ထောင်ချောက်
Vol. 115 Ch. 1581
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်သည် ဝမ်လင်း၏ညာလက်မှ ပျံသန်းထွက်လာကာ ပေထောင်ချီ ချဲ့ကားသွား၏။ ၎င်းသည် ခုတ်ပိုင်းချလာရာ ဧရာမအက်ကြောင်းတစ်ခု ဟင်းလင်းပြင်၌ ပေါ်လာသည်။
ထိုအက်ကြောင်းအဟသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ အဟကြားကနေ ထိုးထွက်ကာ တရှိန်ထိုး ပြေးထွက်သည်။ တတိယအဆင့်ကျင့်ကြံသူနှစ်ယောက်သည် တုန်လှုပ်သွား၏။ သည်အခိုက်တွင် သူတို့သည် ခုခံရန် မကြိုးစားတော့၊ မြန်ဆန်စွာ ရှောင်၏။
သို့ပေမည့် သူတို့သည် ပုဆိန်ထက်စာလျှင် နှေးနေသည်။ သူတို့ ရှောင်ဖို့ ကြိုးစားလိုက်ရုံ ရှိသေး ပုဆိန်က ပျံသန်းလာခဲ့ပြီ။ သွေးများ နေရာအနှံ့ ပြန့်ကျဲသွားသည်။ တတိယအဆင့် ကျင့်ကြံသူနှစ်ယောက်လုံး သွေးအန်လိုက်ရသည်။ ပုဆိန် ပျံသန်းထွက်သွားချိန်၌ သူတို့၏လက်မောင်းတစ်ဖက်စီမှာ ပြက်တောက်သွားပေပြီ။
သူတို့၏မျက်နှာသည် သေလောက်အောင် ဖြူရောကာ ဆက်လက်၍ မတိုက်ခိုက်ဝံ့ကြတော့ပေ။ သူတို့သည် အလျင်အမြန် နောက်ဆုတ်ကာ ထွက်ပြေး၏။
သူတို့နှစ်ယောက်သည် ဒဏ်ရာအပြင်းအထန်ရကာ ရှောင်လိုက်နိုင်သော်လည်း တတိယအသုတ်စစ်တပ်ကမူ မရှောင်နိုင်ပေ။ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ပုဆိန် ပျံသန်းသွားရင်း အသက်များစွာကို အဆုံးသပ်ပေးသည်။
မည်သည့်အော်သံမှ ထွက်ပေါ်မလာခဲ့၊ ပြိုလဲပျက်စီးမှုသာ ရှိ၏။ ပုဆိန်ခုတ်ချက် ဖြတ်သန်းသွားပြီးနောက် ထိုစစ်တပ်တွင် ပေထောင်သောင်းချီ အဟကြီးတစ်ခု ပေါ်လာလေသည်။
ထိုအဟကြီးသည် လုံးဝ ဗလကင်းမဲ့သွားကာ သွေးနံ့သာ တွဲငြိကျန်ခဲ့သည်။ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ပုဆိန်က ထိုကျင့်ကြံသူစစ်တပ်ကို ထွင်းဖောက်သွားကာ အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားသည်။ ၎င်းသည် ပေသန်းချီ ဆက်လက် ပျံသန်းသွားပြီးနောက်မှ ဖြည်းဖြည်းချင်း လွင့်ပျောက်သွား၏။
ပြင်ပနယ်မြေသည် လုံးဝ ငြိမ်သက်တိတ်ဆိတ်သွားသည်။ ပြင်ပနယ်မြေရှိ တတိယအသုတ်ကျင့်ကြံသူများသည် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်က ဖန်တီးလိုက်သော အဟကြီးကို တုန်လှုပ်ခြင်းကြီးစွာ စိုက်ကြည့်နေလျက် သူတို့၏စိတ်နှလုံးများ တုန်ယင်သည်။
အတွင်းနယ်မြေ၌ ကျူးကျော်လာသော ပြင်ပနယ်မြေ ကျင့်ကြံသူများသည်လည်း ထိုအဖြစ်ကို တွေ့မြင်ရာ မျှော်လင့်ချက်မဲ့မှုများ ပေါ်လာတော့သည်။
