← Chapters

မြေနိမ့်သားရဲ နိုးထလာမှု

Vol. 115 Ch. 1585

မြေနိမ့်သားရဲ နိုးထလာမှု

Vol. 115 Ch. 1585

ထိုမျက်နှာမှာ အရေးအကြောင်းများ ပြည့်နှက်နေသော အဘိုးအိုတစ်ယောက်၏ မျက်နှာပင်။ သူသည် ရှင်သန်နေထိုင်ခဲ့သည်မှာ ကြာမြင့်လွန်းခဲ့ပေပြီ။

သူ၏မျက်ခုံးနှစ်ခုကြား၌ အမှတ်အသားတစ်ခုလည်း ရှိ၏။ ထိုအမှတ်အသားသည် အမာရွတ်တစ်ခုနှင့် တူကာ ဟိုးလွန်ခဲ့သောနှစ်ပေါင်း မရေမတွက်နိုင်ခင်က တစ်စုံတစ်ယောက်သည် သူ့ကို အမှတ်အသားခပ်နှိပ်ခဲ့သည့်အလား။ ထိုအမှတ်အသား၏ ပုံပန်းသွင်ပြင်ကိုမူ မည်သူကမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

ထိုလူသည် အိုမင်းနေသော်လည်း၊ သူ၏မျက်နှာထက်၌ အမွှေးအမျှင်တစ်စက်မှ ရှိမနေပေ။

အုပ်စိုးသူ။ လက်ဝါးရာအစေခံကောင်လေး။

သူက တစ္ဆေအိုကြီးကျန့်ကို စိုက်ကြည့်နေလျက် သူ၏မျက်နှာသည် ဖြူရောနေ၏။ သူ့မျက်လုံးထဲတွင် အတိုင်းမသိ အမုန်းတရား ပြည့်နေသည်။ သို့သော် သူသည် ပါးစပ်ပင် မဟဝံ့ ဖြစ်နေ၏။ သူက သူ၏တပည့်ခေါင်းဆောင်ကို ဆွဲခေါ်ကာ အလျင်အမြန် ထွက်ပြေးလေသည်။

ဝိုးတဝါးပုံရိပ်ကမူ မြောလွင့်နေသောလေးနားသို့ နီးကပ်လာ၏။ သူက ညာလက်ကို ပင့်မြှောက်ကာ ထိုလေးထံသို့ လက်လှမ်းလိုက်သည်။ သူက ၎င်းကို ဖမ်းဆုပ်ခါနီးအချိန်၌ ဝိုးတဝါးပုံရိပ်သည် အာမေဋိတ်သံ အနည်းငယ် ထွက်ပေါ်သွား၏။

သူ၏အမူအရာသည်ပင် ပြောင်းလဲသွားဟန် တူ၏။ သို့သော် သူက သူ့ညာလက်ကို ပြန်မရုတ်၊ ထိုအစား ပြန်မြန်ဆန်စွာ ဆန့်တန်းလိုက်သည်။

လေးကြိုးကို ဆွဲတင်လိုက်၏။ သို့ပေမည့် အဆုံးသပ်တွင် ခုနစ်ရောင်စုံအလင်း လင်းလက်သွားသည်။ ခုနစ်ရောင်စုံအလင်း လင်းလက်နေရင်း လေးကြိုးသည် ဂျွတ်ခနဲ ကျိုးပြတ်သွားသည်။

“တကယ်ကို ခုနစ်ရောင်စုံ ရှိနေတာပဲ…” ဝိုးတဝါးပုံရိပ်၏မျက်လုံးသည် စူးရှစွာ တောက်ပသည်။

တဝီဝိအသံ မြည်ကာ ပြတ်သွားသောကြိုးထံမှ နာကျင်စွာအော်မြည်သံ ထွက်ပေါ်လာ၏။ ခုနစ်ရောင်စုံအလင်းသည် လေးကြိုးပြတ်မှ ဖြစ်ပေါ်သော စက်ဝန်းပြတ်နှင့်အတူ ပျံသန်းထွက်လာ၏။

