← Chapters

မီးလျှံအလင်းကျင့်စဥ်

Vol. 3 Ch. 41

မီးလျှံအလင်းကျင့်စဥ်

Vol. 3 Ch. 41

“အားလုံးထဲမှာ ဒါပဲကျန်ခဲ့တယ်လား…”

ဇူယွမ်က ထန်ထန်ထွေးထုတ်လိုက်တဲ့ ကျောက်စိမ်းစာလိပ်ကို အံ့အားသင့်စွာငေးကြည့်နေခဲ့ပြီးမှ ရုတ်တရက်နားလည်သွားခဲ့သည်။ ဒီကံမကောင်းတဲ့လူက ထန်ထန်ရဲ့ ဝါးမျိုခြင်းကိုခံခဲ့ရခြင်းဖြစ်ပေသည်။

“ဘယ်လိုတောင်ကံမကောင်းတဲ့ သေခြင်းမျိုးလဲ…” ဇူယွမ်ရဲ့ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်လှုပ်ရှားသွားခဲ့ရသလို ကြီးစွာသော ဂရုဏာသက်မှုလည်း ဖြစ်ပေါ်ရပေသည်။ ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းတဲ့ ကံတရားလဲ။ ထိုလူရဲ့အဆုံးသတ်က ဘယ်လောက်တောင်မှ ဆိုးရွားလိုက်မလဲဆိုတာကို သူ့အနေဖြင့် တွေးကြည့်၍ပင်မရနိုင်ပေ။

ဇူယွမ်ခန္ဓာကိုယ်ကို ငုံ့ချလိုက်ပြီး ကျောက်စိမ်းစာလိပ်ကို ကောက်ယူ၍ကြည့်လိုက်သည့်အခါ အံ့အားသင့်သွားခဲ့ရသည်။ သူက ကျောက်စိမ်းစာလိပ်မှ ထွက်ပေါ်နေသည့် အလင်းရောင်တစ်ခုကို မြင်တွေ့လိုက်ရသလို ၎င်းစာလိပ်အပေါ်တွင်လည်း များစွာသောစာလုံးတွေ ရေးထွင်းထားသည်ကို တွေ့လိုက်ရသည်။

ယောင်ယောင်က စိတ်မပါစွာပဲပြောသည်… “အဲ့ဒါက မူလကျင့်စဉ်တစ်ခုရေးထွင်းထားတာ ဖြစ်နိုင်တယ်…”

“ဟင်…” ဒါကိုကြားလိုက်ရသည့်အခါ ဇူယွမ်ရဲ့မျက်လုံးတွေ တောက်ပသွားခဲ့သည်။ ဒီလိုမျိုးရေးထွင်းထားသည့် မူလကျင့်စဉ်တစ်ခုက ဘယ်လိုနည်းနဲ့မှ သာမန်အလယ်အလတ်တန်းစား မူလကျင့်စဉ်တစ်ခုဖြစ်လိမ့်မည်မဟုတ်ပေ။ ဒီလူဆိုးနှစ်ယောက်က တကယ့်ကို ဒီလိုမျိုးကောင်းမွန်တဲ့ပစ္စည်းကို ပိုင်ဆိုင်ထားတာလား။

ဇူယွမ်က မူလချီကို ကျောက်စိမ်းစာလိပ်ထဲ ထည့်သွင်းလိုက်သည့်အခါ အလင်းရောင်တစ်ခုထွက်ပေါ်လာခဲ့သည်။ အလင်းတန်းတစ်ခုက လေထဲကို မြင့်တက်သွားခဲ့ပြီး ၎င်းအထဲမှာပါဝင်သည့်စာလုံးတွေကို ရှင်းရှင်းလင်းလင်းမြင်တွေ့လာနိုင်ခဲ့ရသည်။

ဇူယွမ်က ၎င်းစာလုံးတွေကို ဖတ်ကြည့်လိုက်မိပြီး သူ့ရဲ့မျက်လုံးတွေအနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရသည်… “အဆင့်နိမ့်အနက်ရောင်အဆင့်မူလကျင့်စဉ်… မီးလျှံအလင်းကျင့်စဉ်…”

