တစ္ဆေအိုကြီးကျန့်
Vol. 115 Ch. 1584
အတွင်းနယ်မြေသည် လုံးဝ ငြိမ်သက်တိတ်ဆိတ်နေ၏။ အရှင်တိမ်စွန်း၊ အရှင်ဟုန်ရှန်တို့နှင့် တိုက်ခိုက်နေသော တတိယအဆင့်ကျင့်ကြံသူများသည်ပင် တိုက်ပွဲမှ ပြန်ဆုတ်သွားကြပြီ ဖြစ်သည်။ သူတို့သည် တစ်ဖက်မှ အေးတိအေးစက် ကြည့်နေလေ၏။
သို့ပေမည့် အနီရောင်ဝတ်စုံဖြင့် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်သည် သုန်မှုန်စွာ ရှိနေ၏။ သူမသည် ထိုလေး ပေါ်လာသည်ကို မသိပေ။ ဖန်ရီ၏ စကားများကို ကြားလိုက်ရပြီးနောက် သူမ၏မျက်နှာပေါ်တွင် ဒေါသထွက်ဟန် အရိပ်အမြွက် ဖြစ်ပေါ်သည်။ သူမသည် တစ်စုံတစ်ယောက်၏ ပွန်းတစ်ကောင် ဖြစ်လာခဲ့သည်ကို သိလိုက်သည်။
အနီရောင်ဝတ်စုံဖြင့် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်သည် အေးစက်စက်နှာခေါင်းရှုံ့ကာ ဆင့်ခေါ်ခြင်းမြစ်မှ ခရမ်းအိပ်မက်ကို ကြည့်လိုက်၏။ သူမသည် မည်သူ့ကိုမျှ ဆက်ကြည့်မနေတော့ဘဲ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်အဟထံ ပျံသန်းသွားတော့သည်။
မည်သူကမျှ သူမကိုမတားပေ။ အရှင်တိမ်စွန်း၏မျက်လုံးက တလက်လက် ဖြစ်၏။ အနီရောင်ဝတ်စုံဖြင့် ကိုယ်လုပ်တော်က ရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ ဝင်ရောက်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
အေးစက်စက်ကောင်လေးနှင့် တခြားသူများကလည်း ငြိမ်သက်စွာ စဉ်းစးပြီးနောက် သူတို့သည် နောက်ဆုတ်ကာ အဟကြားကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားသည်။
“ဘာလဲ။ အတွင်းနယ်မြေရဲ့ ဘယ်ကျင့်ကြံသူကမှ ဒီလေးကို မယူရဲတာလား…”
အုပ်စိုးသူကောင်စီ၏ တပည့်ခေါင်းဆောင်သည် ခေါင်းယမ်းကာ အတွင်းနယ်မြေမှ ကျင့်ကြံသူများထံ ကြည့်လိုက်သည်။
နယ်မြေချိပ်ပိတ်ခြင်းအစီအရင်အဟသည် ပေတစ်ရာထိ ပြန်ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။ အစီအရင်၏ အနားစွန်းများသည် လုံးဝ ပိတ်ဆို့တော့ပေမည်။ သို့ပေမည့် ၎င်းက ပေခုနစ်ဆယ်ထက် နည်းစွာ ကြုံ့လာသည့်အခါတွင် အစောပိုင်းက ပျက်စီးသွားသော ဧရာမလက်ဝါးချက်သည် ရုတ်တရက် ပြန်ပေါ်လာကာ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို ဖမ်းဆုပ်ကိုင်သည်။ တုန်ဟည်းသံများ ကျယ်လောင်စွာ မြည်ဟည်း၏။ ၎င်းသည် အဟကို အတင်းအကြပ် ဆုတ်ဖြဲလေ၏။ လုံးဝနီးပါး ပြန်ကောင်းမွန်နေသော ထိုအဟက ပေထောင်ချီ ပြန်ပွင့်ဟထွက်သွားသည်။
