← Chapters

လီကောင်းရဲ့လေး

Vol. 115 Ch. 1582

လီကောင်းရဲ့လေး

Vol. 115 Ch. 1582

တာအိုဂျီလီကောင်း…။

ထိုလေးသည် ရှေးအမိန့်၏ဘယ်မျက်လုံးကို ထိုးခွင်းယူဆောင်သွားသော လေးပင်။

၎င်းလေးကို ဖန်တီးမှုများ၏ အထွတ်အထိပ်၊ ထူးကဲလွန်းသော၊ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်သော ရတနာလက်နက်ဟု ယူဆနိုင်သည်။ ၎င်းသည် ရှေးအမိန့်၏ အစွမ်းထက်တာအိုမန္တာန်ကိုပင် ထွင်းဖောက်နိုင်စွမ်း ရှိသည်။ အစွမ်းထက်လွန်းသော ထိုလေးက ရှေးအမိန့်ယဲ့မို၏ မွေးရပ်မြေခံစားမှုများ၊ မှတ်ဉာဏ်တစ်ဝက်ကိုပင် ယူဆောင်သွားနိုင်ခဲ့သည်။

ဝမ်လင်းသည် ရှေးအမိန့်သင်္ချိုင်းထဲရှိ ပလ္လင်ပေါ်တွင် ထိုင်နေခဲ့ချိန်က အိပ်မက်လိုအခြေအနေတွင်း ဝင်ရောက်ခဲ့ကာ သူကိုယ်တိုင်ကိုယ်က လီကောင်းလေးချက်၏ ခွန်အားကို တွေ့မြင်ခဲ့ဖူးပေသည်။

ထိုမြှားသည် လောကကို တုန်ခါသွားစေဖို့ရာ လုံလောက်သည်။ ဝမ်လင်း၏အမြင်တွင် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်သည်ပင် ထိုလေးချက်၏စွမ်းအား ရှေ့တွင် ခုခံနိုင်စွမ်းမဲ့ကာ ပြိုလဲပျက်စီးသွားနိုင်လောက်သည်။

ထိုလေးက ဒီလောကမှ မဟုတ်နိုင်ပေ။ ၎င်းသည် ရှေးအမိန့်၏ မွေးရပ်မြေမှ အရေးကြီးသော ရတနာတစ်ခု ဖြစ်ပေမည်။

၎င်းသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့နှင့် ပြိုလဲကုန်းမြေမှ သံလိုက်ညွှန်တံတို့ကလွဲ၍ ဝမ်လင်းဘဝတွင် မြင်ဖူးသမျှထဲ၌ အသန်မာဆုံးရတနာတစ်ခုပင်။

ထိုရတနာက ဝမ်လင်းကို မထိတ်လန့်မိစေဘဲ မည်သို့နေပါ့မည်နည်း။ သူ၏မျက်လုံး သူငယ်အိမ် ကြုံ့သွားကာ သူ့ခန္ဓာကိုယ်အနှံ့ အေးစိမ့်စိမ့် ခံစားလိုက်ရ၏။ သူသည် သူ၏မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာသော နာကျင်မှုလှိုင်းများကိုလည်း ခံစားမိသည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များသည်ပင် ထောင်မတ်ကုန်၏။ သူ့စိတ်နှလုံးထဲတွင် သေခြင်းရှင်ခြင်းအာရုံ ပြည့်နှက်လာသည်။ ထိုခံစားချက်က တစ်ကိုယ်လုံးသို့ အလျင်အမြန် ပျံ့နှံ့သည်။

“ဒီလေးကို အတိတ်တုန်းက ခုနစ်ရောင်စုံတာအိုသခင်တစ်ယောက်က ယူဆောင်သွားခဲ့တာ။ အခု ဒါက သူ့လက်ထဲမှာ ရောက်နေပြီ။ ဒီလူဟာ အုပ်စိုးသူရဲ့ တပည့်ခေါင်းဆောင်ပဲ။ အုပ်စိုးသူနဲ့ ခုနစ်ရောင်စုံတာအိုသခင်တို့ဟာ ပတ်သတ်မှု ရှိနေတာများလား…” ဝမ်လင်းသည် အဖြူရောင်ဝတ်စုံဖြင့်လူငယ်ထံ အေးစက်စက် စိုက်ကြည့်သည်။ ထိုလေးက သူ၏အသက်ဓာတ်အားများကို စုပ်ယူနေသဖြင့် ထိုလူငယ်၏မျက်နှာသည် မြန်ဆန်စွာ အိုမင်းလာသည်။ သူသည် သူ၏အသက်ဓာတ်အားကို အသုံးပြုကာ ထိုလေးကို ဆွဲတင်၏။