“ဒါက အနက်ရောင်အဆင့်မူလကျင့်စဉ်တစ်ခုလား…” ဇူယွမ် အနည်းငယ်စိတ်လှုပ်ရှားသွားခဲ့ရသည်။ အနက်ရောင်အဆင့်မူလကျင့်စဉ်ကို သူတို့တော်ဝင်ဘဏ္ဍာတိုက်ထဲမှာတောင် ရတနာတစ်ခုအဖြစ်သတ်မှတ်နိုင်ပြီး ပုံမှန်အားဖြင့် နိုင်ငံအတွက် ကောင်းမွန်စွာအကျိုးပြုခဲ့သူများကို ချီးမြှင့်သည့်နေရာတွင်သာ အသုံးပြုခြင်းဖြစ်သည်။

“ဘာဖြစ်လို့ ဒီမီးလျှံအလင်းကျင့်စဉ်ရဲ့နာမည်ကို ရင်းနှီးနေရတာလဲ…” ဇူယွမ်တွေးလိုက်မိသည်။ သူ့အနေဖြင့် ဒီနာမည်ကို အရင်တုန်းက တစ်နေရာရာမှာ ကြားခဲ့ဖူးသည့်ပုံပင်။

“ငါမှတ်မိပြီ… ချီအိမ်တော်… ဒီမီးလျှံအလင်းကျင့်စဉ်က ချီအိမ်တော်ရဲ့အစွမ်းအထက်ဆုံးသော မူလကျင့်စဉ်တွေထဲကတစ်ခုပဲ… ဒါကို ဝူအင်ပါယာက သူတို့ကို ပေးထားခဲ့တာလို့ ပြောကြတယ်…” ဇူယွမ်၏အမူအယာက လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။ ဒီလူဆိုးနှစ်ယောက်က ချီအိမ်တော်ကလား။ ဒါပေမဲ့ သူတို့ရဲ့စွမ်းအားအရ ဘယ်လိုလုပ် ချီအိမ်တော်ရဲ့ အစွမ်းအထက်ဆုံးမူလကျင့်စဉ်တွေထဲကတစ်ခုကို ပိုင်ဆိုင်နိုင်မှာလဲ။

ဇူယွမ်နားမလည်နိုင်စွာဖြင့် သူ့ရဲ့ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။

သို့ပေမဲ့ သူက ဒါကိုမတွေးတောနိုင်ခဲ့သော်ငြား ဇူယွမ်က အေးစက်စက်တစ်ချက်ရယ်မောလိုက်ကာ ကျောက်စိမ်းစာလိပ်ကို သူ့ရဲ့အင်္ကျီလက်အတွင်း ထည့်၍သိမ်းဆည်းလိုက်သည်။ သူ့အဖေတစ်ချိန်ကပြောဖူးတဲ့ ချီအိမ်တော်ရဲ့ မီးလျှံအလင်းကျင့်စဉ်က အလွန်အစွမ်းထက်တယ်ဆိုသည့်စကားကို သူက ပြန်အမှတ်ရမိသည်။ ၎င်းက အဆင့်နိမ့်အနက်ရောင်အဆင့်မူလကျင့်စဉ်တစ်ခုဖြစ်ပေမဲ့လည်း ၎င်းရဲ့စွမ်းအားက အနက်ရောင်အလယ်အဆင့်မူလကျင့်စဉ်တွေကို ယှဉ်နိုင်စွမ်းရှိပေသည်။

ဒီလိုတန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုက သူ့လက်ထဲကို ရောက်ရှိလာခဲ့ပြီဆိုမှတော့ သူ့အနေနဲ့ ဒါကိုလက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။

“ဒါပေမဲ့ ခေါင်းဆောင်လုက ဘာလို့ဒီနေရာမှာ ရှိမနေရတာလဲ…” ဇူယွမ်သက်ပြင်းချလိုက်မိပြီး သူ့ရဲ့ခေါင်းကိုမော့ကာ အဝေးကိုကြည့်လိုက်မိသည်။ ကောင်းကင်ဘုံတံခါးအဆင့်ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် သူက တစ်ခုခုမှားယွင်းနေသည်ဆိုတာကို ခံစားနိုင်သင့်သည်မဟုတ်ပေဘူးလား။

