လေးက ဒီမှာ…
Vol. 115 Ch. 1583
အတိတ်တုန်းကဆိုပါက ယင်းမြားချက်သည် အစီအရင်စိတ်ဝိညာဉ်များကို ထွက်ပေါ်လာစေမည်ပင်။ သို့ပေမည့် ထိုမြားသည် ရူးသွပ်ဖွယ်စိတ်ဆန္ဒတစ်ခုကို ထုတ်လွှတ်ထား၏။ ထိုရူးသွပ်ဖွယ်ဖိအားက အစီအရင်စိတ်ဝိညာဉ်များကိုပါ နောက်ဆုတ်အောင် ပြုလုပ်သည်။ ယင်းတို့သည် ထွက်ပေါ်လာရမည်ကို ကြောက်လန့်ကုန်သည့်အလား။
နယ်မြေချိပ်ပိတ်ခြင်းအစီအရင်သည် တုန်ခါနေရင်း ပေငါးရာအဟသည် ပိတ်ဆို့နေရာကနေ ရပ်တန့်သွားသည့်နှယ်။ ယင်းအဟကြားကနေ မြားသည် တန်းတန်းမတ်မတ် ဝမ်လင်းထံ ဝင်ရောက်လာတော့သည်။
ဝမ်လင်းသည် အာရုံစူးစိုက်မှု အမြင့်ဆုံး အနေထားသို့ ရောက်နေ၏။ သူက ထိုမြားကလွဲ၍ အရာအားလုံးကို မေ့ထားသည့်ဟန်ပင်။ သူသည် နောက်ဆုတ်နေရင်း သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပျောက်ကွယ်နေ၏။
သူ၏မျက်ခုံးနှစ်ခုကြားမှ ပြင်းထန်သောနာကျင်မှု ပျံ့နေရင်း မမြင်ရသောလက်တစ်စုံက သူ့ဦးခေါင်းခွံကို ဖွင့်လှစ်ဆုတ်ဖြဲလိုသည့်အလား။ အဖြူရောင်မြားက တဝီဝီမြည်လျက် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို ဖြတ်သန်းကာ ဝမ်လင်းနှင့် ပေတစ်ထောင်အတွင်း ရောက်လာသည်။
မြားဝီခေါ်သံသည် စူးရှလွန်း၏။ ယင်းအသံတွင်းရှိ သတ်ဖြတ်လိုစိတ်မှာ အတွင်းနယ်မြေမှ ကျင့်ကြံသူများကိုပါ ဖြူရောသွားစေသည်။
ပေတစ်ထောင်အကွာအဝေးမှာ အမှန်တွင်မူ မပြောပလောက်ပေ။ ဟိန်းမြည်နေရင်း ဝမ်လင်းရှေ့ရှိ ကြယ်ခုနစ်လုံးရှေးအမိန့်ဦးခေါင်းသည် အပြင်းအထန် စတင် ပုံပျက်ယွင်းလာ၏။ ဖော်ပြနိုင်စွမ်းမဲ့စွမ်းအားတစ်ခုက နီးကပ်လာသည့်အလား။
ထိုမြားသည် သတ်ဖို့အတွက် ပစ်သွင်းလာခြင်းပင်။
ချက်ခြင်းပင် ထိုမြားက ရှေးအမိန့်ဦးခေါင်းထံ တိုးဝင်၏။ ကျယ်လောင်စွာတုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ဝမ်လင်း၏ရှေးအမိန့်ဦးခေါင်းသည်ပင် ကြာကြာတောင့်ခံနိုင်စွမ်း မရှိတော့ပေ။ ဦးခေါင်းသည် ထွင်းဖောက်ခံရကာ မြားက ဝမ်လင်းထံ ချိုးဖျက် ဝင်လာတော့မည်။
ဝမ်လင်း၏ခန္ဓာကိုယ်က လောကနှင့် တစ်သားတည်းလုံးဝ ပေါင်းစည်းခြင်း မရှိသေး။ အဖြူရောင်မြားနီးကပ်လာသဖြင့် သေရေးရှင်ရေးအာရုံခံစားမှုက မြင့်တက်လာ၏။ ဝမ်လင်းသည် ပြတ်သားသောအကြည့်ကို ထုတ်ဖော်ကာ သူ့လက်ကို ဝေ့ယမ်းသည်။
သူ၏ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်၏ လက်နှစ်ဖက်က ရှေးအမိန့်ဦးခေါင်းထံ ဆန့်ထွက်ကာ မြားကို ဖမ်းယူလိုက်လေ၏။
