အလုံးစုံကောင်းကင်နှင့် ဆင့်ခေါ်ခြင်းမြစ်၏ လှုပ်ရှားမှု
Vol. 115 Ch. 1579
ပုဆိန်အလင်း လင်းလက်သွား၏။ ဟင်းလင်းပြင်ကိုယ်တိုင်သည်ပင် ထက်ပိုင်းကွဲထွက်တော့မည့်နှယ်။ ကောင်းကင်ဘုံ ပြိုလဲသည့်အလား တုန်ဟည်းသံသည် ကျူးကျော်လာသော ကျင့်ကြံသူများ၏ စိတ်နှလုံးများကို လှုပ်ခါစေသည်။
ဆရာသခင်ယွင်လော၏ ရှေ့တွင် ခုထိ နောက်မဆုတ်သေးသော ကျင့်ကြံသူ အများအပြား ရှိနေကြသေး၏။ သူတို့သည် ပုဆိန်ချက်က သူတို့ပေါ်သို့ ခုတ်ပိုင်းလာသည်ကို တုန်လှုပ်စွာ ကြည့်မိနေသည်။
ရှေ့ဆုံးမှ ပြင်ပနယ်မြေ၏ ကျင့်ကြံသူသည် ဝတ်စုံနက်နှင့် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ သူက သူ့ရှေ့သို့ လက်ပင့်မြှောက်ကာ ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး ခုခံဖို့ ကြိုးစားလိုက်၏။ သို့ပေမည့် ပုဆိန်မှာ သူ့ကို ပိုင်းဖြတ်သွားသည်။
သူ၏မျက်ခုံးကြားတွင် သွေးစီးကြောင်းတစ်ခု ထင်းခနဲ ပေါ်လာကာ သူ့တကိုယ်လုံးသို့ မြန်ဆန်စွာ ချဲ့ကားသွားသည်။ သူသည် ခေါင်းကနေ ခြေထိ နှစ်ပိုင်းခြမ်း ခံလိုက်ရပေပြီ။
ထိုသက်လတ်ပိုင်းလူ၏ နောက်တွင် ကျင့်ကြံသူ ဒါဇင်ချီ ရှိနေ၏။ ပုဆိန်ချက်က သူတို့ပေါ်သို့ ဖြတ်သန်းသွား၏။ ထိုသူတို့၏ ခန္ဓာကိုယ်များသည် တုန်ယင်ကာ ထက်ပိုင်းပြက်သွားလေ၏။
ပုဆိန်၏အမြန်နှုန်းကို ဖော်ပြရန်မှာ မဖြစ်နိုင်ပေ။ တဝီဝီလေတိုးသံများ မပျောက်ကွယ်သွားခင်မှာပင် ထိုကျင့်ကြံသူဆယ့်နှစ်ယောက်၏ နောက်မှ ပြင်ပနယ်မြေ၏ ကျင့်ကြံသူရာထောင်ချီ၏ အမြင်သည် ဝေဝါးသွားသလို ခံစားလိုက်ရ၏။ သူတို့၏အမြင်အာရုံကို ဘယ်သောအခါမှ ပြန်ရနိုင်တော့မည် မဟုတ်ပါ။
ပုဆိန် ဖြတ်သန်းသံ ပဲ့တင်ထပ်လျက် ထိုသူတို့၏ခန္ဓာကိုယ်များသည် ပျက်စီးကုန်၏။
သူတို့၏ မျက်ခုံးများကြားတွင် သွေးစီးကြောင်းတစ်ကြောင်းစီ ဖြစ်ပေါ်ကာ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြ၏။
ကြည့်ရသည်မှာ ထိုပုဆိန်ချက် ယင်းကျင့်ကြံသူများကို ဖြတ်သန်းလာသည်ကို မည်သူကမျှ မဟန့်တားနိုင်သည့်ပုံ ရ၏။ ပုဆိန်သည် သေလောက်အောင် ဖြူရောနေသော ဆရာသခင်ယွင်လောထံ နီးကပ်လာသည်။
ဆရာသခင်ယွင်လော၏ မျက်လုံးထဲတွင် ဖြစ်တောင့်ဖြစ်ခဲ အကူအညီမဲ့မှု အရိပ်အယောင် ဖြစ်ပေါ်လာ၏။ သူမ၏အမြင်ကိုလည်း ကြောက်မက်ဖွယ်ပုဆိန်က ပြည့်ဖုံးအုပ်သွား၏။ ဒီလောကရှိ အရာအားလုံး ပျောက်ကွယ်ပြီး ထိုပုဆိန်တစ်ခုသာ ကျန်ရှိတော့သည့်အလား။
