အင်မောတယ်ကောင်းကင်ဘုံကလန် ခန္ဓာကိုယ်။
Vol. 115 Ch. 1589
ဝမ်လင်း၏ မိုးကြိုးအနှစ်သာရသည် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီ ဖြစ်သော်လည်း အလုံးစုံတော့ ဟုတ်မနေခဲ့ပေ။ သို့ပေမည့် အခု သူ၏သွေးအသစ်စွမ်းအားကြောင့် ယင်းမပြည့်စုံမှုက ကွယ်ပျောက်သွားကာ သူ၏မိုးကြိုးသည် ရုတ်တရက် ကောင်းကင်ဘုံမိုးကြိုး၊ အစစ်အမှန်ကောင်းကင်ဘုံမိုးကြိုး ဖြစ်လာခဲ့သည်။
သူ၏ဘယ်မျက်လုံးထဲရှိ ရွှေရောင်မီးသည် သိမ်မွေ့ဆန်းကြယ်သော အခြေအနေတွင်သာ ရှိနေပြီး မီးတာအိုဖြစ်လာရန် အတော်အလှမ်းဝေးသေးသည်။ သို့ပေမည့် သူ့သွေးအသစ်စွမ်းအားကြောင့် ထိုမီးသည် ရုတ်တရက် တခြားမီးများထက် ကျော်လွန်သော သိမ်မွေ့ဆန်းကြယ်မီးအဖြစ်သို့ ဆင့်ကဲတိုးတက်သွားသည်။
အစစ်အမှန်ကောင်းကင်ဘုံမီး။
ကောင်းကင်ဘုံမီးနှင့် ကောင်းကင်ဘုံမိုးကြိုးတို့သည် ဝမ်လင်းအတွက် နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့် တစ်ယောက်ကို သတ်ပစ်ဖို့ လုံလောက်နေသည်။ နိဗ္ဗာနလေဟာနယ်အလယ်ပိုင်းအဆင့် ကျင့်ကြံသူများသည်ပင် အချိန်ကြာကြာ တောင့်ခံနိုင်မည် မဟုတ်ဘဲ သေဆုံးသွားလောက်သည်။
နိဗ္ဗာနလေဟာနယ် နောက်ဆုံးအဆင့် ကျင့်ကြံသူများသည်ပင် ထိုကောင်းကင်ဘုံမီးနှင့်မိုးကြိုးတို့ကြောင့် တုန်လှုပ်ကာ နောက်ဆုတ်ဖို့ ရွေးချယ်ရပေလိမ့်မည်။
ရိုးတွင်းခြင်ဆီမှ ဖန်တီးပေးသော သွေးသစ်သည် ဝမ်လင်း၏ခန္ဓာကိုယ်တွင် စီးဆင်းနေရင်း ကျန်သည့် သေခြင်းရှင်ခြင်း၊ ကံမ္မာနှင့် အမှန်နှင့်အမှား အနှစ်သာရသုံးခုသည်လည်း တဖြည်းဖြည်း ပြီးပြည့်စုံခြင်းအဖြစ်သို့ ပြောင်းလဲသည်။ ယင်းအနှစ်သာရများသည် မြင့်မြတ်သောတာအိုအဖြစ်သို့ ရောက်ဖို့အတွက် အခွင့်အလမ်းတစ်ခုသာ လိုသည်။
အရူး၏ ထွက်ပေါ်လာမှုက ဝမ်လင်းအဖို့ သူ ရှေးဟောင်းနတ်ဘုရားကုန်းမြေတွင် အမွေအနှစ်ရရှိခဲ့ချိန်ကနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ဒီအဖြစ်က သူ့ဘဝကို ပြောင်းလဲသွားစေဖို့ လုံလောက်သည်။
ထိုမဟာကံကောင်းမှုကြီးမှာ အခုထိ မပြီးဆုံးသေးပေ။
ဝမ်လင်း၏စိတ်သည် ရှင်းနေ၏။ သို့သော် သူသည် ခုထိ တစ်စက်လေးပင် မလှုပ်ရှားနိုင်သေးပေ။ သူက သူ့ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုကို ခံစားမိသည်။ ထိုခံစားမှုက သူ့ကို တခြားအရာများကို ခန့်မှန်းမိစေသည်။