လေးကြိုးသည် မူလတုန်းက ရှည်လျားခြင်း မရှိပေ။ သို့သော် ဤအခိုက်၌ ၎င်းသည် အဆုံးအဆမဲ့စွာ ချဲ့ကားဆန့်ထွက်သည်။ စက်ဝန်းပြတ်အတွင်းရှိ အရာအားလုံးသည် ပုံမှန်ဟင်းလင်းပြင်နှင့် ကွဲထွက်နေသည်။

ဝိုးတဝါးအဘိုးအိုပုံရိပ်သည် အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး လေးကို ဖမ်းကိုင်ကာ အတွင်းနယ်မြေတွင်းသို့ ပစ်သွင်းလိုက်၏။ တစ်ချိန်တည်းမှာ သူသည် နောက်သို့ အမြန်ဆုတ်သည်။ သို့သော် လေးကြိုးက သူ့ကို ဖြတ်တောက်၏။ ပုံမှန်ဆို သူသည် အရေးစိုက်မနေပေ။ သို့သော် ထိုလေးကြိုးက ခုနစ်ရောင်စုံအလင်းကို ပေးစွမ်းနေ၏။ သူက ညာလက်ကို ပင့်မြှောက်ကာ တစ်ချီတည်း တိုက်ပွဲ ဟူသော စာလုံးကို ခုနစ်ကြိမ်တိုင်တိုင် ရေးချလိုက်၏။

ထိုစကားလုံးခုနစ်လုံး ပေါ်လာသည်နှင့် ယင်းတို့သည် လေကြိုးကြောင့် ပျက်စီးသွားရသည်။ စကားလုံးခုနစ်လုံး တစစီ ဖြစ်သွားချိန်၌ အဘိုးအို၏အမူအရာသည် အလေးအနက် ဖြစ်လာသည်။ သူသည် အဖြူရောင်စွမ်းအင်များကို ပါးစပ်အပြည့် ထွေးထုတ်၍ တိုက်ပွဲ ဟူသော အဖြူရောင်စာလုံးတစ်လုံးကို ဖြစ်ပေါ်စေသည်။

ထိုလေးကြိုးက နီးကပ်လာကာ အဖြူရောင်တိုက်ပွဲစာလုံးနှင့် ထိပ်တိုက်တွေ့ကာ ခဏတာ ရပ်တန့်သွားသည်။ ထိုခဏတွင် ခပ်ဝါးဝါးအဘိုးအိုပုံရိပ်က နယ်မြေချိပ်ပိတ်ခြင်းအစီအရင်အတွင်းသို့ ပြန်ဝင်လာသည်။

“ခုနစ်ရောင်စုံတာအိုသခင်…သင်က အမှန်တကယ် တိုက်ခိုက်မှု လုပ်ခဲ့တာပဲ…။ ဒါက သင့်ရဲ့ တတိယနဲ့နောက်ဆုံးအခွင့်အရေးပဲ။ ကျင့်ကြံခြင်းတစ်သန်းဝိညာဉ်လက်ဝါး…။ သင်က ဒီချိပ်ပိတ်မှုကို လက်ဦးမှု ရယူပြီး ချိုးဖျက်လိုက်မှတော့ ဒီအဘိုးအိုကလည်း သင့်ကို စောင့်နေမယ်…”

သူသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်အတွင်းသို့ ဝင်ရောက်လာသည်နှင့် အဖြူရောင်တိုက်ပွဲစာလုံးသည် လွင့်ပျောက်သွား၏။ လေးကြိုးသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ပေါ်သို့ ရိုက်ချလာသည်။

အစီအရင်သည် တုန်ယင်၏။ အစီအရင်စိတ်ဝိညာဉ်များ ထွက်ပေါ်မလာနိုင်ခင်မှာပင် အစီအရင်အတွင်း၌ အက်ကြောင်းကြီးတစ်ခု ပေါ်လာကာ လေးကြိုးသည် အတွင်းနယ်မြေသို့ ဝင်ရောက်လာသည်။

