ချိပ်ပိတ်နယ်မြေအရှင်ရဲ့ ဂုဏ်ရှိန်ဝါ
Vol. 115 Ch. 1577
ဝမ်လင်းသည် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ကို ဆွဲကိုင်ထားချိန်၌ သူ၏ခန္ဓာကိုယ်မှ အားကောင်းသောရှေးဟောင်းနတ်ဘုရားအော်ရာသည် သူ့ညာလက်ထံသို့ စီးဝင်သည်။
ထိုရှေးဟောင်းနတ်ဘုရားအော်ရာသည် တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းသည်။
“ငါတို့လို ကျင့်ကြံသူတွေဟာ တိုက်ခိုက်ရမှာ ဘယ်တော့မှ နောက်တွန့်နေမှာ မဟုတ်ဘူး…” ဝမ်လင်း၏အသံက ဟိန်းထွက်လာ၏။ သူ့နောက်မှ တိမ်ပင်လယ်မှ ကျင့်ကြံသူများသည် ရူးသွပ်လာကြပြီ။
“ငါတို့လို ကျင့်ကြံသူတွေဟာ တိုက်ခိုက်ရမှာကို ဘယ်တော့မှ နောက်တွန့်မနေဘူး…”
ထိုအသံကမူ ဝမ်လင်းတစ်ယောက်တည်း၏ ဟိန်းအော်သံ မဟုတ်လေတော့။ ကျန်သည့် တိမ်ပင်လယ်မှ ကျင့်ကြံသူထောင်ချီ၏ ဟိန်းအော်သံများပင်။ ဤအခိုက်တွင် သူတို့သည် သေရမည်ကို မေ့သွားပြီ၊ အရာအားလုံးကို မေ့သွားလေပြီ။ သူတို့ထံ၌ ရှိနေသည်မှာ တိုက်ပွဲဆန္ဒသာ ဖြစ်ချေ၏။
ဝမ်လင်းသည် ကျင့်ကြံသူထောင်ချီ၏ အထက်တွင် မားမားရပ်နေလျက် သူ့နောက်မှ ကျင့်ကြံသူများကို လှည့်ကြည့်လိုက်သည်။ “မင်းတို့အားလုံး ငါနဲ့အတူ သေဖို့ ဆန္ဒ ရှိပါသလား…”
ထိုစကားကား မုန်တိုင်းထန်သွားစေ၏။ ကျင့်ကြံသူထောင်ချီ၏ နားထဲသို့ ပဲ့တင်ထပ်ကာ သူတို့ကို ကောင်းကင်တုန်လှုပ်ဖွယ် မာန်သွင်းကာ ဟိန်းအော်လိုက်စေသည်။
ထိုဟိန်းသံသည် ပြင်ပနယ်မြေမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ နားထဲသို့ ဝင်ရောက်သွားကာ ထိုသူတို့၏စိတ်နှလုံးကို တုန်ယင်စေသည်။ သူတို့သည် ဝမ်လင်းကို ကြောက်လန့်တကြား ကြည့်မိ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ဒုတိယအကြိမ် ချိပ်ပိတ်နယ်မြေ စစ်ပွဲအတွင်း ထိုစဉ်က သူတို့၏ဘိုးဘေးများက ချိပ်ပိတ်နယ်မြေအရှင်သခင်ကို ထိတ်လန့်တကြား ကြည့်ခဲ့ရစဉ်ကလို သူတို့သည် အခု ဝမ်လင်းကို ကြည့်နေမိသည်။
ဝမ်လင်း၏မျက်လုံးများက လျှပ်စီးအလား။ သူသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ ကာကွယ်ပေးထားသည့် ဆရာသခင်ယွင်လောထံသို့ လှမ်းကြည့်၏။ သူ၏မျက်လုံးတွင်းမှ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ် ပေါက်ကွဲထွက်လာသည်။
