← Chapters

ဆင့်ခေါ်ခြင်းမြစ်မှ အမျိုးသမီးကျင့်ကြံသူများ

Vol. 115 Ch. 1580

ဆင့်ခေါ်ခြင်းမြစ်မှ အမျိုးသမီးကျင့်ကြံသူများ

Vol. 115 Ch. 1580

ဆင့်ခေါ်ခြင်းမြစ်ကလန်မှ ကျင့်ကြံသူများသည် လျှပ်စီးတန်းများပေါ်တွင် ရပ်နေကြ၏။ အချို့လျှပ်စီးများပေါ်တွင် လူတစ်ယောက်ကိုသာ သယ်ဆောင်ထားသည်။ အချို့ပေါ်တွင် လူဆယ်ယောက်ကျော်၊ အချို့ပေါ်တွင် လူရာချီကို သယ်ဆောင်ထားလေ၏။ ဆင့်ခေါ်ခြင်းမြစ်မှ ကျင့်ကြံသူများသည် ထိုမျှ တုန်လှုပ်ဖွယ် အပြုအမူဖြင့် ယခင်က တခြားကြယ်အဖွဲ့အစည်းသုံးခုထံ လုံးဝ ပေါ်ထွက်လာဖူးခြင်း မရှိပေ။

ထိုလျှပ်စီးတန်းများသည် မိုးကြိုးမြည်ဟိန်းသံများကို ပေးစွမ်းနေ၏။ ယင်းတို့သည် မြန်လွန်းသဖြင့် သာမန်မျက်စိဖြင့်ပင် မြင်ရဖို့ မဖြစ်နိုင်ပေ။ သူတို့၏ဝတ်စုံများကမူ အနည်းငယ် ထူးခြားနေသည်။ စစ်တပ်ဝတ်စုံမျိုးနှင့် ဆင်နေသည်။ တူညီဝတ်စုံကို ဝတ်ဆင်ထားသည့်အလား။

ထိုကျင့်ကြံသူများနှင့် ပတ်သတ်၍ သိသိသာသာ ထူးခြားနေသည်မှာ အများစုသည် အမျိုးသမီးကျင့်ကြံသူများ ဖြစ်နေခြင်းပင်။

ထိုကဲ့သို့အဖြစ်မျိုးမှာ အလုံးစုံကောင်းကင်၊ တိမ်ပင်လယ်နှင့် မဟာမိတ် ကြယ်အဖွဲ့အစည်းသုံးခုတွင် ဖြစ်တောင့်ဖြစ်ခဲပင်။ ဆင့်ခေါ်ခြင်းမြစ်၏ ကျင့်ကြံသူထောင်သောင်းချီကြားမှာ အမျိုးသားကျင့်ကြံသူက ထောင်ဂဏန်းမျှသာ ရှိ၏။

ဆင့်ခေါ်ခြင်းမြစ်မှ ကျင့်ကြံသူအားလုံးသည် အလေးအနက်ဟန်ပန်များဖြင့် ရှိနေ၏။ သူတို့သည် ဆုံးဖြတ်ပြီး ဖြစ်ကာ သတ်ဖြတ်လိုခြင်းဆန္ဒနှင့် ပြည့်နှက်၏။ သူတို့သည် အမျိုးသမီးများ ဖြစ်ကြသော်လည်း ဤအခိုက်အတန့်တွင် သတ်ဖြတ်လိုစိတ်မှာ သူတို့ထံ၌ ကင်းမဲ့မနေပေ။

ရှည်လျားသော အင်္ကျီရှည်ကို ဝတ်ဆင်ထားသည့် ပညာတတ်ပုံစံ ကျင့်ကြံသူတစ်ယောက်က နဂါးအသွင် လျှပ်စီးတန်းတစ်ခုပေါ်တွင် ရပ်နေ၏။ သူမ၏ဆံပင်များက တဖျပ်ဖျပ်လွင့်လျက်၊ လှပသောမျက်နှာကို ဖော်ကျူးလှစ်ဟနေသည်။