…

လွန်ခဲ့တဲ့တစ်နာရီတုန်းက လုတိန်ရှန်းက ဇူယွမ်ကို ကာကွယ်ဖို့အတွက် နန်းတော်အစောင့်အရှောက်နှစ်ယောက်ကို စေလွှတ်ခဲ့ပေသည်။ သို့ပေမဲ့ အချိန်အတော်ကြာပြီးနောက်မှာ အနားရှိသစ်တောအတွင်းမှ လှုပ်ရှားမှုအချို့ကို သူက အာရုံခံနိုင်မိခဲ့သည်။

“သွားမယ်…”

လုတိန်ရှန်းက သက်ပြင်းချလိုက်ပြီး ရုတ်တရက် ထရပ်လိုက်သည်။ သူက ချီလင်းကို တစ်စုံတစ်ခုပြောဆိုခြင်းမရှိခဲ့ဘဲ မူလချီတွေက သူ့ခန္ဓာကိုယ်ပတ်လည်မှာ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ကာ အာရုံခံစားမိသည့်နေရာသို့ အလင်းတန်းတစ်ခုအလား ပြေးထွက်သွားလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ လုတိန်ရှန်းက ကွင်းပြင်တစ်နေရာမှာ ပြန်ပေါ်လာခဲ့ပြီး သူ့ရှေ့က တိုက်ခိုက်နေသည့် လူလေးယောက်ကို ကြည့်လိုက်သည်။ သူတို့ထဲမှ နှစ်ယောက်က အစောပိုင်းမှာ ဇူယွမ်ကိုကာကွယ်ဖို့ သူစေလွှတ်လိုက်သည့် နန်းတော်အစောင့်အရှောက်တွေဖြစ်သည်။

“မင်းတို့က ဒီမှာဘာလုပ်နေတာလဲ…” လုတိန်ရှန်းက သူ့ရဲ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည့်အခါ မူလချီအလင်းတွေက ရှေ့ကိုပြေးထွက်သွားခဲ့ပြီး တိုက်ခိုက်နေသည့် လူလေးယောက်ကို လူစုကွဲသွားစေသည်။

နန်းတော်အစောင့်အရှောက်နှစ်ယောက်က လုတိန်ရှန်းကို မြင်လိုက်သည့်အခါ လျင်မြန်စွာပဲပြောလိုက်သည်… “ဆရာ… ကျွန်တော်တို့နှစ်ယောက် မင်းသားလေးရှိတဲ့နေရာကို သွားနေတုန်းမှာ ဒီလူနှစ်ယောက်ပေါ်လာခဲ့ပြီးတော့ ကျွန်တော်တို့နှစ်ယောက်ကို ဟန့်တားခဲ့တယ်…”

“မင်းတို့နှစ်ယောက်က သေချင်နေတာလား…” သူ့လူနှစ်ယောက်ရဲ့စကားကို ကြားလိုက်ရသည့်အခါ လုတိန်ရှန်းရဲ့အမူအယာက အလွန်အမင်းအေးစက်သွားခဲ့ရပြီး အခြားလူနှစ်ယောက်ကို ချက်ချင်းဆိုသလို ကြည့်၍ပြောလိုက်သည်။

“ကျေးဇူးပြုလို့ စိတ်မဆိုးပါနဲ့ ခေါင်းဆောင်လု… သူတို့တွေက ချီအိမ်တော်ကလူတွေပါ… ကျွန်တော်က သူတို့ကို သူခိုးတွေကို လိုက်ရှာဖို့အမိန့်ပေးထားလို့ပါ… သူတို့တွေက ခေါင်းဆောင်လုရဲ့လူတွေကို သူခိုးတွေနဲ့အထင်မှားသွားတာ ဖြစ်ပါလိမ့်မယ်…” ချီလင်းက နောက်မှာပေါ်လာခဲ့ပြီး တောင်းပန်သည့်မျက်နှာဖြင့်ပြောသည်။ အဲ့ဒီနောက် သူက သူ့လူနှစ်ယောက်ဘက်ကိုလှည့်လိုက်ပြီး ဆူပူကြိမ်းမောင်းလိုက်သည်… “ထွက်မသွားကြသေးဘူးလား… မင်းတို့ကဘာလဲ အနှောင့်အယှက်ပေးမလို့လား…”