သူ၏ရိုးတွင်းခြင်ဆီမှ ဖန်တီးလိုက်သော သွေးသစ်သည် အလွန်အစွမ်းထက်သော အော်ရာကို ပေးစွမ်းသည်။ ၎င်းမှာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ပင်။ သွေးသည် သူ၏ခန္ဓာကိုယ်တလျှောက် စီးဆင်းနေရင်း သူ၏မူလစိတ်ဝိညာဉ်သည် မြန်ဆန်စွာ ပြောင်းလဲသည်။
ဝမ်လင်း မသိသည်မှာ ကောင်းကင်ဘုံနယ်မြေလေးခု၌ ချင်းလင်ကဲ့သို့ ကောင်းကင်ဘုံအင်ပါယာသည်ပင် သူနှင့် ယှဉ်ပါက သေမျိုးအဆင့်မျှသာ ဖြစ်သည်ဟူ၍ပင်။
ဝမ်လင်း၏ကိုယ်တွင်းရှိ သွေးမျိုးဆက်သည် ကောင်းကင်တုန်လှုပ်ဖွယ်ရာ အဆင့်ထိ ရောက်ရှိလာခဲ့ပြီးပင်။
သို့ရာတွင် သူ့ခန္ဓာကိုယ်သည် အလွန်အမင်း ထူးခြား၏။ အရင်က လုံးဝ မရှိခဲ့ဖူးသော ခန္ဓာကိုယ်မျိုး ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်မှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး၊ ရှေးအမိန့်အမွေအနှစ်ဖြင့် ခန္ဓာကိုယ် ဖြစ်နေသည်။ သို့ပေမည့် အရူးကြောင့် သူ၏သွေးမျိုးဆက် ပြောင်းလဲသွားကာ ကောင်းကင်ဘုံသား သွေးမျိုးဆက် ဖြစ်လာခဲ့သည်။
ထိုသို့သောအရာမျိုးကား ဖြစ်ခဲလှသည်။
လုံးလုံးလျာလျာ ဆန့်ကျင်ဘက်အားနှစ်ခုသည် တစ်ခုနှင့်တစ်ခု တရစပ် ထိုးနှက်တိုက်ခိုက်ကြသည်။ ရှေးအမိန့်စွမ်းအားသည် ဖိနှိပ်ခံထားရသော်လည်း ကောင်းကင်ဘုံသွေးက ၎င်းကို မဖျက်စီးပစ်နိုင်ပေ။ ထို့အတွက်ကြောင့် ဝမ်လင်း၏ခန္ဓာကိုယ်မှာ မပြီးပြည့်စုံတော့ပေ။
ထိုကဲ့သို့ မပြီးပြည့်စုံသော ဖြစ်စဉ်အတွင်း သူ့ခန္ဓာကိုယ်အောက်ပိုင်းသည် မြန်ဆန်စွာ ပြန်ကောင်းမွန်ပြီး ဖျက်စီးခံရသည်။ သူ၏မူလစိတ်ဝိညာဉ်သည် သတိရနေပြီ ဖြစ်သော်လည်း ပိတ်လှောင်ခံထားရသည်။
ထိုသို့သာ ဆက်ဖြစ်နေပါက ဝမ်လင်းသည် သက်ရှိလူသေတစ်ယောက် ကဲ့သို့ ဖြစ်လာမည်။ သို့မဟုတ် ကောင်းကင်ဘုံရတနာတစ်ခုအဖြစ် သန့်စင်ခြင်း ခံရလိမ့်မည်။
ထိုရတနာသည် ရှေးအမိန့်ကော၊ ကောင်းကင်ဘုံသားများကော အသုံးပြုနိုင်သော အရာ ဖြစ်လာလိမ့်မည်။
ခုချိန်တွင် သူသည် ရွေးချယ်မှုတစ်ခု လုပ်ရတော့မည်။ သူသည် အရင်က ရှေးအမိန့်အမွေအနှစ်ကို ရွေးချယ်ကာ ခုတုန်လှုပ်ဖွယ် ကံကောင်းမှုကို လက်လွှတ်ရမည်။ သို့မဟုတ် ခုကံကောင်းမှုအသစ်ကို ရွေး၍ သူနှင့် တဘဝလုံးနီးနီး အတူရှိခဲ့သော ရှေးအမိန့်အမွေအနှစ်ကို လက်လွှတ်ရမည်။
