နန်ကျောက် သေဆုံးခြင်း
Vol. 115 Ch. 1578
ဤသည်က ချိပ်ပိတ်နယ်မြေအရှင်သခင်၏ စစ်မှန်သောဂုဏ်ရှိန်ဝါပင်။
ယင်းသည် သူ့ရှေ့ရှိ လူတိုင်းကို ပုရွတ်ဆိတ်များအလား ထင်မြင်စေသော အော်ရာ၊ မာန်မာန ဖြစ်၏။
ဝမ်လင်း၏ရှေ့ရှိ ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် အလန့်တကြား နောက်ဆုတ်ကြသည်။ ဝမ်လင်း၏အမြန်နှုန်းက အကန့်အသတ်သို့ ရောက်လာ၏။ သူ၏ ခြေလှမ်းတိုင်းသည် ကြယ်များကိုပါ တုန်ခါစေသည်။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်က မီးစာကလေးကလန်ဘိုးဘေးကို တစ်ချက်တည်းဖြင့် သတ်ပြစ်ခဲ့ပြီး ဖြစ်၏။ ထိုပုဆိန်ခုတ်ချက်မှာ သတ်ဖြတ်လိုစိတ်၊ ပြင်ပနယ်မြေ၏ ကျင့်ကြံသူများ၏ တိုက်ပွဲဝင်လိုစိတ်ကို ပြိုလဲစေမှုတို့ဖြင့် ပြည့်နှက်၏။
အခုက ပထမတိုက်ပွဲသာ ရှိသေး၏။ စစ်ပွဲသည် စတင်ရုံမျှသာ။ ထိုသို့တိုင် ပြင်ပနယ်မြေမှ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်မှာ အသတ်ခံလိုက်ရပေပြီ။ ထို့အပြင် အရှင်ဟုန်ရှန်ကဲ့သို့ အစွမ်းထက်လှသူ တစ်ယောက်က သူ့ကို သတ်ပစ်ခဲ့ခြင်း မဟုတ်။ ချိပ်ပိတ်နယ်မြေအရှင်သခင်အဖြစ် ရှုမြင်ခြင်း ခံရသော ဝမ်လင်းက သူ့ကို ထိပ်တိုက်ရင်ဆိုင်ကာ သတ်ဖြတ်ခဲ့ခြင်းပင်။
ဝမ်လင်းသည် ထိုအရာများအားလုံးကို သူ၏ကိုယ်ပိုင်စွမ်းပကားဖြင့်သာ ပြုလုပ်ခဲ့ခြင်းပင်။ သူသည် ဒီစစ်ပွဲ၏ ပထမဆုံးတိုက်ပွဲမှာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို ပထမဆုံး သတ်လိုက်သည့်သူ ဖြစ်သည်။ သို့ဖြစ်၍ သူသည် ပြင်ပနယ်မြေတွင် ကျော်ကြားလာတော့ပေမည်။
တာအိုပညာရှင်ရေ၏ သေဆုံးမှုက ထည့်တွက်စရာ မလိုပေ။ ထိုသူက ကျွန်တစ်ယောက်ကို သတ်ခဲ့ခြင်းမျှသာ။ သို့ပေမည့် မီးစာကလေးကလန်ဘိုးဘေး၏ သေဆုံးမှုကမူ ခြားနားပေ၏။ ၎င်းမှာ ရန်သူ့ဘက်မှ ဗိုလ်ချုပ်တစ်ယောက်ကို သတ်ခဲ့၍ တိုက်ပွဲအကျိုးဆောင်ခဲ့ခြင်းပင်။
ပြင်ပနယ်မြေမှ ကျင့်ကြံသူတစ်သိန်းသည် ဖြည်းဖြည်းချင်း နောက်ဆုတ်နေကြပြီ။ အေးစက်စက်ကောင်လေးနှင့် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်တို့ပင် လှမ်းကြည့်လာ၏။
