← Chapters

ရှာဖွေခြင်း

Vol. 115 Ch. 1586

ရှာဖွေခြင်း

Vol. 115 Ch. 1586

ထိုဧရာမဝဲကတော့ကြီးသည် မြူများကို စုပ်ယူကာ မြူဝဲကတော့တစ်ခု ဖြစ်လာတော့သည်။

ထိုတိုက်ပွဲသည် ပြင်ပနယ်မြေအတွက် ထိုးနှက်ချက်ကြီး ဖြစ်ခဲ့သည်။ အထိနာစေခဲ့သည်။

အတွင်းနယ်မြေသို့ ဝင်လာခဲ့သော ပြင်ပနယ်မြေမျ ကျင့်ကြံသူ မည်သူမျှ မရှင်သန်နိုင်ခဲ့ပေ။ မီးစာကလေးကလန်ဘိုးဘေး သေဆုံးခဲ့ရ၏။ မြင့်မြတ်သောနန်ကျောက်လည်း သေခဲ့ရသည်။ ကောင်းကင်အပြစ်ပေးခြင်း အရှင်သခင်သည်ပင် သုတ်သင်ခံလိုက်ရသည်။ ကျင့်ကြံသူတစ်သိန်းကျော်မှာလည်း အတွင်းနယ်မြေ၌ မြေမြှုပ်ခံလိုက်ရသည်။

ရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခုလုံးသည် အခုအခါ၌ ဝမ်းနည်းမှုတို့ စိမ့်ဝင်ပျံ့နှံ့နေ၏။ ထိုဝမ်းနည်းမှုသည် ပြင်းထန်လွန်းသည်။ ၎င်းသည် တဖြည်းဖြည်း ‌ဒေါသ၊ ပြန်ကလဲ့စားချေမည့် ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုဒေါသ၏ လွှမ်းမိုးမှုကြောင့် ပိုများပြားသော ပြင်ပနယ်မြေကလန်များသည် စစ်ပွဲကို အဆတ်မပြတ် တောင်းဆိုကြသည်။ စစ်ပွဲခေါ်သံသည် တိုးပွားမြင့်တက်လာရင်း အုပ်စိုးသူကောင်စီက ဒုတိယမြောက်တိုက်ပွဲအတွက် ပြင်ဆင်ကြရန် အမိန့်ထုတ်ပြန်သည်။

ပြင်ပနယ်မြေတစ်ခုလုံးသည် စတင် ပြင်ဆင်ကြလေပြီ။ သူတို့သည် ပြန်လက်စားချေနိုင်ဖို့ ဒုတိယကြိမ်စစ်ပွဲကို စောင့်နေ၏။ သူတို့ စောင့်နေသည်။

တာအိုသခင်အိပ်မက်ပြာကဲ့သို့ နှစ်ပေါင်းသောင်းချီ တံခါးပိတ်ကျင့်ကြံနေသော အချို့မွန်းစတားအိုကြီးများသည်ပင် ထိုအကြောင်းကို ပြောကာ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာကြ၏။ သူတို့သည် အတွင်းနယ်မြေထံ သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်၏။

ချိပ်ပိတ်နယ်မြေအရှင် ဝမ်လင်း ဟူသော အမည်ကို ပြင်ပနယ်မြေသည် စွဲထင်စွာ မှတ်မိနေပြီပင်။ သူတို့သည် မုန်းတီးလွန်း၍ အံတင်းတင်း ကြိတ်ထား၏။ ထိုဝမ်လင်းက မီးစာကလေးကလန်ဘိုးဘေး၊ မြင့်မြတ်သောနန်ကျောက်၊ ဆရာသခင်ယွင်လော၏ ကိုယ်ပွား တို့ကို သတ်ပစ်ခဲ့သူ ဖြစ်သလို သူက ယွင်လော နေထိုင်သော ကျွန်းကိုလည်း ဖျက်စီးခဲ့သဖြင့် အခုဆို သူမ ဘယ်ရောက်နေသည်ကိုလည်း မသိရတော့ချေ။

ထိုသူက အဆိပ်ပင်လယ်နှင့် ခြင်သားရဲများကို ထုတ်လွှတ်ခဲ့ကာ ပြင်ပနယ်မြေမှ ကျင့်ကြံသူများအဖို့ အိပ်မက်ဆိုးများ ဖြစ်လာခဲ့၏။