သူ့လက်နှစ်ဖက်က ထိုမြားနှင့် ထိမိသွားသည်နှင့် ဝမ်လင်းသည် ပြင်းထန်သောအားတစ်ခုက သူ့ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသည်ကို ခံစားမိသည်။ သူ၏ကြယ်ခုနစ်လုံး ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ဖြင့်ပင် ထိုအားကို ရင်ဆိုင်ဖို့ ခက်ခဲလွန်းနေသည်။ သူ့ခန္ဓာကိုယ်သည် တုန်ယင်လျက် သွေးအန်ထွက်သည်။ သူသည် လောကနှင့် တစ်ဝက်တိတိ ပေါင်းစည်းနေရာကနေ လွင့်ထွက်လာကာ နောက်ဆုတ်ရသည်။
ဝမ်လင်းက မြားကို မြဲမြံစွကိုင်ထားရင်း ပေတစ်သောင်းကျော်ထိ နောက်ဆုတ်၏။ သူ၏အမူအရာမှ ကြမ်းကြုတ်နေသည်။
သွေးများ ဆက်တိုက် စီးကျနေရင်း သူသည် ထိုပေတစ်သောင်းအကွာသို့ နောက်ဆုတ်သည်။ သူသည် ဒဏ်ရာရထားခဲ့ပြီး ဖြစ်ရာ ခုချိန်တွင် သူ၏ဒဏ်ရာများသည် ပိုဆိုးဝါးလာတော့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ပြန်၏။ ဝမ်လင်းသည် ပြင်ပနယ်မြေကျင့်ကြံသူများကို ရှေးဟောင်းသစ်ရွက်များဖြင့် ချိပ်ပိတ်ထားသော နေရာသို့ လှမ်းဝင်၏။ သူ ဝင်ရောက်လိုက်စဉ်တွင် သူ၏နောက်ကျောမှ မြူနက်မြောက်များစွာ ထွက်လာသည်။ ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ထိုမြူနက်ကို ထိမိသည်နှင့် သူတို့၏ခန္ဓာကိုယ်များ ခြောက်သွေ့ကုန်ကာ သူတို့၏အသက်ဓာတ်များအားလုံး ဝမ်လင်း၏ စုပ်ယူခြင်းကို ခံရသည်။
အဖြစ်အပျက်များသည် မြန်လွန်း၏။ ဝမ်လင်းက မြားကို ထိုနည်းလမ်းကို သုံး၍ ခုခံလိုက်စဉ် နယ်မြေချိပ်ပိတ်ခြင်းအစီအရင် အပြင်ဘက်မှ ဝတ်စုံဖြူလူမှာ သုန်မှုန်လာကာ နောက်ထပ်လေးကို ဆွဲတင်ပြန်၏။
“ဒါ အဆုံးသပ်သင့်ပြီ…” လူငယ်သည် ထိုစကားလေးခွန်းကို ပြောလိုက်ပြီးနောက် သူ၏မျက်နှာမှာ အဘိုးအိုတစ်ယောက်အသွင်သို့ ပြောင်းသည်။ သူသည် လေးကို ဆွဲတင်ကာ လေးကြိုးကို ဖြေလျှော့၍ ဒုတိယကြိမ်မြောက် အဖြူရောင်မြားတစ်လက်ကို ပစ်သွင်းလိုက်လေသည်။
စူးရှရှ တဝီဝီအသံသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်အတွင်းရှိ အဟထံသို့ မြားနှင့်အတူ တိုးဝင်လာကာ ဝမ်လင်းထံ တန်းတန်းမတ်မတ် ဦးတည်သည်။