သူမ၏နောက်တွင် သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က လျှပ်စီးပေါ်၌ ငြိမ်သက်စွာ ရှိနေ၏။

အလုံးစုံကောင်းကင်ဘက်ခြမ်းတွင်မူ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူအများစုသည် ကျင့်ကြံခြင်းဂြိုဟ်များနှင့်အတူ လှိုင်းဂယက်များကို ဖြတ်သန်းလာနေ၏။ သူတို့သည် အမျိုးမျိုးသောမိသားစုများထံမှ ဖြစ်ကြ၏။ သို့သော် သူတို့သည် တသွေးတည်းတသားတည်း ရှိနေသည်။

အရှင်လုဖူက ရှေ့ဆုံးတွင် ဖြစ်၏။ သူသည် သုန်မှုန်သည့်ဟန်ပန်ဖြင့် ရှေ့တိုးဝင်လာသည်။ သူက သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ဓားကျိုး ပျံသန်းထွက်သည်။

ထိုအခိုက်တွင် သူတို့သည် ဆင့်ခေါ်ခြင်းမြစ် သို့မဟုတ် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ မဟုတ်တော့၊ သူတို့အားလုံးက အတွင်းနယ်မြေမှ ကျင့်ကြံသူများသာ ဖြစ်ချေသည်။

အလုံးစုံကောင်းကင်နှင့် ဆင့်ခေါ်ခြင်းမြစ်မှ အင်အားစုများကြောင့် တိမ်ပင်လယ်မှ ကျန်ရှိနေသော ကျင့်ကြံသူထောင်ချီက ပို၍ပင် စိတ်လှုပ်ရှားလာ၏။ သူတို့သည် သေရမည်ကို မမှုခဲ့ပြီ မဟုတ်လား။ သူတို့သည် ထိုအင်အားစုများကို တွေ့မြင်သည့်အခါ၌ ပို၍ တက်ကြွလာ၏။ အားရှိလာ၏။

ပြင်ပနယ်မြေမှ ကျင့်ကြံသူများအတွက်မူ သူတို့သည် လူအများအပြား ရှိနေသေးသော်လည်း သူတို့၏စိတ်နှလုံးကမူ လှုပ်ခါနေခဲ့ပြီး ဖြစ်၏။ အဆိပ်ပင်လယ်နှင့် ခြင်သားရဲအုပ်ကြီးက တိုက်ခိုက်နေရင်း နာကျင်ထိတ်လန့်စွာ အော်သံဟစ်သံများ ပဲ့တင်ထပ်လျက် သူတို့သည် အလျင်အမြန် လူစုခွဲကြသည်။

ထို့အတွက်ကြောင့် သူတို့သည် လှည့်ပတ် ပြေးနေသလိုပင်။ ဝမ်လင်း၏ ဟိန်းသံမာန်သွင်းသံက ပြင်းထန်သောရိုက်ချက်တစ်ခုအလား ပြင်ပနယ်မြေမှ ကျင့်ကြံသူများ၏ စိတ်နှလုံးတွင်းရှိ လက်ကျန်ခံနိုင်အားကို ပြိုလဲစေသည်။

“မီးစာကလေးကလန်ရဲ့ ဘိုးဘေး သေသွားခဲ့ပြီ။ တတိယအဆင့်ကျင့်ကြံသူ နန်ကျောက်လည်း သေသွားပြီ။ အုပ်စိုးသူကောင်စီရဲ့ ဆရာသခင်ယွင်လောလည်း သေသွားပြီ။ အခု မင်းအလှည့်ပဲ…”

ဝမ်လင်း၏မျက်လုံးသည် ချင်းချင်းနီရဲလျက် သူသည် ပုဆိန်ကို ဝေ့ယမ်း၍ ရှေ့သို့ လှမ်းသည်။ တုန်ဟည်းသံများ ပဲ့တင်ထပ်၍ အလောင်းများ ဒီဧရိယာတွင် ပြည့်ကုန်သည်။