အဖြစ်အပျက်များသည် မြန်လွန်း၏။ ထိုပုဆိန် နီးကပ်လာချိန်၌ ဆရာသခင်ယွင်လောက သူမ၏လျှာကို ကိုက်လိုက်ကာ သွေးတစ်ပွက် အန်ထုတ်၏။ ထိုသွေးသည် လက်ဝါးအရွယ် သွေးဒိုင်းတစ်ခုအသွင် ဖြစ်တည်သည်။
ထိုသွေးဒိုင်းမှာ မညီမညာအနားစွန်းများဖြင့် ရှစ်ထောင့်ပုံစံ ရှိ၏။ ထိုသွေးဒိုင်းပေါ်လာသည်နှင့် ပုဆိန်က ၎င်းပေါ်သို့ ကျရောက်လာသည်။
တုန်လှုပ်ဖွယ်အသံ ကြယ်များကြားတွင် ပဲ့တင်ထပ်၏။ သွေးဒိုင်းသည် တို့ဖူး ဖြစ်သွားသည့်အလား။ ၎င်းသည် ရိုက်ချက်တစ်ချက်ကိုပင် တောင့်ခံနိုင်စွမ်း မဲ့သည်။
၎င်းဒိုင်းပေါ်ရှိ စာလုံးများသည် လျှင်မြန်စွာ ဆန့်ထွက်ပြီး ပိုက်ကွန်တစ်ခုအဖြစ် ပြောင်း၍ ပုဆိန်ကို တားဆီးလိုသည့်အလား တိုးဝင်လာ၏။
တုန်ဟည်းသံများ မြည်ဟည်းလျက် ထိုပိုက်ကွန်မှာလည်း အသုံးမဝင်၊ ၎င်းကိုလည်း ပုဆိန်က ဖြတ်ကျော်၍ သွေးဒိုင်းပေါ်သို့ ကျရောက်သည်။ သွေးဒိုင်းသည် ပုဆိန်ခုတ်ချက်ကို မခံနိုင်ဘဲ ကျိုးပျက်သွားပြီး ထိုပုဆိန်က ဆရာသခင်ယွင်လော၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေပြီ။ သူမသည် တုန့်ပြန်ရန်ပင် အချိန်မမှီလိုက်ပေ။
ပုဆိန်က ဆရာသခင်ယွင်လော၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး သူမနောက်ရှိ နယ်မြေချိပ်ပိတ်ခြင်းအစီအရင် အဟကြားသို့ ဦးတည်၏။ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်တစ်ခုလုံး တုန်ခါသွားသည်။
အဖြစ်အပျက်များသည် မြန်လွန်း၏။ နယ်မြေချိပ်ပိတ်ခြင်းအစီအရင် တုန်ခါသည့်အခါ ဆရာသခင်ယွင်လောသည် အနီရောင်တောက်တောက် သွေးများကို အန်ထုတ်လိုက်ရ၏။ သူမ၏ခန္ဓာကိုယ်မှာလည်း ဝတ်စုံနှစ်ပိုင်းအဖြစ် ကွဲထွက်၍ စတင် ပြုတ်ကျသည်။
ထိုဝတ်စုံနှစ်ပိုင်းက တစ်ခုနှင့်တစ်ခု အတူတူ ချိတ်ဆက်ကြည့်လိုက်ပါက ယင်းတို့သည် သေမျိုးကလေးငယ်များ ဆော့ကစားသော ကစားစရာလူရုပ်နှင့် ဆင်တူနေ၏။ ထိုအရုပ်က နှာခေါင်း၊ မျက်လုံးများ ရှိနေပြီး ဆရာသခင်ယွင်လောနှင့် တိတိပပ ဆင်တူနေသည်။