ထိုလက်ထံမှ ခုခံနိုင်စွမ်းမဲ့သောဖိအားတစ်ခု ထွက်ပေါ်လာ၏။ အရှင်ဟုန်ရှန်နှင့် တခြားသူများသည် ထိုဖိအားကြောင့် တုန်လှုပ်ကုန်ကာ နောက်သို့ အမြန်ဆုတ်သည်။
ဝမ်လင်း၏မျက်နှာသည်လည်း ဖြူရောနေ၏။ သူသည် ထိုဖိအားကြောင့် နောက်သို့ ပေထောင်ချီ ဆုတ်လိုက်ရသည်။
အရှင်ဟုန်ရှန်၏ မျက်လုံးသည် အေးစက်လာသည်။ သူသည် နောက်ဆုတ်နေရင်း ရှေ့သို့ တစ်လှမ်းတိုးကာ သူ့ညာလက်ကို ဝေ့ယမ်းသည်။ အနီရောင်အလင်း ပေါ်လာကာ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်အဟကို ဆုတ်ဖြဲနေသော လက်ဝါးထံ တိုးဝင်သည်။
တစ်ချိန်တည်းမှာ အရှင်တိမ်စွန်းက သူ့နှဖူးကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်လာကာ တိမ်ထုအရိပ်များ သူ၏နောက်တွင် ပေါ်လာသည်။ ထိုတိမ်များသည် ရုပ်တုများအဖြစ် ပြောင်းကာ အတန်းလိုက် အစီအရင်တစ်ခုအသွင် ဖြစ်ပေါ်သည်။ ယင်းတို့သည် အရှင်ဟုန်ရှန်၏ အနီရောင်အလင်းနောက်ကနေ လက်ဝါးချက်ထံ လိုက်ပါသည်။
ဆင့်ခေါ်ခြင်းမြစ်၏ ခရမ်းအိပ်မက်၊ လှပသောသက်လတ်ပိုင်းအမျိုးသမီး၊ အရှင်လုဖူ၊ ထိုက်အုလောတို့သည်လည်း တစ်ချိန်တည်း တိုက်ခိုက်လိုက်ကြသည်။ မန္တာန်အမျိုးမျိုး ပျံဝဲထွက်ကာ အရှင်ဟုန်ရှန်၊ အရှင်တိမ်စွန်းတို့၏ မန္တာန်များနှင့် ပေါင်းစပ်၍ ကောင်းကင်တုန်လှုပ်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်တည်ကာ အစီအရင်ကို ဖွင့်ဟနေသော လက်ဝါးထံသို့ ပျံသန်းဝင်လာသည်။
ဝမ်လင်းအမိန့်ဖြင့် မြင့်မြတ်သောလင်းတန်နှင့် ကျိုးကျင်တို့ကလည်း သူတို့၏မန္တာန်များကို ထုတ်ဖော်ကာ တိုက်ခိုက်သည်။ အတွင်းနယ်မြေရှိ တတိယအဆင့်ကျင့်ကြံသူအားလုံးက သူတို့၏မန္တာန်များကို ထုတ်ဖော်ကာ ဒီမုန်တိုင်းကို ဖန်တီးသည်ဟုပင် ပြော၍ ရ၏။
ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားကြယ်များသည် မြန်ဆန်စွာ လှည့်ပတ်၏။ သူက ညာလက်ကို ဝေ့ယမ်းလိုက်သည်။ ရှေးဟောင်းနတ်ဘုရားဦးခေါင်းအရိပ် ပေါ်လာကာ ဧရာမလက်သီးအဖြစ် ပြောင်း၏။ ထိုလက်သီးကို မီးနှင့်မိုးကြိုးတို့က ဖုံးအုပ်ထားသည်။ ထိုလက်သီးချက်သည်လည်း မုန်တိုင်းနှင့် ပေါင်းစပ်ကာ အတွင်းနယ်မြေမှ အပြင်းထန်ဆုံး ရိုက်ချက်ကို ဖန်တီး၍ လက်ဝါးထံ တိုးဝင်သည်။
