သူရူး
Vol. 115 Ch. 1587
မြေနိမ့်သားရဲ၏ ခန္ဓာကိုယ်တွင်းရှိ ထူးဆန်းသောကမ္ဘာအတွင်း၌ ကြယ်ရောင်စုံကောင်းကင်တစ်ခု ရှိနေသည်။ သို့သော် ဤနေရာတွင် မည်သည့်သက်ရှိမှ ရှိမနေပေ။ ပို၍ တိတိပပဆိုရလျှင်တော့ အလွန်နည်းပါးလွန်းသော သက်ရှိများ ရှိ၏။ ဝမ်လင်းနှင့် သူ့ရှေ့ရှိ တခြားတစ်ယောက်တို့သာ ဒီလောကတွင် ရှိနေသည်။
ထိုသူမှာ မြေနိမ့်သားရဲ၏ နှစ်ကြိမ်တိုင် ဝါးမြိုခြင်း ခံရသော သနားစရာကောင်းသော ကျင့်ကြံသူပင်။
မြေနိမ့်သားရဲ၏ ခန္ဓာကိုယ်တွင်း၌ အနည်းငယ် ထိခိုက်ပျက်စီးထားသော ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ရှိ၏။ ထိုဂြိုဟ်မှာ လုံးဝခြင်းမရှိ၊ ၎င်းပေါ်တွင် အပင်ဟူ၍လည်း မရှိ၊ လုံးဝ ငြိမ်သက် တိတ်ဆိတ်လျက်ပင်။
အဝတ်အစားအစုတ်များဖြင့် ကျင့်ကြံသူတစ်ယောက်က မြေပြင်ထက်ရှိ ခန္ဓာကိုယ်ကို စိုက်ကြည့်လို့နေသည်။
“ထူးဆန်းလိုက်တာ။ ဒီလူက သေသွားပြီလား။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါ မထွက်ခင် သူက ဒီလောက်မကြီးမားသေးပါဘူး။ ငါ ရက်နည်းနည်းလောက် ထပ်သွားတဲ့နောက် သူက တော်တော်လေး ကြီးမားလာတာပဲ။ ခုကြည့်ရတာ ဒီလူ လုံးဝ ကြီးထွားလာဖို့ နောက်ထပ် ရက်အနည်းငယ် လိုလောက်သေးတယ်။ ကောင်းပြီလေ…ငါ့ရဲ့ သွေးနဲ့ တစ်ခုခု လုပ်ကြည့်ရတာပေါ့…” ခပ်မှိုင်းမှိုင်းမျက်လုံးနှင့် ထိုကျင့်ကြံသူက သူ့မေးစေ့ကို ပွတ်ကာ အလောင်းပတ်လည်တွင် ခေါက်တုန်ခေါက်ပြန် လျှောက်လိုက် အကြိမ်ရေအနည်းငယ် ကန်လိုက် လုပ်နေသည်။
“ကြည့်စမ်း…မင်းက ဒီဘုရင်ရှေ့မှာ သေသလို ဟန်ဆောင်ရဲတယ်ပေါ့…” ထိုကျင့်ကြံသူက ခန္ဓာကိုယ်ကို ကန်လိုက်ပြန်သည်။ မည်သည့်တုန့်ပြန်မှုမှ မတွေ့သည်ကို မြင်သည့်အခါ သူသည် ချက်ခြင်းပင် နောက်ထပ် အနည်းငယ် ထပ်ကန်ပြန်သည်။ နောက်ဆုံးတွင် သူက ထိုခန္ဓာကိုယ်ပေါ်သို့ ခုန်တက်လိုက်သည်။ တစ်နာရီလောက် ခန္ဓာကိုယ်ပေါ်တွင် ခုန်နေပြီးနောက် သူသည် ကျေနပ်သလို ခံစားလိုက်ရပြီး မြေပြင်ထက်တွင် လှဲချ၍ ကောင်းကင်ထက်သို့ ရီဝေစွာ ငေးကြည့်သည်။