ထိုသူက ပြင်ပနယ်မြေမှ ကျင့်ကြံသူများ၏ ယုံကြည်မှုကို ဖျက်စီးခဲ့သလို မရေမတွက်နိုင်သော ပြင်ပနယ်မြေ ကျင့်ကြံသူများကိုလည်း သတ်ဖြတ်ခဲ့သည်။

ထိုသူသည် ချိပ်ပိတ်နယ်မြေ၏အရှင်သခင်လည်း ဖြစ်နေ၏။ သူ သေကို သေရပေမည်။

အုပ်စိုးသူကောင်စီက ဝမ်လင်း၏ပုံပန်းသွင်ပြင်ကို ဖြန့်ခဲ့၏။ ခုချိန်၌ ပြင်ပနယ်မြေမှ ကျင့်ကြံသူအားလုံး ဝမ်လင်း၏ပုံပန်းသွင်ပြင်ကို သိနေကြပြီ။ သူတို့သည် ထိုသူ့ကို သတ်ရုံဖြင့် မခန့်မှန်းနိုင်သော ဆုလဒ်ကို ရရှိပေမည်။

ဒီပထမဆုံး စစ်ပွဲတွင် တိမ်ပင်လယ်မှ ကျင့်ကြံသူများသည်လည်း ပြင်းပြင်းထန်ထန် ခံစားခဲ့ရ၏။ ကျင့်ကြံသူထောင်ချီမျှသာ ကျန်ခဲ့သည်။ တိမ်ပင်လယ်တစ်ခုလုံးသည် ခုချိန်တွင် ဒီတိုက်ပွဲကြောင့် စွန့်ပစ်နယ်မြေနီးပါး ဖြစ်ရသည်။

မြောက်များစွာသော သေဆုံးမှုတို့က တိမ်ပင်လယ်မှ ကလန်အများစုကို အင်အားမဲ့ကုန်စေသည်။ ကျန်သည့်သူများမှာ အားနည်းသူများသာ ဖြစ်ကြ၏။

တိမ်ပင်လယ်မှ စစ်ပွဲတွင် ရှင်သန်ခဲ့သော ကျင့်ကြံသူများသည် အနာဂတ်ကျင့်ကြံသူများကို မြေထောင်မြှောက်ပေးဖို့ ဝန်ကို ထမ်းထားရသည်။ သူတို့သည် ကလန်အမျိုးမျိုးကို စုစည်း၍ တိမ်ပင်လယ်၏ အနာဂတ်ကလန်ဆယ်ခုကျော်ကို ဖွဲ့စည်းလိုက်သည်။

ကံကောင်းစွာဖြင့် နတ်ဘုရားကလန်၊ နတ်ဆိုးကလန်၊ တစ္ဆေကလန်တို့က သူတို့၏စွမ်းအား အမြောက်အများကို မထုတ်ဖော်၊ မပါဝင်ခဲ့ခြင်းပင်။ သို့သော် သူတို့သည် ခုလက်ရှိ တိမ်ပင်လယ်၏ အခြေအနေကို ကိုင်တွယ်ထားနိုင်ရုံမျှသာ။

တိုက်ပွဲကြောင့် ပျက်စီးမှု များလွန်းသဖြင့် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းသည် မတည်မငြိမ် ဖြစ်လာခဲ့၏။ ဟင်းလင်းပြင်အက်ကြောင်းများက နေရာတိုင်းတွင် ရှိနေသည့်အတွက်ကြောင့် တိမ်ပင်လယ်တွင် ပျံသန်းသွားဖို့မှာ အန္တရာယ်များလှသည်။

နတ်ဆိုးကလန်သည် သူတို့၏ကျင့်ကြံသူ ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါးကို ပထမဆုံးတိုက်ပွဲ တည်နေရာသို့ စေလွှတ်ခဲ့၏။ နယ်မြေချိပ်ပိတ်ခြင်းအစီအရင် ကင်းမဲ့သွားရာ ခုချိန်၌ ထိုနေရာသည် အတွင်းနယ်မြေ၏ ဂိတ်ပေါက်ဝတစ်ခု ဖြစ်သွားခဲ့လေပြီ။ မည်သို့ပင်ဖြစ်စေ ထိုဧရိယာသည် ဟင်းလင်းပြင်မုန်တိုင်းများနှင့် ပြည့်နှက်သည်။