နယ်မြေချိပ်ပိတ်ခြင်းအစီအရင်နှင့် အနီးဆုံးတွင် ရှိနေသူများသည် ဝမ်လင်း၏ရှေးဟောင်းသစ်ရွက်များဖြင့် ပိတ်လှောင်ခံထားရသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများပင်။

ထိုအခိုက်တွင် လေးကြိုးသည် ရှေးဟောင်းသစ်ရွက်များ ချိပ်ပိတ်ထားသော ဧရိယာပေါ်သို့ ရိုက်ခတ်လာ၏။ လေကြီးက ပြင်ပနယ်မြေမှ ကျင့်ကြံသူထောင်သောင်းချီကို ဖြတ်သန်း ဝေ့ခတ် သွားချိန် သူတို့သည် ချက်ခြင်း သေဆုံးကုန်သည်။ ထိုလေးကြိုးသည် သူတို့ တောင့်ခံနိုင်သော အရာတစ်ခု မဟုတ်ပေ။ သူတို့သည် ထက်ပိုင်းခြမ်း ခံလိုက်ရသည်။

ဝိုးတဝါးပုံရိပ် တစ္ဆေအိုကြီးကျန့်က နှာခေါင်းရှုံ့လိုက်ပြီးနောက် လေးကြိုး နီးကပ်လာသည်နှင့် သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။

သူ ပေါ်လာပြီး ပြန်ထွက်သွားသည်မှာ ရုတ်တရက် ဆန်လှ၏။ သူသည် တစ်စုံတစ်ခုကို အတည်ပြုပြီး တစ်ချိန်တည်းမှာ လေးကို အတွင်းနယ်မြေသို့ ယူဆောင်ခဲ့သည်။ သူ ရောက်လာပြီး ပြန်ထွက်သွားသည့်အခါထိ သူသည် လေးကို ကြည့်ပင် မကြည့်သွားပေ။

ဒီနေရာရှိ ကျင့်ကြံသူများဆို ပြောနေစရာပင် မလိုပေ။ ဒီနေရာရှိ ဝမ်လင်းအပါအဝင် လူတိုင်းသည် သူ့အတွက် ပုရွတ်ဆိတ်များအလား။

“ဒီလေးက ပိုင်ရှင်ကို အသိအမှတ်ပြုခဲ့ရင် ဒါဟာ ရတနာတစ်ခုပဲ။ မဟုတ်ရင်တော့ ဒါကို အသုံးပြုဖို့အတွက် အသက်ဓာတ်အားတွေ ရင်းနှီးရင်တောင် ဒါဟာ အတော်လေးကို အားပျော့ဆဲပဲ။ မင်းတို့ထဲက ဒီလေးကို သဘောကျတဲ့သူရှိရင် ဒါကို ကစားဖို့ ယူသွားနိုင်တယ်…” သူ၏အသံသည် ပဲ့တင်ထပ်ရင်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

အဖြစ်အပျက်များသည် မြန်ဆန်လွန်းသည်။ လေးကြိုး ပြတ်တောက်ခြင်း၊ နယ်မြေချိပ်ပိတ်ခြင်းအစီအရင် ပျက်စီးခြင်း၊ မရေမတွက်နိုင်သော လူများ သေဆုံးခြင်းသည် ခဏလေးအတွင်း ဖြစ်သွားခြင်းပင်။ လေးကြိုးသည် ၎င်း၏စွမ်းအားအပြည့်ကို ထုတ်လွှတ်ခဲ့ပုံရသည်။ လေးကြိုးပြတ်က အတွင်းနယ်မြေထဲသို့ တစ္ဆေအိုကြီး ပစ်သွင်းလိုက်သော လေးရှိနေသော နေရာသို့ လိုက်ပါလာ၏။ ၎င်းလေးက ဝမ်လင်းထံ ဦးတည်ဝင်လာခြင်း ဖြစ်နေသည်။