အရှင်ဟုန်ရှန်၏ ကျယ်လောင်စွာ ရယ်မောသံ ရုတ်တရက် ထွက်ပေါ်လာ၏။
“ချိပ်ပိတ်နယ်မြေအရှင်က ပြင်ပနယ်မြေရဲ့ ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်လိုက်နိုင်ပြီ။ ဒီတိုက်ပွဲမှာ ငါတို့ မရှုံးတော့ဘူး…”
အရှင်ဟုန်ရှန်၏ ရယ်သံ ပဲ့တင်ထပ်ရင်း သူက သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်လေ၏။ သူ့ခန္ဓာကိုယ်အတွင်းမှ အနီရောင် ဖျပ်ခနဲလင်းလက်ကာ အေးစက်စက်ကောင်လေးထံ တိုးဝင်သွားတော့သည်။
အရှင်တိမ်စွန်သည်လည်း ရယ်မော၍ သူက ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်ကို ပိတ်ဆို့ကာ သူမကို ရင်ဆိုင်ထားသည်။
မည်သူကမျှ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ပုဆိန်ကို ဆွဲကိုင်၍ ရှေ့တိုးလာသော ဝမ်လင်းကို မတားဆီးနိုင်ဟု ထင်မှတ်ရသည်။ ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် နောက်သို ဆက်တိုက် ဆုတ်နေကြ၏။ သို့သော် သူတို့သည် ဝမ်လင်းလောက် မမြန်ပေ။ သူသည် ရှေ့သို့ ဆက်လက် တိုးလာနေ၏။
ဆရာသခင်ယွင်လော၏ မျက်နှာသည် အလွန်အမင်း ဖြူရောလျက် သူမသည် နောက်သို့ အလိုလို ဆုတ်မိသည်။ သူမ၏ညာလက်ဖြင့် ချိပ်ဟန်များ အဆက်မပြတ် ဖြစ်ပေါ်စေရင်း သူမ ရှင်သန်နိုင်မည့် အခွင့်အရေးကို ရှေ့ဖြစ်ကြည့်နေသည်။
“သူ့ကို တားကြ…” ဆရာသခင်ယွင်လောသည် ပထမဆုံးအကြိမ်အဖြစ် ဒီတိုက်ပွဲတွင် အလန့်တကြား အော်ဟစ်လိုက်သည်။ သူမ၏အသံထဲ၌ အတိုင်းမသိထိတ်လန့်မှုတို့ ပြည့်နှက်နေ၏။
အရှင်ဟုန်ရှန်ကို ရင်ဆိုင် တိုက်ခိုက်နေသော တတိယအဆင့်ကျင့်ကြံသူများစွာ ရှိကြ၏။ အေးစက်စက်ကောင်လေးက သူနှင့် ယှဉ်နိုင်သော ကျင့်ကြံမှုအဆင့် ရှိသူ ဖြစ်ရာ ထိုကောင်လေးသည် သူ့လက်ကို ဝေ့ယမ်း၍ အေးစက်သောအော်ရာတစ်ခုကို ဖန်တီးလိုက်သည်။ ထိုအော်ရာက မြင့်မြတ်သောနန်ကျောက်အပေါ်သို့ ကျရောက်သွားကာ သူ့ကို အရှင်ဟုန်ရှန်၏ ဖိနှိပ်ထားမှုကနေ တွန်းထုတ်ပေးသည်။