အရှင်တိမ်စွန်းက ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်နှင့် တိုက်ခိုက်နေလျက် ရှိ၏။ ထိုအခိုက်တွင် ဆင့်ခေါ်ခြင်းမြစ်မှ ယောက်ျားတစ်ယောက်လို ဝတ်ဆင်ထားသော အမျိုးသမီးသည် ချဉ်းကပ်လာ၏။ သူမ၏ပတ်လည်တွင် လျှပ်စီးများ တစီစီ မြည်နေ၏။

“ရောင်းရင်းကျင့်ကြံသူ တိမ်စွန်း…သူ့ကို ခရမ်းအိပ်မက်ရှိ ထားခဲ့လိုက်ပါ…”

ပညာတတ်အသွင်ကျင့်ကြံသူက နူးညံ့စွာ ပြောလိုက်၏။ ထို့နောက် သူမသည် လက်ဝေ့ယမ်းကာ တိုက်ပွဲကွင်းပြင်ထံ ခြေလှမ်းဝင်သည်။

အရှင်တိမ်စွန်းက ပြုံး၍ နောက်ဆုတ်၏။ သူသည် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်ကို ဆက်၍ ကြည့်မနေတော့ပေ။ သူသည် လင်းတန်နှင့် ကျိုးကျင်တို့ကို သူနှင့်အတူ ခေါ်ကာ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို ပြုပြင်ဖို့အတွက် ပြန်စတင်သည်။

“နိမ့်ကျတဲ့အစေခံ၊ နင့်ရဲ့ အမကြီးကော ဘာကြောင့် မလာတာလဲ…” ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။ သူမသည် အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူတို့နှစ်ယောက်သည် အပြန်အလှန် တိုက်ခိုက်ကြလေပြီ။ သို့သော် အနိုင်ရသူကို ဆုံးဖြတ်ဖို့ကမူ မလွယ်လှပါ။

ပညာတတ်အသွင် အမျိုးသမီးက တည်ငြိမ်စွာ ရှိနေပြီး တိုးညင်းစွာ ပြောလိုက်၏။ “အမကြီး မကြာခင် ဒီကို ရောက်လာတော့မှာ။ နင် ခဏပဲ စောင့်…”

လှပသောသက်လတ်ပိုင်းအမျိုးသမီး၊ အရှင်လုဖူတို့သည် အရှင်ဟုန်ရှိ ထမ်းထားရသော ဝန်ပေါ့သွားအောင် တိုက်ပွဲအတွင်း ဝင်ပါလာ၏။ အေးစက်စက်ကောင်လေးကမူ သုန်မှုန်လာတော့သည်။

အလုံးစုံကောင်းကင်၊ ဆင့်ခေါ်ခြင်းမြစ်မှ တိုက်ခိုက်မှုသည် ပြိုလဲပြီးဖြစ်သည့် ပြင်ပနယ်မြေစစ်တပ်ကို ပို၍ သေဆုံးစေတော့သည်။ နာကျင်ထိတ်လန့်စွာ အော်သံဟစ်သံများ ပွက်လောရိုက်နေ၏။

ဆင့်ခေါ်ခြင်းမြစ်မှ ကျင့်ကြံသူများသည် အမျိုးသမီးများ ဖြစ်ကြသော်လည်း သူတို့၏တိုက်ခိုက်မှုများမှာ ကြမ်းတမ်းလှသည်။ သူတို့သည် အမြန်နှုန်းနှင့် လျှပ်စီးကို အထူးပြုကာ တိုက်ပွဲကို မွှေနှောက်လေ၏။

အလုံးစုံကောင်းကင်ကမူ ဂြိုဟ်ပေါင်းကိုးရာနှင့် ပြုလုပ်ထားသော အစီအရင်အတွင်း၌ ကျယ်လောင်စွာ မြည်ဟည်းသံများ ပဲ့တင်ထပ်နေ၏။ ဂြိုဟ်အရိပ်များ ပေါ်လာကာ ယင်းတို့သည် ပြင်ပနယ်မြေမှ ကျင့်ကြံသူများပေါ်သို့ ဖိသိပ်ရိုက်ချသည်။

