← Chapters

မင်းစောင့်နေ…ဒီဘုရင် အရင်ဆုံး အနားယူလိုက်အုံးမယ်…

Vol. 115 Ch. 1588

မင်းစောင့်နေ…ဒီဘုရင် အရင်ဆုံး အနားယူလိုက်အုံးမယ်…

Vol. 115 Ch. 1588

ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားစွမ်းအင်က ကုသခြင်းအရာ၌ အရေးတကြီး အချိန်ရောက်တိုင်း အရူးထံမှ သွေးသည် ပိတ်ဆို့ပစ်လေ၏။ ထိုအဖြစ်က ဝမ်လင်း၏ဒဏ်ရာများကို ပိုဆိုးဝါးသွားစေသည်။

ပြင်းထန်လှသော နာကျင်မှုက လူတစ်ယောက်ကိုပင် ရူးသွားစေဖို့ရာ လုံလောက်နေသည်။ ဝမ်လင်းက အသိစိတ်လွတ်မေ့မြောနေပါက အဆင်ပြေအုံးမည်။ သို့သော် ဝမ်လင်းသည် အချိန်အတန်ကြာကတည်းက သတိပြန်ရနေ၏။ သို့ပေမည့် သူ နိုးထလာချိန်၌ သူရူး၏သွေးများက သူ၏ခန္ဓာကိုယ်တွင် ပြည့်ပြည့်လာသည်။

ထိုသွေးသည် အလွန်တရာသန့်စင်သောစွမ်းအားနှင့် ပြည့်လျှံ့သည်။ ဝမ်လင်းသည် သူ့ဘဝတွင် ထိုကဲ့သို့ စွမ်းအားမျိုးကို လုံးဝ မမြင်ဖူးခဲ့ပေ။ သူ ရှေးအမိန့်သင်္ချိုင်းတွင်းရှိ ပလ္လင်ထက်တွင် ထိုင်ခဲ့စဉ်က တွေ့မြင်ခဲ့သည့် မည်သည့်ကောင်းကင်ဘုံမန္တာန်ကမှ ၎င်းစွမ်းအားကို မယှဉ်နိုင်ပေ။

သို့ပေမည့် ထိုစွမ်းအားကို ဝမ်လင်းက အသုံးမပြုနိုင်ချေ။ ၎င်းက ဝမ်လင်း၏သွေးအတွင်း၌ ကွယ်ဝှက်နေကာ သူ့ခန္ဓာကိုယ်တလျှောက် စီးဆင်းသည်။ ၎င်းသည် ရှေးဟောင်းနတ်ဘုရားစွမ်းအားနှင့် တိုက်ခိုက်နေရင်း ဝမ်လင်း၏ အရိုး၊သွေးတို့နှင့် တဖြည်းဖြည်း ပေါင်းစည်းသည်။

အရိုးများက ထိုသွေးကို ဖန်တီးသော ရင်းမြစ် ဖြစ်လာ၏။ အရူးထံမှ သွေးက ဝမ်လင်း၏ ရိုးတွင်းခြင်စီထဲ အဆက်မပြတ် စီးဝင်ကာ သူ၏သွေးမျိုးဆက်ကို ပြောင်းလဲပေးသည်။

လူတစ်ယောက်၏ သွေးမျိုးဆက်မှာ ရိုးတွင်းခြင်ဆီအတွင်း၌ ရှိ၏။ ရိုးတွင်းခြင်ဆီ ပြောင်းလဲခြင်းသည် သွေးမျိုးဆက် ပြောင်းလဲခြင်း ဖြစ်၏။ အောင်မြင်သွားခဲ့ပါက ထိုသွေးသည် အရူးကိုယ်တွင်းရှိ မြင့်မြတ်သန့်စင်သော သွေးကဲ့သို့ ဝမ်လင်းထံ၌ စီးဆင်းပေလိမ့်မည်။

ဝမ်လင်းသည် ထိုမြင့်မြတ်မှုမှ ဖော်ပြရန်မတတ်သော ခံစားချက်ကို ခံစားမိနိုင်၏။ ၎င်းသည် လူတစ်ယောက်၏ စိတ်ကို တုန်လှုပ်သွားစေဖို့ရာ လုံလောက်သည်။ ဝမ်လင်းက ထိုသွေး သူ၏ခန္ဓာကိုယ်တွင်း စီးဆင်းနေစဉ် ယင်းသွေးသည် အတုမဲ့မြင့်မြတ်သောတည်ရှိမှုတစ်ခု ဖြစ်သည့်အတွက် သူ၏မူလစိတ်ဝိညာဉ် တုန်ယင်မှုကို တုန်လှုပ်ဖွယ် တွေ့ရှိမိသည်။