“ဒါက တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်လား၊ မဖြစ်နိုင်လား…”

“ဒီလေးကို ယူရမှာလား၊ မယူရဘူးလား…”

တိုးဝင်လာသော လေးကို ကြည့်နေရင်း ဝမ်လင်း၏စိတ်ထဲတွင် ဆုံးဖြတ်ချက်နှစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုလေးကြိုးသည် စွမ်းအားအချို့ကို ဆုံးရှုံးသွားခဲ့ပြီးပင်။ သို့သော် ၎င်းက ပတ်ဝန်းကျင်ကို ဖျက်စီးနိုင်တုန်းပင်။ ၎င်းပတ်လည်ရှိ ဟင်းလင်းပြင်သည် ပြိုလဲပျက်စီးရပေသည်။

“ဒီလေး…ငါ ဒါကို ယူမယ်…” ဝမ်လင်းသည် ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်ကို ထုတ်ဖော်၏။ သူသည် လေးနှင့် အလွန်နီးကပ်နေပေပြီ။ ထိုအခိုက်အတန့်တွင် သူသည် ရှေ့သို့ လှမ်းကာ လေးကို ဖမ်းယူလိုက်သည်။

သူ လေးကို ဖမ်းကိုင်လိုက်သည့်အခိုက်တွင် ပြင်းထန်သောအားတစ်ခုသည် သူ၏ညာလက်အတွင်းသို့ ဝင်ရောက်လာ၏။ သူ၏ညာလက်သည် ထိုပြင်းထန်သောအားအောက်တွင် ပျက်စီးသွားသည်။ သွေးများ နေရာအနှံ့သို့ ပန်းထွက်၏။ လေးသည် ပျံသန်း လွတ်ထွက်သွားတော့မည်။ ဝမ်လင်း၏ မျက်လုံးထဲတွင် ရူးသွပ်မှု ပေါ်လာ၏။ သူက ဘယ်လက်ဖြင့် လေးကို ထပ်မံ ဖမ်းဆုပ်လိုက်သည်။

သူ၏ဘယ်လက်သည် တုန်ဟည်းလျက် သွေးအလိမ်းလိမ်း ဖြစ်လာ၏။ သို့သော် မပျက်စီးသွားသေးပေ။ သို့တိုင်အောင် သူ ထိုလေးကို ဖမ်းယူလိုက်ချိန်၌ လေကြိုးသည် သူ့ခါးဆီ ရိုက်ချလာကာ ထွင်းဖောက်သွားသည်။

ပြင်းထန်သောနာကျင်မှုက သူ့ထံ၌ လှိုင်းတံပိုးအလား လှိမ့်တက်လာ၏။ ထိုနာကျင်မှုအောက်တွင် ဝမ်လင်းသည် နာကျင်စွာ အော်လိုက်မိသည်။ သူ၏ခါးပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာကာ သူ၏ခါးအောက်ပိုင်း၌ အထက်ပိုင်းသည် တခြားစီ ဖြစ်သွားသည်။ လေကြိုးက သူ၏ခန္ဓာကိုယ်ကို တစ်ဝက်ပိုင်းသွားသည်။

ခါးအောက်ပိုင်း ခန္ဓာကိုယ်မှာ သွေးအလိမ်းလိမ်း ပျက်စီး၏။ ဝမ်လင်း၏မျက်နှာသည် ဖြူရောသွားကာ သူသည် လွင့်ထွက်သွားသည်။

သူ၏အမြင်သည် ဝေဝါးသွား၏။ လေးကို ရဖို့ တန်ဖိုးမှာ ကြီးမားလွန်းလှချေ၏။ ဝမ်လင်းသည် လေးကြောင့် လွင့်ထွက်သွားစဉ် ပြင်းထန်သောငြင်းဆန်အားကို ရှင်းလင်းစွာ ခံစားမိ၏။ ထိုလေးက မည်သူကိုမျှ ပိုင်ရှင်အဖြစ် အသိအမှတ် မပြုလိုသည့်အလား။

