့ တိုးဝင်သွား၏။ သူ့လမ်းကြောင်းကို ပိတ်ဆို့နေသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများ သေဆုံးကုန်ရသည်။
သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ မိုးကြိုးတုန်ဟည်းသံ လောကတခွင့် မြည်ဟည်း၏။ အဆုံးမဲ့မိုးကြိုးများသည် ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို ဝါးပြစ်ပစ်သည်။
သူ၏ဘေးပတ်လည်တွင် ပြင်ပနယ်မြေမှ ကျင့်ကြံသူများစွာ ပြည့်နှက်နေ၏။ ဝမ်လင်း၏မျက်လုံးသည် သတ်ဖြတ်ခြင်းကြောင့် ရဲရဲနီနေ၏။ သူသည် လူမည်မျှ သတ်ပြီးခဲ့သည်ကိုပင် မသိတော့ပေ။
သူ သိသည်မှာ သူ့ပတ်လည်ရှိ ကျင့်ကြံသူအားလုံးက ရန်သူများ ဖြစ်သည်ဟူ၏။
သွေးအလင်း တလက်လက် ဖြစ်၏။ သွေးဓားသည် ဝမ်လင်းကို ဝန်းရံလျက် ပြင်ပနယ်မြေမှ ကျင့်ကြံသူများ၏အသက်များကို နှုတ်ယူသည်။
ထိုအခိုက်အတန့်တွင် ပြင်ပနယ်မြေ၏ စစ်တပ်ထံမှ တစ္ဆေအလင်းတန်းသုံးခု ထိုးထွက်လာ၏။ သူတို့သည် ဝမ်လင်းနားသို့ ရောက်လာသည့်အခါ ခရမ်းရောင်ဝတ်စုံဖြင့်ကျင့်ကြံသူ သုံးယောက်အဖြစ်သို့ ပြောင်းလဲသည်။
ထိုသူတို့က သူတို့၏လက်များဖြင့် ချိပ်ဟန်များ ဖြစ်ပေါ်စေကာ မန္တာန် စတင်ရေရွတ်၏။
“ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ သူ့ရဲ့မူလစွမ်းအင်အားလုံးကို ချိပ်ပိတ်ဖို့ ငါ့အသက်ကို ကမ်းလှမ်းပြီး ကလန်ရဲ့မန္တာန်ကို ဆင့်ခေါ်တယ်။ ချိပ်ပိတ်စေ…”
“ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ သူ့ရဲ့ အသက်ဓာတ်အားလုံးကို ချိပ်ပိတ်ဖို့ ငါ့အသက်ကို ကမ်းလှမ်းပြီး ကလန်ရဲ့မန္တာန်ကို ဆင့်ခေါ်ပါတယ်။ ချိပ်ပိတ်စေ…”
“ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ချိပ်ပိတ်ဖို့ ငါ့အသက်ကို ကမ်းလှမ်းပြီး ငါဟာ ကလန်ရဲ့မန္တာန်ကို ဆင့်ခေါ်ပါတယ်။ ချိပ်ပိတ်စေ…”
ထိုအသံသုံးသံသည် တစ်ချိန်တည်း ပဲ့တင်ထပ်လာရင်း သူတို့၏မျက်ခုံးများကြားမှ အလင်းတန်းသုံးခုသည် ထိုးထွက်လာသည်။ ထိုအလင်းတန်းများသည် အဆုံးမဲ့ဖိအားကို သယ်ဆောင်၍ ဝမ်လင်းထံ ဦးတည်သည်။
သတ်ဖြတ်နေရင်း ဝမ်လင်းက မော့ကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင် ရူးသွပ်မှု ပြည့်နှက်လာသည်။ အချိန်တိုအတွင်း များစွာ သတ်ဖြတ်ခဲ့ပြီးနောက် သူသည် မူလစွမ်းအင်မြောက်များစွာကို သုံးစွဲခဲ့ရ၏။ သူသည် လူတစ်ယောက်တည်းကို တိုက်ခိုက်နေခြင်း မဟုတ်၊ လူတစ်သောင်းကို တိုက်ခိုက်နေခြင်းပင်။