ထိုတည်ရှိမှုသည် ကျင့်ကြံသူများ၏ အထွတ်အထိပ်ပင် ဖြစ်၏။

အချိန် ကုန်လာနေရင်း ထိုသန့်စင်သောသွေးက ဝမ်လင်း၏ခန္ဓာကိုယ် တလျှောက် စီးဆင်းနေရင်း သေမျိုးကနေ ကောင်းကင်ဘုံသားတစ်ယောက်အဖြစ်သို့ အသွင်ပြောင်းလဲမှု ဖြစ်ပွားသည်။

ဝမ်လင်းသည်လည်း ထိုသွေးကြောင့် ထိတ်လန့်မိရ၏။ သို့သော် သူက အရူး သူ၏ကိုယ်ပေါ်သို့ အသုံးပြုခဲ့သော မန္တာန်များအားလုံးကို တွေ့မြင်နေရသည်။ ထိုအခါ သူ၏စိတ်အတွင်း၌ မိုးကြိုးထောင်ချီ ပစ်ချခံလိုက်ရသည့်နှယ် အချိန်အတန်ကြသည့်အထိ သူ သတိမဝင်နိုင် ဖြစ်ရသည်။

အရူး၏ ခပ်တိုးတိုး ရေရွတ်မှုများကလည်း ဝမ်လင်း၏စိတ်ထဲတွင် လှိုင်းထန်မှုကို ဖြစ်စေသည်။

သို့ပေမည့် ဝမ်လင်းသည် သူ၏ခန္ဓာကိုယ်ထဲရှိ ပြင်းထန်သောနာကျင်မှုကြောင့် အသေးစိတ်ကျကျ မစဉ်းစားနိုင် ဖြစ်ရသည်။ ခုချိန်တွင် သူ ခံစားရသော နာကျင်မှုက ရှေးအမိန့်စမ်းသပ်မှုကို ရင်ဆိုင်ခဲ့ရချိန်ထက် အဆများစွာ ပို၏။ သူသည် ခန္ဓာကိုယ်ကိုပင် မလှုပ်နိုင်၊ မျက်လုံးပင် မဖွင့်နိုင် ဖြစ်ရ၏။ သူ၏မူလစိတ်ဝိညာဉ်မှာလည်း ထိုသွေး၏ ပိတ်ဆို့ထားခြင်းကို ခံရသည်။ ထို့အတွက် သူသည် တစ်စက်လေးပင် မလှုပ်နိုင်၊မရှားနိုင် ဖြစ်နေသည်။

ကံကောင်းစွာဖြင့် ပြင်းထန်သောနာကျင်မှုကို ခံစားနေရစဉ်အတွင်း လေးထံမှ ဝမ်းမြှောက်ဝမ်းသာဖြစ်သော အသံများ ထွက်ပေါ်လာ၏။ ထိုအသံက နွေးထွေးမှုကို ပေးကာ ဝမ်လင်း၏နာကျင်မှုကို ပယ်ဖျက်ပေးသည်။

သူသည် အလွန်ထူးဆန်းစွာ ခံစားနေရပြီး သူ၏လက်ထဲရှိ လေးက သူနှင့် ပေါင်းစပ်သွားသည့်အလား၊ သူ့သွေး၏ အစိတ်အပိုင်း ဖြစ်လာသည့်ပုံ ရသည်။

သူက ထိုလေးသည် သူ့ကို ပိုင်ရှင်အဖြစ် လုံးဝ အသိအမှတ်ပြုသည် မဟုတ်၊ သူ၏ တဖြည်ဖြည်းချင်း ပြောင်းလဲနေသော သွေးမျိုးဆက်ကိုသာ အသိအမှတ်ပြုသည်ကိုလည်း တွေ့မြင်သည်။

ထိုသွေးမျိုးဆက်ကသာ ယင်းလေး၏ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုမှုကို ခံရနိုင်သည့်အလား။

“ဒီဘုရင်ရဲ့ သွေးဟာ အလွန့်…အလွန်…အလွန်…အလွန်….။ အား…ငါ မှတ်မိပြီ။ ဖေးဖေးဆိုတဲ့ စုန်းမလေးတစ်ကောင်က ငါ့ရှိကနေ တစ်စုံတစ်ခုကို ငှားယမ်းဖူးတယ်…”