ဝမ်လင်းသည် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ရှေ့သို့ လှမ်းလိုက်၏။
“သတ်…” သူ အော်ဟစ်ကာ ပြောလိုက်သည်။
သူ၏အော်သံကား ကောင်းကင်တုန်လှုပ်ဖွယ်ပင်။ ၎င်းမှာ ရှေးဟောင်းနတ်ဘုရားဟိန်းသံပင်။ ထိုဟိန်းသံက ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေ၏။ ဝမ်လင်း၏ခန္ဓာကိုယ်မှ ဖော်ပြရန်ခက်လှသော အော်ရာတစ်ခု ပေါ်လာကာ သူ၏ဟိန်းအော်သံအတွင်း ဝင်ရောက်သည်။
ထိုမာန်သွင်းအော်ဟစ်သံသည် ပြင်ပနယ်မြေမှ ကျင့်ကြံသူများစွာ၏ အမူအရာများကို ပြောင်းလဲသွားစေသည်။ သူတို့သည် အမှန်တကယ် နောက်ဆုတ်ကုန်၏။ သူတို့စိတ်ဝိညာဉ် လှုပ်ခါမှုက သူတို့ကို ကြောက်ရွှံ့မှု မြင့်တက်လာစေသည်။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ကို ကိုင်ဆွဲထားသော ဝမ်လင်းသည် ပြိုင်ဘက်ကင်းတည်ရှိမှုအလား။ သူ၏ခန္ဓာကိုယ်မှ တုန်လှုပ်ဖွယ်တိုက်ပွဲဆန္ဒတစ်ခု ပေါက်ကွဲထွက်လာကာ သူ့အား ပိတ်ဆို့ထားသော လူတိုင်းကို ပြိုလဲစေပေမည်။
တိမ်ပင်လယ်မှ ရူးသွပ်သွားသော ကျင့်ကြံသူထောင်ချီကလည်း ဝမ်လင်းနှင့်အတူ လှုပ်ရှားလာ၏။
ထိုကျင့်ကြံသူများသည် အရူးအမူး ရှေ့သို့ တိုးဝင်လာသည်။ သူတို့သည် သေဖို့ အဆင်သင့် ဖြစ်နေ၏။
တိမ်ပင်လယ်မှ ကျင့်ကြံသူများသည် တိုက်ခိုက်ရင်း သေမည်သာ။ သို့သော် သူတို့သည် ထွက်မပြေးနိုင်ပေ။ ဤကား ဆုံးဖြတ်ချက်ပြတ်သားမှု မည်၏။ စိတ်ဆန္ဒမည်၏။ ဂုဏ်သိက္ခာမည်၏။ တိုက်ပွဲအတွင်း ဂုဏ်ရှိစွာ သေခြင်း မည်၏။
ထိုဂုဏ်ရှိန်ဝါက အတွင်းနယ်မြေတခွင် ပျံ့လွင့်ကာ တိုက်ပွဲအတွက် မီးစပျိုးပေတော့မည်။ နှစ်ဘက်ကွာခြားမှုက ကြီးမားနေချိန်၌ သူတို့အတွက် အနိုင်ရရန် မျှော်လင့်ချက်အမျှင်တန်းလေးတစ်ခုမျှသာ ရှိနေပေသည်။
ဒီစစ်ပွဲမှာ အစပြုသည်နှင့် အချိန်မည်မျှ ကြာမည်မှန်း မသိနိုင်ပေ။ သူတို့သာ တိုက်ပွဲ ရှုံးသွားခဲ့ပါက အတွင်းနယ်မြေ၌ အသက်ရှင်သန်သူ မည်သူမျှ ကျန်ခဲ့လိမ့်မည် မဟုတ်ပါ။
ဤကား သေသည့်အထိ တိုက်ခိုက်ရမည့် အစစ်အမှန် တိုက်ပွဲပင်။
ဝမ်လင်းသည် ရန်သူ့ကို ထွင်းဖောက်မည့် ဓားတစ်လက်အလား ကျူးကျော်လာသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများထံသို့ တဟုန်ထိုး ပြေးဝင်လာသည်။ သူသည် ညာလက်ရှိ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ကို မဝေ့ယမ်းသေးပေ။ သူ့ဘယ်လက်ကိုသာ ပင့်မြှောက်လိုက်၏။ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ခုဖြင့်ပင် သူ၏အနားသို့ မည်သူမျှ မကပ်ဝံ့ ဖြစ်နေတော့သည်။