ဒီတိုက်ပွဲကွင်းပြင်၌ မန္တာန်အားလုံးမှာ ရိုးရှင်း၏။ သူတို့သည် သတ်ဖို့သာ လိုသည်။
ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်၏ ချိပ်ပိတ်မှုသုံးခုက ဟင်းလင်းပြင်တွင် တဝီဝီမြည်ဟည်းစေလျက် ချက်ခြင်းပင် ဝမ်လင်းနှင့် ထိပ်တိုက်တွေ၏။ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်၏ ချိပ်ပိတ်မှုများမှာ ခုခံနိုင်စွမ်း မဲ့စေမည် ဖြစ်၏။
သူတို့၏ချိပ်ပိတ်မှုများကို ဟန့်တားနိုင်ခဲ့သည်ဆိုပါက ထိုကလန်သည် အခုလောက်အစွမ်းထက်လာခဲ့မည် မဟုတ်ပါ။
ဝမ်လင်းက မာန်သွင်းလိုက်၏။ ချိပ်ပိတ်ဟန်သုံးခု ရောက်လာသည့်အခါ သူက ညာလက်ဖြင့် လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။ ထိုလက်သီးချက်သည် တဝီဝီမြည်ကာ ဧရာမလက်သီးရိပ်ကြီးတစ်ခု ပေါ်လာသည်။ ၎င်းလက်သီးချက်က ထိုချိပ်ပိတ်မှုသုံးခုကို ဒီအတိုင်း ထွင်းဖောက်သွားသည်။ ချိပ်ပိတ်မှုသုံးခုက ဝမ်လင်းပေါ်သို့ ကျရောက်လာချိန်မှာပင် သူ၏လက်သီးချက်ကလည်း ထိုသုံးယောက်ကို ထိမှန်သည်။
ပထမချိပ်ပိတ်မှုက ဝမ်လင်း၏မျက်ခုံးကြားသို့ ကျရောက်၏။ ထိုချိပ်ပိတ်မှုသည် သူ၏ခန္ဓာကိုယ်တွင်းသို့ တရှိန်ထိုး ဝင်ရောက်ကာ သူ့မူလစွမ်းအင်များကို ချိပ်ပိတ်ပစ်သည်။
ဒုတိယချိပ်ပိတ်မှုသည်လည်း သူ၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သည်။ ဝမ်လင်း၏မျက်နှာသည် ချက်ခြင်းပင် အဘိုးအိုတစ်ယောက်အဖြစ် ကြီးရင့်သွား၏။
တတိယချိပ်ပိတ်မှုကလည်း တစ်ချိန်တည်း ကျရောက်လာသည်။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူ၏ကြယ်ခုနစ်လုံး ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် သူ့ခန္ဓာကိုယ်မှ အလျင်အမြန် ထွက်ခွာကာ သူ၏မျက်ခုံးနှစ်ခုကြားသို့ ချိပ်ပိတ်သည်။
ချိပ်ပိတ်မှုသုံးခုသည် ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားတွင် ပြင်းထန်စွာ လင်းလက်၏။ ယင်းတို့ လင်းလက်နေရင်း မရေမတွက်နိုင်သော အကိုင်းအခတ်များ ဝမ်လင်း၏ခန္ဓာကိုယ်တလျှောက်တွင် ပျံ့နှံ့၏။ ထိုအခိုက်တွင် ဝမ်လင်းသည် ပိုက်ကွန်တစ်ခုဖြင့် ဖုံးလွှမ်းခြင်း ခံရသည်နှယ်။
သူ၏မူလစွမ်းအင်၊ အသက်ဓာတ်၊ ခန္ဓာကိုယ်အားတို့မှာ လုံးဝ ချိပ်ပိတ်ခံလိုက်ရပြီ။
သို့ပေမည့် ထိုသို့ သူ့ကို ချိပ်ပိတ်နိုင်အောင် ပေးရသည့် တန်ဖိုးမှာ ထိုသူတို့၏အသက်များပင်။ ခရမ်းရောင်ဝတ်ရုံဖြင့် သုံးယောက်သည် ဝမ်လင်းကို ချိပ်ပိတ်ပြီးနောက် ဝမ်လင်း၏လက်သီးချက်ကို ထိမှန်ခြင်း ခံရသည်။