“ဒါက ကိုယ်ပွားတစ်ခုပဲ…” ဝမ်လင်းသည် ရှေ့သို့ ခြေလှမ်းလိုက်ရာ ဆရာသခင်ယွင်လော ရှိနေသော နေရာသို့ ရောက်လာ၏။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပြည့်နှက်ကာ သူသည် ဝတ်စုံနှစ်စကို စိုက်ကြည့်၏။ သူက သူ၏ဘယ်ဘက် အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ မီးတောက်တစ်ခုသည် ထိုဝတ်စုံအပိုင်းနှစ်စကို လောင်ကျွမ်းသွားလေ၏။
“ဒါက ကိုယ်ပွားဖြစ်နေရင်တောင် ငါဟာ နင့်မူလခန္ဓာကိုယ်ကို ရှာနိုင်တယ်…” ဝမ်လင်းသည် ဆရာသခင်ယွင်လောကို သတ်ရန် သူ့စိတ်ကိုယ်သူ အသင့် ပြင်လိုက်၏။ သူက ထိုခန္ဓာကိုယ်မှာ ကိုယ်ပွားမှန်း သဘောပေါက်သွားသည်နှင့် သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး ယွင်လော၏ ဝတ်စုံပိုင်းနှစ်ခုကို လောင်ကျွမ်း ပျက်စီးစေလိုက်သည်။
ယင်းတို့ ပျက်စီးသွားနေရင်း ဝမ်လင်းက မန္တာန်ဖြင့် အမျှင်တန်းနှစ်ခုကို ထုတ်နှုတ်ယူ၏။ ယင်းတို့သည် တစ်ခုနှင့်တစ်ခု မြွေနှစ်ကောင်အလား ယှက်လိမ်ပြီး ဝဲကတော့တစ်ခု ဖြစ်ပေါ်သည်။
“မြေနိမ့်လမ်းညွှန်…ဖြတ်သန်းစေ…” မာန်သွင်းလိုက်ရာ ဝဲကတော့သည် အနက်ရောင်တွင်းပေါက်တစ်ခုအသွင် ဖြစ်တည်၏။ ထိုတွင်းနက်သည် လုံးဝနက်မှောင်နေပြီး ၎င်းက မည်သည့်နေရာသို့ ဦးတည်သည်ကိုမူ မသိရနိုင်ပေ။
သို့ပေမည့် ထိုဝဲကတော့နက် ပေါ်လာသည်နှင့် ဝမ်လင်း၏ညာမျက်လုံးထဲရှိ မိုးကြိုးသည် လင်းလက်သည်။ အတူတကွမိုးကြိုးတစ်ခုအဖြစ် ချိပ်ပိတ်ထားသော ဂျီနယ်ပယ်သည် ဝမ်လင်း၏ညာမျက်လုံးထံမှ ချက်ခြင်း ထိုးထွက်ကာ အနက်ရောင်တွင်းနက်ထံ ပျံသန်းဝင်သွား၏။
တစ်ချိန်တည်းမှာ မီးအနှစ်သာရသည် ဂျီနယ်ပယ်မိုးကြိုးနောက်ကနေ ဝဲကတော့အတွင်းသို့ တရှိန်ထိုး ဝင်ရောက်သည်။ မိုးကြိုးနှင့်မီးတို့ တရကြမ်း ဝင်သွားလေပြီ။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၊ အုပ်စိုးသူကောင်စီ၏ တားမြစ်နေရာသုံးခုထဲမှ တစ်ခု။ ထိုနေရာသည် ပုံမှန် ဟင်းလင်းပြင်တွင်း၌ တည်ရှိနေခြင်း မဟုတ်ပေ။ ၎င်းနေရာမှာ ဆရာသခင်ယွင်လော၏ ဘိုးဘေးများ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သော တော်ဝင်ကုန်းမြေတစ်ခုသာ ဖြစ်သည်။