အရူးက ဝမ်လင်းဘေးတွင် ထိုင်ချရင်း သူ့ဟာသူ ခပ်တိုးတိုး ရေရွတ်နေ၏။ သူ၏မျက်လုံးထဲတွင်လည်း စိတ်ရှုပ်ထွေးမှုတို့ ရှိနေသည်။

အချိန်အတန်ကြာပြီးနောက် သူက ခေါင်းယမ်း၍ ဝမ်လင်း၏ ပါးစပ်ထဲမှ သူ့လက်ကို ပြန်ထုတ်လိုက်သည်။ ထို့နောက် သူ့ပါးစပ်ထဲသူ ပြန်ထည့်ကာ လျှာဖြင့် သပ်လိုက်ပြီးနောက် ယစ်မူးသည့်ဟန်အမူအရာ လှစ်ဟပေါ်သည်။

“ဒီဘုရင်ကလည်း ဒီဘုရင်ရဲ့ သွေးကို ကျေနပ်နှစ်သက်ရတယ်။ ဒါပေမဲ့ ငါက ဒါကို အဆင်အခြင်မဲ့မဲ့နဲ့ လျှောက်ပေးပစ်လို့ မဖြစ်ဘူး။ ငါ့အစ်ကိုကြီးက ဒီသွေးတစ်စက်ဟာ…လုပ်နိုင်တယ်…လုပ်နိုင်တယ်…လို့ ပြောခဲ့ဖူးတယ်။ ဘာ လုပ်နိုင်တာလဲ…”

“အနီရောင်လေး နင် ဘယ်သဝေထိုးနေလဲ…။ ဒီဘုရင် ဒီမှာ ရှိတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ဒါတောင် နင်က ဒီဘုရင်ကို လာမရှာသေးဘူး…။ နင် စောင့်နေပါ။ ဒီဘုရရင် အိမ်ပြန်ရောက်တာနဲ့ နင့်ကို စားပစ်မယ်…”

အရူးသည် သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်နေရင်း သူသည် ဒေါသထွက်လာဟန် တူသည်။ သူက ထရပ်ကာ ဝမ်လင်းပတ်လည်တွင် ခေါက်တုန့်ခေါက်ပြန် လျှောက်သည်။ ထို့နောက် သူ ရပ်လိုက်ပြန်၏။ သူက ဝမ်လင်း ခုထိ ပြန်ကောင်းမွန်မလာသေးဘဲ သူ တွေ့ခဲ့စဉ်က ပုံစံ ပြန်ဖြစ်သွားသည်ကို တွေ့မြင်သည့်အခါ ပို၍ ဒေါသထွက်လာတော့သည်။

“ဒီခန္ဓာကိုယ်ကို သတိပြန်ရအောင် လုပ်ဖို့ ဘယ်လိုတောင် ခက်ခဲနေတာလဲ။ ဒါက ခက်ခဲတာလား…”

“ဒီဘုရင်သာ မင်းလို အခြေအနေမျိုးဆို ငါ ပြန်ကောင်းလာတာ ကြာလှပေါ့။ နှစ်နှစ်တွေ ဘယ်လောက် ကြာနေပြီလဲ။ မင်းက ဘာကြောင့် ဒီလောက် သောက်သုံးမကျရတာလဲ…”

အရူးသည် ပြောနေရင်း ပိုပို ဒေါသထွက်လာနေ၏။ အနည်းငယ် ကန်ကျောက်ပြီးနောက် သူ၏မျက်နှာမှာ ပိုဒေါသပုန်ထလာဟန် ရကာ ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ တက်ခုန်ပေါက်သည်။ သူက ဆက်တိုက် ခုန်နေရင်း အရူးတစ်ယောက်လို အော်ဟစ်နေသည်။

“ငါ့မိသားစုသွေးက ဒီလောကမှာ ရှိတဲ့ ဒဏ်ရာအားလုံးကို ကုသနိုင်တယ်လို့ ငါ့အစ်ကိုကြီး ပြောခဲ့ဖူးတယ်။ ဒီဘုရင်က မင်းကို သွေးအများကြီး ပေးခဲ့ပြီးပြီး။ ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ဟာ ခုထိ ပြန်မကောင်းမွန်လာသေးဘူး။ မင်း…မင်း…မင်း…မင်း…”