လျှပ်တပြတ်အတွင်း အတွင်းနယ်မြေမှ အစွမ်းထက်ဆုံး တိုက်ခိုက်မှုသည် လက်ဝါးနှင့် ထိပ်တိုက်တွေ့သည်။ ယင်းတို့ ထိပ်တိုက်တွေ့သည့်အခိုက်တွင် အတွင်းနယ်မြေမှ အားကောင်းသော နတ်ဆိုးစွမ်းအင် ထွက်ပေါ်လာပြီး ကြယ်ကိုးလုံးရှေးဟောင်းနတ်ဆိုးတစ်ပါး ပေါ်လာသည်။ သူ၏မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နေကာ သူသည် ပါးစပ်ဟကာ နတ်ဆိုးစွမ်းအင်များကို ထွေးထုတ်သည်။ နတ်ဆိုးစွမ်းအင်သည် ကြီးမားသော နတ်ဆိုးနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ ရှေ့သို့ ဦးတည်သည်။
နတ်ဆိုးနဂါး ပျံသန်းထွက်လာသည့်အခိုက်တွင် ရှေးဟောင်းနတ်ဆိုးကြယ်ကိုးလုံးသည် သူ၏ဘယ်မျက်လုံးထံမှ ပျံသန်းထွက်ကာ နတ်ဆိုးနဂါးနှင့် ပေါင်းစပ်သည်။ ၎င်းသည် မုန်တိုင်းနှင့် ပေါင်းစပ်ကာ လက်ဝါးထံသို့ ဦးတည်သည်။
တုန်ဟည်းသံများသည် ဒီကြယ်အဖွဲ့အစည်းကို လှုပ်ခါစေသည်။ အတွင်းနှင့်အပြင်နယ်မြေရှိ လူတိုင်းသည် ထိုတုန်ဟည်းသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ မုန်တိုင်းသည် လက်ဝါးနှင့် ထိပ်တိုက်တွေ့ရာ အတောမသပ်တုန်ခါလှိုင်းတစ်ခုကို ဖန်တီး၍ အဘက်ဘက်သို့ ပျံ့နှံ့သည်။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း အရှင်ဟုန်ရှန်နှင့် တခြားသူများသည် သွေးအန်လိုက်ရပြီး နောက်သို့ အမြန်ဆုတ်သည်။ ထိုပြင်းထန်သောဖိသိပ်အားအောက်တွင် လက်ငါးချောင်းထဲမှ လက်လေးချောင်းသည် ချက်ခြင်း ပျက်စီးသွားရသည်။
ထိုအခိုက်အတန့်တွင် ဝမ်လင်း၏ရှေးအမိန့်လက်သီးချက် ရောက်ရှိလာကာ နောက်ဆုံးကျန်သည့် လက်ချောင်းပေါ်သို့ ကျရောက်သည်။ တုန်ဟည်းသံများ မြည်ဟိန်းကာ ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်လျက် သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျသည်။ သူ့ညာလက်မှ နာကျင်မှု လှိုက်တက်လာ၏။ အရိုးများ ကျိုးသွားသည့်အလား။
သူသည် နောက်သို့ ထပ်ဆုတ်ရသည်။
လက်ဝါးပေါ်ရှိ နောက်ဆုံးကျန်သေးသော လက်ချောင်းသည် ဝမ်လင်း၏ ရှေးအမိန့်လက်သီးချက်နှင့် ထိပ်တိုက်တွေ့သည့်အခါ ၎င်းသည် ပျက်စီးမည့် အရိပ်အယောင် ပြသလာသည်။ ထိုအခိုက်တွင် ကြယ်ကိုးလုံးရှေးဟောင်းနတ်ဆိုးထံမှ နတ်ဆိုးနဂါးသည် ကျဆင်းလာရာ ယင်းလက်ချောင်းသည် ပျက်စီးသွား၏။ လက်ဝါးတစ်ခုသာ ကျန်နေတော့ပြီး အတွင်းနယ်မြေရှိ တတိယအဆင့်ကျင့်ကြံသူများ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် နောက်ကန်လွင့်သွားသည်။
တုန်ခါလှိုင်းသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ထံ ပျံ့နှံ့သည်။ ထိုအဖြစ်က ဒီအစီအရင်ကို တုန်ယင်စေကာ အဟသည် မြန်ဆန်စွာ ချဲ့ကားလာ၏။