ခုနစ်ရောင်စုံတာအိုသခင်အပြင် ဝမ်လင်းသည် ထိုလေး၏မူလဇာစ်မြစ်နှင့် လုပ်ဆောင်မှုကို တွေ့မြင်ခဲ့ဖူးသော တစ်ဦးတည်းသောသူ ဖြစ်၏။

အပြင်လူများ၏အမြင်မှ ကြည့်ပါက ထိုလူငယ်သည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းတွင်သာ ရှိသေးသည်။ သူ့လက်ထဲရှိ လေးသည်လည်း မည်သည့်တုန်ခါလှိုင်းမှ ပေးစွမ်းမနေဘဲ သာမန်လေးတစ်လက်ကဲ့သို့သာ ရှိနေသည်။

ဝမ်လင်း၏အလေးအနက်အသွင်ဟန်ပန်က သူ့စိတ်ကို ဖိနှိပ်ကာ သူ့ကို ဗလာကင်းမဲ့သောအခြေအနေတွင်းသို့ ဝင်ရောက်သွားစေ၏။ အရာအားလုံးသည် ပျောက်ကွယ်သွားသည့်အလား၊ ထိုလေးတစ်ခုသာ ကျန်နေတော့သည့်အလား။ ကံကောင်းစွာဖြင့် ထိုလေးထံ၌ မည်သည့်မြားတံမှ ရှိမနေခြင်းပင်။

မြားတံတစ်ချောင်းကမူ အတိတ်တုန်းက ရှေးအမိန့်၏ ဘယ်မျက်လုံးကို ယူဆောင်သွားပြီးနောက် လေဟာနယ်အတွင်း ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။ မည်သူကမျှ ထိုမြားတံ မည်သည့်နေရာတွင် တည်ရှိနေသည်ကို ခုထိ မသိသေးပေ။

ဝမ်လင်းသည် သူသာ ထိုမြားတံကို ရှာနိုင်ပါက သူသည် ရှေးအမိန့်၏ ဘယ်မျက်လုံး မည်သည့်နေရာသို့ ရောက်သွားသည်ကို ရှာနိုင်လောက်မည်ဟု တွေးထင်ထားသည်။

သို့ပေမည့် ထိုမြားတံ ရှိနေသော နေရာတွင် မည်သူမျှ မရှိနေခဲ့လျှင်ပင် တစ်စုံတစ်ယောက်ကသာ ၎င်းကို ရသွားသည်နှင့် ကြယ်များပါ တုန်ခါပေလိမ့်မည်။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကဲ့သို့ ၎င်းအတွက်နှင့် လူအများ တိုက်ခိုက်ကြရင်း ကပ်ဘေးတစ်ခုပါ ဖြစ်လာနိုင်၏။ သို့ပေမည့် ခုချိန်ထိ ဝမ်လင်းသည် ထိုမြား နှင့် ဆက်စပ်သော အကြောင်းအရာများကို ရှေးဟောင်းမှတ်တမ်းများထဲတွင်ပင် မကြားဖူး၊ မမြင်ဖူးသေးချေ။

ထိုမြားက သဲလွန်စမရှိ ပျောက်ကွယ်သွားသည့်အလား။

လေးသည် မြားတံမရှိဘဲ ကြောက်မက်ဖွယ် ကောင်းနေသော်လည်း ၎င်းသည် အတိတ်တုန်းက ကြောက်လန့်ဖွယ်ကောင်းပုံကိုမူ မယှဉ်နိုင်ပေ။ ၎င်းထံ၌ မြားသာ ရှိခဲ့ပါက ဝမ်လင်းသည် ထိုလေး၏ ရှေ့တွင် ရှင်သန်နိုင်မည့် အခွင့်အရေး လုံးဝ ရှိတော့မည် မဟုတ်ပေ။