အရူးသည် ဘေးတစ်ဖက်သို့ ခုန်ချလိုက်ပြီး ဝမ်လင်းကို စိုက်ကြည့်သည်။ သူ့ပါးစပ်ကမူ တရစပ် လွှတ်နေကာ စကားပြောတာ ရပ်မသွားပေ။ “ဒီဘုရင်က ငါ့သွေး အလုပ်မဖြစ်ဘူးဆိုတာကို မယုံဘူး။ မင်း စောင့်ကြည့်လိုက်…” အရူးသည် ထိုသို့ ရေရွတ်လိုက်ရင်း သူ့ရင်ဘက်ကိုယ်သူ ပြန်ရိုက်ချလိုက်သည်။ ထိုအခါ သူ၏ရင်ဘက်ပေါ်တွင် ထူးဆန်းသောအမှတ်အသားတစ်ခု ပေါ်လာ၏။

အရူး၏ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူ့မျက်နှာမှာ နီမြန်းလာသည်။ ထို့နောက် သူက ပါးစပ်အပြည့် သွေးများ ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ အန်ချလိုက်သည်။ “ဒီဘုရင့်မှာ သွေးတွေအများကြီး ရှိတယ်ကွ။ မင်းခန္ဓာကိုယ် မြန်မြန် ပြန်ကောင်းလာတော့။ ဒါမှ ဒီဘုရင်နဲ့ ဆော့ကစားနိုင်မှာ…”

ထိုပါးစပ်အပြည့် သွေးများကို သူ့လက်ချောင်းမှ တစက်စက်ကျသော သွေးတို့က ယှဉ်၍ မရနိုင်ပေ။ စမ်းချောင်းနှင့်မြစ်တစ်စင်းလိုမျိုး ကွာခြား၏။ ထိုသွေးသည် ရွှေရောင်ရှိကာ သန့်စင်သောစွမ်းအင်နှင့် ပြည့်နှက်သည်။ ၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အခါ ဝမ်လင်းသည် တုန်ယင်သွားရ၏။

ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်ရှိ ဒွာရပေါက်များအားလုံး ပွင်ဟကာ ထိုသွေးကို မြန်ဆန်စွာ စုပ်ယူသည်။ ချက်ခြင်းပင် သွေးအားလုံး ပြောင်းသလင်းခါအောင် စုပ်ယူခံလိုက်ရပြီး ဖြစ်၏။

သွေးမြောက်များစွာ ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်လာသည်နှင့် မုန်တိုင်းတစ်ခုအလား ပြောင်းလဲသည်။ ၎င်းသည် ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားစွမ်းအားနှင့် အသေအကြေ တိုက်ခိုက်တော့သည်။ အချို့က သူ၏ရိုးတွင်းခြင်ဆီနှင့် ပေါင်းစည်းကာ အသွင်ပြောင်းလဲမှုဖြစ်သည်။

သွေးအပြည့် ထွေးထုတ်လိုက်ပြီးနောက် သူရူး၏မျက်နှာသည် ဖြူရောသွားပြီး ဟောဟဲလိုက်ကာ အသက်ရှုလိုက်ရ၏။ သူက ဝမ်လင်းကို စိုက်ကြည့်နေသည်။ သို့သော် သူ့မျက်လုံးထဲရှိ ဒေါသက ပို၍ ပြင်းထန်လာချေသည်။

“သက်ရောက်မှု မရှိသေးဘူးလား။ မင်း…မင်း…မင်း…ဒီဘုရင် ခဏအနားယူမှာကို စောင့်နေလိုက်အုံး…” အရူးက ဒေါသတကြီး ထိုင်ချလိုက်၏။ သူသည် ကျင့်ကြံရန် ထိုင်ချလိုက်သည် မဟုတ်၊ ဒီအတိုင်း ထိုင်ချလိုက်ရုံသာ။ ထို့နောက် သူက ရုတ်တရက် ပြန်ထကာ ဝမ်လင်းရှေ့တွင် လာရပ်ပြန်သည်။