ဆရာသခင်ယွင်လော၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူမသည် ဝမ်လင်းကို စိုက်ကြည့်ကာ သူမ၏ကျောက်စိမ်းအလား လက်ကို ပင့်မြှောက်သည်။ အမိန့်များ ဆက်တိုက် ပေးလိုက်ရင်း တုန်လှုပ်နေသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ကြမ်းကြုတ်သောအမူအရာများဖြင့် ရှေ့တိုးလာသည်။
ဝမ်လင်းကလည်း ရှေ့သို့ တရကြမ်း တိုးဝင်လာနေသည်။ ပြင်းထန်သောမုန်တိုင်းတစ်ခုက သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသည်။ မည်သူကမျှ သူ့ကို မတားဆီးနိုင်ပေ။ မတားဆီးရဲပေ။
သတ်။
ရှေ့သို့ တိုးဝင်လာသော ထိုကျင့်ကြံသူများသည် ချက်ခြင်းပင် ပြန့်ကျဲသွားကြ၏။ သူတို့၏စိတ်နှှလုံးအတွင်းရှိ ကြောက်ရွှံ့မှုက သူတို့၏ကြမ်းကြုတ်သောအမူအရာကို ဖိနှိပ်သွားသည်။
အရှင်ဟုန်ရှန်နှင့် အရှင်တိမ်စွန်းတို့က ချက်ခြင်းပင် ရန်သူဘက်ခြမ်းမှ တတိယအဆင့်ကျင့်ကြံသူများကို တားဆီးကြသည်။ သို့ပေမည့် အေးစက်စက်ကောင်လေးသည် ကောင်းကင်ဘုံကိုယ်လုပ်တော်ကြောင့် ဒဏ်ရာရထားသော အရှင်ဟုန်ရှန်နှင့် သူတင်ကိုယ်တင် ဖြစ်နေ၏။ သူ၏ကျင့်ကြံမှုအဆင့်ဖြင့် သူသည် တတိယအဆင့်ကျင့်ကြံသူအများအပြားကို ရင်ဆိုင်ရာတွင် မကိုင်တွယ်နိုင် ဖြစ်ရပေသည်။
မီးစာကလေးကလန်ဘိုးဘေးသည် အရှင်ဟုန်ရှန်နှင့် တိုက်ပွဲကနေ အစောဆုံး ထွက်လာ၏။ သူသည် ရှေ့သို့ တိုးဝင်လာရင်း သူ့ကို အနက်ရောင်မီးများ ဝန်းရံထားပြီး သတ်ဖြတ်ချင်စိတ်အပြည့် ရှိနေသည်။
သူသည် ရှေ့သို့ လှမ်းဝင်လာနေရင်း သူ၏မီးစာကလေး အမှတ်အသားသည် တလက်လက် ဖြစ်ကာ ထိုးထွက်၍ ဧရာမအနက်ရောင်မီးငှက်အသွင် ဖြစ်တည်သည်။ ထိုမီးငှက်သည် ကြီးမားလွန်းလှ၏။ ၎င်းက မီးစာကလေးကလန်ဘိုးဘေး၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည်။
အပူဇော်ခံမီးတောက်များသည် မီးစာကလေးကလန်၏ အထက်တွင် ပေါ်လာကာ ၎င်း၏အရှိန်အဟုန်ကို မြင့်တက်စေသည်။ သူသည် ကျင့်ကြံသူများစွာကို ဖြတ်သန်း၍ ဝမ်လင်းထံ ဦးတည်ဝင်လာသည်။
“ခွေးကောင်လေး…မင်းမှာ ကောင်းကင်ဘုံပိုင်းဖြတ်ခြင်းပုဆိန် ရှိတော့ကော ဘာအရေးလဲ။ ဒီအဘိုးအိုက မင်းကို ဘယ်လို သတ်ပြမလဲဆိုတာ ကြည့်ချေ…”