ထိုနေရာတွင် ရေကန်တစ်ခု ရှိလေ၏။ ယင်းရေကန်သည် ကြည်လင်နေပြီး အလယ်တွင်မူ ကျွန်းတစ်ခု ရှိသည်။ ဆရာသခင်ယွင်လောက၏ မူလခန္ဓာကိုယ်သည် ထိုကျွန်းပေါ်ရှိ အဆောက်အဦတစ်ခု အောက်၌ ထိုင်နေ၏။ သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နက်မှောင်သောဆံနွယ်များသည် လွင့်ဝဲကျနေသည်။ သူမ၏မျက်နှာသည် ဖြူရောနေပြီး မျက်လုံးမှိတ်ထားသည်။ သူမ၏ကိုယ်ပွား ဝမ်လင်း၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည့်အခါတွင် သူမ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သွေးအန်လိုက်ရသည်။
ထိုသွေးသည် သွေးမြူအဖြစ် လွင့်ပါးသွား၏။ သွေးစက်အနည်းငယ်က သူမ၏အဖြူရောင်ဝတ်ရုံပေါ်သို့ ကျရောက်ကာ တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုကို ဖြစ်စေသည်။
သူမက မျက်လုံးဖွင့်လာသည်။ သူမ၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ အထင်းသား ပေါ်နေသည်။ သို့ရာတွင် သူမ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူမသည် အပေါ်သို့ ဆက်ခနဲ မော့ကြည့်လိုက်ရာ ကျွန်းအထက်တွင် ဝဲကတော့ကဲ့သို့ အနက်ရောင်တွင်းနက်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရ၏။
ထိုဝဲကတော့ ပေါ်လာသည်နှင့် မိုးကြိုးတုန်ဟည်းသံသည် စတင် ပဲ့တင်ထပ်သည်။
ထိုမိုးကြိုးသည် အနီရောင် ရှိ၏။ ၎င်း ပေါ်လာသည်နှင့် ၎င်းက ကောင်းကင်ကို အနီရောင် စွန်းထင်းသွားစေသည်။ အနီရောင်မိုးကြိုးတန်းသည် ဆရာသခင်ယွင်လော ရှိနေသော ကျွန်းပေါ်သို့ သက်ဆင်းကျလာသည်။
အနီရောင်မိုးကြိုးတန်းသည် ဆင်းသက်လာရင်း ၎င်းသည် ကြီးသထက်ကြီးမားလာကာ ပေတစ်ထောင်ကျော်လာ၏။ ၎င်းသည် ဒီကျွန်းပေါ်ရှိ အရာအားလုံးကို ဖျက်စီးတော့မည့် ကောင်းကင်ဘုံမိုးကြိုးတန်းတစ်ခုအလား။
အနီရောင်မိုးကြိုးထံမှ ဂျီနယ်ပယ်ဖိအားသည် ပျံ့လွင့်လာ၏။ ထိုအနီရောင်မိုးကြိုးတန်း ကျွန်းပေါ်သို့ ကျရောက်လာသည့်အခါ ကောင်းကင်တုန်ဟည်းဖွယ် ပေါက်ကွဲသံ ပဲ့တင်ထပ်၏။
ကျွန်းတစ်ခုလုံးသည် တုန်ယင်သည်။
မိုးကြိုးနောက်တွင် အဆုံးမဲ့မီးများ မြှင့်တက်ကာ ကျွန်းကို ဝန်းရံသည်။ အဝေးမှ ကြည့်ပါက ၎င်းသည် လောင်ကျွမ်းမီးပင်လယ်တစ်ခုအလား။ ကန်ထဲရှိ ရေများသည်ပင် မီးအရှိန်ကြောင့် အဖြူရောင်အခိုးအငွေ့အဖြစ် လွင့်ပျောက်သွားရသည်။
မိုးကြိုးနှင့်မီးသည် အတူတကွ ရောယှက်နေ၏။ ကျွန်းသည် ဧရာမတုတစ်လက်ဖြင့် ထုချခံလိုက်ရသည့်နှယ် အပြင်းအထန် တုန်ခါသည်။ ၎င်းသည် အစိတ်စိတ်အမွှာမွှာ ဖြစ်ကာ အဘက်ဘက်သို့ ပျံ့ကျဲကုန်၏။