ပြင်းထန်သောလေပြင်းတစ်ခု ဝေ့ခတ်ကာ သူတို့မျက်နှာကို ဖုံးထားသော ဝတ်ရုံအစကို လွင့်သွားစေ၏။ ထိုသုံးယောက်သည် တည်ငြိမ်လျက်သာ ရှိနေပြီး သူတို့၏မျက်လုံးထဲတွင်လည်း ကြောက်ရွှံ့မှု ရှိမနေပေ။ လက်သီးကျရောက်လာချိန်တွင် သူတို့က မျက်လုံးမှိတ်လိုက်ကြသည်။
အုပ်စိုးသူကောင်စီအတွက် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို ချိပ်ပိတ်ရန် သူတို့၏အသက်များနှင့် လဲလှယ်ခြင်းသည် သူတို့၏တန်ဖိုးပင်။
ဝမ်လင်း၏လက်သီးက သူတို့ကို ဖြတ်သန်း ထိမှန်သွားချိန်၌ တုန်ဟည်းသံများ ဖြစ်ပေါ်၏။ သူတို့၏ဝတ်ရုံများ ဆုတ်ပြဲကုန်ကာ အသွေးအသားများ လွင့်ပျောက် မူလစိတ်ဝိညာဉ်ပါ ပျက်စီးသွားသည်။ သူတို့ သေသွားသော်လည်း သူတို့၏ချိပ်ပိတ်မှုများကမူ မကွယ်ပျောက်သွားပေ။
အကွာအဝေးတစ်ခုကနေ ဆရာသခင်ယွင်လောသည် စောင့်ကြည့်နေ၏။ သူမက ညာလက်ကို မြှောက်ကာ ဝမ်လင်းထံသို့ ညွှန်၍ အမိန့်တစ်ခု ပေးလိုက်သည်။ ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ဝမ်လင်းထံသို့ တိုးဝင်လာကုန်သည်။
“သူ ချိပ်ပိတ်ခံလိုက်ရပြီ။ အခု သူ့ကို သတ်တော့။ ဒါဆို နင်တို့ ရှေးဟောင်းကြယ်အဖွဲ့အစည်း အဆင့်သတ်မှတ်ချက်ထဲ ဝင်ရောက်နိုင်ပြီ…”
“ဒီလူက အသုံးမဝင်တော့ဘူး။ သူ့ကို သတ်…”
“သူက ငါတို့ရဲ့လူတွေ အများကြီးကို သတ်ခဲ့တယ်။ သူက တတိယအဆင့်ကျင့်ကြံသူလောက် အစွမ်းထက်တယ်။ ဒီနေ့ ငါတို့ သူ့ကို သတ်နိုင်ရင် အတွင်းနယ်မြေကို ကိုင်လှုပ်နိုင်ပြီ…”
ဝမ်လင်းသည် သူ၏ခွန်အားများအားလုံး ဆုံးရှုံးသွား၏။ ထို့အတွက် သူသည် လေထဲတွင် ဆက်တည်ရှိမနေနိုင်တော့ဘဲ အောက်သို့ စတင်ကျဆင်းသည်။ ချက်ခြင်းပင် ကျင့်ကြံသူတစ်သောင်းသည် သူ့ထံ ချဉ်းကပ်လာကြ၏။ သူတို့၏ ရတနာများကို ဝမ်လင်းထံ ပစ်လွှတ်လိုက်ကြသည်။
တုန်ဟည်းသံများ ကျယ်လောင်စွာ ပဲ့တင်ထပ်ပြီး ဝမ်လင်းသည် မရေမတွက်နိုင်သော လက်နက်ရတနာများ၏ ထိမှန်ခြင်း ခံရသည်။ သူသည် ခွန်အားမဲ့ကာ ကျင့်ကြံမှုအဆင့် ချိပ်ပိတ်ခံလိုက်ရသော်လည်း သူ၏ခန္ဓာကိုယ်ကမူ အစွမ်းထက်နေဆဲသာ။ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် ဝမ်လင်းက သွေးအန်ရလေ၏။
“ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်…” ဝမ်လင်းက မာန်သွင်းလိုက်၏။ သူ၏ချိပ်ပိတ်ခံထားရသော ကျင့်ကြံခြင်း၊ အသက်ဓာတ်၊ ရှေးဟောင်းနတ်ဘုရားစွမ်းအားတို့သည် ချိပ်ပိတ်မှုများကို ချိုးဖျက်နိုင်ရန် တာဆူ၏။