သူသည် အလွန်မြန်လှ၏။ ချက်ခြင်းပင် ဝမ်လင်းနှင့် ပေတစ်သောင်းအတွင်း ရောက်သွားသည်။ မီးငှက်သည် မီးတောက်များကို ထုတ်လွှတ်လျက် ဝမ်လင်းထံ နီးကပ်လာသည်။
ဝမ်လင်း၏မျက်လုံးသည် သတ်ဖြတ်လိုစိတ်ကြောင့် နီရဲနေသည်။ သူက မီးစာကလေးကလန်ဘိုးဘေးကို စူးရဲစွာ ကြည့်လျက် ရှေ့ဆက်တိုးဝင်လာသည်။ သူသည် စကားတစ်ခွန်းမှ မဆိုဘဲ ညာလက်ထဲရှိ ပုဆိန်ကို ဆက်ခနဲ မြှောက်သည်။ သူ၏ရှေးဟောင်းနတ်ဘုရားကြယ်များ မြန်ဆန်စွာ လှည့်ပတ်၍ ရှေးဟောင်းနတ်ဘုရားစွမ်းအားများ ပြည့်နှက်လာသည်။ သူသည် ပုဆိန်ကို ကြမ်းတမ်းစွာ တိုးဝင်လာသော မီးစာကလေးကလန်ဘိုးဘေးထံသို့ ခုတ်ပိုင်းချလိုက်သည်။
“ငါ့လမ်းကို ပိတ်တဲ့သူမှန်သမျှ သေရမယ်…” ဝမ်လင်းသည် ရှေ့သို့ ခုန်၍ ပုဆိန်ကို ဝေ့ယမ်းသည်။ ဧရာမပုဆိန်အရိပ်ကြီး ဝမ်လင်း၏ရှေ့တွင် ပေါ်လာသည်။
၎င်းက အနက်ရောင်မီးငှက်ကို ခုတ်ပိုင်းလိုက်သည်။
ထိုပုဆိန်မှာ ကောင်းကင်ကို လှုပ်ခါစေနိုင်၏။ ၎င်းက ကျင့်ကြံသူများစွာ၏ အာရုံကို စွဲဆောင်သွားသည်။ အရှင်ဟုန်ရှန်၊အရှင်တိမ်စွန်းတို့နှင့် တိုက်ခိုက်နေသော တတိယအဆင့်ကျင့်ကြံသူများသည်ပင် သူတို့၏မျက်လုံးထောင့်ကနေ လှမ်း၍ ကြည့်လိုက်ကြသည်။
ကျူးကျော်လာသော ကျန်သည့် ကျင့်ကြံသူများဆို ဆိုဖွယ်ရာ မလိုတော့ပေ။ သူတို့အားလုံးသည် ကြောက်လန့်တကြား မျှော်လင့်ချက်ဖြင့် လှမ်းကြည့်လိုက်ကြ၏။ သူတို့သည် မီးစာကလေးကလန်ဘိုးဘေးက ဝမ်လင်းကို သတ်နိုင်မည်ဟု မျှော်လင့်မိကြသည်။ ထိုမှသာ ဝမ်လင်းသည် သူတို့ရှေ့တွင် သေဆုံးသွားမည်ပင်။
ထိုနည်းဖြင့်သာ ပြင်ပနယ်မြေမှ ကျင့်ကြံသူများ၏ ဝမ်လင်းအပေါ် ကြောက်ရွှံ့မှုကို လွင့်ပျောက်နိုင်ပေမည်။
တိမ်ပင်လယ်မှ ကျင့်ကြံသူထောင်ချီသည် ဝမ်လင်းကို စိတ်လှုပ်ရှားစွာ မော့ကြည့်ကြသည်။ သူတို့သည် သေရမှာကို မကြောက်ကြပေ။
ဝမ်လင်းသည် ပုဆိန်အရိပ်က မီးငှက်ပေါ်သို့ ကျရောက်သွားသည့်အခါ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုမှုသာ ကြီးစိုးသည်။ မီးငှက်သည် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ချက်ကို ခုခံနိုင်ရန် ကြောက်မက်ဖွယ်မီးတောက်တစ်ခုကို ထုတ်လွှတ်သည်။