၎င်းမှာ အလွန်တရာ ခက်လှသော ရွေးချယ်မှုပင်။ ဝမ်လင်းသည် ရွေးချယ်ချင်လျှင်ပင် သူ မလုပ်နိုင်ပေ။ သူ၏မူလစိတ်ဝိညာဉ်က မလှုပ်ရှားနိုင်ဘဲ ဖြစ်နေသည်။
“သေစမ်း…ငါ ပင်ပန်းလို့ သေတော့မယ်…” ထိုအခိုက်တွင် သတိမေ့နေသော အရူး နိုးလာ၏။ သူက ပင်ပန်းနေသော်လည်း ဝမ်လင်းကို စိတ်လှုပ်ရှားစွာ ကြည့်သည်။
တစ်ချက် ကြည့်လိုက်ပြီးနောက် အရူးမျက်နှာထက်ရှိ စိတ်လှုပ်ရှားမှုသည် ပပျောက်သွားကာ အတိုင်းမသိဒေါသ အစားထိုးလာသည်။
“သေစမ်းကွာ…မင်း ခုထိ မကောင်းသေးဘူးလား။ ဒီအဘိုးအိုရဲ့ သွေးက အား…ဒီအဘိုးအိုရဲ့ သွေးနဲ့ အရာအများကြီးကို လဲလှယ်နိုင်တယ်။ ဒီလောက် သွေးအများကြီး။ အား။ ငါ မင်းကို ပေးလိုက်တဲ့သွေးက ခုနစ်ရောင်စုံကြက်ပေါက်တစ်ကောင်ကို ရဖို့အတွက်တောင် လုံလောက်နေပြီ။ ငါ့အစ်ကိုကြီးသာ သိရင် သူ ရူးသွားလောက်တယ်။ အား…” ထိုအရူးသည် ဝမ်လင်း၏ ပုခုံးကို ဆွဲကိုင်ကာ အရူးအမူး လှုပ်ခါယမ်းတော့သည်။
“ငါ့ သွေးတွေ ပြန်ပေး။မင်း ဒီဘုရင်ရဲ့ သွေးတွေကို ယူသွားတယ်။ ဒါပေမဲ့ ခုထိ မင်း နိုးမလာသေးဘူး..။မင်းက ငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ။ ယုလေး…ဒီကောင့်ကို ခေါ်သွားပြီး ခေါင်းဖြတ်လိုက်တော့…”
အရူးက အော်ဟစ်တော့သည်။ သူ ဒေါသထွက်နေဆဲပင်။ သူသည် ဝမ်လင်းကို စိုက်ကြည့်ကာ ဝမ်လင်း၏ပုခုံးကို ကိုက်ချလိုက်၏။ ထို့နောက် သူသည် ခွေးရူးတစ်ကောင်လို အူလိုက်သည်။
“ဒီဘုရင် မင်းကို သေတဲ့ထိ ကိုက်ပစ်မယ်။ သေတဲ့ထိ ကိုက်ပစ်မယ်ကွ…” အနည်းငယ် ဗြောင်းဆန်ပြီးနောက် ထိုအရူးသည် အသက် ခက်ခက်ခဲခဲ ရှုလိုက်ရ၏။ သူ၏မျက်လုံးသည် နီရဲကာ သူ့အမူအရာမှာ ကြမ်းကြုတ်နေ၏။ သူသည် ဝမ်လင်းကို စိုက်ကြည့်နေရင်း ကိုက်ရာကနေ လွှတ်လိုက်၏။ ထို့နောက် သူက သူ့ပါးစပ်ကို အုပ်ကာ နာနာကျင်ကျင် ငြီးငြူကာ အော်၏။
“ငါ ရှေးနိုင်ငံကျင့်ကြံသူတွေကို မုန်းတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က မာကြောလွန်းတယ်။ ဒီဘုရင်ရဲ့သွားတွေ။ အနီရောင်လေး…ကျိုးမိသားစု သွားပြီး တစ်ခုခုသွားတောင်း…ဘာတစ်ခုလဲ…ဘာတစ်ခုလဲ…ဒီဘုရင် မေ့နေပြီ။ မြန်မြန် သွား။ သူတို့ မပေးဘူးဆိုရင် မနက်ဖြန်ကျရင် ငါနဲ့ ငါ့အစ်ကိုကြီးက ဒါကို လာလုယူလိမ့်မယ်လို့ ပြောလိုက်…”
ထိုအရူးသည် တတွတ်တွတ် ရေရွတ်နေရင်း နာကျင်စွာ ငြီးငြူနေသည်။ ထို့နောက် သူသည် ဝမ်လင်းကို လှည့်၍ စိုက်ကြည့်သည်။ တဖြည်းဖြည်း သူက ထပ်ရူးသွပ်လာသည့်ပုံ ရသည်။