“အတွင်းနယ်မြေကို ဝင်လာတဲ့သူတိုင်း သေရမယ်…” ဝမ်လင်းသည် လက်သီးခပ်တင်းတင်း ဆုပ်ကာ နယ်မြေချိပ်ပိတ်ခြင်းအစီအရင် အပြင်ဘက်ရှိ ကျင့်ကြံသူများကို အေးစက်စက် စိုက်ကြည့်နေသည်။ သူ၏အသံက အေးစက်စက် လေပြင်းတစ်ခုနှယ်။
ထိုအခိုက်အတန့်တွင် ရှေးဟောင်းကြယ်အဖွဲ့အစည်းထံမှ ဦးချိုဖြင့် အချက်ပြအော်မြည်သံ ထွက်ပေါ်လာကာ အတွင်းနယ်မြေထဲသို့ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ အဟကြားကနေ ဝင်ရောက်လာသည်။
ထိုဦးချိုသံသည် ပြင်ပနယ်မြေရှိ ထိတ်လန့်နေသော တတိယအသုတ်ကျင့်ကြံသူများကို သတိပြန်ဝင်လာစေသည့်ပုံ ရသည်။ သူတို့သည် ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်ကြ၏။ သူတို့၏ စိတ်ထဲတွင် ဝမ်လင်း၏ပုံရိပ်မှာ ကမ္ဗည်းထွင်းသွားခဲ့လေပြီ။
ဖျပ်ခနဲအတွင်း ထိုအုပ်စုကျင့်ကြံသူများက ဖြည်းဖြည်းချင်း နောက်ဆုတ်၏။ သူတို့သည် ဆက်၍ တိုးဝင်မလာတော့ပေ။ သူတို့သည် ရှေးဟောင်းကြယ်အဖွဲ့အစည်းထံသို့ ပြန်လည် ပျံသန်းရင်း နောက်ဆုတ်သည်။
ဦးချိုသံက အတွင်းနယ်မြေတွင်းသို့ ဝင်ရောက်လာပြီး နယ်မြေအတွင်းရှိ ပြင်ပနယ်မြေ ကျင့်ကြံသူထောင်သောင်းချီက ထိုအသံကို ကြားလိုက်ရ၏။ သူတို့သည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ အဟထံသို့ ပိုမြန်ဆန်စွာ ဆုတ်လာ၏။
သို့ပေမည့် ဝမ်လင်းသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ အဟကြားတွင် မားမားရပ်နေသည်။ သူသည် ဝင်လာမည့် တတိယအသုတ်ကျင့်ကြံသူများကို ပိတ်ဆို့ထားသလို ခုချိန်၌ ပြင်ပနယ်မြေသို့ ပြန်ထွက်ပြေးမည့်သူများ၏ လမ်းကြောင်းကိုလည်း ဟန့်တားထားသည်။
“မင်းတို့က ငါတို့အတွင်းနယ်မြေ၊ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရဲ့ ကျင့်ကြံသူ မြောက်များစွာကို သတ်ခဲ့ကြတယ်။ ငါက မင်းတို့ ဆန္ဒရှိသလို ဝင်ချည်၊ထွက်ချည် လုပ်နေတာကို ဘယ်လိုများ ခွင့်ပြုနိုင်ပါ့မလဲ….” ဝမ်လင်၏မျက်လုံးထဲတွင် အေးစက်မှု လင်းလက်သွား၏။ သူသည် နောက်သို့ ခြေလှမ်းတစ်ဝက်ပင် မဆုတ်ပေ။
အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ၊ ဆင့်ခေါ်ခြင်းမြစ်မှ ကျင့်ကြံသူများ၊ တိမ်ပင်လယ်မှ ကျန်နေသေးသော ကျင့်ကြံသူများ၊ အဆိပ်ပင်လယ်၊ ခြင်သားရဲထောင်သောင်းချီ တို့သည် နောက်ဆုတ်နေသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများထံ တိုးဝင်လာသည်။
တုန်ဟည်းသံများ မြည်ဟိန်းနေရင်း ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ပို၍ သေဆုံးကုန်သည်။ မျှော်လင့်ချက်မဲ့မှုက သူတို့ထံမှရူးသွပ်မှုကို ပေါက်ကွဲထွက်လာစေ၏။ သူတို့သည် အဟကြားရှိ ဝမ်လင်းထံ တရကြမ်း ပြေးဝင်လာကြသည်။ သူတို့သည် ထွက်သွားချင်ကြ၏။ သူတို့ ရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ ပြန်ချင်ကြသည်။