တစ္ဆေကလန်ကလည်း ကျင့်ကြံသူမြောက်များစွာကို ဒီနေရာအား စောင့်ကြပ်ရန် စေလွှတ်ခဲ့၏။ နတ်ဘုရားကလန်ကမူ မူပင်းမေ၏ဦးဆောင်မှုအောက်တွင် အစွမ်းထက်အစီအရင်များ ချခင်းကာ မကြာခင် ဖြစ်လာတော့မည့် ဒုတိယမြောက်တိုက်ပွဲအတွက် အရံအတား ပြုလုပ်ထားသည်။

ဆင့်ခေါ်ခြင်းမြစ်မှ ကျင့်ကြံသူများသည် မြူဝဲကတော့၏အပြင်ဘက်နေရာတွင် သူတို့အုပ်စု၏ တစိတ်တပိုင်းကို ချန်ထားခဲ့သည်။ ထိုအုပ်စု၏ ခေါင်းဆောင်အဖြစ် လှပသော သက်လတ်ပိုင်းအမျိုးသမီးက တာဝန်ယူသည်။

အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများကလည်း သူတို့အုပ်စု၏ တစိတ်တပိုင်းကို ချန်ခဲ့သည်။ ကျန်သူများက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းသို့ ပြန်ကာ ဒုတိယမြောက်တိုက်ပွဲအတွက် ပြင်ဆင်သည်။

သည်ပထမဆုံးတိုက်ပွဲတွင် လုံးဝ မပေါ်လာခဲ့သော တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်း(မဟာမိတ်ကြယ်အဖွဲ့အစည်း)က ကျင့်ကြံသူတစ်သောင်းကို စေလွှတ်ခဲ့၏။ သူတို့ကို ရေပြာရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက်က ဦးဆောင်ပြီး မြူဝဲကတော့၏အပြင်ဘက်တွင် အထိုင်ချသည်။

ထိုအမျိုးသမီးက အလွန်လှပကာ အလွန်တရာလည်း အေးစက်၏။ သူမ၏မျက်လုံးထဲရှိ အေးစက်မှုက သူမပတ်လည်ရှိ ကျင့်ကြံသူများကို သူတို့သည် ရေခဲချပ်လွှာတစ်ခုနှင့် မျက်နှာချင်းဆိုင်နေရသည့်နှယ် ခံစားမိစေသည်။

ပထမဆုံးတိုက်ပွဲ၌ ပြင်ပနယ်မြေမှ ဆရာသခင်ယွင်လောသည် အရှင်ဟုန်ရှန်နှင့် တခြားသူများကို တုန်လှုပ်စေခဲ့၏။ ဆရာသခင်ယွင်လောကြောင့် အတွင်းနယ်မြေစစ်တပ်သည် တိုက်ပွဲအတွင်း ခံဘက်သပ်သပ် ဖြစ်ခဲ့ရ၏။ သူတို့သည် အစီအရင်ကိုပင် မချခင်းနိုင်ခဲ့လိုက်ပေ။

ဆရာသခင်ယွင်လော၏ စစ်တပ်ကို ထိရောက်အောင် အသုံးချနိုင်စွမ်း၊ ရှေ့ဖြစ်ဟောဉာဏ်တို့က အရှင်ဟုန်ရှန်နှင့် တခြားသူများကို နက်ရှိုင်းစွာ အထင်ကြီးမှု ဖြစ်စေခဲ့၏။ ချိပ်ပိတ်နယ်မြေအရှင်က သူမ၏ကိုယ်ပွားကိုသာ မသတ်ခဲ့ပါက ဆင့်ခေါ်ခြင်းမြစ်နှင့် အလုံးစုံကောင်းကင်မှ အင်အားစုများ ရောက်လာခဲ့လျှင်ပင် သူတို့သည် ဆိုးဆိုးဝါးဝါး ထိခိုက်ရမည်သာ။