အဆိပ်ပင်လယ်ကလည်း သောင်းကြမ်းနေသည်သာ။ ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် နာကျင်စွာ အော်ဟစ်လျက် သွေးအိုင်အဖြစ်သို့ အရည်ပျော်ကာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်သည်။

ခြင်သားရဲမြောက်များစွာကလည်း ထိုကျင့်ကြံသူများကို တိုက်ခိုက်ကြ၏။ သူတို့သည် ကျင့်ကြံသူတစ်ယောက်ထံ မကြာမကြာ ရောက်သွားကာ နှုတ်သီးဖြင့် ထိုးချ၏။ ချက်ခြင်းပင် ထိုကျင့်ကြံသူ၏ သွေးနှင့်မူလစွမ်းအင် ခြောက်ခမ်းသည့်အထိ စုပ်ယူခြင်း ခံလိုက်ရကာ မံမီများ ဖြစ်ကုန်သည်။

ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် အင်တိုက်အားတိုက် ထပ်ခါထပ်ခါ တိုက်ခိုက်ခံနေရ၏။

အချိန်တိုအတွင်း ကျင့်ကြံသူတစ်သောင်းနီးပါး သေဆုံးသွားပေပြီ။ သူတို့သည် နောက်သို့ ဆက်လက် ဆုတ်နေသည်။ သူတို့၏ ယုံကြည်မှုမှာ ဝမ်လင်းက သူတို့ဘက်မှ လူသုံးယောက်ကို သတ်ဖြတ်ခဲ့ချိန်တွင် ဖျက်စီးခံလိုက်ရပေပြီ။ သူတို့သည် ဆက်လက်၍ မတိုက်ခိုက်ဝံ့ကြတော့ပေ။

သူတို့ စကျူးကျော် ဝင်ရောက်လာချိန်တုန်းက ယုံကြည်မှု အပြည့်ဖြင့် ရှိနေကြ၏။ သူတို့၏အမြင်၌ အတွင်းနယ်မြေမှ ကျင့်ကြံသူများသည် ပုရွတ်ဆိတ်များအလား။ သူတို့သည် သတ်မည်၊ လုမည်ဟု ရည်ရွယ်ကာ ရောက်လာကြသည်။ သူတို့သည် အတွင်းနယ်မြေသည် မည်သို့မျှ မခုခံနိုင်ဟု တွေးထင်ထားခဲ့ကြသည်။

တကယ်တမ်းတွင် သူတို့အတွင်းနယ်မြေသို့ ဝင်ရောက်လာပြီးနောက် တိမ်ပင်လယ်မှ ကျင့်ကြံသူများ သေဆုံးမှုက သူတို့၏ ယုံကြည်မှုကို အားဖြည့်ပေးခဲ့၏။ ပို၍ စိတ်လှုပ်ရှားစေခဲ့၏။ သို့ပေမည့် သူတို့ မှားသွားခဲ့ပြီပင်။ ခုချိန်၌ ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် သူတို့သည် အတွင်းနယ်မြေမှ ကျင့်ကြံသူများကို အထက်စီးမှ ကြည့်ခဲ့မိသည်ကို နားလည်သွားပေပြီ။

မီးစာကလေးကလန်ဘိုးဘေး သေဆုံးမှုက သူတို့၏ယုံကြည်မှုကို လှုပ်ခါစေခဲ့၏။

မြင့်မြတ်သောနန်ကျောက်၏ နာကျင်စွာအော်ဟစ်သံက သူတို့၏ တိုက်ရဲခိုက်ရဲသည့် သတ္တိကို ပြိုလဲစေခဲ့၏။