ကျင့်ကြံသူထောင်သောင်းချီသည် အဟအတွင်းသို့ ဦးတည်ဝင်လာစဉ် အတွင်းနယ်မြေမှ ကျင့်ကြံသူများက သူတို့နောက်မှ လိုက်လာသည်။ ထိုအခိုက်တွင် ကျင့်ကြံသူအားလုံးသည် ဝမ်လင်းရှိနေသော နေရာသို့ ဦးတည်လာသည်။
သိမ်မွေ့ဆန်းကြယ်မီး ပျံ့နှံ့၏။ တရကြမ်း တိုးဝင်လာသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် သိမ်မွေ့ဆန်းကြယ်မီး၏ လောင်ကျွမ်းခြင်း ခံရသည်။ အရှင်တိမ်စွန်းသည် နယ်မြေအစီအရင်ပြုပြင်မှုကို တဖြည်းဖြည်း လက်စသပ်နေရာ အဆုံးသပ်ခါနီးနေပြီ ဖြစ်သည်။
နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ပေါ်ရှိ အဟသည် တဖြည်းဖြည်း ပြန်ပိတ်ဆို့လာရာ ထိုအဖြစ်က ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို ပို၍ပင် ရူးသွပ်လာစေသည်။
သူတို့သည် သိမ်မွေ့ဆန်းကြယ်မီး လောင်ကျွမ်းမှုကို ခံရင်း ဆက်လက်၍ တိုးဝင်လာသည်။ မည်သည့်ကျင့်ကြံသူကမျှ ဝမ်လင်းနှင့် ပေငါးထောင်အတွင်းသို့ ရောက်လာနိုင်ခြင်း မရှိပေ။
မည်သူကမျှ သူ့ကို ဖြတ်ကျော်မသွားနိုင်ပေ။
အေးစက်စက်ကောင်လေး၊ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်၊ တခြားကျန်သည့် ပြင်ပနယ်မြေမှ တတိယအဆင့်ကျင့်ကြံသူများသည် စိုးရိမ်ပူပန်လာ၏။ သို့ပေမည့် အရှင်ဟုန်ရှန်နှင့် တခြားသူများ၏ ပိတ်ဆို့ထားမှုကြောင့် သူတို့သည် ဘာမှ မတတ်နိုင် ဖြစ်နေရသည်။
ဒီတိုက်ပွဲသည် ဝမ်လင်း ဘဝတွင် မြင်ဖူးသမျှထက် အဆများစွာ ပိုရုန့်ရင်းကြမ်းတမ်းလှ၏။ ဝမ်လင်း၏သတ်ဖြတ်သူစိတ်နှလုံးဖြင့်ပင် သူသည် ပူဆွေးမှုကို ခံစားမိရသည်။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ဝေ့ယမ်းလိုက်ရာ ရှေးဟောင်းသစ်ရွက်ဆယ်ရွက်ကျော်သည် ပြင်ပနယ်မြေရှိ ကျင့်ကြံသူများထံ ဦးတည်ဝင်သွားသည်။ ထိုသစ်ရွက်များသည် ချိပ်ပိတ်မှုအလွှာဆယ်ခုကျော် ဖြစ်ပေါ်ကာ ပြင်ပနယ်မြေရှိ ထောင်သောင်းချီ ကျင့်ကြံသူများ ထွက်ပြေးခြင်းကို တားဆီးသည်။
အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ၊ ဆင့်ခေါ်ခြင်းမြစ်မှ အမျိုးသမီးကျင့်ကြံသူများ၊ တိမ်ပင်လယ်မှ ကျင့်ကြံသူများ၏ မျက်လုံးများသည် သတ်ဖြတ်ခြင်းကြောင့် နီရဲနေ၏။ သူတို့၏ သေဆုံးခြင်း၊ ဒဏ်ရာရမှုများကလည်း ပြင်းထန်သည်သာ။ အဆိပ်ပင်လယ်နှင့် ခြင်သားရဲထောင်သောင်းချီကြောင့်သာ မဟုတ်ပါက ဒီတိုက်ပွဲသည် သူတို့အတွက် ပို၍ ခက်ခဲပေလိမ့်မည်။