အတွင်းနယ်မြေ၌ အလွန့်အလွန်ကြီးမားသော စစ်ပွဲများသည် ဖြစ်ခဲလှ၏။ နှစ်ပေါင်းသောင်းချီ ကုန်လွန်ခဲ့ပြီးသည့်နောက်တွင်ပင် သူတို့သည် ထိုကဲ့သို့ တိုက်ပွဲအတွေ့အကြုံများကို တဖြည်းဖြည်း ဆုံးရှုံးခဲ့ရသည်။ အခုကြိမ် ပထမဆုံးတိုက်ပွဲက သင်ခန်းစာတစ်ခုပင်။ တစ်ချိန်တည်းမှာ အရှင်ဟုန်ရှန်နှင့် တခြားသူများသည် လူတစ်ယောက်က ကျင့်ကြံမှုအဆင့်မြင့်မားလျှင်ပင် ခေါင်းဆောင်မရှိသော စစ်တပ်တစ်ခုမှာ လက်တဆုပ်စာမျှသာ ဖြစ်လိမ့်မည်ဟု သဘောပေါက်ခဲ့ကြပြီ။

ရေပြာရောင်ဝတ်စုံဖြင့် အမျိုးသမီးကို အရှင်တိမ်စွန်းက တောက်ပသောလေဟာနယ် ကြယ်အဖွဲ့အစည်းကနေ ခေါ်လာခဲ့ခြင်း ဖြစ်၏။ သူမသည် တောက်ပသောလေဟာနယ်မှ ကျင့်ကြံသူများ၏ ခေါင်းဆောင်ဖြစ်သည်သာမက ဒီနေရာရှိ အတွင်းနယ်မြေမှ ကျင့်ကြံသူများကို အမိန့်ပေးနိုင်သူ စစ်သေနာပတိဆိုလည်း ဟုတ်သည်။

ဒီတိုက်ပွဲကြီး ပြီးသည့်နောက် ချိပ်ပိတ်နယ်မြေအရှင်ဝမ်လင်းဟူသော အမည်သည် အတွင်းနယ်မြေ တခွင်၌ ပျံ့နေပြီး ဖြစ်၏။ အတွင်းနယ်မြေရှိ အင်အားစုတိုင်းနီးပါးက ဒီတိုက်ပွဲကြီးတွင် ချိပ်ပိတ်နယ်မြေအရှင်၏ အကျိုးဆောင်ပေးခဲ့မှုများကို သိကြသည်။

မီးစာကလေးကလန်ဘိုးဘေးကို သတ်ခဲ့ခြင်း။ မြင့်မြတ်သောနန်ကျောက်ကို သတ်ခဲ့ခြင်း။ ပြင်ပနယ်မြေ၏ စစ်သေနာပတိ ဆရာသခင်ယွင်လောကို သတ်ခဲ့ခြင်း။

သူ၏ပုဆိန်ဖြင့် သူသည် ပြင်ပနယ်မြေမှ ကျူးကျော်လာသော တတိယအသုတ်စစ်တပ်ကို ဟန့်တားခဲ့ကာ ထိုသူများ အတွင်းနယ်မြေသို့ ခြေတစ်လှမ်းပင် မချဝံ့ ဖြစ်ခဲ့ရသည် မဟုတ်လား။

သူ တစ်ဦးတစ်ယောက်တည်း စွမ်းအားဖြင့် အတွင်းနယ်မြေမှ ပြန်ထွက်ပြေးသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို ဟန့်တားခဲ့သေးသည်။

ဝမ်လင်း၏ ထိုသို့ လုပ်ဆောင်ခဲ့မှုများက အတွင်းနယ်မြေ၏ ကျင့်ကြံသူများကို ယုံကြည်မှု ရစေခဲ့သည်။ သူတို့သည် ဝမ်လင်း ဟူသော အမည်၊ ချိပ်ပိတ်နယ်မြေအရှင် ဟူသော အမည် ကို မှတ်မိနေပေပြီ။

ဝမ်လင်း၏ လုပ်ဆောင်ပေးခဲ့မှုများက အတွင်းနယ်မြေတွင် တောမီးအလား ပျံ့နှံ့ပြီး အရှင်ဟုန်ရှန်နှင့်တခြားသူများ၏ အမည်ဂုဏ်သတင်းကိုပါ လွှမ်းမိုးလာခဲ့သည်။ သူသည် အတွင်းနယ်မြေ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ချေပြီ။