သင်သည် ထိုလေးကို ထိန်းချုပ်လိုက်ပါက သင်၏ အသက်ဓာတ်အားကို ကမ်းလှမ်းရမည်။ မဟုတ်ပါက သင်သည် ၎င်းကို လက်ထဲတွင် ကိုင်ထားလျှင်ပင် ၎င်းကို ဆွဲတင်နိုင်လိမ့်မည် မဟုတ်ပေ။

ဝမ်လင်းသည် ထိုလေးထံမှ ခေါင်းမာမှုအော်ရာကို ခံစားမိချိန်၌ ပြင်းထန်သောနာကျင်မှုက သူ့ကို သွေးအန်ထွက်စေသည်။ သူ၏ခန္ဓာကိုယ်အထက်ပိုင်းသာ ကျန်ခဲ့လေပြီ။ သူသည် ရှေးအမိန့်သင်္ချိုင်းထဲ သွားခဲ့ချိန်ကလွဲ၍ အခုလိုမျိုးနာကျင်မှုမျိုးမှာ ဖြစ်ခဲလှသည်။

ရွှေရောင်မုန်တိုင်းကို ဝါးမြိုပြီးကတည်းက မြေနိမ့်သားရဲသည် အိပ်ပျော်သွားခဲ့၏။ သို့သော် ၎င်းသည် ဝမ်လင်းနှင့် ချိတ်ဆက်ထားဆဲသာ။ ထိုပြင်းထန်သောနာကျင်မှုက ၎င်း၏စိတ်တွင်းသို့လည်း ဝင်ရောက်လာသဖြင့် အိပ်ပျော်နေသော မြေနိမ့်သားရဲသည် ဒီအခိုက်၌ နိုးထလာ၏။

၎င်း နိုးထလာသည်နှင့် ဝမ်လင်း၏ခန္ဓာကိုယ်မှ တစ္ဆေအလင်းတန်းတစ်ခု ပျံသန်းထွက်လာ၏။ ပထမပိုင်း၌ ထိုအလင်းက မကြီးမားသေး။ သို့သော် မကြာခင်တွင် ကြီးမားသထက် ကြီးမားလာ၏။ မြေနိမ့်သားရဲ၏ ကြီးမားသောခန္ဓာကိုယ်ကြီးသည် ဒီဗရမ်းဗတာ ဖြစ်နေသော ဟင်းလင်းပြင်တွင် ပေါ်ထွက်လာသည်။

ပြင်းထန်သောနာကျင်မှုကို ခံစားနေရရင်း မြေနိမ့်သားရဲက ကြောက်ရွှံ့မှုကို မေ့သွားဟန် ရကာ ကောင်းကင်တုန်လှုပ်ဖွယ် ဟိန်းသံ ပေး၏။ ၎င်းက ပါးစပ်ဟလိုက်သည်။ သို့သော် ဝါးမြိုခြင်း မဟုတ်ပေ။ ထိုအစား ကြောက်မက်ဖွယ်ရွှေရောင်အလင်းက ထိုဟိန်းသံနှင့်အတူ ထုတ်လွှတ်လာ၏။

ရွှေရောင်မုန်တိုင်း။

၎င်းက ရွှေရောင်မုန်တိုင်းကို ဝါးမြိုခဲ့သော်လည်း ကြေညက်အောင် မလုပ်ရသေးပေ။ အခု ဒီရွှေရောင်မုန်တိုင်းကို ၎င်းက ထွေးထုတ်လိုက်ချေပြီ။ ရွှေရောင်အလင်းသည် မကြာခင်အတွင်း အရာအားလုံးကို မမြင်ရအောင် ဖြစ်စေ၏။ ထိုအလင်းက ချဲ့ကားလာကာ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ထံ ပျံသန်းသွားသည်။