“ပြင်ပနယ်မြေမှ လာတဲ့ ဘယ်သူ့မဆိုကို ငါ သေစေချင်တယ်။ မင်းတို့ဘယ်သူမှ ထွက်မသွားစေရဘူး…” ဝမ်လင်း၏စကားလုံးများသည် ပြတ်သားမှုများဖြင့် ပြည့်နှက်၏။ ရှေးဟောင်းသစ်ရွက်များ ထွက်လာပြီးနောက် သူ့ညာလက်ဖြင့် ချိပ်ဟန်များစွာကို အလျင်အမြန် ဖြစ်ပေါ်စေရာ အတောမသပ်နိုင်သည့် အတားအဆီးများစွာ ပေါ်လာသည်။
ချိပ်ပိတ်ခံထားရသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ဆက်တိုက်သတ်ဖြတ်ခံနေရကာ မျှော်လင့်ချက်မဲ့မှုများ ပြည့်လာ၏။ သူတို့က ထိုသို့ဖြစ်လာမည်မှန်းကိုသာ သိခဲ့ပါက အတွင်းနယ်မြေသို့ ခြေတစ်လှမ်းပင် ချဝံ့လိမ့်မည် မဟုတ်ပေ။
ဝမ်လင်း၏ညာလက်မှ အတားအဆီးများစွာ မထွက်ပေါ်လာခင် ရှေးဟောင်းကြယ်အဖွဲ့အစည်းထံမှ သက်ပြင်းချသံ ထွက်ပေါ်လာ၏။ ထို့နောက် သက်ပြင်းချသံနှင့်အတူ အပြာရောင်အလင်းတန်းတစ်ခုပါ ပေါ်လာသည်။ လူတစ်ယောက်သည် ထိုအပြာရောင်အလင်းထဲမှ လှမ်းလျှောက်ထွက်လာ၏။
ဝမ်လင်းသည် ထိုသက်ပြင်းချသံနှင့် ရင်းနှီးပေ၏။ သူက ထိုအသံကို ကြားလိုက်သည့်အခါ သူ့စိတ်နှလုံးမှာ ရှုံ့တွသွားမိသည်။ သူသည် ခေါင်းလှည့်ကာ မြန်ဆန်စွာ ပြန်ကောင်းမွန်လာနေသည့် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ထံသို့ ကြည့်လိုက်ရာ အပြာရောင်အလင်းတန်းထံမှ လှမ်းလျှောက်ထွက်လာသော လူတစ်ယောက်ကို တွေ့မြင်လိုက်သည်။
“သူတို့ကို ပြန်လာခွင့် ပြုလိုက်ပါ…” သက်လတ်ပိုင်းလူက ဝမ်လင်းကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“တာအိုသခင်အိပ်မက်ပြာ…” နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို ပြုပြင်နေသော အရှင်တိမ်စွန်း၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။ တာအိုသခင်အိပ်မက်ပြာသည် ဆန်းကြယ်လေဟာနယ်အထွတ်အထိပ်အဆင့်သို့ ရောက်နေသူဖြစ်သည်။ သို့ဖြစ်၍ သူသည် ထိုသူ့ကို မယှဉ်နိုင်ပေ။
ဆန်းကြယ်လေဟာနယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားသည် စိတ်ကူးနိုင်သည်ထက် ပိုလွန်ပေ၏။ သခင်ငါးပါးထဲတွင် မိစ္ဆာအရှင်ကောင်းကင်ကိုးခုနှင့် တာအိုသခင်မြောင်ယင်တို့သည်ပင် တာအိုသခင်အိပ်မက်ပြာကို မယှဉ်နိုင်ကြပေ။ သူတို့၏ကျင့်ကြံမှုအဆင့်များကြားတွင် အနည်းငယ် ကွဲပြားမှု ရှိ၏။ သို့သော် ထိုအနည်းငယ်သည် ချောက်နက်ကြီးတစ်ခုအလားပင်။
လူတိုင်းနီးပါးသည် အုပ်စိုးသူ၏ အစီအစဉ်များကို ပြောင်းလဲနိုင်ခြင်း မရှိပေ။ မြောင်ယင်လည်း မလုပ်နိုင်၊ ကောင်းကင်ကိုးခုလည်း မလုပ်နိုင်ပေ။ သို့သော် တာအိုသခင်အိပ်မက်ပြာကမူ လုပ်နိုင်ပေ၏။