“ချိပ်ပိတ်နယ်မြေအရှင်ကို သွားသတ်လိုက်…” အေးစက်စက်ကောင်လေးက အော်ပြောလိုက်၏။ သူက ပြင်ပနယ်မြေမှ ကျင့်ကြံသူများ၏ စိတ်နှလုံး လှုပ်ခါနေပြီကို မြင်သည်။ အစောပိုင်းတုန်းက အဖြစ်သနစ်က သူတို့၏စိတ်နှလုံးတွင်းရှိ တိုက်ပွဲဝင်လိုစိတ်ကို ပြိုလဲစေရုံသာမက အသည်းအသန်ကြောက်ရွှံ့မှုကိုပါ ပျံ့နှံ့သွားစေသည်။
ထိုကဲ့သို့အရာမျိုးက ကြီးမားသောတိုက်ပွဲအတွင်း သေစေနိုင်လောက်ပေ၏။ သူက ဒီကိစ္စကို ဆက်၍ ခွင့်မပြုထားနိုင်တော့ပေ။ သူတို့ကသာ ဝမ်လင်းကို သူတို့၏စစ်တပ်အတွင်း တိုးဝင်ပြီး ဆရာသခင်ယွင်လောကို သတ်မည့်အဖြစ်အား အမှန်တကယ် ခွင့်ပြုလိုက်ပါက အဆုံးသပ်၌ သူတို့ အနိုင်ရခဲ့မည်ဆိုလျှင်ပင် တကယ်တမ်းကမူ ဆုံးရှုံးမှုသာ ဖြစ်ပေလိမ့်မည်။
သူ့အမြင်၌ ဒီပြဿနာမှာ အတော်လေး ဖြေရှင်းရ လွယ်ကူသည်။ သူတို့က ဝမ်လင်းကို သတ်နိုင်လိုက်ပါက အရာအားလုံးမှာ အဆင်ပြေသွားပေလိမ့်မည်။
သူသည် မြင့်မြတ်သောနန်ကျောက်ကိုသာမက ဒုတိယစစ်တပ်အသုတ်တွင် ပါလာသော တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကိုပါ စေလွှတ်လိုက်၏။ ထိုတတိယအဆင့်ကျင့်ကြံသူသည် ပေလိုင်ကလန်မှ အပြာရောင်ဝတ်စုံဖြင့် အဘိုးအိုတစ်ယောက် ဖြစ်၏။ သူသည်လည်း အရှင်ဟုန်ရှန်၏ ဖိနှိပ်ထားမှုကနေ လွတ်ကင်းလာပြီးနောက် ဝမ်လင်းထံ တိုးဝင်လာတော့သည်။
မြင့်မြတ်သောနန်ကျောက်က သူ့ထက် ပိုမြန်ပေ၏။ သူက အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းကာ ဝမ်လင်းထံသို့ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ပြေးဝင်လာသည်။
ထိုအခိုက်တွင် ဝမ်လင်းက ပြင်ပနယ်မြေမှ ကျင့်ကြံသူများထံ တိုးဝင်လာနေသည်။ အချိန်မီ နောက်မဆုတ်နိုင်သော ကျင့်ကြံသူတိုင်းသည် သိမ်မွေ့ဆန်းကြယ်မီး လောင်ကျွမ်းခြင်း ခံရကာ နာကျင်စွာအော်ဟစ်၍ သေဆုံးကုန်ကြ၏။ သူသည် ဆရာသခင်ယွင်လောနှင့် ပေငါးထောင်ပင် မလိုတော့ပေ။
ပေလေးထောင်၊ သုံးထောင်၊ နှစ်ထောင်။
သူ ပေနှစ်ထောင်အကွာသို့ ရောက်လာသည်နှင့် မြင့်မြတ်သောနန်ကျောက်က သူ့နောက် ရောက်ရှိလာခဲ့ပြီ။ မြင့်မြတ်သောနန်ကျောက်က သုန်မှုန်စွာဖြင့် ဝမ်လင်းကို စိုက်ကြည့်၏။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ငါးရောင်စုံအဆိပ်ငွေ့ ပေါ်လာ၏။