ဝမ်လင်းသည် မြားတစ်လက်ကို ရင်ဆိုင်နေရင်းပင် အခြေအနေ အရေးနိမ့်နေပြီ ဖြစ်၏။ မြားနှစ်လက်ဆိုပါက သူ့အတွက် သေပင်သေသွားနိုင်သည်။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။ သူ၏ဘယ်မျက်လုံးထဲရှိ မီးသည် အရူးအမူး လှည့်ပတ်ကာ ညာမျက်လုံးထဲရှိ မိုးကြိုးသည် ရူးသွပ်စွာ လင်းလက်၏။ သူ၏ခန္ဓာကိုယ်တွင်းရှိ အနှစ်သာရများသည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ခုချိန်တွင် အများကြီး တွေးနေဖို့ အချိန်မရှိပေ။ သူက ဒုတိယမြား မရောက်လာခင် သူ့လက်ထဲရှိ မြားကို မဖျက်စီးနိုင်ခဲ့ပါက သူ သေရမည်ကို သိ၏။
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ အကြမ်းပတမ်းအော်ရာတစ်ခု ရုတ်တရက် ပေါ်လာပြီး လှမ်းဝင်လာ၏။ ထိုအော်ရာ နီးကပ်လာသည့်အခါ ခြေဗလာနှင့်သက်လတ်ပိုင်းလူတစ်ယောက် အရိပ်သည် ဝမ်လင်းရှေ့တွင် ပေါ်လာသည်။
ဝမ်လင်းသည် ထိုခြေဗလာနှင့်လူကို သိ၏။ ၎င်းသည် ပြီးခဲ့သောချိပ်ပိတ်နယ်မြေအရှင်သခင် ချိပ်ပိတ်ထားသော အစွမ်းထက်သားရဲ၊ ထိုက်အုလောပင်။
သူသည် ဒုတိယမြားကို ရင်ဆိုင်ရန် ဘာကြောင့်မှန်းမသိဘဲ ရွေးချယ်လိုက်၏။ ထိုအခ ဝမ်လင်းအတွက် ရှင်သန်နိုင်မည့် အဖိုးတန်အချိန်တစ်ခုကို ရသွားတော့သည်။
သူ ပေါ်လာသည်နှင့် သူက မာန်သွင်းလိုက်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ထိုဒုတိယမြားထံ လှမ်းဝင်သည်။
သူ၏လက်ဖြင့် ချိပ်ဟန်များကို ဖြစ်ပေါ်စေနေရင်း ကြေးခွံများ ထိုက်အုလော၏ ပတ်လည်တွင် ပေါ်လာ၏။ ထိုကြေးခွံများသည် ပါးလျပ်နက်မှောင်ပြီး မကြာမီတွင် သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသည်။
“ငါ မင်းအတွက် အသက်ရှုချိန်သုံးကြိမ်စာ အချိန်ဆွဲထားပေးနိုင်တယ်…” သူ့လက်နှစ်ဖက်က ထိုမြားနှင့် ထိမိသည့်အခါ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ထိုမြားထံမှ တုန်လှုပ်ဖွယ်အားတစ်ခု ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။ သူ့လက်နှစ်ဖက်သည် စတင် ပုံပျက်လာသည်။ သူသည် ထိုမြားကို ဆက်၍ တောင့်မခံနိုင်တော့ဘဲ ထွင်းဖောက်ခံရတော့မည့်အလား။
သူသည် မာန်သွင်းလိုက်၏။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်နေရင်း သူ့ကိုယ်ပေါ်မှ ကြေးခွံများ ပျံသန်းထွက်လာသည်။ ထိုကြေးခွံများသည် ရုတ်တရက် ဒိုင်းတစ်လက်အသွင် ပြောင်းလဲ ဖြစ်ပေါ်သည်။
ထိုဒိုင်း၏ ဗဟိုချက်တွင် ထူးဆန်းသော ရွှေရောင်ကြေးခွံသုံးခု ရှိ၏။ သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသောမြားသည် သွေးအလိမ်းလိမ်း ဖြစ်၏။ ထို့နောက် ဒုတိယမြားသည် ထိုးထွက်ကာ ကြေးခွံဒိုင်းနှင့် ထိတိုက်သည်။