အေးစက်စက်ကောင်လေးနှင့် တိုက်ခိုက်နေသော အရှင်ဟုန်ရှန်သည် အလေးအနက် ဖြစ်လာ၏။ တာအိုသခင်အိပ်မက်ပြာသည် ကျော်ကြားလွန်းပေသည်။
ဝမ်လင်းက သူ့ညာလက်ကို ခဏတာ တုံ့ဆိုင်းသွားပြီး ထိုသက်လတ်ပိုင်းလူကို ကြည့်သည်။ သူ၏နားထဲတွင် သတ်ဖြတ်သံများသည် ပဲ့တင်ထပ်နေတုန်းပင်။ အချိန်အတန်ကြာပြီးနောက် သူသည် ခေါင်းယမ်းလိုက်လေ၏။
“ငါ မင်းကို မတိုက်ခိုက်ချင်ဘူး။ အရင်တုန်းက မင်းအပေါ် ငါ့ရဲ့ ကြင်နာမှုကြောင့် သူတို့ ပြန်လာမှာကို ခွင့်ပြုလိုက်ပါ။ ငါ့ရှေးဟောင်းကြယ်အဖွဲ့အစည်းဟာ ပထမဆုံးတိုက်ပွဲမှာ ရှုံးသွားခဲ့ပြီ။ အခု…ငါ့ကို တွန်းအားမပေးပါနဲ့…”
ထိုသက်လတ်ပိုင်းလူက တည်ငြိမ်၏။ သူ့အသံသည် မပြင်းထန်ပေ။ သို့သော် ဖိအားနှင့် ပြည့်နှက်နေ၏။
သတ်ဖြတ်သံသည် တဖြည်းဖြည်း ရပ်တန့်သွားသည်။ တိုက်ခိုက်နေကြဆဲ ဖြစ်သော အရှင်ဟုန်ရှန်နှင့် တခြားသူများ၊ လူတိုင်းသည် ဝမ်လင်းကို အာရုံစိုက်နေပြီး သူ၏အဖြေကို စောင့်နေကြသည်။
ဝမ်လင်းသည် ချိပ်ပိတ်နယ်မြေအရှင်သခင်အဖြစ် အတွင်းနယ်မြေမှ ကျင့်ကြံသူများ၏ လေးစားမှုကို ရအောင် လုပ်နိုင်ခဲ့သည်။ သူ၏ကျင့်ကြံမှုအဆင့်သည် အရှန်ဟုန်ရှန်တို့လောက် မမြင့်မားလှသော်လည်း သူတို့အတွက်မူ သူသည် ချိပ်ပိတ်နယ်မြေအရှင်သခင်အဖြစ် တကယ်ပင် ထိုက်တန်သူ ဖြစ်လာသည်။
ဝမ်လင်းသည် တာအိုသခင်အိပ်မက်ပြာကို ကြည့်၍ ငြိမ်သက်စွာ စဉ်းစားနေ၏။ ခဏအကြာတွင် သူသည် လက်နှစ်ဖက်ကို ဆုပ်သည်။ သူ၏မျက်လုံးထဲတွင် ပြတ်သားသောအကြည့် ဖြစ်ပေါ်လာ၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ အတားအဆီးသန်းချီ ပေါ်လာပြီး ဧရာမထီးအရိုးတစ်ခုအဖြစ်သို့ သိပ်သည်းသည်။
ထိုထီးအရိုးပေါ်လာသည်နှင့် ထီးသည် ဖြည်းဖြည်းချင်း ပျံ့လွင့်ကာ နယ်မြေလောင်ကျွမ်းခြင်းထီးသည် ရုတ်တရက် ပေါ်ထွက်လာသည်။
တာအိုသခင်အိပ်မက်ပြာသည် ဝမ်လင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ကာ ခေါင်းယမ်းကာ သက်ပြင်းချသည်။
“ငါ့သမီးကြောင့် ငါဟာ မင်းကို မန္တာန်တွေနဲ့ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်ရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်အောင် တာအိုမန္တာန်တစ်ခုကို သင်ပေးခဲ့တယ်။ ဒါက ပထမတစ်ကြိမ်…”
“အုပ်စိုးသူရဲ့ ရေတွင်းထဲကလ မျှားခြင်း မန္တာန်ကို မင်းအတွက် တားဆီးပေးခဲ့တာက ဒုတိယအကြိမ်…”
“ဒီနေ့က တတိယကြိမ်ပဲ…”