လုတိန်ရှန်းက ဒါကိုကြည့်နေသကဲ့သို့ သူ့ရဲ့မျက်လုံးတွေကလည်း အလွန်အမင်းအေးစက်နေပေသည်။ အဲ့ဒီနောက်မှာ သူက ချီလင်းဘက်ကို လှည့်လိုက်ပြီး “ချီလင်း… မင်းက ဘာလုပ်ဖို့ ကြံစည်နေတာလဲ…”

“ဝေါင်း…”

ချီလင်းက ရယ်မောလိုက်သည်။ သူက ပြန်ပြောဖို့ပြင်လိုက်စဉ်မှာပင် အနားရှိသစ်တောအတွင်းမှ ကျားဟိန်းသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

“ကျားဟိန်းသံမှော်စာလုံးလား… အိုး မဖြစ်ဘူး… ဒါက မင်းသားလေးပဲ…” ကျားဟိန်းသံကြားလိုက်ရသည့်အခါ လုတိန်ရှန်းမျက်မှောင်ကျုံ့သွားခဲ့ရသည်။ ရုတ်တရက်သူက တစ်ခုခုကိုနားလည်သွားခဲ့ရပြီး ချီလင်းဘက်ကို လှည့်ကြည့်ကာပြောသည်… “ချီလင်း… မင်းက ဒါကိုဘယ်လိုဖြေရှင်းမှာလဲ…”

“ဟီးဟီး… ခေါင်းဆောင်လု ဘာအကြောင်းပြောနေတယ်ဆိုတာကို ကျွန်တော်တကယ်မသိဘူး…” ချီလင်းက ပြုံးလျက်ပြောသည်။ ကြည့်ရတာ ဒီသူခိုးနှစ်ယောက်က သူတို့ရဲ့တာဝန်ကို ပြီးမြောက်သွားပြီထင်ရသည်။

“တကယ်လို့ မင်းသားလေးသာ တစ်ခုခုဖြစ်သွားရင် ငါမင်းကို လွှတ်ပေးလိမ့်မှာမဟုတ်ဘူး…” လုတိန်ရှန်းက ကြိမ်းမောင်းလိုက်သည်။ မူလချီတွေက သူ့ခန္ဓာကိုယ်ပတ်လည်မှာ ရုတ်တရက်ထွက်ပေါ်လာခဲ့ရပြီး သူ့ရဲ့ခြေထောက်ကို မြေပြင်ပေါ်ဆောင့်နင်း၍ သက်တန့်တစ်ခုအလား လေထဲကိုထိုးတက်သွားခဲ့ပြီး တောင်ကြားအတွင်းသို့ ဦးတည်၍ပြေးဝင်သွားခဲ့သည်။

ချီလင်းက လုတိန်ရှန်းရဲ့ အလောတကြီးနိုင်တဲ့အမူအယာကို မြင်လိုက်ရသည့်အခါ သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းမှာ လှောင်ပြောင်သရော်မှုတစ်ခု ထင်ဟပ်သွားခဲ့သည်။ သူက လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့လူတွေနဲ့အတူ နောက်မှအလျင်အမြန်လိုက်ပါသွားခဲ့သည်။

သူတို့လူစုတွေက အတတ်နိုင်ဆုံး ခပ်မြန်မြန်သွားခဲ့သည့်အတွက်ကြောင့် တောင်ကြားအတွင်းကို မိနစ်အနည်းငယ်အတွင်းမှာပင် ရောက်ရှိသွားခဲ့ကြသည်။