ကောင်းကင်တုန်လှုပ်ဖွယ် မြည်သံ ဟိန်းထွက်သည်။ ကြေးခွံဒိုင်းသည် တုန်ယင်လျက် အနားစွန်းရှိ ကြေးခွံများ ပျက်စီးသည်။ ဖျပ်ခဲအတွင်း ရွှေရောင်ကြေးခွံသုံးခုသာ ကျန်တော့သည်။
ထိုက အသက်ရှုချိန်တစ်ကြိမ်မျှသာ ကြာလိုက်သည်။
ထိုရွှေရောင်ကြေးခွံသုံးခုသည် အသက်ရှုချိန်နှစ်ကြိမ်စာအတွင်း ပျက်စီးသွားပြီး ထိုက်အုလောက ခါးသီးစွာ ပြုံး၍ နောက်ဆုတ်သည်။ ဒုတိယမြားသည် သူ့ကို ပစ်မှတ်ထားခြင်း မဟုတ်ပေ။ ထို့ကြောင့် သူသည် မယှဉ်နိုင်သည့်အခါ နောက်သို့ ဆုတ်နိုင်စွမ်း ရှိနေသေး၏။
ထိုက်အုလောသည် သူ ကတိပေးလိုက်သည့်အတိုင်း အသက်ရှုချိန်သုံးကြိမ်စွာ နှောင့်နှေးအောင် လုပ်ပေးခဲ့၏။ ထိုအသက်ရှုချိန်သုံးကြိမ်စာသည် ဝမ်လင်းအတွက် အင်မတန် အဖိုးတန်သည်။ ပထမဆုံးအသက်ရှုချိန်အတွင်း ဝမ်လင်းက သူ့လျှာထိပ်ကို ကိုက်ကာ သွေးမြူများကို သူ့ရှေ့သို့ ထွေးထုတ်သည်။
ဒုတိယအသက်ရှုချိန်အတွင်း နယ်မြေလောင်ကျွမ်းခြင်းထီး၏ အဖျက်အစီးစွမ်းအားသည် အဘက်ဘက်မှ ဝမ်လင်းထံ စုဝေးသည်။ မီးသည် သူ့ပတ်လည်တွင် ဝန်းရံလျက် သူ့ရှေ့ရှိ သွေးနှင့် ပေါင်းစပ်သည်။ ထိုသွေးသည် အဖျက်အစီးအားတစ်ခုကို ဖြစ်ပေါ်ကာ ၎င်းက သူ ခပ်တင်းတင်း ဆုပ်ကိုင်ထားသော မြားနှင့် ထိပ်တိုက်တွေ့သည်။
တတိယအသက်ရှုချိန်အတွင်း ဝမ်လင်းနောက်မှ မြူနက်သည် သူ့နောက်ရှိ ပြင်ပနယ်မြေမှ ကျင့်ကြံသူများထံ အရူးအမူး ပျံ့နှံ့သည်။ ထိုအသက်ရှုချိန်သုံးကြိမ်စာအတွင်း မြားသည် ဝမ်လင်း၏ရှေးအမိန့်သွေးနှင့် ပေါင်းစည်းထားသော အဖျက်အစီးအားနှင့် ထိပ်တိုက်တွေ့သည်။ မြားသည် တစ်လွှာချင်း ပျက်စီးကုန်၏။ သို့သော် ဖိသိပ်အားကမူ ကြောက်မက်ဖွယ်ရာ ကောင်းနေတုန်းပင်။
ထို့နောက်တွင် မြားသည် ၎င်း၏စွမ်းအား နှစ်ဆယ်ရာခိုင်နှုန်းလောက်သာ ရှိတော့၏။ ၎င်းက ဝမ်လင်းလက်ကနေ ဖြစ်ပေါ်လာသော အဟန့်အတားကို ချိုးဖျက်ကာ သူ၏မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သည်။ ထိုဖြစ်စဉ်အတွင်း မြားသည် ပို၍ လွင့်ပါးလာကာ ဝမ်လင်း၏မျက်ခုံးနှင့် သုံးလက်မအကွာထိ ရောက်လာချိန်တွင်မူ ၎င်းမူလစွမ်းအား၏ ဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။
ကျယ်လောင်စွာ ပေါက်ကွဲသံသည် ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ မြားလက်ကျန်စွမ်းအားက ထိမိသည့်အခါ၌ ဟိန်းထွက်လာသည်။