တိုက်ပွဲ၏အဆုံးသပ်၌ ချိပ်ပိတ်နယ်မြေအရှင်ဝမ်လင်းသည် သူ၏မြေနိမ့်သားရဲကို ထုတ်လွှတ်ကာ ကျူးကျော်လာသူများ၏ နောက်ဆုံးလက်ကျန်အင်အားကို အမြစ်ဖျက်ခဲ့ပေသည်။ မြူဝဲကတော့မှာလည်း သူ ထုတ်ယူလိုက်သော တစ်စုံတစ်ရာ ဖြစ်နေသေး၏။

မြူဝဲကတော့၏အပြင်ဘက်တွင် နေရာယူထားသော ကျင့်ကြံသူအားလုံးနီးပါးသည် ယင်းဝဲကတော့ကို တုန်လှုပ်စွာဖြင့် ငြိမ်ငြိမ်သက်သက် ကြည့်နေ၏။ အချိန်အတန်ကြာပြီးမှ သူတို့သည် လေးစားစွာ ဦးညွတ်ပြီးနောက် ပြန်ထွက်ခွာသည်။

ယင်းသို့အဖြစ်သနစ်များကို မယုံကြည်သော လူအချို့ ရှိနေသေးသော်လည်း ထိုသူတို့၏စကားများကို တိမ်ပင်လယ်၏ကျင့်ကြံသူများကြောင့် မကြားရနိုင်တော့ပေ။ အထူးသဖြင့် ဒီပထမဆုံးစစ်ပွဲအတွင်း ရှင်သန်ခဲ့သော ကျင့်ကြံသူထောင်ချီပင် ဖြစ်၏။ သူတို့တစ်ယောက်ချင်းစီသည် ဝမ်လင်းနှင့် ပတ်သတ်လာပါက အသည်းအသန် ဖြစ်ကြ၏။ သူတို့သည် ဝမ်လင်းကို မလေးမစားလုပ်မည့် မည်သူ့ကိုမျှ ခွင့်မပြုပေ။ သူတို့အတွက် ချိပ်ပိတ်နယ်မြေအရှင်ဝမ်လင်းသည် သူတို့၏ဂုဏ်ရှိန်ဝါပင်။

ဝမ်လင်း၏အမည်က အတွင်းနယ်မြေ၌ ဒဏ္ဍာရီတစ်ခု ဖြစ်လာ၏။ သို့ပေမည့် ထိုဒဏ္ဍာရီပုဂ္ဂိုလ်က သဲလွန်စမရှိ ပျောက်ကွယ်နေသည်။ မည်သူကမျှ သူ အသက်ရှင်လား၊ သေလားကို မသိရပေ။ အရှင်ဟုန်ရှန်နှင့် တခြားသူများသည် ဝမ်လင်းကို ရှာရန် မန္တာန်တစ်ခုကို အတူတကွ ထုတ်သုံးခဲ့သေး၏။ သို့သော် သူတို့သည် ဘာကိုမျှ ရှာမတွေ့နိုင် ဖြစ်ရသည်။ ပဲစေ့အဖြစ် ပြောင်းသွားသော မြေနိမ့်သားရဲသည် ထူးထူးဆန်းဆန်း တစ်စုံတစ်ရာကို တွေ့ကြုံ့ခဲ့သည့်အလား မည်သူကမျှ ၎င်းကို မရှာနိုင်ချေ။ သို့ပေမည့် တိမ်ပင်လယ်မှ ကျင့်ကြံသူများသည် ချိပ်ပိတ်နယ်မြေအရှင်က ခုထိ အသက်ရှင်နေသေးသည်ဟု ယုံကြည်ထားဆဲပင်။

အရှင်လုဖူသည်လည်း ဝမ်လင်း အသက်ရှင်နေသေးသည်ဟု ယုံကြည်ထားသည်။

အလုံးစုံကောင်းကင်၏ ရှီဇီဖန်နှင့် လင်းတန်ဂြိုဟ်ပေါ်မှ ရွှယ်ချင်းတို့သည်လည်း သူတို့၏ဆရာ ဖြစ်သူမှာ အသက်ရှင်တုန်းဟု ယုံကြည်သည်။