သူသည် ဒီနေရာကို ရှာဖွေနေသည်မှာ နှစ်ပေါင်းမနည်းတော့ပေ။ သို့သော် သူသည် လူတစ်ယောက်ကိုမျှ မတွေ့ခဲ့၊မမြင်ခဲ့ပေ။ သူသည် ဟိုးလွန်ခဲ့သော နှစ်ပေါင်းမည်၍မည်မျှမှန်း မသိခင်က ဒီနေရာတွင် လှဲလျောင်း၍ ကောင်းကင်ထက်သို့ ငေးမောကြည့်ခဲ့ဖူးသည်ကို အမှတ်ရနေဆဲ ဖြစ်သည်။
သူက သူနှင့်ကစားဖို့ ရောင်းရင်းကျင့်ကြံသူတစ်ယောက်လောက်ကို ပေးသနားဖို့ ကောင်းကင်ဘုံကို တောင်းဆိုနေခဲ့သည်။
သူသည် ထိုအရာကို နေ့စဉ်နေ့တိုင်းနီးပါး တောင်းဆိုခဲ့၏။ တနေ့ သူ ထိုတောင်းဆိုမှုကို တွေးနေရင်း ကြယ်ရောင်စုံကောင်းကင်ထက် မော့ကြည့်နေစဉ် သူ့မျက်လုံးမှာ ရုတ်တရက် ပြူးကျယ်သွား၏။ သူက ကောင်းကင်ထက်မှ တစ်စုံတစ်ခု ပြုတ်ကျကာ သည်ဂြိုဟ်၏အခြားတစ်ဖက်သို့ ကျရောက်သွားသည်ကို မြင်လိုက်ရသည်။
သူသည် ဘာမှ မတုန့်ပြန်ခင် လေးငါးရက်လောက် အံ့တားတသင့် ဖြစ်ကာ ကြောင်ရီနေခဲ့၏။ ထို့နောက်တွင် သူသည် ပျော်ရွှင်မှုဖြင့် ဂြိုဟ်၏အခြားတစ်ဖက်သို့ တဟုန်ထိုး ပြေးသွားသည်။
သူက ထိုနေရာတွင် ပျက်စီးနေသော ခန္ဓာကိုယ်တစ်ခုကို တွေ့ခဲ့ပြီး အခုလက်ရှိ နေရာသို့ ၎င်းကို ယူဆောင်လာခဲ့သည်။
“နောက်ဆုံးတော့ ငါနဲ့ အတူတူရှိမယ့် တစ်ယောက်ယောက် ရောက်လာခဲ့ပြီ။ ဒါက လူသေ ဆိုပေမဲ့လည်း လူသေခန္ဓာကိုယ်က ဘယ်လိုလုပ် ကြီးထွားလာနိုင်ပါ့မလဲ…။ အို…ဖြစ်နိုင်တာက ဘယ်သူသိပါ့မလဲ။ ဒီနေ့ မိုးရွာလိမ့်မယ်လို့ ငါ ပြောခဲ့တယ်။ အနီရောင်လေး…မိုးအကာကျောက်စိမ်းပြားကို သွားယူချေ…အား။ ငါ တော်တော်လေး မူးအောင် သောက်ခဲ့တာပဲလို့ နင် ပြောတယ်နော်။ ကဲ ကောင်းပြီ ဒါဆို နောက်ထပ် လဲ့မိသားစုဆီ သွားတောင်းမယ်။ သေစမ်း။ သူတို့က မပေးရင် သူတို့ကို ပြောလိုက်။ ဒီဘုရင်က မနက်ဖြန်ကျရင် ငါ့အစ်ကိုကြီးကို လာလုခိုင်းမယ်လို့…”
“ဒါက နည်းနည်းတော့ ကိစ္စရှိနိုင်တယ်။ ဖြစ်နိုင်တာက ငွေများ မလောက်လို့လား။ တကယ်လို့ ငေွ မလောက်တာဆိုရင်တော့…ကောင်လေးကွေ…ငါ့အစ်ကိုကြီးကို သွားရှာပြီး သူ့ကို နည်းနည်းလောက် ပေးဖို့ ပြောလိုက်။ သူ မပေးဘူးဆိုရင် ဒီဘုရင်က မနက်ဖြန်ကျရင်…ငါကိုယ်တိုင် လာခိုးမယ်လို့....သူ့ကို ပြောလိုက်…”