ချီလင်းက ပြုံးရွှင်လျက် သစ်တောအတွင်းမှ လျှောက်လှမ်းထွက်ပေါ်လာခဲ့ပြီး ရှေ့ကိုကြည့်လိုက်သည်။ သူ့အနေနဲ့ ဒီနေရာမှာ ဒုက္ခိတဖြစ်နေမည့်ဇူယွမ်ကို မြင်တွေ့ရလိမ့်မယ်လို့ သေချာပေါက်ကို ယုံကြည်ထားခဲ့သည်။

သူ့စိတ်ထဲမှာ ဒါကိုတွေးလိုက်မိသည့်အခါ သူ့ရဲ့အပြုံးက ပို၍ပီပြင်လာခဲ့သည်။

သို့ပေမဲ့လည်း တစ်ခဏအတွင်းမှာပင် သူ့ရှေ့ကအရာအားလုံးကို ရုတ်တရက်မြင်တွေ့လိုက်ရသည်။ ပိန်ပိန်ပါးပါးလူငယ်လေးတစ်ယောက်က သူ့ကို ပြုံး၍ကြည့်နေလျက်ရှိပေသည်။

ချီလင်းရဲ့အပြုံးတွေက အေးခဲသွားခဲ့ရသည်။

“ဇူယွမ်လား… ဘာလို့ သူကအကောင်းတိုင်းရှိနေသေးတာလဲ…” ချီလင်းရဲ့ မျက်လုံးထောင့်စွန်းတွေ လှုပ်ရှားသွားခဲ့ရသလို သူ့နှလုံးသားထဲမှာလည်း မယုံကြည်နိုင်မှုတွေ ဒေါသတွေဖြင့် ပြည့်နှက်သွားခဲ့ရသည်။

တစ်ချိန်တည်းမှာပင် လုတိန်ရှန်းက သူ့ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလျော့ပါးသွားသည့်အလား သက်ပြင်းတစ်ချက်ချလိုက်မိကာ ဒူးထောက်၍ပြောသည်… “ကျွန်တော်နောက်ကျသွားတဲ့အတွက် အပြစ်ပေးပါ မင်းသားလေး…”

“ကျေးဇူးပြုလို့ထပါ ခေါင်းဆောင်လု… ကျွန်တော်အဆင်ပြေပါတယ်…” ဇူယွမ်က ပြုံးကာပြောလိုက်သည်။

လုတိန်ရှန်းက မတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေထဲမှာ ရက်စက်တဲ့အလင်းရောင်တွေ ထွက်ပေါ်လာခဲ့ကာ သတိလစ်နေသည့် လူတောင်းကိုကြည့်၍ အေးစက်စက်ပြောသည်… “ဒီတစ်ယောက်က မင်းသားလေးကို တိုက်ခိုက်ခဲ့တဲ့ကောင်လား…”

“ဒါက သူခိုးပဲ…”

သို့ပေမဲ့ ဇူယွမ်ပြန်မပြောနိုင်သေးစဉ်မှာပင် လုတိန်ရှန်းနောက်မှ ဒေါသတကြီးအော်လိုက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ချီလင်းက အလျင်အမြန်ရှေ့ထွက်လာခဲ့ပြီး လူတောင်းကို ဆွဲယူလိုက်ကာ လက်ဝါးဖြင့်ရိုက်လိုက်သည်။

“ပြောစမ်း… မင်းတို့ ချီအိမ်တော်က ခိုးလာတဲ့ပစ္စည်း ဘယ်မှာလဲ…”

သတိလစ်နေသည့် လူတောင်းက လက်ဝါးရိုက်ချက်ကြောင့် ပြန်နိုးလာခဲ့သည်။ သူက ချီလင်းရဲ့ ဒေါသထွက်နေသည့်မျက်နှာကို မြင်တွေ့လိုက်ရသည့်အခါ အလျင်အမြန်လှုပ်ရှားမိလိုက်ပြီး စကားပြောဖို့ရန် ကြိုးစားလိုက်သည်… “ချီ…”