နာကျင်စွာအော်ဟစ်သံများ လောကတစ်ခွင် ပဲ့တင်ထပ်သည်။ ၎င်းမှာ ဝမ်လင်းထံမှ မဟုတ်ပေ။ သူ့နောက်ရှိ ပြင်ပနယ်မြေမှ ကျင့်ကြံသူများထံက ဖြစ်၏။ မြူနက်များဖြင့် ဝန်းရံခံထားရသော ပြင်ပနယ်မြေမှ ကျင့်ကြံသူအားလုံးသည် သွေ့ခြောက်ခြောက်အလောင်းများအဖြစ် ပြောင်းကုန်သည်။
မြားကျိုးသည် ပျက်စီးသွား၏။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ ချွေးများ ရွှဲနစ်နေသည်။ သို့ပေမည့် အန္တရာယ်က မပြီးပြတ်သေးပေ။ ဒုတိယမြား နီးကပ်လာပြီ။
၎င်းမြားကို ရှောင်ဖို့က မဖြစ်နိုင်ပေ။ ဝမ်လင်းသည် ရူးသွပ်ဟန်အမူအရာ ဖြစ်ပေါ်လာ၏။ သူက မာန်သွင်းလျက် သူ့ညာလက်ကို ကောင်းကင်ထက်သို့ ညွှန်လိုက်သည်။ ထိုသို့ သေရေးရှင်ရေး အခိုက်အတန့်၌ သူသည် ဖြစ်လာမည့် အကျိုးဆက်များကို ဆက်၍ ဂရုစိုက်မနေနိုင်တော့ပေ။ သူ့ညာလက်ကို ဆန့်ထုတ်ကာ ရှေးဟောင်းထီးကို ကြုံ့၍ သူ့ထံ ပျံသန်းလာစေ၏။ ထို့နောက် ဝမ်လင်းက ထိုထီးရိုးကို ဖမ်းကိုင်လိုက်သည်။
၎င်းကို တင်းတင်း ဆုပ်ကိုင်ထားရင်း ဝမ်လင်း၏အသက်ဓာတ်အားလုံးသည် ရှေးဟောင်းထီးထံသို့ မြန်ဆန်စွာ စီးဝင်၏။ သူ၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည် အသက်ဓာတ်များ ပြည့်လျှံ့နေ၏။ အခုလိုအန္တရာယ်အခြေအနေ၌ သူသည် များများ တွေးနေဖို့ အချိန် မရှိပေ။ သူ၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည် သွေ့ခြောက်မည့် အရိပ်လက္ခဏာများ ပြလာသည်။
ထိုထီးသည် မူလတုန်းက ဆယ်ရာခိုင်နှုန်းသာ ပွင့်ဟသေး၏။ သည်အခိုက်တွင်မူ ဝမ်လင်းက သူ၏အသက်ဓာတ်အားများကို ၎င်းထံ အရူးအမူး ထိုးသွင်း၏။ ထီးအတွင်းရှိ မီးသည် ပို၍ ရုန့်ရင်းလာသည်။ ဒုတိယမြား ပေတစ်ရာပင် မလိုသော အကွာသို့ ရောက်လာသည့်အခါ ဝမ်လင်းသည် မာန်သွင်းလျက် ထီးကို ဖွင့်လှစ်ရန် ခပ်ကြမ်းကြမ်း တွန်းထုတ်လိုက်သည်။
နှစ်ဆယ်ရာခိုင်နှုန်း။
ချက်ခြင်းပင် ထိုရှေးဟောင်းထီးသည် ဝမ်လင်း၏ သူ့ကိုယ်သူသေကြောင်းကြံသော နည်းလမ်းကြောင့် နှစ်ဆယ်ရာခိုင်နှုန်းထိ ဖွင့်လှစ်ခြင်း ခံရ၏။
အဖျက်အစီးမီးသည် ထီးထံမှ တရဟော ထွက်လာ၏။ ဝမ်လင်းပတ်လည်ရှိ ဟင်းလင်းပြင်သည် ထိုမီးပင်လယ်၏ သန့်စင်ခြင်း ခံရသည့်နှယ် ပျက်စီးပြိုလဲကာ အောက်ဘက်မှ လေဟာနယ် လှစ်ဟပေါ်သည်။
ဒုတိယမြား နီးကပ်လာသည့်အခါ ၎င်းသည် နှစ်ဆယ်ရာခိုင်နှုန်း ဖွင့်လှစ်ပြီးသော ထီးနှင့် ထိပ်တိုက်တွေ့သည်။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ဒုတိယမြားသည် အရည်ပျော်ကြမည့်အလား တုန်ယင်၏။ သို့ပေမည့် ထိုမြားထံမှ ထွက်လာသော အားသည် မီးပင်လယ်ကို ထွင်းဖောက်ရုန်းကန်ကာ ဝမ်လင်းထံ နီးကပ်လာသည်သာ။