ထိုကျင့်ကြံသူ ကိုယ်တိုင် သူ ခပ်တိုးတိုး ရေရွတ်နေသော အထက်ပါစကားများကို နားမလည်ပေ။ ထိုဖြစ်စဉ်သည် သူ ခုနစ်ရောင်စုံနယ်မြေတွင်း၌ ပိတ်မိခဲ့ချိန်ကတည်းက စတင်ခဲ့၏။ သူ ထိုသို့ ထွေရာလေးပါး လျှောက်ရွတ်နေခြင်းကြောင့်သာမဟုတ်ပါက သူသည် အမှန်တကယ်ပင် ရူးသွားလောက်သည်။
အချိန်အတန်ကြာသည့်အထိ ခပ်တိုးတိုး ရွတ်နေပြီးနောက် သူက အားပါးတရ အသက်ရှုထုတ်လိုက်၏။ သူသည် အလောင်းခန္ဓာကိုယ်ကို ကြည့်သည်။ သူ၏အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး ကြမ်းကြုတ်သည်။
“မင်းက ဒီဘုရင်ကို လန့်အောင် လုပ်ဝံ့တာလား။ ဒီဘုရင် မင်းကို ဘယ်လို ကိုင်တွယ်မလဲ ကြည့်ရတာပေါ့…” သူက အော်ပြောလိုက်၏။
သူ ထိုသို့ အော်ပြောလိုက်ရင်း လေထဲသို့ ခုန်တက်ကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေပြီး မန္တာန်များစွာကို ဖန်တီးကာ ထိုခန္ဓာကိုယ်ပေါ်သို့ ကျရောက်စေသည်။ မြေပြင်ထုသည် အချိန်အကြာကြီး တုန်ဟည်းခါ သွား၏။ ထို့နောက်တွင် အရူးကျင့်ကြံသူသည် ပိုများပြားသောမန္တာန်များကို အသုံးပြုသည်။
ထိုရိုက်ချက်များသည် ရက်ဆက်နေ၏။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်သာ ထိုအရူး အသုံးပြုသော မန္တာန်များကို တွေ့မြင်လိုက်ပါက သူတို့သည် ထိတ်လန့်သွားပေလိမ့်မည်။
“ပန်းရောင်လေး…ငါ့ လှုပ်ရှားမှုကို ကြည့်လိုက်…” ထိုသူရူးက ညာလက်မြှောက်လိုက်၏။ လောကသည် တုန်ဟည်းသွားကာ ဧရာမလက်ဝါးရာတစ်ခု ပေါ်လာသည်။ သို့ပေမည့် ထိုလက်ဝါးရာသည် စွမ်းအားကင်းမဲ့ပုံ ပေါ်ကာ မြေပြင်ထက်ရှိ ခန္ဓာကိုယ်နှင့် ထိမိသည့်အခါ ချက်ခြင်း ပျက်စီးသွားသည်။
သို့သော် ထိုလက်ဝါးမှာ စွမ်းအားနှင့်ခမ်းနားထည်ဝါမှု ပြည့်နှက်၏။ ယင်းလက်ဝါးသည် အမှန်စင်စစ် စစ်စိတ်ဝိညာဉ်လက်ဝါးပင်။ ၎င်းသည် ချိပ်ပိတ်နယ်မြေအရှင်သခင်ဟောင်း နတ်ဘုရားကလန်၌ ချန်ထားခဲ့သော စစ်စိတ်ဝိညာဉ်လက်ဝါးနှင့် ဆင်တူသည်။ သို့သော် ထိုအရူး အသုံးပြုသော လက်ဝါးက ပို၍ပင် အစစ်အမှန် ဖြစ်နေချေသည်။