“ခေါင်းမာတဲ့ ဝက်စုတ်… သေစမ်းကွာ…” သို့ပေမဲ့လည်း သူ့အနေနဲ့ စကားဆုံးအောင်ပင်မပြောနိုင်ခဲ့ဘဲ ချီလင်းရဲ့မျက်လုံးတွေက အလွန်အမင်းအေးစက်သွားခဲ့ရကာ သူ့လက်ထဲမှ ပြင်းထန်တဲ့အားတစ်ခုထွက်ပေါ်လာခဲ့ပြီး လူတောင်းရဲ့လည်ပင်းကို ဖိညှစ်လိုက်သည်။

လူတောင်းက ချီလင်းကို မျက်လုံးပြူးကျယ်စွာဖြင့် စိုက်ကြည့်နေခဲ့မိသလို သူ့အနေဖြင့် ဒီလိုမျိုးသေဆုံးသွားခဲ့ရလိမ့်မယ်လို့ မယုံကြည်နိုင်ခဲ့ပေ။

ချီလင်းက လူသေတစ်ယောက်ရဲ့အကြည့်တွေကို လျစ်လျူရှုလိုက်ပြီး ၎င်းရဲ့အဝတ်အစားတွေကို တစ်စစီဆုတ်ဖြဲလိုက်ကာ တစ်ခုခုကို ရှာဖွေနေခဲ့လိုက်သည်။ ခဏအကြာမှာ သူ့ရဲ့အမူအယာက လွန်မင်းစွာပျက်ယွင်းနေလျက်မှ ရပ်တန့်သွားခဲ့ရသည်။

“ချီလင်း… မင်းက ဘာလို့တရားခံကို နှုတ်ပိတ်လိုက်ရတာလဲ…” လုတိန်ရှန်းရဲ့မျက်လုံးတွေက ချောက်ချားစရာကောင်းလောက်အောင် နက်မှောင်သွားခဲ့သည်။ သူရဲ့လက်ကို ဝှေ့ယမ်းပြလိုက်သည့်အခါ နန်းတော်အစောင့်အရှောက်ဆယ်ယောက်ကျော်က တိတ်တဆိတ် ချီလင်းကို ဝိုင်းရံထားလိုက်ကြသည်။

ချီလင်းရဲ့အမူအယာက ပြောင်းလဲသွားခြင်းမရှိခဲ့ဘဲ တည်ငြိမ်စွာဖြင့်ပြန်ပြောသည်… “ခေါင်းဆောင်လုက ဘာကိုပြောတာလဲ… ဒီသူခိုးက မင်းသားလေးကိုထိရဲတယ်ဆိုတဲ့ အချက်နဲ့တင် သူက သေခြင်းနဲ့ထိုက်တန်နေပြီ… ဒါ့အပြင် သူတို့တွေက ချီအိမ်တော်ရဲ့ မီးလျှံအလင်းကျင့်စဉ်ကို ခိုးယူသွားခဲ့ကြတယ်…”

“မီးလျှံအလင်းကျင့်စဉ်လား…” လုတိန်ရှန်း အံ့အားသင့်သွားခဲ့ရသည်။ ချီအိမ်တော်ရဲ့ မီးလျှံအလင်းကျင့်စဉ်က အခိုးခံခဲ့ရတာလား။

ချီလင်းက ဇူယွမ်ကိုကြည့်၍ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုလိုက်သည်… “မင်းသားလေး… သူခိုးက နှစ်ယောက်ရှိပါတယ်… နောက်ထပ်ကျန်တဲ့သူခိုးတစ်ယောက်က ဘယ်မှာလဲဆိုတာကို မင်းသားလေးသိပါသလား… ချီအိမ်တော်ရဲ့ မီးလျှံအလင်းကျင့်စဉ်က သူ့ရဲ့လက်ထဲမှာရှိနေလို့ပါ…”

ဇူယွမ်က ဒါကိုကြားလိုက်ရသည့်အခါ ပြုံးမိသည်… “ငါလည်းမသိဘူး… ငါက ဒီတစ်ယောက်တည်းကိုပဲ တွေ့ခဲ့ရတာ… နောက်ထပ်ကျန်တဲ့တစ်ယောက်က ရတနာနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားပြီထင်တယ်…”

ချီလင်းရဲ့မျက်နှာက ပြောင်းလဲသွားခဲ့ရပြီး သေချာသည့်အမူအယာဖြင့်ပြောသည်… “မဖြစ်နိုင်ဘူး…”