ထိုရွှေရောင်မုန်တိုင်းက ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ဖျက်စီးပစ်နိုင်သည့်အထိ သန်မာ၏။ မည်သူကမျှ ၎င်းကို မခုခံနိုင်လုနီးပါးပင်။ အုပ်စိုးသူ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ အထူးသဖြင့် မြေနိမ့်သားရဲကို တွေ့မြင်လိုက်ရသည့်နောက်တွင်ပင်။ သူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုနှင့် ထိတ်လန့်မှုတို့ ပြည့်လာ၏။

ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်နေရင်း ရွှေရောင်မုန်တိုင်းက နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ထံသို့ တိုးဝင်ကာ ပေါက်ကွဲထွက်၏။ အဖျက်အစီးအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ဆင့်ခေါ်ခြင်းမြစ်၊ အလုံးစုံကောင်းကင်၊ တိမ်ပင်လယ်မှ ကျင့်ကြံသူအားလုံး၏ အမူအရာများ ဖြူရောကုန်၏။ အရှင်ဟုန်ရှန်နှင့် တခြားသူများ၏ မျက်လုံးများ နီရဲလာသည်။ သူတို့သည် မန္ဝာန်များကို အသုံးပြုကာ ထိုကျင့်ကြံသူသောင်းချီကို အတင်းအကြပ် နေရာရွှေ့ပစ်၏။ မျက်စိတစ်မှိတ်အတွင်း အတွင်းနယ်မြေမှ မည်သည့်ကျင့်ကြံသူမျှ ဒီတိုက်ပွဲကွင်းပြင်တွင် မကျန်ရှိတော့ပေ။

အတွင်းနယ်မြေမှ ကျင့်ကြံသူအားလုံးကို အရှင်ဟုန်ရှန်နှင့် တခြားသူများက ရွှေ့ပြောင်းပေးလိုက်၏။ သူတို့ကိုယ်တိုင်လည်း ချက်ခြင်းပင် ထွက်ခွာလိုက်သည်။

ဝမ်လင်းကိုမူ သူတို့က ကယ်တင်ပေးချင်၏။ သို့သော် ဝမ်လင်းက ရွှေရောင်မုန်တိုင်း ထွေးထုတ်လိုက်သော နေရာတွင် ရှိနေရာ ထို့အတွက် အဖျက်အစီးအားကြောင့် သူတို့သည် အနားသို့ မချဉ်းကပ်နိုင်ပေ။

မြင့်မြတ်သောလင်းတန်နှင့် ကျိုးကျင်တို့လည်း နောက်ဆုတ်ကာ ရွှေရောင်မုန်တိုင်း ပေါက်ကွဲချိန်၌ ထွက်သွားရ၏။

ရွှေရောင်မုန်တိုင်း ပျံ့နှံ့နေရင်း နယ်မြေချိပ်ပိတ်ခြင်းအစီအရင်သည် ပိုများပြားစွာ ပျက်စီး၏။ အရင်ချိပ်ပိတ်နယ်မြေအရှင်သခင်၏ ကျောက်စိမ်းပြားမှာလည်း မြန်ဆန်စွာ ကွယ်ပျောက်ကာ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ထဲသို့ ပျံ့လွင့်သွားသည်။ ထိုကျောက်စိမ်းပြား မရှိတော့သည့်အခါ ကောင်းကင်အပြစ်ပေးခြင်းနန်းတော် အရှင်သည် လွတ်လပ်သွား၏။ သို့ပေမည့် သူ လွတ်လပ်လာချင်းချင်း သူသည် ရွှေရောင်မုန်တိုင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ သူသည် သူ၏မူလစိတ်ဝိညာဉ်၊ အပူဇော်ခံမီးတောက်များ၊ အရာအားလုံး မပျက်စီးသွားခင်၌ အော်ဟစ်ရန်ပင် အချိန်မရလိုက်ပေ။