နောက်ဆုံးတွင် ဆရာသခင်ယွင်လော၏ သေဆုံးမှုက သူတို့၏ယုံကြည်မှုကို လုံးဝ ဖျက်စီးသွားခဲ့သည်။ ထိုအဖြစ်သနစ်က သူတို့၏ ယုံကြည်မှုကို အကြောက်တရားအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

“ဒီစစ်ပွဲမှာ…ငါတို့ ရှုံးပြီ…” ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် အလန့်တကြား ဟိုဟိုဒီဒီ ပြန့်ကျဲ၍ အသည်းအသန် နောက်ဆုတ်ကုန်သည်။ သူတို့သည် ကြောက်နေပြီ။ သူတို့သည် အတွင်းနယ်မြေကနေ ထွက်သွားနေပြီ ဖြစ်၏။ သူတို့အတွက် အတွင်းနယ်မြေမှ ကျင့်ကြံသူများသည် သေရမည်ကိုပင် ဂရုမစိုက်တော့သော ငမိုက်ကန်းများနှင့် တူနေ၏။ သူတို့အတွက် မသေခင် ပိုသတ်နိုင်ဖို့ကိုသာ အလေးစိုက်ထားကြသည်။

အဆိပ်ပင်လယ်သည် ဝုန်းဒိုင်းကြဲ၏။ ခြင်သားရဲများသည် တဝီဝီအော်မြည်သည်။ တိမ်ပင်လယ်မှ ကျင့်ကြံသူများသည် သေရမည်ကို မမှုဘဲ အကြောက်တရားကင်းစွာ တိုက်ခိုက်ကြသည်။ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် တဟုန်ထိုး ပြေးဝင်လာသည်။ ဆင့်ခေါ်ခြင်းမြစ်မှ ကျင့်ကြံသူများသည် လျှပ်စီးတန်းများ စီးနင်းလျက် နီးကပ်လာသည်။ ထိုအရာများအားလုံးက သတ်ဖြတ်ခြင်း ကွန်ယက်တစ်ခုသဖွယ် ဖြစ်တည်သည်။

ဝမ်လင်းသည် ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ပုဆိန်ကို ဆွဲကိုင်လျက် ရှေ့တိုးလာနေ၏။ သူ ပုဆိန်ကို ဝေ့ယမ်းတိုင်း ကျင့်ကြံသူများ သေဆုံးရမည်။ သူ၏ဝတ်စုံဖြူမှာ အနီရောင်သွေးဖြင့် စွန်းထင်းနေပြီးပင်။ ထို့နောက်တွင် ဝမ်လင်းသည် တိမ်မြူတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ရှေ့သို့ တဟုန်ထိုး ဝင်ရောက်သည်။

သူ အသွင်ပြောင်းလဲထားသော မြူထုမှာ ပေတစ်သိန်းအကျယ် ရှိနေ၏။ ၎င်းသည် ကျင့်ကြံသူမြောက်များစွာကို ထွေးခြုံသည်။ ထိုကျင့်ကြံသူများ၏ အသက်ဓာတ်များမှာ စုပ်ယူခြင်း ခံရပြီးနောက် သွေးရည်အဖြစ် ပြောင်းကာ သေဆုံးကုန်သည်။

ဤကား တန်ပြန်တိုက်ခိုက်မှုပင်။

တိမ်ပင်လယ်မှ ကျင့်ကြံသူများ သတ်ဖြတ်ခံခဲ့ရသလိုမျိုးနှင့် အဖြစ်ချင်း တူနေပေပြီ။ သည်ကြမ်းတမ်းလှသော တိုက်ပွဲအတွင်း အတွင်းနယ်မြေမှ ကျင့်ကြံသူများသည် နောက်ဆုံးတွင် တန်ပြန်တိုက်ခိုက်မှု ထိုးနှက်လာကြပြီ ဖြစ်သည်။ အလုံးစုံကောင်းကင်နှင့် ဆင့်ခေါ်ခြင်းမြစ် ကျင့်ကြံသူများ၏ အပြင်းအထန် တိုက်ခိုက်မှုများအောက်၌ ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် အလူးအလဲ ဆိုးရွာစွာ ခံစားနေရသည်။