ဇူယွမ်က ပြုံးလျက်မှ ပြောလိုက်သည်… “ဘာကြောင့် အိမ်တော်ထိန်းချီက သူလွတ်မသွားနိုင်ဘူးလို့ သေချာပေါက်ပြောနိုင်ရတာလဲ…”

ချီလင်းရဲ့နှလုံးက တုန်လှုပ်သွားခဲ့ရသလို သူ့ရဲ့မျက်လုံးတွေလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။

“ငါအမှန်တကယ် အခြားတစ်ယောက်ကို မမြင်လိုက်ရဘူး… အိမ်တော်ထိန်းချီက သူ့ကို ဆက်ရှာချင်တယ်ဆိုရင် ရှာနိုင်ပါတယ်…” ဇူယွမ် သူ့ရဲ့လက်ကို ဝှေ့ယမ်းပြလိုက်ပြီး တည်ငြိမ်စွာဖြင့်ပင် ပြောသည်… “ဒီနေရာက အနည်းငယ်ရှုပ်ထွေးနေတဲ့အတွက် ငါ့အနေနဲ့ အိမ်တော်ထိန်းချီကို ဆက်မနေစေချင်ဘူး…”

ဇူယွမ်က သူတို့ကို မောင်းထုတ်နေတာ မြင်လိုက်ရသည့်အခါ ချီလင်းရဲ့မျက်နှာ ပျက်ယွင်းသွားခဲ့ရသည်။ သူတို့အနေနဲ့မူလက ဒီနေ့မှာ ဇူယွမ်ကို တိုက်ခိုက်ဖို့ကြိုတင်စီစဉ်ထားခဲ့ပေမဲ့ ဇူယွမ်က အခုချိန်မှာ လုံလုံခြုံခြုံရှိနေသည့်အပြင် မီးလျှံအလင်းကျင့်စဉ်လည်း ပျောက်ဆုံးသွားခဲ့ရသည်။ ဒီအရာက နှစ်ချက်ဆင့်ထိုးနှက်ချက်တစ်ခု ဖြစ်ပေသည်။ သူပြန်သွားတဲ့အခါ ချီဘုရင်က သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။

ချီလင်းက ဒီနေရာမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို တိတိကျကျသိရှိနိုင်ခြင်းမရှိခဲ့သော်လည်း မီးလျှံအလင်းကျင့်စဉ်က ဇူယွမ်ရဲ့လက်ထဲမှာ ရှိနေတယ်လို့ ခံစားနေခဲ့ရသည်။ ဒါပေမဲ့ သူက ဘာများလုပ်နိုင်မည်နည်း။ ဘယ်လိုလုပ်ပြီး သူက ဇူယွမ်ကို အတင်းအကျပ်ရှာဖွေနိုင်မှာလဲ။ လုတိန်ရှန်းက သူ့ကို မျက်စိဒေါက်ထောက်စောင့်ကြည့်နေပြီး တိုက်ခိုက်ချင်နေတာကို သူက မျက်ကန်းတစ်ယောက်မဟုတ်သည့်အတွက် မြင်တွေ့နေရပေသည်။

ချီလင်းရဲ့နှလုံးသားထဲမှာ အတွေးပေါင်းစုံဖြင့် ပြည့်နှက်နေခဲ့ပြီး သူက အံကိုတင်းတင်းကြိတ်လိုက်မိကာ သူ့ရဲ့လက်တွေကိုသာ ဆုပ်ထားလိုက်မိသည်။ အဲ့ဒီနောက် သူက နောက်ထပ်စကားတစ်ခွန်းတစ်လေမျှထပ်မပြောတော့ဘဲ လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့ရဲ့လူတွေကိုဦးဆောင်၍ စိတ်ပျက်အားငယ်စွာဖြင့် အဝေးကို ထွက်ခွာသွားခဲ့ကြသည်။

ချီအိမ်တော်က ဒီတစ်ကြိမ်မှာ အရမ်းကိုကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ပေါ်ခဲ့ရတာကို သူသိပေသည်။

All Chapters