ရှန်းကုန်ဟူနှင့် ကျန်းကုန်လီတို့ကလည်း ထိုသို့ ယုံကြည်ထားသည်။

မြင့်မြတ်သောလင်းတန်နှင့် ကျိုးကျင်တို့၏ ကျွန်အမှတ်အသားများမှာလည်း ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရှိ အဆိပ်ခြင်းသားရဲမြောက်များစွာကလည်း လူအများကို ဝမ်လင်း အသက်ရှင်နေဆဲဟု ယုံကြည်မှု ဖြစ်စေသည်။

ဝမ်လင်း၏စကားတစ်ခွန်းကြောင့် နတ်ဘုရားကလန်ခေါင်းဆောင် ဖြစ်လာသော မူပင်းမေ၏ မျက်လုံးထဲတွင် မျက်ရည်စများ ရှိနေ၏။ သို့သော် သူမသည် ဝမ်လင်းက အသက်ရှင်နေတုန်းဟု ခိုင်မာစွာ ယုံကြည်ထားသည်။

ဝမ်းနည်းသဖြင့် စစ်ထူနန်က မိုးကောင်းကင်ဘုံနယ်မြေတွင် ကျင့်ကြံနေခြင်းကို လက်လျှော့ကာ ငြိမ်သက်စွာ အရက်ကို ဖိ၍ သောက်နေတော့၏။ သူသည် အများကြီး သောက်လိုက် ကောင်းကင်ထက်သို့ ကြည့်ကာ ရယ်လိုက် ဖြစ်နေ၏။ သို့ပေမည့် သူသည် ရယ်မောနေရင်း မျက်ရည်များ အထိန်းအချုပ်မဲ့စွာ ကျဆင်းလာ၏။ သူက သုံးရက်တိုင်တိုင် သောက်နေခဲ့၊ ရယ်နေခဲ့၊ ငိုနေခဲ့သည်။ ထို့နောက်တွင် သူသည် မိုးကောင်းကင်ဘုံနယ်မြေကနေ သူ၏ညီကို ရှာရန် ထွက်လာခဲ့သည်။

သူ ထွက်လာချိန်၌ ကျိုးယုကလည်း မျက်ရည်များ ပြည့်နေ၏။ သူမ၏ ပြတ်ပြတ်သားသား တောင်းဆိုမှုကြောင့် သူမလည်း စစ်ထူနန်နှင့်အတူ လိုက်ပါလာခဲ့သည်။ ခေါင်းကြီးကောင်လေးနှင့် လိုင်ဂျီတို့သည်လည်း စစ်ထူနန် ထွက်သွားပြီး နောက်နှစ်ရက်ကြာတွင် မိုးကောင်းကင်ဘုံနယ်မြေကနေ ထွက်လာကြ၏။ သူတို့က သူတို့၏သခင်ကို လိုက်ရှာတော့မည်။ မိုးကောင်းကင်ဘုံနယ်မြေကနေ ပထမဆုံး ထွက်လာခဲ့သူမှာ စစ်ထူနန် မဟုတ်ပေ။ ဆယ့်သုံး ဖြစ်၏။ သူက အခြေအနေနှင့် ပတ်သတ်၍ ကြားရသည့်အခါ ဝမ်လင်း၏ရုပ်တုနှင့်အတူ ချက်ခြင်း ထွက်လာခဲ့သည်။

လူအများအပြားက ချိပ်ပိတ်နယ်မြေအရှင် ဝမ်လင်းကို ရှာနေကြ၏။ သို့သော် သူတို့မည်မျှ ရှာပါစေ သူတို့သည် သဲလွန်စတစ်ခုတလေကိုပင် ရှာမတွေ့နိုင် ဖြစ်ရ၏။

“မင်း ဘယ်မှာလဲ…” စစ်ထူနန်နှင့်ကျိုးယုတို့က ကျယ်ပြောသော ကြယ်အဖွဲ့အစည်းထံ ကြည့်နေ၏။

“ဆရာ ဘယ်မှာလဲ…” အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၌ ရှီဇီဖန်၊ ရွှယ်ချင်းတို့က ကြယ်ရောင်စုံကောင်းကင်ထက်သို့ ငြိမ်သက်စွာ ကြည့်နေသည်။