ထိုတုန်ခါလှိုင်းအတွင်း လေးသည် နေရာတွင်ပင် မြောလွင့်နေဆဲ ဖြစ်၏။ ထိုအားက ၎င်း၏ရှေ့တွင် ပမွှားအလား။ ၎င်းပတ်လည်ရှိ နူးညံ့သောအလင်းသာ အနည်းငယ် ပုံပျက်ယွင်း၏။
လက်ငါးချောင်း ဆုံးရှုံးသွားသော လက်ဝါးသည် ငါးရောင်စုံအလင်းကို ထုတ်လွှတ်၏။ ကြည့်ရသည်မှာ လက်ငါးချောင်းသည် ပြန်၍ ဖွဲ့စည်းလာသည့်အလား။
သို့ပေမည့် ထိုအခိုက်အတန့်တွင် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသည်။ ဝမ်လင်းနှင့် တခြားသူများ နောက်မှ ဟင်းလင်းပြင်သည် တုန်ခါသည်။ သူတို့နောက်ကနေ အတွင်းနယ်မြေထံမှ လူတိုင်းကို တုန်လှုပ်စေဖို့ လုံလောက်သော ဟိန်းသံတစ်သံ ထွက်ပေါ်လာချေသည်။
ထိုဟိန်းသံသည် စကြဝဠာတစ်ခုကိုပင် အဝေးသို့ လွင့်ထွက်သွားစေနိုင်ဟန် ထင်မှားရ၏။ အရှင်ဟုန်ရှန်နှင့် တခြားသူများ၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ ဝမ်လင်းသည်လည်း နောက်ပြန်လှည့်ကြည့်မိ၏။
သူက သူ့ဘဝတွင် တစ်သက်မမေ့နိုင်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
လောင်ကျွမ်းနေသော ကျင့်ကြံခြင်းဂြိုဟ်ကိုးလုံး၊ ထိုဂြိုဟ်ကိုးလုံးသည် နေတစ်စင်းအလား လောင်ကျွမ်းလျက် ကြယ်အဖွဲ့အစည်းကို ဖြတ်၍ ပျံသန်းလာသည်။
ယင်းဂြိုဟ်များ၏ အရှိန်ကြောင့် ဟင်းလင်းပြင်သည်ပင် တစစီ ဖြစ်ရသည်။ ယင်းဂြိုဟ်များ၏ အပူရှိန်ကြောင့် မရေမတွက်နိုင်သော လှိုင်းဂယက်များ ပျံ့လွင့်သည်။
ယင်းဂြိုဟ်များသည် မြန်လွန်း၏။ ယင်းတို့သည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင် အပြင်ဘက်ရှိ မြောလွင့်နေသောလေးထံသို့ တိုးဝင်သည်။
ပြန်ကောင်းမွန်လာသော ဧရာမလက်ဝါးသည် ဝေ့ယမ်း၍ ထိုလေး၏ ရှေ့တွင် ပိတ်ဆို့သည်။ ၎င်းသည် ပထမဆုံးလောင်ကျွမ်းဂြိုဟ်နှင့် ထိပ်တိုက်တွေ့၏။
ပထမဆုံးလောင်ကျွမ်းဂြိုဟ်သည် ပြင်းထန်သောအားတစ်ခုအဖြစ်သို့ ပြောင်းလဲသည်။ ၎င်းသည် လက်ဝါးနှင့် ထိပ်တိုက်တွေ့သည့်အခါ ပျက်စီး၏။ ပြင်းထန်သောဖိသိပ်အားက လက်ဝါးကို နောက်ဆုတ်သွားစေသည်။
သို့ပေမည့် ၎င်းလက်ဝါး ပေတစ်သောင်းထိ နောက်မဆုတ်နိုင်ခင် ဒုတိယဂြိုဟ် ရောက်လာပြီး လက်ဝါးကို ထပ်မံ နောက်လွင့်စေပြန်သည်။
တတိယမြောက်ဂြိုဟ်လည်း နီးကပ်လာကာ လက်ဝါးနှင့် တွေ့ဆုံသည်။ ဧရာမလက်ဝါးသည် တုန်ယင်ကာ ရုတ်တရက် ပေါက်ကွဲသွားသည်။ ၎င်း ပေါက်ကွဲသွားချိန်၌ ဝတ်စုံနက်အရိပ်တစ်ခု လှမ်းထွက်လာသည်။
ထိုဝတ်စုံနက်အရိပ်သည် ဝမ်လင်း ပြင်ပနယ်မြေတွင် တွေ့မြင်ခဲ့ဖူးသော အုပ်စိုးသူ ဆိုသူပင်။