“ဒါပေမဲ့ ဝမ်လင်း…မင်း သိထားဖို့က လေးကြိမ်မြောက်ဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး။ လေးကြိမ်မြောက်ဆိုရင် ငါ တိုက်ခိုက်ရတော့မယ်…” တာအိုသခင်အိပ်မက်ပြာသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ လှည့်ထွက်သွား၏။ သူသည် အရာအားလုံးကို လစ်လျူရှုကာ အပြာရောင်ဖျပ်ခနဲ လင်းလက်ကာ ပျောက်ကွယ်သွားတော့သည်။
သူ ပျောက်ကွယ်သွားသည်နှင့် နယ်မြေလောင်ကျွမ်းခြင်းထီးသည် လုံးဝ ထွက်ပေါ်လာသည်။ ထိုထီးသည် ခုထိ မဖွင့်ရသေးပေ။ သို့သော် အဆုံးမဲ့ အဖျက်အစီးမီးကတော့ ပေါ်လာခဲ့ပြီ။
တာအိုသခင်အိပ်မက်ပြာ ပျောက်ကွယ်သွားသော နေရာသို့ ကြည့်ပါက သူ့နောက်တွင် အမျိုးသမီးတစ်ယောက်ပုံရိပ် ခပ်ရေးရေး ပေါ်လာသည်ကို တွေ့ရပေမည်။ ထိုအမျိုးသမီးက သူမ၏ခေါင်းကို ယမ်းကာ ခပ်ဖျော့ဖျော့ ပြုံးသည်။ ဝမ်လင်း၏စိတ်ထဲတွင်လည်း လွန်ခဲ့သောနှစ်ပေါင်းရာချီက စကားလုံးများ ပြန်ပေါ်လာ၏။
“ငါတို့ တစ်ယောက်နဲ့တစ်ယောက် မေ့လိုက်ကြရအောင်…” အသက်ဓာတ်ဆုံးရှုံးမှုက ထိုအမျိုးသမီး၏အရိပ်ကို လွင့်ပါးကွယ်ပျောက်သွားစေသည်။ ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားလုံးသည် နယ်မြေလောင်ကျွမ်းခြင်းထီးထံသို့ တရကြမ်း စီးဆင်းကာ သည်ထီးကို ဖွင့်လှစ်မည့် ထောက်ပို့အားတစ်ခုအဖြစ်သို့ ပြောင်းလဲသည်။
နယ်မြေလောင်ကျွမ်းခြင်းထီးသည် တဖြည်းဖြည်း ပွင့်ဟလာ၏။ အဖျက်အစီးမီးသည် ထိုးထွက်ကာ ဒီဧရိယာကို ခြုံလွှမ်းသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မီးပင်လယ်တွင် ရုန်းကန်ရ၏။
ရှေးဟောင်းထီး ပွင့်ဟလာခြင်းနှင့်အတူ ပထမဆုံးစစ်ပွဲမှာ အဆုံးသပ်တော့မည်ဟု ထင်ရသည်။ နှစ်ဘက်လုံးသည်လည်း ပြင်းထန်စွာ ထိခိုက်သေဆုံးမှုများ ရှိနေလေပြီ။ သို့ပေမည့် ထိုအခိုက်တွင် ဝမ်လင်း၏စိတ်ကို လှုပ်ခါသွားစေသော ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာကာ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်လာသည်။
ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားပြီး သူက ပေတစ်ထောင်ပင် မကျယ်ဝန်းတော့သော ပြန်လည်ပြုပြင်ထားသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ အဟထံသို့ မော့ကြည့်လိုက်သည်။
သူက လူတစ်ယောက်ကို မြင်၏။ ထိုသူမှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လေးတစ်လက် ကိုင်ဆောင်ကာ ဝမ်လင်းထံ ချိန်ရွယ်ထားသည်။
“အုပ်စိုးသူရဲ့ တပည့်ခေါင်းဆောင်…ဖန်ရီ…”
ဝမ်လင်းသည် ထိုလေးကို အရင်က မြင်ခဲ့ဖူးပေသည်။
***