ထိုငါးရောင်စုံအဆိပ်ငွေ့သည် မြင့်မြတ်သောနန်ကျောက်၏ အသက်အနှစ်အသာရ အဆိပ် ဖြစ်၏။ ၎င်းကို သူကိုယ်တိုင် သူ စုစည်းထားသော အဆိပ်များထံမှ နှစ်ပေါင်းများစွာ သန့်စင်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ နန်ကျောက်၏ အရေးကြီးဆုံး ရတနာတစ်ခုလည်း ဟုတ်သည်။ ၎င်းက အဆိပ်အိုကြီး၏အဆိပ်နှင့်ပင် ယှဉ်နိုင်စွမ်း ရှိသည်။
“ဂျူနီယာဝမ်လင်း…ဒီတိုက်ပွဲ အဆုံးသပ်ပြီ…” နန်ကျောက်၏မျက်လုံးတွင် အေးစက်မှု တဖျပ်ဖျပ်ပေါ်ကာ သူ့ညာလက်ကို ဆန့်ထုတ်၏။ သူသည် ဝမ်လင်းနှင့် ပေတစ်ထောင်ပင် မကွာတော့ပေ။ သူ့နောက်မှ ငါးရောင်စုံအဆိပ်ငွေ့သည် ရှေ့သို့ ထိုးထွက်ကာ လေဆင်နှာမောင်းငါးခု အဖြစ်သို့ ပြောင်းလဲသည်။
မိုးကြိုးတုန်ဟည်းသံများ ကြယ်များကြား၌ ပဲ့တင်ထပ်သည်။ လေဆင်နှာမောင်းငါးခုသည် ဝမ်လင်းနောက်သို့ နီးကပ်လာ၏။
ထိုအခိုက်အတန့်တွင် ဝမ်လင်းသည် ရုတ်တရက် နောက်လှည့်လိုက်၏။ သူ၏ချင်းချင်းနီသော မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ပြည့်နှက်နေ၏။ သူသည် သူ့ကို တားဆီးဖို့ ကြိုးစားသူ မှန်သမျှကို သတ်ဖြတ်ပေမည်။ ထိုအရှိန်အဟုန်ကို ရပ်တန့်ခံမည် မဟုတ်ပေ။ ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားကြယ်များ လှည့်ပတ်လျက် အင်ပါယာမီးပြင်းဖို ပေါ်လာသည်။
၎င်း ပေါ်လာသည်နှင့် ဝမ်လင်းရှေ့တွင် အဆိပ်ရည်ကိုးစက် ပေါ်လာ၏။
“အဆိပ်လား။ ငါ့မှာလည်း ရှိတယ်။ သင့်ကို သတ်ဖို့ အဆိပ်ရည်သုံးစက်ပဲ လိုအပ်တယ်…”
ဝမ်လင်းသည် သူ၏ဘယ်လက်ကို ဝေ့ယမ်းလိုက်ရာ ထိုအဆိပ်ရည်သုံးစက်သည် လေဆင်နှာမောင်းငါးခုထံ ပျံသန်းဝင်ရောက်သည်။
ထိုအဆိပ် ပေါ်လာသည်နှင့် မြင့်မြတ်သောနန်ကျောက်၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားသည်။
“အဆိပ်အိုကြီးရဲ့ အဆိပ်…။ အဆိပ်အိုကြီးကိုယ်တိုင်သာ ဒါကို အသုံးပြုမယ်ဆိုရင် ငါ့ကို ချိန်းခြောက်နိုင်အုံးမယ်။ ဒါပေမဲ့ မင်းက ဘယ်ကနေဘယ်လိုနည်းနဲ့ ရလာမှန်းမသိတဲ့ အရာကို ငါ့ရှေ့မှာ ထုတ်ဝံ့တယ်လား…”