သူက ဝတ်စုံဖြူလူငယ်ကို စိုက်ကြည့်နေ၏။ ထိုလူငယ်၏ လှုပ်ရှားမှုများက ဝမ်လင်း၏မျက်လုံးထဲတွင် ဖြည်းဖြည်းချင်း ပေါ်လာ၏။ သူသည် ထိုလူငယ် လက်မြှောက်ကာ လေးကြိုး ဆွဲတင်လိုက်သည်ကိုစောင့်ကြည့်နေ၏။ ထိုအခိုက်တွင် ဝမ်လင်းသည် သူ၏မျက်ခုံးနှစ်ခုကြားမှ ပြင်းထန်သောနာကျင်မှုကို ခံစားမိသည်။

ထိုပြင်းထန်သောနာကျင်မှုအောက်၌ ဝမ်လင်းသည် ဝါးချွန်တစ်ခုက သူ၏ဦးခေါင်းခွံကို ဖောက်ကာ သူ့ဦးနှောက်ထဲသို့ ထိုးစိုက်သကဲ့သို့ ခံစားမိရသည်။

ဝမ်လင်း၏နဖူးထက်မှ ချွေးစေးများ ပြန်လာ၏။ အဖြစ်အပျက်သည် ချက်ခြင်းလိုလို ဖြစ်ပွားလာခြင်းသာ။ ဝမ်လင်းသည် လှည့်၍ လေးကို ဆွဲတင်နေသော လူငယ်ထံ ကြည့်သည်။

ဝမ်လင်း ထိုလေးကို မြင်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ဟိန်းမြည်သံ ထွက်ပေါ်လာ၏။ သူသည် လှည့်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် ဝေဝါးကာ သည်လောကနှင့် ပေါင်းစည်းတော့မည့်နှယ်။

တစ်ချိန်တည်းမှာ ဝမ်လင်းသည် သူ့လက်ကို မြန်ဆန်စွာ မြှောက်လိုက်ပြီး သူ၏ရှေးဟောင်းနတ်ဘုရားကြယ်များ အရူးအမူး လှည့်ပတ်ကာ သူ့နဖူးထံမှ ပျံသန်းထွက်သည်။ ကြယ်ခုနစ်လုံးသည် သူ့ရှေ့တွင် လှည့်ပတ်၍ ပြင်းထန်သောရှေးဟောင်းနတ်ဘုရားအော်ရာကို ပေးစွမ်းသည်။

ရှေးဟောင်းနတ်ဘုရား ပေါ်လာသည်နှင့် ရှေးအမိန့်ဦးခေါင်းမှာ ချက်ခြင်း ဝမ်လင်းရှေ့တွင် ပေါ်လာသည်။

အဖြစ်အပျက်များမှာ မြန်လွန်း၏။ ဝမ်လင်းသည် ချက်ခြင်းပင် ထွက်ခွာနိုင်ရန် အရာအားလုံးကို ချခင်း ပြင်ဆင်လိုက်၏။ သူ၏လုပ်ဆောင်မှုက မြန်လွန်းသဖြင့် ဝတ်စုံဖြူလူငယ်သည်ပင် ခဏတာ မင်သက်သွားမိသည်။ ထို့နောက် သူ၏မျက်လုံးထဲတွင် အေးစက်မှု လှစ်ခနဲ ဖြတ်ပြေးသည်။

“သူက ဒီလေးကိုများ သိနေတာလား…” ထိုဝတ်စုံဖြူလူငယ်က ထိုသို့ တွေးနေရင်း သူ့လက်ဖြင့် ဆုပ်ကိုင်ထားသော လေးကြိုးကို ဖြေလျှော့လိုက်လေ၏။

ထိုလေးကြိုး ဖြေလျှော့လာရင်း တဝီဝီအသံများ ဖြစ်လာသည်။ ပထမပိုင်း၌ ယင်းအသံသည် အားပျော့သေး၏။ လေးပေါ်တွင် အားကောင်းသောအလင်းတစ်ခု စုဝေးသည်။ လူငယ်၏ဘယ်လက်မှာ မူလတုန်းက အသွေးအသားတို့နှင့် ပြည့်နေခဲ့၏။ သို့သော် ချက်ခြင်းပင် ထိုအသွေးအသားအားလုံးသည် သွေ့ခြောက်သွားသည်။ သူ၏ဘယ်လက်မျှသာ မဟုတ်ပေ။ သူ့ခန္ဓာကိုယ်တစ်ဝက်မှာ မံမီကဲ့သို့ မြန်ဆန်စွာ သွေ့ခြောက်သွားသည်။ သို့ပေမည့် ထိုအရာများကို သူ၏ ဝတ်ရုံအောက်တွင် ကွယ်ဝှက်ထားသည်။ သို့ဖြစ်၍ တခြားသူများသည် ၎င်းအဖြစ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။