“တတိယမြောက် ရှေ့ဖြစ်အဟော၊ ကောင်းကင်ဘုံမိုးကြိုး ဆင်းသက်လာမယ်…။ စတုတ္ထမြောက် ရှေ့ဖြစ်အဟော၊ မီးပင်လယ် လောင်ကျွမ်းမယ်၊ ပဥ္စမမြောက်ရှေ့ဖြစ်အဟော…ကျွန်းဟာ တစစီ ဖြစ်သွားမယ်…”
ဆရာသခင်ယွင်လောက ရေကန်ဗဟိုချက်ရှိ ကျွန်းအစိတ်အပိုင်းတစ်ခုပေါ်တွင် ထိုင်နေသည်။ သူမနောက်မှ အဆောက်အဦသည် နူးညံ့သောအလင်းတစ်ခုကို ပေးစွမ်းနေ၏။ သူမသည် နောက်ထပ် သွေးအန်လိုက်ရပြီး သူမ၏မျက်နှာသည် ပြာနှမ်းသွားသည်။ သူမသည် သူမပတ်လည်ရှိ လောကကို ခါးသီးစွာ ကြည့်မိသည်။
“ဘိုးဘေးတွေရဲ့ ရှေ့ဖြစ်ဟောရှစ်ခုမှာ…ငါးခုမြောက်ထိ ဖြစ်လာခဲ့ပြီ…”
ထိုအခိုက်တွင် ဂျီနယ်ပယ်မိုးကြိုးက ကျွန်းကို ဖျက်စီးပြီးနောက် ဆရာသခင်ယွင်လောထံ နီးကပ်လာသည်။ ယင်းမိုးကြိုးသည် ကူးခတ်နေသော မရေမတွက်နိုင်သည့် သွေးမြွေများအလား တုန်လှုပ်ဖွယ်မြင်ကွင်းကို ဖန်တီးသည်။
ထိုအနီရောင်မိုးကြိုးတန်းက မြန်ဆန်စွာပင် ဆရာသခင်ယွင်လော ပတ်လည်ရှိ နူးညံ့သောအလင်းပေါ်၌ သိပ်သည်းစုဖွဲ့လာ၏။ ခဏအကြာတွင် ၎င်းက နူးညံ့သောအလင်းနှင့် ထိပ်တိုက်တွေ့သည်။
နူးညံ့သောအလင်းသည် တွန့်ခေါက်ပုံပျက်လာကာ ၎င်းသည် ဆရာသခင်ယွင်လော၏ ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ထွေးပိုက်သည့်အထိ သိပ်သည်းလာ၏။ ၎င်းသည် အပြင်းအထန် တောက်ပကာ ဂျီနယ်ပယ်မိုးကြိုးကို ခုခံရန် တာဆူသည်။
သို့ရာတွင် ထိုနူးညံ့သောအလင်းက ဂျီနယ်ပယ်မိုးကြိုးကို မယှဉ်နိုင်သည်မှာ ထင်ရှားပေ၏။ အသက်ရှုချိန်အနည်းငယ် ခုခံပြီးနောက် ၎င်းသည် ပျက်စီးသွားသည်။ အဆုံးမဲ့အနီရောင်မိုးကြိုးက ဆရာသခင်ယွင်လော၏ ခန္ဓာကိုယ်ထံ တရှိန်ထိုး ဦးတည်ဝင်လာတော့သည်။
ထိုအနီရောင်မိုးကြိုး ရောက်လာသည့်အခါ ဆရာသခင်ယွင်လောသည် ခါးသီးစွာဖြင့် သူမ၏ကျောက်စိမ်းကဲ့သို့ လက်ကို ဝေ့ယမ်းလိုက်သည်။ ထိုအခါ သူမ၏ရှေ့တွင် အနက်ရောင်အရိုးစုတစ်ခု ပေါ်လာ၏။
ထိုအရိုးစုသည် ရှေးကျသောအော်ရာတစ်ခုကို ပေးစွမ်းနေ၏။ ၎င်းမှာ သူမ၏ဆရာဖြစ်သူ၏ အရိုးစုပင်။
ထိုအရိုးစုပေါ်လာသည်နှင့် အနီရောင်မိုးကြိုးသည် ဆွဲဆောင်ခံလိုက်ရသည့်နှယ် ၎င်းထံသို့ တရှိန်ထိုး ဝင်ရောက်လာ၏။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကာ အရိုးစုသည် ရုတ်တရက် ပျက်စီးသွားသည်။