“ငါ ဒါကို မယုံနိုင်ဘူး။ လက်မခံနိုင်ဘူး။ မင်းစောင့်နေ…ငါ စဉ်းစားလိုက်အုံးမယ်…”
ထိုအရူး၏ အနီရောင်မျက်လုံးသည် တဖျပ်ဖျပ် တောက်နေသည်။ အနည်းငယ် စဉ်းစားပြိးနောက် သူသည် ဘာကိုမှ ထပ်မတွေးနိုင်တော့ပေ။ ကသိကအောက် ပိုဖြစ်လာကာ သူသည် ဝမ်လင်းကို အော်ဟစ်လိုက်သည်။
သာမန်လူများသည် အရူးတစ်ယောက်၏ ဒေါသကို နားလည်နိုင်မည် မဟုတ်ပေ။ သူက ဘာလုပ်ရမှန်း တွေးမရလေ ပိုဒေါသ ထွက်လာလေပင်။ နောက်ဆုံးတွင်တော့ သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့ဘယ်လက်ကို ဆုပ်ကိုင်ကာ ၎င်းကို သူ၏ခန္ဓာကိုယ်ကနေ ဖြတ်ထုတ်လိုက်သည်။ သွေးဟူ၍မရှိ၊ ဒဏ်ရာမှာလည်း အလွန်ချောမွတ်နေသည်။
သူ၏ဘယ်လက်ကို ကိုင်ထားရင်း သူက ၎င်းကို ကြည့်ပင်မကြည့်ပေ။ သူက ဝမ်လင်းကိုသာ စိုက်ကြည့်နေပြီး သူကိုယ်တိုင်ပင် နားမလည်သော စကားလုံးအချို့ကို ပြောနေ၏။
သူက သူ၏ညာလက်ကို ဝေ့ယမ်းလိုက်သည်။ သူ၏ဘယ်လက်မှာ အောက်သို့ကျဆင်းသွားကာ ကျယ်လောင်စွာ တုန်ဟည်းမြည်သည်။ သူ့ညာလက်ကို ပိုမြန်ဆန်စွာ လှုပ်ရှားလေလေ အသံများ ပိုကျယ်လာလေပင်။ အဆုံးသပ်၌ ထိုအရူးက ခုန်ထကာ ဝမ်လင်းကို ထဆဲတော့သည်။
သူ ဆဲနေတာ ရက်အတော်အတန်ပင် ကြာလေ၏။
အရူးက အာခြောက်ကာ ပင်ပန်းလွန်းမှ ရပ်သွား၏။ သူက သူ့ဘယ်လက်ကို သူ့ခန္ဓာကိုယ် နောက်ဘက်သို့ ပို့လိုက်ရာ ရွှေရောင်လင်းလက်သွားသည်။ လုံးဝန်းသောစာလုံးတစ်ခု သူ၏ဒဏ်ရာပေါ်တွင် ပေါ်လာ၏။ ၎င်းက ရှေးအော်ရာကို ပေးလျက် အလွန်ရှုပ်ထွေးသည်။
ထိုစာလုံးသည် လောက၏ဇစ်မြစ်အော်ရာကို ပေးစွမ်းကာ ထူးခြား ဆန်းပြားလွန်းသည်။
သူ့ဘယ်လက်ရှိ ဒဏ်ရာပေါ်မှ ထိုစာလုံးကို ကြည့်ရင်း အရူးသည် ခဏတာ ကြောင်ငေးသွားသည်။ မကြာခင်တွင် သူ့မျက်လုံးမှ တောက်ပလာ၏။
“ဒါပဲ။ ဟားဟား…ဒါပဲကွ…” အရူးက လျှာသပ်ကာ သူ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ သူက ဝမ်လင်း၏ဘေးသို့ စိတ်လှုပ်ရှားစွာ ပြေးလာသည်။ သူ၏အမြင်၌ ထိုအလောင်းမှာ သူ့ကစားစရာအရုပ်လိုပင်။ သူက ပျင်းရိငြီးငွေ့မှုကို ပယ်ဖျက်နိုင်မည့် ပျော်မြူးစရာအချို့ကို ရှာနေခြင်းပင်။
သို့ရာတွင် ကစားနေရင်း ရူးသွပ်သွားသော လူတစ်ယောက်မှာ အလွန်အမင်း ကြောက်စရာ ကောင်းသူ ဖြစ်လာနိုင်သည်။