ဓားပျံထောင်ချီက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ကာ တုန်ဟည်းသံများ ဆက်တိုက် ဖြစ်ပေါ်သည်။ တစီစီအသံများ ထွက်ပေါ်လျက် ဝမ်လင်းက သွေးအန်ထုတ်လိုက်ရပြန်သည်။ သို့သော် သူ၏မျက်လုံးထဲတွင်မူ အေးစက်မှု တဖျပ်ဖျပ် ရှိနေ၏။
ရတနာလက်နက်များစွာ ရှိပြီးနောက် ကျင့်ကြံသူတစ်သောင်းသည် နီးကပ်လာကာ သူတို့၏မန္တာန်များမှာ သူ့အပေါ်သို့ ဝုန်းဒိုင်းကြဲ ကျရောက်သည်။ ပြင်ပယ်မြေမှ အဘိုးအိုတစ်ယောက် ချဉ်းကပ်လာ၏။ သူ့လက်ကို ပင့်မြှောက်ကာ မာန်သွင်းအော်ဟစ်လိုက်သည်။
“သွားသေလိုက်တော့…” သူ့ညာလက်ကို ဝမ်လင်း၏နှဖူးထံသို့ ဆန့်ထုတ်ကာ ရိုက်ချသည်။
သို့သော် သူ့လက်ဝါးရိုက်ချက် ကျရောက်လာသည့်အခါ ထိုအဘိုးအိုသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ့လက်ကို ပြန်မြှောက်လိုက်၏။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ အလွန်တရာ သန်မာ၏။ အဘိုးအို၏ညာလက်မှ အရိုးများသည်ပင် တစစီ ဖြစ်သွားသည်။
ထိုစဉ် ပြင်ပနယ်မြေမှ ပိုများသော ကျင့်ကြံသူများ ရောက်လာသည်။ မန္တာန်များ ပေါ်လာ၏။ လူဆယ်ယောက်ကျော်၏ လက်ဝါးချက်များ ဝမ်လင်းပေါ် ကျရောက်သည်။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ဝမ်လင်းသည် ထပ်ခါ သွေးအန်ရပြန်သည်။
တစ်ရာ၊ တစ်ထောင်၊ တစ်သောင်းသော လူများ၏ မန္တာန်များဖြင့် ထိုးနှက်ကုန်သည်။
ထိုဝုန်းဒိုင်းကြဲ တိုက်ခိုက်မှုအောက်တွင် ဝမ်လင်းမှာ ဒဏ်ရာများ ပိုများလာ၏။ သို့သော် သူ၏မျက်လုံးထဲရှိ အေးစက်မှုက ပိုအားကောင်းလာ၏။
“မလုံလောက်သေးဘူး၊ မလုံလော်သေးဘူး။ ဒါက မင်းတို့အစွမ်း အကုန်လား…”
ဝမ်လင်း၏အသံသည် အားပျော့၏။ သို့သော် ဒီနေရာရှိ ကျင့်ကြံသူများသည် သာမန်မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ဝမ်လင်း၏အသံကို ရှင်းရှင်းလင်းလင်း ကြားသည်။
“တော်တော်မိုက်မာတာပဲ။ သူ့ကိုသတ်…”
“လူတိုင်းပဲ သူ့ကို တိုက်ခိုက်ကြ၊ ဒီအဘိုးအိုက ငါတို့ သူ့ကို မသတ်နိုင်ဘူးဆိုတာ မယုံဘူးကွ…”
“သူက ဘယ်လိုခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားတာလဲ။ ဒါက ထိတ်လန့်ဖွယ်ပဲ…”
ပြင်ပနယ်မြေမှ ကျင့်ကြံသူများသာ တုန်လှုပ်သည်မဟုတ် တိမ်ပင်လယ်မှ ကျင့်ကြံသူများကလည်း တုန်လှုပ်နေကြ၏။ သူတို့သည် ဝမ်လင်း၏အဆင့်အတန်းပုံရိပ်ကို အမှတ်ရ၏။
ချက်ခြင်းပင် တိမ်ပင်လယ်မှ ကျင့်ကြံသူများ ရူးသွပ်လာ၏။ သူတို့သည် ဝမ်လင်းကို ကာကွယ်ပေးရန် ဝရောသုန်းကား ပြေးလာသည်။