အဖြစ်အပျက်များသည် လျှပ်တပြတ်အတွင်းသာ။ ပေတစ်ရာအကွာသည် ကျင့်ကြံသူတစ်ယောက်အဖို့ ဖျက်ခနဲ ရောက်လာနိုင်၏။ မြားအတွက်မူ ပို၍ပင် မြန်ပေမည်။ ဝမ်လင်း၏ခန္ဓာကိုယ်သည် ခြောက်သွေ့နေပြီး ဖြစ်၏။ သည်အခိုက်တွင် သူသည် ထီးအတွင်းသို့ ပိုများပြားသော အသက်ဓာတ်များကို ထိုးသွင်းသည်။ သူသည် သေဆုံးခါနီး ရှေးဟောင်းနတ်ဘုရားအိုကြီးကဲ့သို့ ဖြစ်လာ၏။ သူ၏အစွမ်းထက် ခန္ဓာကိုယ်သည် ခုချိန်တွင် အလောင်းတစ်လောင်းနှင့် တူလာသည်။
နယ်မြေလောင်ကျွမ်းခြင်းထီးသည် ပိုများပြားသော အသက်ဓာတ်များကို စုပ်ယူကာ ထပ်မံ ပွင့်ဟလာ၏။ ဝမ်လင်းသည် မာန်သွင်းအော်ဟစ်လိုက်သည်။ ၎င်းသည် သုံးဆယ်ရာခိုင်နှုန်းထိ မရောက်သေးသော်လည်း အလွန်နီးကပ်နေပြီပင်။
ထို့အတွက်ကြောင့် ထွက်ပေါ်လာသောမီးသည် ပို၍ပင် ကြောက်ဖွယ်ရာ ကောင်းလာ၏။ ဒုတိယမြားသည် ဝမ်လင်းနှင့် ဆယ်ပေအကွာတွင် ပျက်စီးသွားသည်။ သို့ပေမည့် ၎င်း ပျက်စီးသွားနေရင်း မြားထံမှ စွမ်းအားသည် ထိုးထွက်ကာ ဝမ်လင်း၏ရင်ဘက်ပေါ် ကျရောက်သည်။
ဝမ်လင်းသည် သွေးအန်ထုတ်လိုက်ပြီး သူ၏ရင်ဘက်မှ ဆုတ်ဖြဲခံရသည့်နှယ် နာကျင်မှု ဖြစ်ပေါ်သည်။ ထိုပြင်းထန်လွန်းသော နာကျင်မှုသည် သူ့ကို နောက်သို့ မြန်ဆန်စွာ ဆုတ်စေပြီး သွေးအန်ထွက်စေသည်။
သို့ပေမည့် သူနောက်ဆုတ်လိုက်စဉ် သူ့မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သူသည် ဒဏ်ရာအပြင်းအထန် ရထားသည်မှာ အချိန်ကြာနေပြီ ဖြစ်၏။ သူ၏ဒဏ်ရာများက သူ့သတ်ဖြတ်လိုစိတ်ကို ပိုရုန်းကြွစေသည်။ သူက လက်ဝေ့ယမ်းလိုက်ပြီး နောက်ဆုတ်သည်။ ကြောက်မက်ဖွယ်သွေးအလင်းတစ်ခု ပေါ်လာ၏။ သွေးဓား ပေါ်လာခြင်းပင်။ ၎င်းသည် အထည်ဒြပ်သာရှိပါက အရာအားလုံးကို ဖျက်စီးပစ်နိုင်စွမ်း ရှိ၏။ ၎င်းကို အသက်ဓာတ်နှင့် ပြုလုပ်ထားသော အဖြူရောင်မြားကို ဆန့်ကျင်ရာတွင် အသုံးပြုလျှင်မူ များစွာ အသုံးဝင်လိမ့်မည် မဟုတ်ပေ။
သွေးဓားသည် ပေနှစ်ရာပင် မဟတော့သော နယ်မြေချိပ်ပိတ်ခြင်းအစီအရင်အဟကြားသို့ ပျံသန်းဝင်သွား၏။ သို့ပေမည့် ထိုအခိုက်တွင် ဝမ်လင်းသည် ၎င်းကို ပြန်ဆုတ်ကိုင်လိုက်ကာ သူ၏သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်လိုက်သည်။
“ဒါနဲ့ ပတ်သတ်ပြီး တစ်ခုခုတော့ မှားနေပြီ…”
“ငါ ဒီလူ့ကို သတ်ဖို့ ကျရှုံးခဲ့သလို သူ ထွက်လာအောင်လည်း မဖြားယောင်းနိုင်ခဲ့ဘူး…”