ခြင်သားရဲများနှင့် အဆိပ်ပင်လယ်တို့က မုန်တိုင်းတစ်ခုအလား ၎င်းတို့နှင့် ထိမိသူတိုင်း၏ အသက်ကို ယူဆောင်နေ၏။ ပြင်ပနယ်မြေ၏ ကျင့်ကြံသူတစ်သိန်းတွင် ရှစ်သောင်းပင် မပြည့်တော့ပေ။

ထိုအခိုက်အတန့်တွင် ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ တတိယအသုတ် စစ်တပ် ထပ်မံ ရောက်လာ၏။ သူတို့သည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင် အပြင်ဘက်တွင် ပေါ်လာကာ တရှိန်ထိုး ဝင်ရောက်ရန် ဟန်ပြင်သည်။

ထိုတတိယအသုတ်၏ ရှေ့ဆုံး၌ နိဗ္ဗာနလေဟာနယ်အလယ်အဆင့် တတိယအဆင့်ကျင့်ကြံသူနှစ်ယောက် ရှိနေ၏။ သူတို့သည် ကျင့်ကြံသူငါးသောင်းကို ခေါ်ဆောင်၍ နီးကပ်လာသည်။ သူတို့ရောက်လာသည်နှင့် ပြင်ပနယ်မြေမှ ဟိုဟိုဒီဒီ ပြန့်ကျဲ ပြေးလွှား နောက်ဆုတ်နေသော ကျင့်ကြံသူများသည် တိုက်ခိုက်ရန် စိတ်ဆန္ဒ ပြန်ရလာကြ၏။

တတိယအသုတ်စစ်တပ်က ခုထိ မဝင်လာရသေးချေ။ သို့သော် သူတို့၏ အော်ဟစ်သံများကပင် ပြန့်ကျဲနေသော ပြင်ပနယ်မြေစစ်တပ်ကို နောက်ဆုတ်နေရာကနေ ရပ်တန့်စေအောင် လုပ်နိုင်စွမ်း ရှိလေ၏။

ဝမ်လင်းသည် သတ်ဖြတ်နေရင်း သူ၏မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သူသည် ဝဲကတော့တစ်ခုအသွင် ပြောင်း၍ ရှေ့သို့ တရှိန်ထိုး ပြေးဝင်၏။ သူသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ အပေါက်အထက်၌ ပေါ်လာ၏။

သူသည် ထိုအဟကြားတွင် မားမားရပ်လျက် သူ့ညာလက်ကို ဝေ့ယမ်း၏။ သူသည် အသံသည် အဘက်ဘက်သို့ ပျံ့လွင့်သွားသည်။

“ငါ ဒီမှာ ရှိနေရင် ငါ မသေမချင်း ဘယ်သူမှ အတွင်းနယ်မြေကို ခြေတစ်လှမ်းတောင် မလှမ်းနိုင်စေရဘူး…”

ထိုသို့ ပြောရင်း သူ၏ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာ၏။ ထို့နောက် သူ့ခန္ဓာကိုယ်သည် ချက်ခြင်း ချဲ့ကားလာကာ သူ၏ကြယ်ခုနစ်လုံး ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ဖြစ်ပေါ်လာပြီ။

သူ၏ ပေသောင်းချီ မြင့်မားသော ခန္ဓာကိုယ်က အလွန်ကြီးမားလှကာ တွေ့မြင်ရသော ကျင့်ကြံသူတိုင်းအဖို့ တုန်လှုပ်သွားစေဖို့ လုံလောက်နေ၏။

နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ အပြင်ဘက်တွင် ပြင်ပနယ်မြေမှ တတိယအသုတ်စစ်တပ်က ပြေးဝင်လာကြ၏။ သူတို့သည် ဝမ်လင်း၏စွမ်းပကားကို မသိကြသည်ဖြစ်ရာ သူတို့အဖို့ တုန်လှုပ်မိသော်လည်း ကြောက်ရွှံ့မှုဟူ၍ ရှိမနေကြပေ။ သူတို့သည် ရူးသွပ်စွာဖြင့် ဝမ်လင်းထံ ပြေးဝင်လာကြသည်။

ဝမ်လင်းသည် နေရာတွင်ပင် မားမားရပ်လျက် သူ့ထံ ပြေးဝင်လာသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို အေးတိအေးစက် ကြည့်သည်။ သူ့ကို တည်ငြိမ်စွာ ကြည့်နေသော တတိယအဆင့်ကျင့်ကြံသူနှစ်ယောက်လည်း ရှိနေ၏။

သူက ညာလက်ကို ဘေးတစ်ဖက်သို့ ရွှေ့လျားလိုက်၏။ ပြင်ပနယ်မြေမှ တတိယအသုတ်စစ်တပ် ရောက်ရှိလာသည့်အခါ သူသည် ကောင်းကင်တုန်လှုပ်ဖွယ် ဟိန်းသံကို ထုတ်ဖော်၏။

“သတ်…” ဝမ်လင်း၏ဘယ်မျက်လုံးမှ သိမ်မွေ့ဆန်းကြယ်မီးမုန်တိုင်းသည် ရှေ့ရှိ ကျင့်ကြံသူထောင်ချီထံ ဦးတည်ဝင်ရောက်သည်။ ထိုကျင့်ကြံသူများသည် လောင်ကျွမ်းခံရကာ နာကျင်စွာအော်ဟစ်၍ နောက်ဆုတ်၏။ ထို့နောက် သူတို့သည် ချက်ခြင်းပင် ပြာပုံဘဝသို့ ရောက်ကုန်သည်။ “သတ်…” ဝမ်လင်းသည် ထပ်မံ မာန်သွင်းလိုက်၏။ သူ၏ညာမျက်လုံးထဲမှ မိုးကြိုးအမှတ်အသားသည် အဆုံးမဲ့မိုးကြိုးများကို ထုတ်လွှတ်သည်။ အဆုံးမဲ့မိုးကြိုးများသည် မိုးကြိုးပင်လယ်အဖြစ် ပြောင်းကာ ပျံ့နှံ့သည်။

ထိုမိုးကြိုးနှင့် ထိမိသူတိုင်းသည် ပျက်စီးရကုန်၏။

တတိယအဆင့်ကျင့်ကြံသူနှစ်ယောက်၏ အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။ သူတို့သည် တုံ့ဆိုင်းမနေတော့ဘဲ ဝမ်လင်းထံ ပြေးဝင်လာသည်။

“သတ်…” ဝမ်လင်းက တတိယကြိမ်မြောက် မာန်သွင်းဟစ်အော်သည်။ သူက ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ပုဆိန်ကို ခေါင်းအထက်သို့ ပင့်မြှောက်ကာ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီးနောက် ကြမ်းတမ်းစွာ ခုတ်ပိုင်းချလိုက်၏။

ထိုခုတ်ပိုင်းချက်နှင့်အတူ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်ခုနစ်လုံးသည် တုန်ဟည်းလျက် ပေါက်ကွဲတော့မည့်အလား။ သူသည် သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအား အကုန်ကို အသုံးပြုထားသည်။

ထိုခုတ်ပိုင်းချက်နှင့်အတူ ဝမ်လင်းသည် ပြင်ပနယ်မြေကျင့်ကြံသူများ၏ နောက်ဆုံးလက်ကျန် ယုံကြည်မှုကို ချိုးဖျက်လိုက်ပြီ။

ထိုခုတ်ပိုင်းချက်နှင့်အတူ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်သည် ဝမ်လင်း၏လက်နှစ်ဖက်ထဲမှ ပျံသန်းထွက်သွားသည်။

***

All Chapters