ဝမ်လင်း၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို တုန်လှုပ်စေရုံသာမက သူတို့ကို ပို၍ သတ်ဖြတ်ချင်စိတ်ပါ ပေါက်လာစေသည်။ သူတို့တစ်ယောက်ချင်းစီသည် အစွမ်းကုန်၊အစွမ်းထက်မန္တာန်များဖြင့် တိုက်ခိုက်ကြ၏။ သူတို့ကြောင့် ဒီကြယ်နယ်မြေတစ်ခုလုံးမှာ လှုပ်ခါတုန်ခါနေသည်။
ထိုမုန်တိုင်းက မြည်ဟိန်းလျက် ဝမ်လင်းထံ ဦးတည်သည်။
ထိုအခိုက်တွင် အဖြစ်အပျက်ကို ကြည့်နေသော ဆရာသခင်ယွင်လော၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ သူမ ရှေ့ဖြစ်ကြည့်ရန် အသုံးပြုသော ညာလက်ပေါ်တွင် အက်ကြောင်းများ ပေါ်ကာ သွေးများ စိမ့်ကျလာသည်။
“မကောင်းတော့ဘူး။ ဒီလူကို ဒီပုံစံတိုင်း သတ်လို့ မရနိုင်ဘူး…” သူမက အမိန့်ပေးရန် ဟန်ပြင်လိုက်၏။ သို့သော် သူမ ခြေတစ်လှမ်း နောက်ကျသွားပေပြီ။
ကျင့်ကြံသူတစ်သောင်း၏ အစွမ်းထက်မန္တာန်များမှ ဖြစ်ပေါ်သော မုန်တိုင်းသည် ချဉ်းကပ်လာစဉ် ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသည်။ သူက အံတင်းတင်းကြိတ်လျက် ထိုမုန်တိုင်း ရောက်ရှိလာမည်ကို ခွင့်ပြုသည်။
ကျယ်လောင်စွာ မြည်ဟည်းသံတို့ ပဲ့တင်ထပ်သည်။ မုန်တိုင်းအတွင်း၌ ဝမ်လင်း၏ခန္ဓာကိုယ်မှာ ဒဏ်ရာဗရပွပင်။ သူ့မျက်လုံးပင် မှိန်ဖျော့ရ၏။ သူသည် ဒဏ်ရာ ပြင်းထန်စွာ ရထားသည်။ သူ သွေးအန်လိုက်ရ၏။ သို့သော် သူ၏မှိန်ဖျော့သွားသော မျက်လုံးထဲတွင် ရူးသွပ်ဖွယ်တိုက်ပွဲဆန္ဒတစ်ခု ရှိနေသည်။
မုန်တိုင်းသည် မြည်ဟည်းလျက် ဝမ်လင်း၏ခန္ဓာကိုယ်ကို ဆက်တိုက် တိုက်ခိုက်၏။ သို့ပေမည့် ဝမ်လင်းသည် ထိုအပြင်အားကို ငှားယမ်းကာ ပထမဆုံးချိပ်ပိတ်မှုကို ချိုးဖျက်လေသည်။
မူလစွမ်းအင် ချိပ်ပိတ်မှု ပျက်စီးသွားသည်နှင့် ဝမ်လင်းက ခေါင်းမော့ကာ ရှေ့သို့ လှမ်း၏။ သူ့လက်ကို ဝေ့ယမ်းရာ သိမ်မွေ့ဆန်းကြယ်မီး ပေါ်လာသည်။ နာကျင်ထိတ်လန့်စွာအော်သံများ ပဲ့တင်ထပ်ကုန်၏။
ဒုတိယချိပ်ပိတ်မှုလည်း ပျက်စီးသွားသည်။ ဝမ်လင်း၏ အိုမင်းသောမျက်နှာသည် မြန်ဆန်စွာပင် လူငယ်တစ်ယောက်အသွင် ပြန်ဖြစ်သည်။ သူ၏ခန္ဓာကိုယ် ဒဏ်ရာများက မြန်ဆန်စွာ ပြန်ကောင်းလာ၏။
တတိယချိပ်ပိတ်မှု ပျက်စီး၏။ သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် သူ့မျက်ခုံးနှစ်ခုကြားမှ ထိုးထွက်လာပြီး သူ၏ခန္ဓာကိုယ်တွင် ပြည့်နှက်သည်။
“မင်းတို့ကောင်တွေ လုံလုံလောက်လောက် တိုက်ပြီးပြီးလား…” မုန်တိုင်းအတွင်းမှ ဝမ်လင်း၏အသံ မြည်ဟိန်းထွက်လာ၏။
**