ဝတ်စုံဖြူနှင့်လူငယ်က အဘိုးအိုအရွယ် ဖြစ်လာ၏။ သူသည် မယုံကြည်မှုနှင့် ပြည့်နေကာ သုန်မှုန်နေသည်။ သူသည် မြားနှစ်စင်းက ဝမ်လင်းကို မသတ်နိုင်သည့်အပေါ် အံ့အားတသင့် ဖြစ်နေ၏။ ခုချိန်တွင် သူ၏အသက်ဓာတ်အများစုမှာ ဆုံးရှုံးနေပြီး ဖြစ်၏။ သူက ဝမ်လင်းက အေးစက်စက် လှမ်းကြည့်လိုက်ပြီးနောက် ပြန်လှည့် ထွက်သည်။
သို့ပေမည့် သူ နောက်ဆုတ်လိုက်စဉ် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှ နတ်ဆိုးစွမ်းအင်တစ်ခု လှမ်းထွက်လာ၏။ ထိုနတ်ဆိုးစွမ်းအင်သည် အလွန်မြန်ဆန်လှကာ အစောပိုင်းက မြား၏အမြန်နှုန်းနှင့်ပင် ယှဉ်နိုင်သည်။
နတ်ဆိုးစွမ်းအင် ပျံ့နှံ့လာရင်း တစ္ဆေကလန်မှ ရှေးဟောင်းနတ်ဆိုးသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်နားတွင် အရိပ်တစ်ခုအဖြစ် ပေါ်လာသည်။ သူ၏ဘယ်မျက်လုံးထဲတွင် ကြယ်ကိုးလုံးလှည့်ပတ်နေ၏။
သူက ထိုဝတ်စုံဖြူကျင့်ကြံသူ၏ လက်ထဲရှိ လေးကို စိုက်ကြည့်နေပြီး သူ၏မျက်လုံးထဲတွင် လောဘတို့နှင့် ပြည့်နှက်နေသည်။ သို့ပေမည့် သူ၏ခန္ဓာကိုယ်မှာ အရိပ်သာ ဖြစ်သည်။ ဆိုလိုသည်မှာ သူ၏အစစ်အမှန်ခန္ဓာကိုယ်နှင့် မလာခဲ့ ဟူ၏။ သူ၏မျက်လုံးထဲဝွင် ကြယ်ကိုးလုံး ရှိနေသော်လည်း အာရုံမြင်ကွင်းတစ်ခုမျှသာ။
သူသည် ထိုဝတ်စုံဖြူကျင့်ကြံသူနား ရောက်လာကာ လက်သည်းဖြင့် ကြမ်းတမ်းစွာ ကုတ်ဆွဲချ၏။
သူသည် ဒီအခွင့်အရေးအတွက် အချိန်စောင့်နေခြင်းပင်။ အမှန်တော့ သူသည် ထိုဝတ်စုံဖြူကျင့်ကြံသူ ပေါ်လာသည့်အချိန်တည်းက ဒီနေရာသို့ ရောက်နေခဲ့တာ ဖြစ်၏။ သို့သော် သူသည် လေး၏စွမ်းအားကို လန့်နေသဖြင့် ထိုကျင့်ကြံသူ လှည့်ထွက်မည့်အခိုက်အတန့်ထိ စောင့်ဆိုင်းနေခြင်းပင်။
ကြယ်ကိုးလုံး ရှေးဟောင်းနတ်ဘုရားသည် ဝတ်စုံဖြူကျင့်ကြံသူနား ရောက်လာချိန်၌ သူသည် ရုတ်တရက် လှည့်၍ ပြုံး၏။ ထိုအပြုံးကား အပြုံး မမည်ပေ။
“ငါးကြီး ထွက်မလာပေမဲ့….ငါးလေးတော့ ထွက်လာခဲ့ပြီ…”
ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ မမြင်ရသောဖိအားတစ်ခု ပျံ့လွင့်လာ၏။ ၎င်းသည် မမြင်ရသောလက်ဝါးရာအဖြစ် ပြောင်းကာ ငြိမ်သက်စွာ ရိုက်ချလာသည်။
ကြယ်ကိုးလုံးရှေးဟောင်းနတ်ဆိုး ကိုယ်ပွား၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူ၏မျက်လုံးထဲရှိ လောဘမှာလည်း ရုတ်တရက် ကွယ်ပျောက်သွားသည်။ သူသည် အော်ဟစ်လိုက်ပြီး ထိုလက်ဝါးကို ရှောင်ရန် လေဟာနယ်အတွင်းသို့ အသည်းအသန် ပြန်ဆုတ်သည်။ သို့ပေမည့် သူသည် နှေးလွန်းသွားကာ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ထံ ပြန်မရောက်ခင် လက်ဝါး၏ ဖမ်းမိခြင်းကို ခံလိုက်ရသည်။