သူ၏အသက်ဓာတ်မြောက်များစွာသည် သူ လေးကြိုးကို ဖြေလျှော့လိုက်ချိန်တွင် လေးအတွင်းသို့ စီးဝင်သွား၏။ အလင်းသည် စုဝေးလာပြီး နို့နှစ်ဖြူရောင် အရိပ်မြားတစ်ခုအသွင် ဖြစ်တည်သည်။ ထိုလေးကြိုးကို ဖြေလျှော့လိုက်ချိန်၌ ယင်းမြားသည် ရှေ့သို့ ထိုးထွက်သွားသည်။

ထိုမြားသည် မြန်လွန်း၏။ ၎င်းသည် ချက်ခြင်းပင် လေဟာနယ်ကို ချိုးဖျက်ကာ ပေငါးရာလောက်ပင် မဟတော့သော နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ပေါ်မှ အဟအတွင်းသို့ ဦးတည်သည်။ ၎င်းမြားအရိပ်က အဟနှင့် နီးကပ်လာသည့်အခါ တဝီဝီအသံသည် အထွတ်အထိပ်သို့ ရောက်လာပြီး ကောင်းကင်နှင့်မြေကြီး တုန်လှုပ်စေမည့် ဟိန်းသံတစ်ခုအသွင် ပြောင်းသည်။

နယ်မြေချိပ်ပိတ်ခြင်းအစီအရင်အတွင်းရှိ အတွင်း၊အပြင်နယ်မြေမှ ကျင့်ကြံသူများအားလုံးသည် ထိုဟိန်းမြည်သံကြောင့် လှုပ်ခါရ၏။ သူတို့၏စိတ်များ၊ မူလစွမ်းအင်များသည် ထိုဟိန်းမြည်သံ၏ စုပ်ယူခြင်းကို ခံလိုက်ရသည့်အလား။ ထိုအဖြစ်က မရေမတွက်နိုင်သော ကျင့်ကြံသူများကို သူတို့၏ဒွာရပေါက်များကနေ သွေးများ စိမ့်ထွက်စေသည်။

နှစ်ဖက်လုံးမှ အစောတည်းက ဒဏ်ရာအပြင်းအထန် ရထားသော ကျင့်ကြံသူများသည် ထိုဟိန်းမြည်သံကို တောင့်မခံနိုင်ပေ။ သူတို့သည် သွေးအန်ကာ သူတို့၏မူလစိတ်ဝိညာဉ်များ ပြိုလဲ၍ ချက်ခြင်း သေဆုံးသွားရသည်။

ထိုမြားထံမှ ဟိန်းမြည်သံက အရှင်ဟုန်ရှန်၊ အရှင်တိမ်စွန်းနှင့် တခြားတတိယအဆင့် ကျင့်ကြံသူများကို တိုက်ခိုက်နေရာကနေ ရပ်တန့်သွားစေသည်။ သူတို့သည် တုန်လှုပ်စွာဖြင့် မော့ကြည့်လိုက်ကြ၏။ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်နှင့် ဆင့်ခေါ်ခြင်းမြစ်မှ ခရမ်းပြာတို့သည် ထိုလေးကို တွေ့မြင်သည့်အခါ သူတို့၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုအငွေ့အသက် ဖြစ်ပေါ်သည်။

“ဒီလေး…”

“ဒီလေးက သူ့လက်ထဲမှာလား…” တဝီဝိမြည်ဟည်းရင်း အဖြူရောင်အရိပ်မြားသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ အဟကြားသို့ တရှိန်ထိုး ဝင်ရောက်လာ၏။ ၎င်း တိုးဝင်လာသည့်အခိုက်တွင် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်သည်ပင် တုန်ခါသွားသည်။ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ အစိတ်အပိုင်းတစ်ခုက တုန်ခါခြင်း မဟုတ်၊ အတွင်းနယ်မြေတစ်ခုလုံးကို ချိပ်ပိတ်ထားသော အစီအရင်တစ်ခုလုံးက အပြင်းအထန် စတင် တုန်ခါလာခြင်းပင်။

***

All Chapters