ရွှေရောင်မုန်တိုင်းက နယ်မြေချိပ်ပိတ်ခြင်းအစီအရင် အပြင်ဘက်ရှိ ရှေးဟောင်းကြယ်အဖွဲ့အစည်းပေါ်သို့လည်း သက်ရောက်ကာ ၎င်းက ကြီးမားကျယ်ပြန့်သော အပျက်အစီးများကို ဖြစ်ပွားစေ၏။ အချိန်အတန်ကြာပြီးနောက် ကြောက်မက်ဖွယ်ဟိန်းသံ တစ်သံ ပဲ့တင်ထပ်ကာ တိုက်ပွဲကွင်းပြင်တစ်ခုလုံးသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို ဗဟိုပြု၍ ရွှေရောင်မုန်တိုင်း၏ ခြုံလွှမ်းခြင်း ခံရသည်။

ရွှေရောင်မုန်တိုင်းအတွင်း၌ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်သည် ပျက်စီးသည်။ ပြင်ပနယ်မြေ ဟင်းလင်းပြင် ပျက်စီးသည်။ အတွင်းနယ်မြေ ဟင်းလင်းပြင် ပျက်စီးသည်။

ရွှေရောင်မုန်တိုင်းသည် အဆင့်တစ်ခုထိ ချဲ့ကား ပျံ့နှံ့သွားပြီးနောက် ဘန်းခနဲ ပေါက်ကွဲသည်။ ထိုပေါက်ကွဲသံကို အတွင်းနှင့်အပြင်နယ်မြေနှစ်ခုစလုံးမှ ကြားရလေ၏။

မုန်တိုင်း ဖြတ်သန်းပြီးသွားသည့်နောက် ပထမဆုံးတိုက်ပွဲကွင်းပြင်သည် မရေမတွက်နိုင်သော မိုင်ချီသည့် ဧရာမတွင်းနက်ကြီးတစ်ခု ဖြစ်လာကာ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ အပေါက်ကို ပိတ်ဆို့သွားတော့သည်။

မြေနိမ့်သားရဲက ထိုရွှေရောင်မုန်တိုင်းကို ထွေးထုတ်လိုက်ပြီးနောက် ၎င်းက ပါးစပ်ဟကာ ဝမ်လင်းနှင့် လေးကို ဝါးမြိုလိုက်၏။ အဖျက်အစီးအား စတင်ပျံ့နှံ့ချိန်၌ ၎င်းသည် ပဲစေ့တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။

(ဘာသာပြန်သူမှတ်ချက်…မြေနိမ့်သားရဲ၏ ထိုစွမ်းရည်မှာ ၎င်းကို မမြင်ရအောင် လုပ်ပေးနိုင်သည်ဟု မူရင်းဘာသာပြန်သူက ယူဆသည်။ ထို့အတွက် သူက ၎င်းသားရဲ၏ စွမ်းရည်ကို ပဲစေ့အရွယ်ထိ သေးငယ်အောင် ကြုံ့နိုင်သည့် သဘောမျိုးဖြင့် ဖော်ပြခဲ့ခြင်းပင်)

တဝုန်းဝုန်းအသံများသည် အတွင်းနယ်မြေနှင့် အပြင်နယ်မြေကို ပိတ်ဆို့ကာဆီးထားသော တွင်းနက်ကြီးထံမှ ဆက်တိုက် ထွက်နေ၏။ ထိုအသံသည် နောင် နှစ်ပေါင်း သောင်းချီအထိ ဆက်ရှိနေအုံးမည် ဖြစ်ကာ လွင့်ပါးပျောက်ကွယ်သွးမည့် အရိပ်အယောင် ရှိမနေပေ။ အတွင်းနယ်မြေနှင့် အပြင်နယ်မြေတို့ကြား ပထမဆုံးစစ်ပွဲသည် ထိုကဲ့သို့ အံ့ဖွယ်ရာပုံစံဖြင့် အဆုံးသပ်သွားခဲ့လေပြီ။

***

All Chapters