“ငွေရောင်လေး…ဒီဘုရင် သူ့ကို ဘယ်လို ရိုက်မလဲ စောင့်ကြည့်လိုက်…” ထိုအရူးက အော်ဟစ်လိုက်ပြီးနောက် ကောင်းကင်ထက်သို့ လက်ညွှန်သည်။ ကောင်းကင်တစ်ခုလုံး ရုတ်ချည်း မျက်နှာကြက်အမိုးတစ်ခုအလား ပြောင်းလဲသွားပြီး ဧရာမတိုင်လုံးတစ်ခုက ယင်းကောင်းကင်ကို ထောက်ပံ့သည်။ ၎င်းမှာ ဧရာမထီးကြီးတစ်လက်ပင်။
“နယ်မြေလောင်ကျွမ်းခြင်းထီး…ဒီဘုရင်အတွက် လောင်ကျွမ်းလိုက်…” အရူးက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ထီးသည် သူ၏ညာလက်ဖြင့် ဆုပ်ကိုင်နိုင်သည့် အရွယ်အစားထိ ကြုံ့လာသည်။ သူသည် ထိုထီးဖြင့် မြေပြင်ထက်ရှိ ခန္ဓာကိုယ်ကို ထိုးချလိုက်သည်။ သို့သော် ထီးသည် အစွမ်းထက်ဟန် ပေါ်သော်လည်း အမှန်တွင်မူ စွမ်းအားကင်းမဲ့နေသည်။ ၎င်းက အလောင်းခန္ဓာကိုယ်နှင့် ထိမိသွားသည်နှင့် ချက်ခြင်း လွင့်ပျောက်သွားသည်။
“လူအိုကြီး လီကောင်း…မြားထုတ်လိုက်…” သူရူးက ပြုံး၍ သူ၏လက်နှစ်ဖက်ကို လေးတစ်လက်ကို ဆုပ်ကိုင်သည့်ဟန် ပင့်မြှောက်သည်။ သူ့လက်ထဲတွင်မူ မည်သည့်လေးမှ ရှိမနေပေ။ သို့သော် မြားတစ်စင်း ရုတ်တရက် ပေါ်လာကာ အလောင်းခန္ဓာကိုယ်ထံ ဦးတည်ဝင်ရောက်သည်။
“ခုနစ်ရောင်စုံကောင်မလေး…နင့်ယောက်ျားကို ငါ့အစ်ကိုကြီးက မောင်းထုတ်ခဲ့တယ်။ ငါ ပြောပါတယ်။ နင် ဒီဘုရင်နောက်ကို လိုက်ရင် ပိုကောင်းမယ်ဆိုတာ။ နင် တွေ့တယ်မလား၊ ငါက ခုနစ်ရောင်စုံမန္တာန်ကိုလည်း အသုံးပြုနိုင်တယ်ကွ…” ထိုအရူးက သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ ခုနစ်ရောင်စုံအလင်း လင်းလက်သွားသည်။ ခုနစ်ရောင်စုံအလင်းသည် မန္တာန်စက်ဝန်းတစ်ခုအသွင် ပြောင်းကာ ရှေ့သို့ ပျံသန်းသည်။
အချိန် ဖြည်းဖြည်းချင်း ကုန်လာသည်။ သူရူးသည် ဆက်လက်၍ ပွစိပွစိ ပြောနေရင်း အတွင်းနယ်မြေမှာရော၊ အပြင်နယ်မြေမှာရော ဘယ်တုန်းကမျှ ပေါ်မလာခဲ့ဖူးသည့် မန္တာန်များစွာကို အသုံးပြုနေသည်။
ရက်အတော်အတန် ကြာပြီးနောက်မှ ထိုအရူးက ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ သူက ဘေးတစ်ဖက်တွင် အသက်ဟောဟဲလိုက်ကာ ရှုနေပြီးနောက် ကျေနပ်သည့်ဟန်ပန် ဖြစ်ပေါ်နေသည်။