“ခြောက်ခုမြောက် ရှေ့ဖြစ်အဟော၊ ဘိုးဘေးရဲ့ အကြွင်းအကျန် တစစီ ဖြစ်လိမ့်မယ်…။ ခုနစ်ခုမြောက် ရှေ့ဖြစ်အဟော၊ စိတ်ဝိညာဉ်ဟာ ကလန်နဲ့ တသားတည်း ပြန်ပေါင်းစည်း သွားလိမ့်မယ်…။ ရှစ်ခုမြောက် ရှေ့ဖြစ်အဟော၊ ဆောင်းဦးသစ်ခွ ပြန်ပွင့်လန်းလာမယ်…။ ကိုးခုမြောက် ရှေ့ဖြစ်အဟော…”
ဆရာသခင်ယွင်လော၏ အသံသည် တုန်ဟည်းသံများကြား တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားသည်။ သူမ၏ဆရာဖြစ်သူ အရိုးစုက အနီရောင်မိုးကြိုးအားလုံးကို စုပ်ယူပြီးသည့်နောက် ယင်းတို့သည် ပျက်စီးသွားတော့သည်။ ထိုအစိတ်အပိုင်းများက မုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်ကာ ဆရာသခင်ယွင်လော၏ ခန္ဓာကိုယ်ပတ်ပတ်လည်ကို ထွေးခြုံပေးသွားသည်။
သူမ၏ခန္ဓာကိုယ်သည် တစစီဖြစ်ကာ လုံးဝ ပျောက်ကွယ်သွား၏။ သူမ၏မူလစိတ်ဝိညာဉ်သည်ပင် ပြိုလဲပျက်စီးသည်။ သို့သော် သူမ၏စိတ်ဝိညာဉ်သည် အရိုးအစိတ်အပိုင်းမုန်တိုင်းနှင့် ပေါင်းစည်းသွားပြီးနောက် ထိုမုန်တိုင်းနှင့်အတူ ပျောက်ကွယ်သွားသည်။
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းအတွင်းရှိ တိုက်ပွဲနယ်မြေတွင် ဝမ်လင်းသည် မားမားရပ်လျက် ပုဆိန်ကို ဆွဲကိုင်ထားသည်။ သူ၏အကြည့်က ပြင်ပနယ်မြေရှိ ကျင့်ကြံသူများပေါ်သို့ ဝေ့ဝိုက်ကျရောက်သွားသည်။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် တဖျပ်ဖျပ် ဖြစ်ပေါ်၏။
အဆိပ်ပင်လယ်သည် ကြယ်များကြား ဖြတ်သန်း၏။ ခြင်သားရဲထောင်သောင်းချီကလည်း ဟိန်းအော်လျက် အဆိပ်ပင်လယ်နှင့်အတူ ရွှေ့လျားလာကာ ပြင်ပနယ်မြေရှိ ကျင့်ကြံသူတစ်သိန်းထံ ဦးတည်ဝင်လာသည်။
တိမ်ပင်လယ်ရှိ အကွာအဝေးတစ်ခု၌ လှိုင်းဂယက်များစွာ ရုတ်တရက် ပေါ်လာသည်။ ထိုလှိုင်းဂယက်များအတွင်း၌ တစ်ခု၊ နှစ်ခု၊ သုံးခုကနေသည် ကျင့်ကြံခြင်းဂြိုဟ်ကိုးရာ ကျော်သည် ရုတ်ချည်း ပျံသန်းထွက်လာ၏။
အလုံးစုံကောင်းကင်မှ အင်အားစုများ ရောက်ရှိလာကြပေပြီ။
ပိုဝေးသောနေရာ၌ လျှပ်စီးအလင်းတန်းများ ထွက်ပေါ်လာ၏။ ယင်းတို့သည် လေဟာနယ်ကို ဖွင့်လှစ်ကာ မြန်ဆန်စွာ နီးကပ်လာသည်။ ၎င်းမှာ လျှပ်စီးတန်းအနည်းငယ်မျှသာ မဟုတ်၊ မရေမတွက်နိုင်အောင် များပြားလွန်းသည်။
ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းမှ အင်အားစုများ ရောက်လာခဲ့ကြပြီ။
***