လက်ဝါးသည် ကြမ်းတမ်းစွာ ညှစ်ချလိုက်၏။ ကြယ်ကိုးလုံးရှေးဟောင်းနတ်ဆိုး၏ ကိုယ်ပွားသည် နတ်ဆိုးစွမ်းအင်မြောက်များစွာအဖြစ် ပျက်စီးသွား၏။ လက်ဝါးသည် နတ်ဆိုးစွမ်းအင်များကို စုပ်ယူပြီးနောက် ပျောက်ကွယ်သွားလေသည်။
“အုပ်စိုးသူရဲ့ တပည့်ခေါင်းဆောင် ဖန်ရီ၊ ငါက ဆရာ့ရဲ့ အမိန့်အရ ဒီလေးကို အတွင်းနယ်မြေက ရောင်းရင်းကျင့်ကြံသူတွေရှိ လာပို့တာပါ…”
“လေးက ဒီမှာ…။ မြားနှစ်စင်းက ဒီလေးရဲ့ စွမ်းအားကို ပြသခဲ့ပြီးလို့ ဆိုလိုတယ်။ ယုံကြည်မှုရှိတဲ့ သူတိုင်း ဒါကို ယူဆောင်ဖို့ ကြိုးစားကြည့်နိုင်တယ်…” ဝတ်စုံဖြူကျင့်ကြံသူက သူ့လက်နှစ်ဖက်ကို ဆုပ်ကာ လေးကို လက်လွှတ်လိုက်၏။ လေးသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ အဟရှေ့တွင် လွင့်မြောသည်။
လေးထံမှ ညင်သာသော အလင်းတစ်ခု ထွက်ပေါ်နေ၏။ ၎င်းသည် လူတိုင်းကို ရူးသွပ်သွားအောင် လုပ်နိုင်သော စွဲဆောင်မှုကို ပေးစွမ်းနေသည်။
“ဆရာက အတွင်းနယ်မြေအနေနဲ့ ဒီလေးကို ယူဆောင်ဖို့ အခွင့်အရေး သုံးခါ ရမယ်လို့ အမိန့်ပေးခဲ့တယ်။ တစ်ကြိမ် ကြိုးစားတိုင်း သင်တို့က ငါတို့ပြင်ပနယ်မြေကျင့်ကြံသူတွေရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ပြန်လွှတ်ပေးရမယ်။ သင်တို့တွေ ဒီအခွင့်အရေးကို လိုချင်လား၊ မလိုချင်ဘူးလား…”
ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပြည့်နှက်နေ၏။ သူသည် မြေနိမ့်သားရဲကိုသာ သူ၏အသက်အနှစ်သာရသားရဲ အဖြစ် မပိုင်ဆိုင်ထားခဲ့ပါက ထီးကို အစောပိုင်းက ပုံစံမျိုးနှင့် အတင်းဖွင့်လှစ်ခြင်းသည် သူ၏ အသက်ဓာတ်ကိုးဆယ်ရာခိုင်နှုန်းလောက် ကုန်ဆုံးသွားစေမည် ဖြစ်သည်။ သို့ပေမည့် မြေနိမ့်သားရဲ ပိုင်ဆိုင်ထားလျှင်ပင် သူသည် ထိုသို့ပုံစံမျိုး မကြာခဏ လုပ်နိုင်မည် မဟုတ်ပါ။ မြေနိမ့်သားရဲသည် အဆုံးမရှိသည့် အသက်ဓာတ်များ ပိုင်ဆိုင်ထားသော်လည်း ၎င်းသည်ပင် ရှေးဟောင်းထီး၏ အရူးအမူး စုပ်ယူမှုကို ခံနိုင်မည် မဟုတ်ပေ။
“အုပ်စိုးသူက ဒါကို ဘာအတွက် လုပ်ရတာလဲ။ သူက နည်းနည်းထိတ်လန့်နေတဲ့ပုံပဲ။ သူက ဒီလေးကို အသုံးပြုပြီး တစ်ယောက်ယောက် ထွက်ပေါ်လာအောင် ဖြားယောင်းချင်တဲ့ ပုံရတယ်..”
***