“မဆိုးဘူး…မဆိုးဘူး…။ ဒီဘုရင်ရဲ့ မန္တာန်တွေက ပိုအစွမ်းထက်လာပြီ။ မဆိုးဘူး။ အခု ငါ့ခွန်အားအတွက် လေ့ကျင့်ရမယ့် အချိန်ပဲ…” သူက မတ်တပ်ထရပ်ကာ အလောင်းထံ လှမ်းလျှောက်သွားသည်။ ထိုအလောင်းခန္ဓာကိုယ်၏ လက်ထဲတွင် လေးတစ်လက် ကိုင်ထားလျက် ရှိသည်။
ထိုလေးကို ယင်းအလောင်းက တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သို့သော် လေး၏ လေးကြိုးကမူ ကျိုးပြတ်နေပေပြီ။
အရူးက သူ့လက်နှစ်ဖက်ပို ပွတ်၍ ထိုလေးကို ဆွဲကိုင်လိုက်၏။ သူ၏မျက်နှာသည် နီမြန်းလာကာ သူသည် လေးကို ဆွဲယူရန် ကြိုးစားသည်။ သူ့ခန္ဓာကိုယ်ကို ခုန်၍ ဆက်လက် အော်ဟစ်နေသည်။
“သေစမ်း…ရှေးနိုင်ငံကလူက လီကောင်းရဲ့ လေးကို ဆုပ်ကိုင်ထားတာပဲ။ သူက သေနေတာတောင် အတော်လေး သန်မာနေဆဲပဲကိုး။ အား..ငါ ဘာပြောလိုက်တာလဲ။ ဘာ ရှေးနိုင်ငံလဲ၊ လီကောင်းရဲ့ လေးလဲ…”
“အရူးက ခဏတာ မင်သက်သွားပြီးနောက် သူ့လက်ကို ဖြေလျှော့လိုက်သည်။ ထို့နောက် သူက အချိန်အကြာကြီး တွေးနေသည်။ သူက အလောင်းကို ကြည့်ကာ ခေါင်းယမ်းရင်း ပြောလိုက်သည်။ ရှေးနိုင်ငံ…ဒါကို တော်တော်လေး ရင်းနှီးနေသလိုပဲ။ ငါ မုန်းတီးမှုကိုလည်း ခံစားမိနေတယ်…” သူက ခေါင်းကုတ်ကာ သက်ပြင်းချ၍ သူ့ရှေ့ရှိ ခန္ဓာကိုယ်ကို ငုံ့ကြည့်သည်။ ထို့နောက် သူ့လက်ချောင်းထိပ်ကို ကိုက်လိုက်ပြီး အလောင်းခန္ဓာ၏ ပါးစပ်ဝသို့ တေ့လိုက်သည်။
“ဒါကို သောက်လိုက်။ ဒါကို များများသောက်မှ မင်းခန္ဓာကိုယ်က မြန်မြန် ပြန်ကြီးထွားလာမှာ။ ဒါမှ မင်း ငါနဲ့ ကစားနိုင်မှာ…”
သူရူးသည် ထိုခန္ဓာကိုယ်ကို သွေးစက်များ တိုက်ကျွေးနေသည်မှာ တစ်ရက်၊နှစ်ရက် မဟုတ်ပေ။ သူ ဒီခန္ဓာကိုယ်ကို တွေ့ခဲ့သည့်အချိန်မှစ၍ သူ သတိရတိုင်း သူ၏သွေးစက်အချို့ကို တိုက်ကျွေးနေခြင်းပင်။
“ဒီဘုရင်ရဲ့ သွေးက တန်ဖိုးကြီးလွန်းတယ်။ လီမိသားစုက ကောင်မလေးတောင် သွေးတစ်စက်ရဖို့ ငါ့ကို နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ရတာ။ ပြီးတော့ နောက်ထပ်…နောက်ထပ်…နောက်ထပ် တခြား…သူတွေလဲ ရှိသေးတယ်။ အနီရောင်လေး…သူက ဘယ်သူလဲ…”