မြင့်မြတ်သောနန်ကျောက်သည် နှာခေါင်းရှုံ့လိုက်ပြီး သူသည် လေဆင်နှာမောင်းငါးခုနှင့်အတူ နီးကပ်လာသည်။ သူသည် ဝမ်လင်းနှင့် ပေငါးရာအတွင်းသို့ ရောက်လာ၏။
ထိုအခိုက်အတန့်တွင် အဆိပ်သုံးစက်သည် လေဆင်နှာမောင်းငါးခုနှင့် ထိပ်တိုက်တွေ့သည်။ အဆိပ်သုံးစက်သည် ပေါက်ကွဲထွက်ကာ ကြောက်မက်ဖွယ်အဆိပ်ပင်လယ်အဖြစ်သို့ ပြောင်းလဲသည်။
ထိုအဆိပ်သည် သိမ်မွေ့လှကာ မကြာခင်တွင် ဧရာမလက်ဝါးကြီးအဖြစ်သို့ ပြောင်းလဲ၍ လေဆင်နှာမောင်းငါးခုထံသို့ ရိုက်ချလာသည်။
ငါးရောင်စုံအဆိပ်ငွေ့ကနေ ဖြစ်ပေါ်လာသော လေဆင်နှာမောင်းငါးခု၌ ချောက်ခြားဖွယ်ရာ အဆိပ်များ ပါဝင်၏။ သို့ပေမည့် ထိုအခိုက်အတန့်တွင် ၎င်းက အဆိပ်ရည်နှင့် ထိမိသည့်အခါ ပိုပြင်းထန်သောအဆိပ်နှင့် တွေ့ကြုံရသည့်အလား ဝါးမြိုခြင်း ခံလိုက်ရသည်။ လေဆင်နှာမောင်းမုန်တိုင်းတစ်ခုသည် အဆိပ်ပင်လယ်အတွင်းသို့ ကွယ်ပျောက်သွားလေ၏။ မြင့်မြတ်သောနန်ကျောက် ထိတ်လန့်တကြား မတုန့်ပြန်နိုင်ခင်မှာပင် နောက်ထိပ်လေဆင်နှာမောင်းနှစ်ခုလည်း ပျက်စီးသွားသည်။
“ဒါက အဆိပ်အိုကြီးရဲ့ အဆိပ်မဟုတ်ဘူး…” မြင့်မြတ်သောနန်ကျောက်၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူသည် သူ့တဘဝလုံး အဆိပ်နှင့် လက်ပွန်းတနှီး ရှိခဲ့သူ ဖြစ်ရာ ဒီလောကရှိ အဆိပ်အားလုံးကို သိထား၏။ သို့ပေမည့် အဆိပ်ရည်သုံးစက်ကနေ ပြောင်းလဲထားသော အဆိပ်ပင်လယ်ကိုမူ သူ လုံးဝ မမြင်တွေ့ခဲ့ဖူးပေ။
ထိုအဆိပ်သည် အဆိပ်အိုကြီး၏အဆိပ်နှင့် အလွန်တူညီသည်။ သို့သော် ထူးဆန်းလှသော ကွာခြားမှုတစ်ခု ရှိနေ၏။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို အရှင်နန်ကျောက်သည်ပင် သူ့ရှေ့ မရောက်လာခင်ထိ သတိပြုမိရန်မှာ ခက်ခဲလွန်းခဲ့သည်။
အဖြစ်အပျက်များသည် မြန်ဆန်လှ၏။ လေဆင်နှာမောင်းငါးခုသည် ပြိုလဲပျက်စီးသွားပြီး အဆိပ်ပင်လယ်၏ စုပ်ယူခြင်းကို ခံရသည်။ ထို့နောက် အဆိပ်ပင်လယ်က နန်ကျောက်ထံ လှိုင်းတံပိုးအလား တိုးဝင်လာသည်။