“သေစမ်းကွာ…ဒီဘုရင်သာ လိုလိုချင်ချင်နဲ့ ငါ့သွေးကို ပေးတာ မဟုတ်ရင် တစ်စုံတစ်ယောက်က ငါ့သွေးအားလုံးကို ခြောက်ခမ်းအောင် လုပ်ရင်တောင် ဒါက အသုံးဝင်မှာ မဟုတ်ဘူး။ မင်း ခန္ဓာကိုယ် ပြန်မကောင်းမွန်လာဘူးဆိုတာ ငါ မယုံဘူးကွ…” အရူးသည် အော်ဟစ်လိုက်ရင်း သူ၏ညာလက်ဖြင့် ရင်ဘက်ကို ထပ်ရိုက်ပြန်သည်။ သည်တစ်ကြိမ်၌ သူက သုံးကြိမ်တိုင်တိုင် သူ့ရင်ဘက်ကိုယ်သူ ရိုက်ချလိုက်ခြင်းပင်။

သွေးများ ပျံသန်းထွက်လာပြီး၊ အရူး၏မျက်နှာသည် ဖြူရောကာ သူ ခြေနှစ်လှမ်းခန့် နောက်ဆုတ်သွားသည်။

သုံးကြိမ်သုံးခါ အန်ထုတ်လိုက်သော သွေးများက သွေးမိုးအလား ဝမ်လင်းပေါ်သို့ ကျဆင်းသည်။

အရူးမျက်လုံးသည် နီရဲလာ၏။ သူ၏အစ်ကိုကြီးဖြစ်သူ ဒီနေရာတွင် ရှိနေလျှင်ပင် သူ့ကို တားနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ သူသည် မာန်သွင်းအော်ဟစ်ကာ သူ့လျှာထိပ်ကို ကိုက်လိုက်ပြီး သွေးကို အတန်းလိုက် ဝမ်လင်းထံ ထွေးထုတ်လိုက်သည်။

ထိုသွေးသည် သူ၏အသက်အနှစ်သာရ ဖြစ်၏။ ၎င်းမှာ ပြီးခဲ့သော သူ၏သာမန်သွေးများထက် အဆပေါင်းများစွာ ပိုအဖိုးတန်လွန်းသည်။ ထို့နောက် သူက မျက်လုံးကလယ်ကလယ်ဖြစ်ပြီး သွေးများဆက်တိုက် ဆုံးရှုံးသဖြင့် လဲကျကာ သတိမေ့သွားတော့သည်။

သူ မမေ့သွားခင် သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်သေး၏။

“ဒီဘုရင်ရဲ့ သွေးက အလွန့်ကို အဖိုးတန်တယ်။ ဒီတစ်ကြိမ်…ငါ အတော်လေး ငါ့သွေးကို ဖြုန်းလိုက်တဲ့ပုံပဲ။ မူးလိုက်တာ။ အနီလေး…ဒီအရှင်ကို လာပြီး နှိပ်ပေးအုံး…”

ဝမ်လင်း၏ခန္ဓာကိုယ်သည် သွေးများဖြင့် ပြည့်နှက်နေ၏။ ထိုသွေးသည် အသက်ဝင်နေသည့်အလား။ ၎င်းက ဝမ်လင်းပေါ်သို့ ကျရောက်လာသည်နှင့် သူ၏ဒွာရပေါက်များမှ တစ်ဆင့် သူ့ခန္ဓာကိုယ်တွင်း စီးဆင်းတိုးဝင်သွားသည်။

သွေးများစွာ၊ အထူးသဖြင့် အသက်အနှစ်သာရသွေးက ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ ဖော်ပြရန်ခက်သောဖိအားကို ပေါက်ကွဲထွက်လာစေသည်။ ဝမ်လင်း၏ရှေးအမိန့်စွမ်းအားသည် ပြိုလဲကာ ဖိနှိပ်ခြင်း ခံလိုက်ရသည်။ သို့သော် ယင်းသွေးတို့သည် မြောက်များစွာ ပေါင်းစည်းသွားခြင်း မရှိပေ။

မည်သို့ပင်ဖြစ်စေကာမူ ရှေးအမိန့်စွမ်းအားသည် ဖိနှိပ်ခံထားရခြင်းကြောင့် သွန်းလောင်းလိုက်သော သွေးများက ဝမ်လင်း၏အရိုးများထဲ တိုက်ရိုက် ဝင်ရောက်ကာ သူ၏ရိုးတွင်းခြင်ဆီနှင့် ပေါင်းစည်းသည်။

ထိုပေါင်းစည်းမှုသည် အရင်ကလို နေရာအနည်းငယ် ကွက်၍ မဟုတ်တော့ပေ။ ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်နေပြီး သွေးအစက်အပြောက်များစွာ သူ့ခန္ဓာကိုယ်အနှံ့တွင် ပေါ်လာ၏။ သူ၏ကိုယ်ပိုင်သွေးများသည် ဖယ်ရှားခြင်း ခံလိုက်ရသည်။