“အို…အဲ့လူရဲ့ ပြန်ပေးဆွဲခံရတဲ့ ကလန်သူတောင်စင်မလည်း ရှိသေးတယ်။ သူမက သနားဖို့ သိပ်ကောင်းတယ်လို့သာ ငါ မတွေးခဲ့ဖူးဆိုရင် ဒီဘုရင်က သူမကို ဒီသွေးစက်တစ်စက် ပေးခဲ့မှာ မဟုတ်ဘူး…”
“ဒီဘုရင်ရဲ့ သွေးတစ်စက်ဟာ တာအိုပညာရှိထက် အများကြီး ပိုအဖိုးတန်တယ်…”
“အား။ စားဖို့လည်း ဘာမှ မရှိဘူး။ အနီရောင်လေး…ချီမူမိသားစုကိုသွား။ ငါ့အတွက် သစ်သီးအချို့ ယူလာခဲ့။ သူတို့မိသားစုရဲ့ သစ်သီးပင်က နှစ်ပေါင်းတစ်သိန်းကြာမှ တစ်ခါပဲ ပေါက်တာ။ အိပ်မက်သစ်သီး။ အဲ့ အသီးကို ငါ့ရှိ ယူလာခဲ့…။ သူတို့ မပေးဘူးဆိုရင် ဒီဘုရင်ရဲ့ အစ်ကိုကြီးက မနက်ဖြန်ကျရင် ဒါကို လာလုလိမ့်မယ်လို့ ပြောခဲ့လိုက်…”
အရူးက သူ့ကိုယ်သူကြားအောင် ခပ်တိုးတိုး ရေရွတ်နေရင်း သူသည် ထိုအလောင်းက သူ၏သွေးများကို စုပ်ယူပြီးနောက် မြန်ဆန်စွာ ပြန်ကောင်းမွန်နေမှုသည် ရုတ်တရက် ရပ်တန့်သွားသည်ကို သတိမပြုမိပေ။ ထိုပြန်ကောင်းမွန်နှုန်း ရပ်တန့်ရုံသာမက ၎င်းသည် ပြောင်းပြန်ဖြစ်ကာ ဒဏ်ရာကို ပို၍ပင် ဆိုးဝါးစေလေသည်။
ထိုသွေးကို အရူးအမူး ငြင်းဆန်သော စွမ်းအားတစ်ခု ရှိနေသည်။ ယင်းတို့သည် အတူတကွ မတည်ရှိနိုင်သည့်အလား။ သို့ပေမည့် ထိုသို့ ငြင်းဆန်ကန်နေစဉ်အတွင်း ပေါင်းစည်းမှု အရိပ်အမြွက်လည်း ရှိသည်။ ထိုအလောင်းခန္ဓာကိုယ်မှာ ဝမ်လင်း ဖြစ်လေ၏။
သူရူးထံမှ သွေးသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ ရှေးအမိန့်စွမ်းအားနှင့် သမူဟမကျ၊ မပေါင်းစည်းနိုင်ဘဲ ရှိ၏။ ယင်းအားနှစ်ခုက တစ်ခုနှင့်တစ်ခု အပြန်အလှန် ဝါးမြိုကြသည်။ ယင်းတို့သည် အတူတကွ တည်ရှိ၍ မရသည့်နှယ်၊ သေခြင်းနှင့်ရှင်ခြင်းအလား။ ထိုကဲ့သို့ အားနှစ်ခု ဖျက်စီးချေဖျက်မှုသည် ဝမ်လင်း၏ခန္ဓာကိုယ်ကို ထူးဆန်းသောပြောင်းလဲမှုတစ်ခုကို ကြုံလိုက်ရစေသည်။ ထိုပြောင်းလဲမှုသည် သူ၏သွေးမျိုးဆက်ကို ပြောင်းလဲပေးသွားဟန် တူသည်။ သေမျိုးမှ အစစ်အမှန်ကောင်းကင်ဘုံသားအဖြစ်သို့ ပြောင်းလဲမှု။