သူ ပေါ်လာသည့်နောက် သူသည် စကားတစ်ခွန်းမှ မဆို သူ့လက်ကိုသာ ဝေ့ယမ်းသည်။ တောက်ပသောအလင်းတစ်ခုသည် သူ၏ခြောက်သွေ့သောလက်ထံမှ ထွက်ပေါ်လာသည်။ သူ့လက်သည် ဒီလောကရှိ ထာဝရအလင်းတစ်ခုအသွင် ဖြစ်လာသည့်နှယ်။
သူက လက်မြှောက်ကာ လေးခုမြောက်ဂြိုဟ်ထံသို့ ဖိရိုက်ချသည်။ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ လေးခုမြောက်ဂြိုဟ် ပျက်စီးသွားသည်။ သို့သော် ထိုဝတ်စုံနက်အရိပ်သည်လည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ရသည်။ သူ့လက်ထဲရှိ အလင်းမှာ ပျက်စီးပြိုလဲ၏။
ငါးခုမြောက်၊ ခြောက်ခုမြောက်၊ ခုနစ်ခုမြောက်၊ ရှစ်ခုမြောက် ကျင့်ကြံခြင်းဂြိုဟ်များ တစ်ပြိုင်နက်တည်း ရောက်လာသည်။ ယင်းတို့သည် ဝတ်စုံနက်အရိပ်နား ရောက်လာချိန်တွင် တစ်ချီတည်း ပေါက်ကွဲကာ အတိုင်းမသိဖိသိပ်အားကို ဖြစ်စေပြီး ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ ပျံ့လွင့်သည်။
အပူလှိုင်းတစ်ခုသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အတွင်းနက်ပိုင်းထိ ပျံ့သည်။ ထိုအပူလှိုင်း ဖြတ်သန်းသွားရင်း ကြယ်ရောင်စုံကောင်းကင်သည် တစစီ ဖြစ်သွားသည်။ ဝတ်စုံနက်အရိပ်သည် နောက်လွင့်ထွက်သွားသည်။ သူသည် ပါးစပ်အပြည့် သွေးအန်ထုတ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်သည် ဆုတ်ပြဲသွားတော့မည့်နှယ်။
“မင်း မသေသေးဘူးလား…” တုန်လှုပ်မှု ပြည့်နေသော ခပ်ဩဩအသံသည် ဝတ်စုံနက်လူထံမှ ထွက်ပေါ်လာ၏။
“ငါ မသေသေးဘူး…” အတွင်းနယ်မြေရှိ မည်သည့်နေရာကမှန်းမသိ အသံတစ်သံ ထွက်ပေါ်လာကာ ပြင်ပနယ်မြေထံသို့ အရူးအမူး တရကြမ်း ထိုးထွက်လာသည်။ လောင်ကျွမ်းနေသော ဂြိုဟ်ကိုးလုံးသည် ဝတ်စုံနက်အရိပ်ပေါ်သို့ ရိုက်ချလိုက်ပေပြီ။
ဝတ်စုံနက်အရိပ်သည် မာန်သွင်းကာ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို အလျင်အမြန် ဖြစ်ပေါ်စေသည်။ သူ့နောက်တွင် ဧရာမရေတွင်းတစ်ခု ပေါ်လာ၏။ ထိုရေတွင်း၌ တခြမ်းပဲ့လတစ်စင်း ရောင်ပြန်ဟပ်နေသည်။ ထိုအခိုက်တွင် ဝတ်စုံနက်လူသည် သူ့ဘယ်လက်ကို ထိုရေတွင်းရှိ ရေမျက်နှာပြင်ထံ ဆန့်ထုတ်သည်။
သူက ရေတွင်းထဲမှ တခြမ်းပဲ့လကို မျှားယူလိုက်၏။ လူတစ်ယောက်သည် သူသည် ရေတွင်းရေကို မျှားသလား၊ သို့တည်းမဟုတ် တခြမ်းပဲ့လကို မျှားသလားကိုမူ ပြောနိုင်လိမ့်မည် မဟုတ်ပါ။ အတိုချုပ်ဆိုရသော် ရေတွင်း၌ ရေများစွာ ရှိ၏။ ထိုရေထဲ၌ တခြမ်းပဲ့လ ရှိနေ၏။