နီးကပ်လွန်းသဖြင့် အရှင်နန်ကျောက်သည်ပင် မရှောင်နိုင် ဖြစ်ရ၏။ သူ၏အမူအရာသည် ပြောင်းလဲသွားပြီး ခြေတစ်လှမ်း ဆုတ်ကာ သူသည် ကွယ်ပျောက်သွားမည့်အလား ဝေဝါးလာသည်။ ထိုအခိုက်တွင် အဆိပ်ပင်လယ်သည် သူ့ထံ တဟုန်ထိုး ဝင်ရောက်လာခဲ့ပေပြီ။
အဆိပ်ပင်လယ်အတွင်းမှ ကြောက်မက်ဖွယ်အော်မြည်သံ ထွက်ပေါ်လာ၏။ မြင့်မြတ်သောနန်ကျောက်၏ ဝေဝါးသော ခန္ဓာကိုယ်မှာ အတင်းအကြပ် ထွက်ပေါ်လာရသည်။ သူ၏အရေပြားသည် ပုတ်သိုးလာကာ အဆိပ်ငွေ့များ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်လာသည်။
သူ၏မျက်လုံးသည် အံ့မခန်းကြောက်ရွှံ့မှုနှင့် ပြည့်နှက်၏။ သူသည် နောက်သို့ အရူးအမူး ဆုတ်သည်။ သူက ဒီအဆိပ်ပင်လယ်ကနေ ချိုးဖျက်ရန် ကြိုးစားသည်။
“ဒါက ဘယ်လိုအဆိပ်မျိုးလဲ…။ အဆိပ်အိုကြီးတောင် ဒီအဆိပ်ကို အမျိုးအစား သတ်မှတ်နိုင်မှာ မဟုတ်ဘူး…” မြင့်မြတ်သောနန်ကျောက်၏ အမူအရာသည် ကြောက်မက်ဖွယ်ကောင်းနေကာ သူသည် နောက်သို့ အသည်းအသန် ဆုတ်သည်။ သို့ပေမည့် သူ ခြေလှမ်းအတော်အတန်သာ ဆုတ်လိုက်နိုင်၏။ သူ၏ခြေထောက်မှာ သွေးရေအဖြစ် ပျော်ကြသည်။ သူ၏အရိုးများသည်ပင် ပျော်ကြကုန်သည်။
နာကျင်ထိတ်လန့်ဖွယ်အော်သံများက လူတစ်ယောက်၏ စိတ်ကို လှုပ်ခါသွားစေနိုင်၏။ ထိုအသံသည် ကြယ်များကြား ပျံ့နှံ့ကာ အကူအညီတောင်းခံသံ ဖြစ်လာသည်။
“ငါ့ကို ကယ်ပါ….” မြင့်မြတ်သောနန်ကျောက်၏ ခန္ဓာကိုယ်သည် လုံးဝ လွင့်ပါးပျောက်ကွယ်သွား၏။ သူ မြှောက်ရန် ကြိုးစားသော လက်နှစ်ဖက်မှာလည်း သွေးရည်အဖြစ် ပျော်ကြသည်။ သူ၏ခန္ဓာကိုယ်အထက်ပိုင်းမှာလည်း အဆိပ်ပင်လယ်၏ ထွေးခြုံခြင်းကို ခံရသည်။ နာကျင်စွာ အော်သံသည် ရုတ်တရက် ရပ်တန့်သွား၏။ အဆိပ်ပင်လယ်သည် မြင့်မြတ်သောနန်ကျောက်၏ စိတ်ဝိညာဉ်နှင့်အတူ ဝမ်လင်းထံ ပြန်ရောက်လာ၏။ နန်ကျောက်မှာ သေသလား၊ ရှင်သလား မသိရဘဲ ဝမ်လင်း၏ အင်ပါယာမီးပြင်းဖိုအတွင်းသို့ ရောက်ရှိသွားရလေပြီ။