လီကောင်းမြားမှာ ၎င်း၏ပိုင်ရှင် သေဆုံးသွားပြီးသည့် အချိန်မှစ၍ အခုထိ နောက်ထပ်တစ်ယောက်ကို အသိအမှတ် မပြုခဲ့ပေ။ တစ္ဆေအိုကြီးကျန့်သည်ပင် ထိုလေး၏ အသိအမှတ်ပြုခြင်း မခံရပေ။ ထိုပြောင်းလဲမှုက ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း ဖြစ်ပွားနေရင်း ကောင်းကင်တုန်လှုပ်ဖွယ် ပြောင်းလဲမှုတစ်ခုက လီကောင်းလေးတွင်လည်း ဖြစ်ပွားနေသည်။
တစ္ဆေအိုကြီးကျန့်သာ ဒီအဖြစ်ကို ကိုယ်တိုင်သာ တွေ့မြင်လိုက်ရပါက သူသည် မယုံကြည်နိုင်ဟန် ဖြစ်သွားပေလိမ့်မည်။
ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း၌ ကြီးထွားလာသော ပျက်စီးသွားသည့် လေးကြိုးသည် ဝမ်လင်း၏ အခုအသစ်ဖြစ်လာသော သွေးမျိုးဆက်နှင့် ဖြည်းဖြည်းချင်း ပေါင်းစည်းသည်။ ဝမ်လင်း၏သွေးမျိုးဆက်စွမ်းအားသည် ထိုလေးတစ်ခုလုံးတွင် စိမ့်ဝင်ပျံ့နှံ့သည်။
ထိုလေးက ဝမ်လင်းတစ်ယောက်သာ ကြားနိုင်သော ဝမ်းမြောက်ဝမ်းသာပြုမှုအသံကို ခပ်ဖျော့ဖျော့ ပေးစွမ်းသည်။ လွန်ခဲ့သော နှစ်ပေါင်းမရေမတွက်နိုင်ခင်က ၎င်း၏ပထမဆုံးသခင် သေဆုံးသွားခဲ့ပြီးနောက် ၎င်းလေးသည် နောက်ထပ်သခင်တစ်ယောက်ကို တွေ့ရသဖြင့် ပျော်ရွှင်၍ ထွက်ပေါ်လာသောအသံပင်။
ထိုလေးက ဝမ်လင်း၏ ပြောင်းလဲသွားသော သွေးမျိုးဆက်သည် အရင်သခင်ထက် အဆတစ်ရာ ပိုသန့်စင်သည်ကို ခံစားမိသည်။
အရူးကတော့ ကောင်းကင်ထက်သို့ ကြောင်ရီရီ စိုက်ကြည့်နေရင်း သူ့ကိုယ်သူ ကြားရသည့်အသံဖြင့် ခပ်တိုးတိုး ရေရွတ်နေသည်။
“မိုးရွာနေပြီပဲ။ အား…အနီရောင်လေး…လာပြီးတော့ ဒီသခင်ရဲ့ ပုခုံးတွေကို ထွေးဖက်လှည့်ပါ…”
“ငါ့အစ်ကိုကြီးကို သွားပြောလိုက်။ ဒီကောင်လေး ပင်ပန်းနေပြီ မကျင့်ကြံတော့ဘူးလို့။ ငါ သွားဆော့တော့မယ်…။ ငါ့ကို လာမရှာဖို့ သူ့ကို ပြောလိုက်။ ငါ ကစားလို့ ဝတာနဲ့ ပြန်လာခဲ့မယ်။ သူသာ ငါ့ကို အတိတ်တုန်းကလိုမျိုး ထပ်လာရှာရဲ ငါ သူနဲ့ ပတ်သတ်တဲ့ ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ပစ်လိုက်မယ်…”
***