← Chapters

ရွှေရောင်ကောင်းကင်၊ အနက်ရောင်မြေပြင်

Vol. 115 Ch. 1590

ရွှေရောင်ကောင်းကင်၊ အနက်ရောင်မြေပြင်

Vol. 115 Ch. 1590

ဝမ်လင်းမျက်လုံးဖွင့်လာသည်နှင့် သူ၏မျက်ခုံးနှစ်ခုကြားတွင် လုံးဝန်းသောအမှတ်အသားတစ်ခု ပေါ်လာသည်။ ထိုအမှတ်အသားသည် အရူးတွင်ရှိနေသော အမှတ်အသားနှင့် ထပ်တူထပ်မျှနီးပါး တူညီသည်။

ထိုအမှတ်အသား ပေါ်ထွက်လာမှုသည် ချက်ခြင်းပင် သူ၏ခန္ဓာကိုယ်တွင်းရှိ သွေးသစ်များကို ဆူပွက် မြင့်တက်လာစေသည်။

မူလတုန်းက သွေးစွမ်းအားနှင့် ရှေးအမိန့်စွမ်းအားတို့မှာ မျှခြေ ဖြစ်နေ၏။ သွေးသည် အသာစီး ရယူထားသော်လည်း ၎င်းက ရှေးအမိန့်စွမ်းအားကို မဖျက်စီးနိုင်ချေ။

သို့ပေမည့် ထိုအမှတ်အသား ပေါ်ထွက်လာမှုက အကြမ်းပတမ်း စစ်ပွဲကို ပေါက်ဖွားလာစေ၏။ ထိုအမှတ်အသားက ဝမ်လင်း၏ သွေးမျိုးဆက်စွမ်းအားကို ရုတ်တရက် မြင့်မားလာစေပြီး သူ၏ရှေးအမိန့်စွမ်းအားကို ဖျက်စီးပစ်ရန် ကြိုးစားတော့သည်။

ထို့အတွက်ကြောင့် ဖိနှိပ်ခံထားရသော ရှေးအမိန့်စွမ်းအားသည် အကြမ်းပတမ်း ရုန်းကြွကာ တန်ပြန်တိုက်ခိုက်ဖို့ ပေါက်ကွဲထွက်လာ၏။ ထို့နောက်တွင် ဝမ်လင်းခန္ဓာကိုယ်သညည် သေခြင်းရှင်ခြင်း တိုက်ပွဲကွင်းပြင် ဖြစ်လာတော့သည်။

သွေးမျိုးဆက်စွမ်းအားသည် ခုမှ ဝမ်လင်းနှင့် ပေါင်းစည်းကစ အပြင်လူ ဖြစ်သည်။ ရှေးအမိန့်စွမ်းအားကမူ ဝမ်လင်းနှင့် တဘဝလုံးနီးပါး အတူရှိခဲ့သော စွမ်းအား ဖြစ်၏။ ထိုစွမ်းအားနှစ်ခုကြား တိုက်ခိုက်မှုက ကြောက်မက်ဖွယ်အဆင့်ထိ ရောက်ရှိလာသည်။

ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားမှ ကြယ်များထဲမှ တစ်ခုသည် ပျက်စီးပြီး ရှေးအမိန့်စွမ်းအားများ သူ၏ခန္ဓာကိုယ်တွင်းသို့ မြင့်တက် တိုးဝင်ကာ သူ့ခန္ဓာကိုယ်သည် မြန်ဆန်စွာ ပြန်ကောင်းမွန်လာသည်။

သို့ပေမည့် သူ့ခန္ဓာကိုယ် ပြန်ကောင်းမွန်လာရုံ ရှိသေး သူ၏မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားက ပြင်းထန်သောအားတစ်ခုကို ထုတ်လွှတ်ကာ ဝမ်လင်းခန္ဓာကိုယ်ကို စတင် ပျက်စီးစေသည်။