“ဒီဘုရင်က ကောင်းကင်ဘုံဘိုးဘေးတွေရဲ့ စာလုံးသုံးလုံးကို ဘာလို့ မေ့နေပါလိမ့်။ ဟားဟား…ကောင်းကင်ဘုံဘိုးဘေးတွေရဲ့ စာလုံးသုံးလုံး။ ဟုတ်တယ်…ဒါပဲကွ…”
အရူးက သူ၏သွေးများ ဆူပွက်လာသလို ခံစားနေရသည်။ သူသည် တခစ်ခစ်ရယ်ရင်း ဝမ်လင်းကို ကြည့်နေသည်။ သို့ပေမည့် သူ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးဟန် ဖြစ်လာသည်။
“တစ်ခုခုတော့ မှားနေပြီ။ ငါ့အစ်ကိုကြီးက ငါသေရမယ်ဆိုရင်တောင် ကောင်းကင်ဘုံဘိုးဘေးရဲ့ စာလုံးသုံးလုံးကို ကောင်းကင်ဘုံကလန်ဝင် မဟုတ်တဲ့ ဘယ်သူ့ကိုမဆို မပေးဖို့ ပြောထားခဲ့တယ်။ သူက ငါ့ကို အတင်းတောင် ကျိန်ခိုင်းခဲ့သေးတယ်။ ငါက လူတွေကို သွေးအနည်းငယ်တော့ ပေးနိုင်တယ်။ ဒါပေမဲ့ ဒီစာလုံးသုံးလုံးကိုတော့ တခြားသူတွေကို မပေးနိုင်ဘူး…” ထိုအရူးသည် စတင် ချီတုံချတုံ ဖြစ်လာသည်။ သူက ဝမ်လင်းကို ငုံ့ကြည့်လိုက်ပြန်သည်။
“ဒါက မှန်တဲ့ပုံမရပါဘူး။ အစ်ကိုကြီးက ဒီကောင်းကင်ဘုံဘိုးဘေး စာလုံးသုံးခုကို လူတိုင်းကို ပေးနိုင်တယ်လို့ ပြောခဲ့တာနေမယ်။ အဲ့လိုပဲ ဖြစ်ရမယ်…” အရူးသည် လက်မြှောက်ကာ သူ့လက်ကို မြှောက်၍ သူ့ခေါင်းကိုယ်သူ တဒေါက်ဒေါက် ခေါက်နေသည်။ သူက ပိုခေါက်လေ ပိုစိတ်ရှုပ်ထွေးလာလေပင်။
“ဒီဘုရင် ငါ့အစ်ကိုကြီးစကားကို နားထောင်ရမယ်…။ ဒီစာလုံးပုံရိပ်တွေကို တခြားသူတွေကို ပေးနိုင်တယ်။ ဒါမှန်တယ်။ ဒါကို ပေးလို့ရနိုင်တယ်…”
အရူးက လေးလေးနက်နက် ခေါင်းညိတ်သည်။
“ဟုတ်တယ်။ အနီရောင်လေးတောင် ငါ့မှတ်ဉာဏ်က အရမ်းကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ ငါ မမှားနိုင်ဘူး…” အရူးက သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်နေပြီးနောက် စိတ်လှုပ်ရှားလာပြန်သည်။ သူက နှုတ်ခမ်းသပ်ကာ ချိပ်ဟန်အနည်းငယ်ကို မြန်ဆန်စွာ ဖြစ်ပေါ်စေလိုက်သည်။ ကျင့်ကြံခြင်းဂြိုဟ်တစ်ခုလုံး တုန်ယင်သွား၏။ အရူး၏ခန္ဓာကိုယ်ပ အပြင်းအထန် တုန်ယင်သည်။
သူ၏ဘယ်လက်ပေါ်တွင် ပေါ်လာသော စာလုံးက တဖြည်းဖြည်း သူ၏မျက်ခုံးနှစ်ခုကြားတွင် ပေါ်လာသည်။
“ကောင်းကင်နဲ့မြေကြီး ဖွင့်လှစ်တယ်။ ဘိုးဘေးတွေ ဆင်းသက်လာမယ်။ မသေမျိုးမျိုးဆက်အားလုံးအတွက် စာလုံးသုံးလုံး။ ပထမဆုံးစာလုံးက ကောင်းကင်နဲ့မြေကြီးကို ဆင့်ခေါ်နိုင်တယ်။ ဒုတိယစာလုံးက တာအိုကို ဆင့်ခေါ်နိုင်တယ်။ တတိယစာလုံးက….အင်း အဲ့စာလုံးက ဘာကို ဆင့်ခေါ်နိုင်တာလဲ။ အနီရောင်လေး…တတိယစာလုံးက ဘာကို ဆင့်ခေါ်နိုင်တာလဲ…”