သို့ပေမည့် ထိုပုဆိန်မှာ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ပုဆိန် မဟုတ်ချေလော။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ကြောက်မက်ဖွယ်မီးသည် ပျက်စီးသည်။ မီးသည် ပုဆိန်ထွင်းဖောက်လာခြင်းကို ခုခံနိုင်စွမ်း မဲ့သည်။
ကြယ်များကြား တုန်ဟည်းသံ ကျယ်ကျယ်လောင်လောင် ပဲ့တင်ထပ်သည်။ လူတိုင်းသည် နောက်ဆက် ဖြစ်လာမည့်အရာကို ရှင်းလင်းစွာ မြင်၏။ ထိုမြင်ကွင်းမှာ သူတို့အတွက် ထာဝရ မေ့နိုင်တော့မည် မဟုတ်ပေ။ တိမ်ပင်လယ်မှ ကျင်ကြံသူများအတွက် ဂုဏ်ယူမှု၊ ပြင်ပနယ်မြေမှ ကျင့်ကြံသူများအဖို့တော့ ထာဝရအိပ်မက်ဆိုး ဖြစ်လာပေမည်။
ပုဆိန်အရိပ်က မရပ်တန့်သွားပေ။ ၎င်းက မီးငှက်ပေါ်သို့ ခုတ်ပိုင်းချလာ၏။ မီးငှက်သည် အလွန်အမင်း နာကျင်စွာ အော်မြည်၍ ခုရှိနေသော ကျင့်ကြံသူတိုင်း၏ စိတ်ထဲတွင် ၎င်း၏အော်သံမှာ ပဲ့တင်ထပ်သည်။
အနက်ရောင်မီးငှက်၏ ခန္ဓာကိုယ်မှာ ပုဆိန်ချက်ခြင်း ထက်ပိုင်းပြတ်သွားကာ ပျက်စီး၏။ ထိုအခါ မီးငှက်အတွင်းရှိ ဖြူရောထိတ်လန့်သော မျက်နှာဖြင့် မီးစာကလေးကလန်ဘိုးဘေးကို လှစ်ဟ ပေါ်လာစေသည်။
သူသည် ပုဆိန်ချက်က အရှိန်အဟုန်အပြည့်ဖြင့် ကျရောက်လာသည်ကို ခုခံနိုင်ခြင်းမဲ့ကာ စောင့်ကြည့်နေရသည်။ သူသည် ထိုပုဆိန်ချက်က သူ၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်လာသည်ကို ဒီအတိုင်း စောင့်ကြည့်ရုံသာ တက်နိုင်တော့သည်။
တုန်ဟည်းသံများ မြည်ဟိန်းလျက် မီးစာကလေးကလန်ဘိုးဘေးထံသို့ သေဆုံးခြင်းအရှိန်အဝါ တိုးဝင်သည်။ သူ၏မျက်ခုံးနှစ်ခုကြားမှ သွေးများ ပန်းထွက်ကာ သွေးစီးကြောင်းတစ်ခု ပေါ်လာသည်။
ထိုသွေးကြောင်းက ဆက်လက် ပျံ့နှံ့ကာ တဖြည်းဖြည်း နှစ်ပိုင်းခြမ်းသွား၏။ ၎င်းက မီးစာကလေးကလန်ဘိုးဘေး၏ အသွေးအသား၊ကလန်အမှတ်အသားတို့ကို ခွာထုတ်ကာ သူ၏ဦးခေါင်းခွံကို ပေါ်လာစေသည်။
သူ့ဦးခေါင်းခွံသည် တစစီ စတင် ပျက်စီးပြီး အက်ကြောင်းများ ဖြစ်ပေါ်၍ ဦးခေါင်းခွံအောက်မှ ပန်းရောင်ဦးနှောက်တစ်ခု လှစ်ဟ ပေါ်သည်။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်အရိပ်က သူ၏ဦးနှောက်ကိုပါ တို့ဖူးအလား ပိုင်းဖြတ်သွားလေသည်။
ပုဆိန်အရိပ်က ဆက်လက် ရှေ့လျားရာ သူ၏ လည်ပင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများထံမှ သွေးများ ပန်းထွက်သည်။ ပုဆိန်သည် သူ၏ခန္ဓာကိုယ်ကို ခေါင်းကနေ ထက်ပိုင်းခြမ်း သွားလေပြီ။