၎င်းကို မျှားယူပြီးနောက် ဝတ်စုံနက်လူက သူ့လက်ကို ဝေ့ယမ်းသည်။ ရေတွင်းရေသည် ဂြိုဟ်ကိုးလုံးထံ ပျံသန်းဝင်ရောက်လေ၏။
ယင်းတို့နှစ်ခုသည် ချက်ခြင်းပင် ထိပ်တိုက်တွေ့သည်။ သို့သော် ရေတွင်းထဲမှရေသည် မြန်ဆန်စွာ အငွေ့ပျံ့၏။ တခဏအတွင်း ရေတွင်းရေသည် အဖြူရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသည်။ သို့ပေမည့် တစ်ချိန်တည်းမှာ ကျင့်ကြံခြင်းဂြိုဟ်သည် တစစီ ဖြစ်သွားလေ၏။
လူတစ်ယောက်သည် ထိုဂြိုဟ်ပေါ်တွင် တခြမ်းပဲ့လအမှတ်အသား ပေါ်လာသည်ကို ရှင်းလင်းစွာ မြင်ရပေမည်။ ယင်းအမှတ်အသားက ဂြိုဟ်ကို ထွင်းဖောက်ကာ ၎င်းသည် ပြိုလဲပျက်စီးပြီး လေဟာနယ်အတွင်းသို့ ထွင်းဖောက်သွားသည်။
“အတိတ်တုန်းက ငါဟာ ပြင်ပနယ်မြေကို လာတဲ့လမ်းတစ်လျှောက် သတ်ဖြတ်ခဲ့တယ်။ သခင်ငါးယောက်တောင် ငါ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး။ ငါဟာ အပူဇော်ခံမီးတောက်များစွာကို လုယူခဲ့တယ်။ ဒီနေ့ ငါတို့ ထပ်တွေ့ပြန်ပြီ။ မင်းက အားနည်းနေတုန်းပဲ…” ထိုအသံသည် ရှေးကျ၏။ သို့သော် ၎င်းသည် အလွန်အမင်း လွှမ်းမိုးနိုင်စွမ်း ရှိသည်။ ထိုအသံ ဆုံးသည်နှင့် ဝိုးတဝါးပုံရိပ်တစ်ခုသည် တခြမ်းပဲ့လ ကျရောက်တော့မည့် နေရာတွင် ပေါ်လာသည်။ ထိုပုံရိပ်သည် သူ့ညာလက်ကို ဝေ့ယမ်း၍ တိုက်ပွဲ ဟူသော စကားလုံးကို ရေးချသည်။
တိုက်ပွဲ ဟူသော စကားလုံးသည် တခြမ်းပဲ့လကို ပြိုလဲပျက်စီးသည်။
“ သူက ဟိန်းသံတစ်သံ စွမ်းအား အသုံးပြုပြီး မင်းကို မောင်းထုတ်ခဲ့တယ်လို့ လူတွေ သိထားကြတယ်။ ဒါပေမဲ့ သူတို့ဟာ ဒီဟိန်းသံအတွင်းက သတိပေးချက်နဲ့ ပတ်သတ်လို့တော့ မသိခဲ့ကြဘူး။ မင်း အတွင်းနယ်မြေထဲ ခြေတစ်လှမ်း ဝင်ရောက်လာခဲ့ရင် မင်း သံသယမရှိ သေဆုံးရလိမ့်မယ်…”
“မင်းက ကြောက်တတ်တဲ့ ကြွက်တစ်ကောင်ပါပဲ။ လက်ဝါးရာအစေခံကောင်လေး၊ မင်းက မင်းကိုယ်မင်း အုပ်စိုးသူလို့ ခေါ်ဝံ့တယ်လား။ လီမိသားစုဝင်တွေကလွဲရင် ဘယ်သူကမှ ဒီလေးကို သူတို့ရဲ့ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုအောင် မလုပ်နိုင်ကြဘူး။ မင်းက ဒါကို တည်ကြက်တစ်ခုအနေနဲ့ ထုတ်သုံးခဲ့မှတော့ ဒီအဘိုးအိုကလည်း ဒါကို လက်ခံယူ ပေးရမှာပေါ့…”
ထိုဝိုးတဝါးပုံရိပ်၏အသံသည် တည်ငြိမ်၏။ သူသည် လွင့်မြောနေသောလေးထံသို့ ခြေလှမ်းလိုက်သည်။
“တစ္ဆေအိုကြီးကျန့်…သင်က ခုထိ မသေသေးဘူးပဲ…” ဝတ်စုံနက်အရိပ်က ခေါင်းမော့လိုက်သည်။ သူ၏ဝတ်ရုံထိပ်ပိုင်းသည် တစစီ ဖြစ်ကုန်ကာ ဝတ်စုံအောက်မှ မျက်နှာ လှစ်ဟပေါ်လာသည်။
***