အရူးသည် တောင့်တင်းသွားကာ ခေါင်းယမ်းသည်။
“ထားလိုက်တော့။ သေစမ်း…ဒီဘုရင်ရဲ့ မှတ်ဉာဏ်က အရမ်းကောင်းတာ။ ငါ ဒါကို ကျိန်းသေ မှတ်မိမှာပဲ…” အရူးသည် ပွစိပွစိ ရေရွတ်နေရင်း သူ့ညာလက်ဖြင့် မျက်ခုံးနှစ်ခုကြား ထိရိုက်လိုက်သည်။ အော်ရာတစ်ခု ထိုးထွက်လာ၏။ ထို့နောက် အနှိုင်းမဲ့အစွမ်းထက်အော်ရာသည် ထိုးထွက်လာကာ မြေနိမ့်သားရဲအတွင်းရှိ လောကတွင် ပြည့်နှက်သည်။
အော်ဟစ်လိုက်ရင်း အရူးက ညာလက်ကို ဆန့်ထုတ်သည်။ သူက သူ၏မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားကို တူးဆွထုတ်ယူဟန် ပေါ်၏။ ထို့နောက် သူက ၎င်းကို ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားကြယ်များကြား ဖိချလိုက်သည်။
“ကောင်းကင်ဘုံဘိုးဘေးရဲ့ စာလုံးသုံးလုံး။ ကောင်းကင်ဘုံကလန်ရဲ့ မသေမျိုးခန္ဓာကိုယ် စွမ်းအား…” အရူး၏ ညာလက်က ဝမ်လင်းပေါ်သို့ ကျရောက်လာသည်နှင့် တုနှိုင်းမဲ့စွမ်းအားသည် ဝမ်လင်း၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာ၏။ထိုအော်ရာက သူ့ဦးခေါင်းထံ ဦးတည်တိုးဝင်ကာ အရူး၏ညာလက်နှင့် ထိပ်တိုက်တွေ့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ အရူးသည် သွေးအန်လိုက်ရကာ နောက်သို့ လွင့်ထွက်သွားသည်။
“သူ အောက်ပြန်ကျသည့်အခါ စိတ်ရှုပ်ထွေးမှုကို ခံစားမိနေပြီး ရေရွတ်သည်။ ကြည့်ရတာ ငါမှတ်မိလာသလိုပဲ။ ဒါက သင်ပေးလို့ မရနိုင်ဘူး။ အထူးသဖြင့် ရှေးအမိန့်ကလန်ဝင်သုံးခုကိုပဲ။ ဒါက ပြဿနာအများကြီး တက်သွားနိုင်တယ်။ ဟေး…ဒီဘုရင်က ဘာကြောင့် စိုးရိမ်ပူပန်နေတာလဲ။ ဒီဘုရင်က ဘာကိုမှ မသင်ပေးခဲ့ဘူး။ ဒီဘုရင်ရဲ့ မှတ်ဉာဏ်က အလွန်ကောင်းတာ။ ငါ ကျိန်းသေပေါက် မသင်ပေးခဲ့ဘူး…” ထိုသို့တွေးရင်း သူသည် မျက်လုံးကစားလိုက်သည်။
ဝမ်လင်း၏ခန္ဓာကိုယ်က လှုပ်ခါကာ သူ၏မျက်တောင်များ တုန်ယင်သည်။ သူ့စိတ်ထဲကနေ အော်ဟစ်နေ၏။ သူသည် အရူး၏လှုပ်ရှားလုပ်ဆောင်မှုများကို ရှင်းလင်းစွာ ခံစားမိနေ၏။ ထိုအရူးက သူ့လက်ကို အောက်သို့ ဖိချလိုက်သည်တွင် ဝမ်လင်းက သူ၏ ဖိနှိပ်ခံထားရသော ရှေးအမိန့်စွမ်းအားသည် ရူးသွပ်သွားသည့်အလား အရူးအမူး ပေါက်ကွဲထွက်လာသည်။
“မင်း အရူး…” ဝမ်လင်းသည် ရုတ်တရက် မျက်လုံး ဖွင့်လာ၏။
***