သူ့မူလစိတ်ဝိညာဉ်သည်ပင် လွတ်မြောက်နိုင်ခြင်း မရှိပေ။ ထက်ပိုင်းခြမ်း ခံလိုက်ရသော သူ့ခန္ဓာကိုယ်မှာ ကြယ်များကြားတွင် ကွယ်ပျောက်သွားလေပြီ။
အဖြစ်အပျက်အားလုံးသည် မြန်ဆန်လှ၏။ လျှပ်တပြတ်အတွင်း ဖြစ်သွားခြင်းပင်။
ချက်ခြင်း သတ်ပစ်ခြင်း။
တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို ချက်ခြင်း သတ်ပစ်ခြင်း။
ပုဆိန်က ဖြတ်သန်းသွားပြီးနောက် အရာအားလုံး ငြိမ်သက် တိတ်ဆိတ်သွားသည်။ ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ပျက်စီးသွားသော အနက်ရောင်မီးငှက်၊ ထက်ပိုင်းခြမ်းသည့်ထိ ခုတ်ပိုင်းခံလိုက်ရသော မင်သေကြောင်ရီနေသော မီးစာကလေးကလန်ဘိုးဘေး၏ အလောင်းကို စိုက်ကြည့်နေမိသည်။သူတို့သည် ၎င်းအဖြစ်ကို မယုံကြည်နိုင်၊ မယုံကြည်ရဲ ဖြစ်ရ၏။
ထိုအခိုက်တွင် ဝမ်လင်းကို မည်သူကမျှ မဟန့်တားနိုင်ပေ။ သူသည် မီးစာကလေးကလန်၏ဘိုးဘေး၏ စုတ်ပြတ်သပ်သွားသော အလောင်းကို ကျော်ဖြတ်လာ၏။ သူသည် ကြောက်လန့်နေသော ဖြူရောရောမျက်နှာဖြင့် ဆရာသခင်ယွင်လောထံ သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်သည်။
ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် အလန့်တကြား အော်ဟစ်မိကုန်သည်။ ဝမ်လင်းရှေ့မှ ကျင့်ကြံသူအားလုံးသည် နောက်ဆုတ်သည်။
ဆရာသခင်ယွင်လော အနားအနီးရှိ ကျင့်ကြံသူများသည်ပင် ဖြူရောကာ နောက်သို့ အလိုလို ဆုတ်မိသည်။ သူတို့အားလုံး ဝမ်လင်းကို ငရဲမှတက်လာကာ သူတို့ဘဝကို ဖျက်စီးမည့် နတ်ဆိုးတစ်ပါးအလား ကြည့်မိသည်။
ဆရာသခင်ယွင်လောသည်ပင် စတင် နောက်ဆုတ်သည်။ သူမ၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုသည် အခြားသူများထက် ပိုအားကောင်းသည်။ သူမသည် ဝမ်လင်းကို ကြည့်နေရင်း သူမ ရှေ့ဖြစ်ဉာဏ်ဖြင့် တွေ့မြင်ထားသော ပုံရိပ်ကို ပြန်မြင်ယောင်သည်။ သူမ၏အမြင်တွင် အနက်ရောင်ပုံရိပ်တစ်ခု ရှိ၏။ ထိုကြောက်မက်ဖွယ်တည်ရှိမှုက သူမထံ လှမ်းလာနေသည့်အလား ထင်မှားရသည်။
“ချိပ်ပိတ်နယ်မြေအရှင်သခင်ရဲ့ ဂုဏ်ရှိန်ဝါ…”
“ချိပ်ပိတ်နယ်မြေအရှင်သခင်ရဲ့ ဂုဏ်ရှိန်ဝါ…” ထိုကျင့်ကြံသူများထံမှ စိတ်လှုပ်ရှားသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူတို့၏အော်သံများ ကျယ်သထက် ကျယ်လောင်လာသည်။
“ချိပ်ပိတ်နယ်မြေအရှင်သခင်ရဲ့ ဂုဏ်ရှိန်ဝါ…”
***