ကြွင်းကျန်သော ထိတ်လန့်နာကျင်စွာ အော်သံသည်သာ ပြင်ပနယ်မြေရှိ ကျင့်ကြံသူများ၏ နားထဲတွင် ပဲ့တင်ထပ်ကျန်ခဲ့သည်။ သူတို့မျက်လုံးများထဲရှိ ကြောက်ရွှံ့မှုသည် အကန့်အသတ်သို့ ရောက်လာခဲ့သည်။ အထူးသဖြင့် ရှေ့သို့ လှမ်းလာသော အပြာရောင်ဝတ်စုံဖြင့် အဘိုးအိုပင်။ ဝမ်လင်းသည် အေးစက်စက် လှမ်းကြည့်လိုက်ရာ ထိုအဘိုးအို၏နှဖူးထက်မှ ချွေးစေးများ ပြန်လာကာ သူသည် နောက်သို့ အမြန် ဆုတ်သည်။
ဝမ်လင်းသည် သူ့ဘယ်လက်ကို ဝေ့ယမ်းလျက် ငြိမ်သက်စွာ စဉ်းစားလိုက်၏။ ကျန်နေသေးသော အဆိပ်ရည်ခြောက်စက်က သူ့ဘေးပတ်လည်တွင် အဆိပ်ပင်လယ်အဖြစ် ပျံသန်းထွက်လာကာ သူ၏ ပတ်လည်၌ ဧရာမဝဲကတော့တစ်ခု ဖြစ်ပေါ်သည်။
သူသည် ထိုအဆိပ်ရတနာအတွက် ခေါင်းကိုက်နေရန် အချိန်မရှိပေ။ ဝမ်လင်းသည် မာန်သွင်းလျက် သူ့ဘယ်လက်ကို ညွှန်လိုက်၏။ အဆိပ်ပင်လယ်ဝဲကတော့သည် တရှိန်ထိုး ထိုးထွက်သည်။
ထို့နောက် သူ့ဘယ်လက်ဖြင့် လေဟာနယ်အတွင်းသို့ ဆန့်ထုတ်ရာ ဟင်းလင်းပြင်အက်ကြောင်း တစ်ခု ပေါ်လာသည်။ မရေမတွက်နိုင်သော ကြမ်းကြုတ်သည့် ခြင်သားရဲများသည် ထိုးထွက်လာသည်။
အဆိပ်ပင်လယ် ဖြစ်စေ၊ ခြင်သားရဲများဖြစ်စေ နှစ်ခုလုံးကို ဝမ်လင်းသည် အစောပိုင်း၌ အသုံးမပြုနိုင်ခဲ့ပေ။ အကြောင်းမှာ ယင်းတို့သည် အုပ်စုလိုက်တိုက်ပွဲ၌ သူ၏ ဝှက်ဖဲများ ဖြစ်၏။ ပြင်ပနယ်မြေမှ တတိယအဆင့် ကျင့်ကြံသူများသည် စွမ်းအားများကို ထိန်ချန်ထားကြသည်သာ။ အရေးတကြီးအခိုက်အတန့် မဟုတ်ပါက ထိုဝှက်ဖဲများသည် ထိုသူတို့၏ အင်ပြည့်အားပြည့် တားဆီးခြင်းကို ခံလိုက်ရမည်သာ။
ခုချိန်သည် အကောင်းဆုံး အချိန်အခါ မဟုတ်သော်လည်း ဝမ်လင်းသည် မစောင့်နိုင်တော့ပေ။ မြေနိမ့်သားရဲကိုမူ ရွှေရောင်မုန်တိုင်းကို ဝါးမြိုပြီးကတည်းက ၎င်းသည် ပျောက်ကွယ်သွားသည့်ပုံ ရသည်။ ဝမ်လင်းက ၎င်းကို အကြိမ်များစွာ ဆင့်ခေါ်ခဲ့သော်လည်း ပြန်တုန့်ပြန်မှု မရှိပေ။
အဆိပ်ပင်လယ်သည် ပြန့်ကျဲလျက် ခြင်သားရဲများသည် တဝီဝီအော်ဟစ်သည်။ ဝမ်လင်းသည် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ကို ကိုင်ဆွဲလျက် ဆရာသခင်ယွင်လောထံ ဦးတည်ဝင်သည်။ သူသည် သူ၏ညာလက်ကို ဝေ့ယမ်း၍ ပုဆိန်ကို ခုတ်ပိုင်းချလိုက်သည်။
***