နတ်ဘုရားကလန်၌ အရေးတကြီးကိစ္စရပ်များကို အထိုင်ချပြီးနောက် အလွန်ပင်ပန်းနေသော မူပင်းမေသည် ဆေးဝါးစွပ်ပြုတ်တစ်ပန်းကန်ကို မော့သောက်လိုက်သည်။ သူမသည် အဆောက်အဦအပြင်ဘက်ရှိ ကောင်းကင်ထက်သို့ တိတ်တဆိတ် မော့ကြည့်နေရင်း သူမကိုယ်သူမ ခပ်တိုးတိုး ရေရွတ်သည်။ “နင် ဘယ်မှာလဲ…”

တိမ်ပင်လယ်အတွင်းရှိ မြူဝဲကတော့အပြင်ဘက်တွင် ရေပြာဝတ်စုံဖြင့် အမျိုးသမီးသည် မြူဝဲကတော့သို့ ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် သူမက သက်ပြင်းချသည်။

“နင်ကတော့ ငါ ဘယ်သူလဲ သိမှာ မဟုတ်ဘူး…။ နင် ဘယ်ရောက်နေလဲ…”

ဆယ့်သုံးသည် ကြယ်များကြား ပျံသန်းနေ၏။ သူသည် ဆုံးဖြတ်ချက် ပြတ်သားသည့်ဟန်ဖြင့် သူနှင့်ဝမ်လင်းတို့ကြား ခပ်ရေးရေး ချိတ်ဆက်မှု၊ ရုပ်တုထံမှ အော်ရာကို မှီခို၍ အဆုံးအဆမဲ့စွာ ရှာဖွေနေသည်။

ခြင်သားရဲများသည်လည်း ဝမ်လင်းကို ရှာဖွေနေကြ၏။ ၎င်းတို့မှာ များပြားလွန်းလှ၏။ အဆိပ်ပင်လယ်က သူတို့နှင့် ပေါင်းစပ်သွားခြင်းကြောင့် ခြင်သားရဲများသည် ပြင်းထန်သောအဆိပ်ဓာတ်ကို ပိုင်ဆိုင်လာကြသည်။ သူတို့သည် မည်သည့်ကျင့်ကြံသူကိုမျှ မတိုက်ခိုက်ပေ။ သူတို့သည် တဝီဝီမြည်ဟည်း ပျံသန်းလျက် ဝမ်လင်းကို ရှာဖွေနေ၏။ သူတို့၏ဝမ်းနည်းစွာ အော်မြည်သံများသည် မိဘဖြစ်သူ ပျောက်သွား၍ လိုက်ရှာနေသော ကလေးငယ်များအလား။

ထိုခြင်သားရဲအုပ်စုကို တွေ့မြင်သော ကျင့်ကြံသူတိုင်းသည် ရပ်တန့်ကာ သူတို့ထံ ဦးညွတ်မှု ပြုကြ၏။

တောက်ပသောလေဟာနယ် ကြယ်အဖွဲ့အစည်း(ဝါ) မဟာမိတ်ကြယ်အဖွဲ့အစည်းအတွင်း မြောက်ပိုင်းအစွန်းဧရိယာတစ်ခုတွင် ကျောက်စကျောက်နများဖြင့် ပြည့်နေသော ဗရမ်းဗတာ နေရာတစ်ခု ရှိသည်။ ဤအခိုက်အတန့်တွင် လက်သီးစုပ်ခန့် ကျောက်စတစ်ခုက ထိုနေရာတွင် လွင့်မြောနေသည်။

ထိုကျောက်စက အစက်အပြောက်အပေါက်များနှင့် ဖုံးနေ၏။ ထိုနေရာတွင် ပဲစေ့အရွယ်ပြောင်းသွားသော မြေနိမ့်သားရဲက ပုန်းအောင်းနေသည်။ အဖျက်အစီးမုန်တိုင်းက ၎င်းကို အတော်လေး ကြောက်လန့်စေခဲ့ကာ ၎င်း၏စဉ်းစားဉာဏ်များကိုပါ ဆုံးရှုံးသွားစေခဲ့၏။ ၎င်း၏စိတ်နေစိတ်ထားဖြင့် ဆိုပါက ၎င်းသည် ဒီနေရာတွင်ပင် သေသည့်အထိ ပုန်းအောင်နေရန် ပြင်ဆင်ထားပေလိမ့်မည်။ အပြင်ဘက်လောကမှာ ကြောက်မက်ဖွယ်ကောင်းလှ၏။ သိပ်ကို ထိတ်လန့်စရာ ကောင်းလှပေ၏။

***

All Chapters