သွေးများက သူ၏ရိုးတွင်းခြင်ဆီနှင့် ပေါင်းစပ်နေရင်း သွေးသစ်များကို ဖန်တီးသည်။ ထိုသွေးသစ် မွေးဖွားလာသည်နှင့် ဝမ်လင်း၏ခန္ဓာကိုယ်မှ မြင့်မြတ်သောအော်ရာ ပေါက်ကွဲထွက်လာသည်။

ထိုမြင့်မြတ်သောအော်ရာသည် လောကကို အုပ်စိုးသူသာ ပိုင်ဆိုင်နိုင်မည့် အရာမျိုးပင်။ လောကကိုယ်တိုင်သည်ပင် ထိုအော်ရာရှေ့တွင် ဦးညွှတ်ဖို့ လိုမည်။

သူ၏ဘယ်မျက်လုံးထဲရှိ ကိုးရောင်စုံမီးသည် တောက်ပစွာ လောင်ကျွမ်းသည်။ သို့ပေမည့် ထိုသို့ လောင်ကျွမ်းနေစဉ် သူ၏ရိုးတွင်းခြင်ဆီမှ မြင့်မြတ်သောအော်ရာသည် ၎င်းကိုးရောင်စုံမီးကို မရေမတွက်နိုင်သော မီးတောက်များအဖြစ်သို့ ပျက်စီးသွားစေသည်။ သို့သော် ယင်းတို့သည် မကြာခင်အတွင်း အတူတကွ ပြန်ပေါင်းစည်းသည်။

ရွှေရောင်မီးတစ်ခု ရုတ်တရက် ပေါ်လာလေသည်။

ထိုရွှေရောင်မီးအတွင်း၌ ကောင်းကင်နှင့်မြေကြီး၏တာအို ပါဝင်သည်။ သို့သော် ၎င်းမှာ မီးတာအို မဟုတ်ပေ။ ရွှေရောင်မီး၏ ပုံပန်းသွင်ပြင်နှင့်အတူ ဝမ်လင်း၏ညာမျက်လုံးထဲရှိ မိုးကြိုးလည်း တုန်ဟည်းမြည်သည်။ ထိုသွေးမှ ‌အော်ရာသည် မိုးကြိုးကို ပျက်စီးသွားစေသည်။ အတူတကွမိုးကြိုး ကိုးမျိုးသည်လည်း ပျက်စီးလေ၏။

မိုးကြိုးအမှတ်အသားနှင့် အတူတကွမိုးကြိုးကိုးမျိုး ပျက်စီးသွားသည့်အခိုက်တွင် ဝမ်လင်း၏ မှိတ်ထားသော ညာမျက်လုံးထဲ၌ ရွှေရောင်မိုးကြိုးတန်းတစ်ခု ပေါ်လာသည်။

ရွှေရောင်၊ အရာအားလုံးသည် ရွှေရောင်ပင်။ သို့ရာတွင် ထိုရွှေရောင်သည် အလွန်မလေးနက်ဘဲ ပေါ့ပေါ့ပါးပါး ရှိသည်။ သို့တိုင်အောင် ၎င်းသည် ထိုရွှေရောင်၏ လျှို့ဝှက်ချက်ကို သိရှိသူတိုင်းအား တုန်လှုပ်သွားစေဖို့ လုံလောက်ပေသည်။

ရွှေရောင်။ ကောင်းကင်ဘုံသားများ၏ အရောင်၊ အစစ်အမှန်ကောင်းကင်ဘုံသားများ။

ရွှေရောင်မီးသည် သူ၏ဘယ်မျက်လုံးတွင် ပေါ်လာပြီး ရွှေရောင်မိုးကြိုးက သူ၏ညာမျက်လုံးတွင် လင်းလက်သည်။ ဝမ်လင်းသာ သူ့မျက်လုံးကို ဖွင့်လိုက်ပါက သူ၏မျက်လုံးကို တွေ့မြင်ရသော ကျင့်ကြံသူတိုင်း တုန်လှုပ်ကုန်ပေလိမ့်မည်။

သူတို့သည် ဝမ်လင်း၏မျက်လုံးမှ ပေါက်ကွဲထွက်နေသော ရှင်းပြ၍မရသည့် ဖိအားတစ်ခုကို ခံစားမိပေလိမ့်မည်။

***

All Chapters