ထိုပျက်စီးမှုသည် အလုံးစုံ ပျက်စီးခြင်း မည်၏။ သူ၏ ခြေလက်များ၊ ခန္ဓာကိုယ်တစ်ခုလုံး၊ မူလစိတ်ဝိညာဉ်တို့အားလုံးမှာ ပျက်စီးသည်။ သို့ပေမည့် သူ၏အသွေးအသားတို့ ဝေးဝေးသို့ ပြန့်ကျဲမသွားခင် အလွန်တရာသန့်စင်သော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က အလျင်အမြန် သိပ်သည်း၍ ဝိုးတဝါးပုံရိပ်တစ်ခု ပေါ်လာစေသည်။

ထိုဝိုးဝဝါးပုံရိပ်မှာ မူလစိတ်ဝိညာဉ်တစ်ခုပင်။ သို့ပေမည့် ၎င်းမှာ ကျင့်ကြံသူတစ်ယောက်၏ မူလစိတ်ဝိညာဉ် မဟုတ်၊ အစစ်အမှန်ကောင်းကင်ဘုံသားတစ်ယောက်၏ ကောင်းကင်ဘုံမူလ ဖြစ်ချေသည်။

ကောင်းကင်ဘုံမူလ ပေါ်လာသည့်နောက်တွင် ပြန့်ကျဲသွားသော အသွေးအသားအားလုံးသည် စုစည်းကာ ခန္ဓာကိုယ်တစ်ခု ဖြစ်ပေါ်သည်။ ထိုခန္ဓာကိုယ်သည် သလင်းကဲ့သို့ ချောမွတ်ကာ အတိုင်းမသိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ပေးစွမ်း၏။ ၎င်းထံမှ အစွမ်းထက်အော်ရာကိုလည်း ပေးစွမ်းသည်။

သို့ပေမည့် ထိုခန္ဓာကိုယ် ပေါ်လာသည်နှင့် ၎င်းသည် တုန်ယင်ကာ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားမှ နောက်ထပ်ကြယ်တစ်လုံးနှင့်အတူ ပျက်စီးပြန်သည်။

ကောင်းကင်ဘုံခန္ဓာကိုယ် ပျက်စီးသည့်အခါ သွေးသားများ ပြန့်ကျဲစဉ် ရှေးအမိန့်စွမ်းအင် ပေါ်လာ၏။ ထိုအသွေးအသားတို့က စုဝေးကာ ပေတစ်သောင်းရှေးဟောင်းနတ်ဘုရားတစ်ပါး ရုတ်တရက် ပေါ်လာသည်။

သို့ပေမည့် ထိုရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်က အချိန်ကြာကြာ မတည်ရှိနိုင်ခင်မှာပင် ထပ်မံ ပျက်စီးရသည်။

ဝမ်လင်းသည် အင်မတိအင်မတန် နာကျင်မှုကို ခံစားနေရ၏။ သူ၏ရှေးအမိန့်စွမ်းအားများသည် အားနည်းသည့်ဘက်ခြမ်း ရောက်နေသဖြင့် ၎င်းက သူ၏ကြယ်များ ပျက်စီးခြင်းကို မှီတည်နေရသည်။

သူသညည် ဆက်လက်၍ ရွေးချယ်နိုင်ခြင်း မရှိ ဖြစ်ရပြန်သည်။ သူ၏ကိုယ်တွင်းရှိ ရှေးဟောင်းနတ်ဘုရားစွမ်းအားများသည် လောကကိုဖျက်စီးပစ်နိုင်သော မုန်တိုင်းတစ်ခုအလား ပြောင်းလဲသည်။ သူသည် သည်တစ်ကြိမ်၌ သံသယမရှိ သေရတော့မည်ဟု ခံစားမိနေသည်။

သူသည် မျှခြေအနေအထားကို ထိန်းညှိထားဖို့ လိုကာ ယင်းစွမ်းအားနှစ်ခုကို ပေါင်းစည်းအောင် လုပ်ရမည်။ မဟုတ်ပါက ဒီအဖြစ်က သူ့ကို သေခြင်းရှင်ခြင်းကပ်ဘေးတစ်ခု ဖြစ်လာစေမည်။

ခုနစ်ခုမြောက်ကြယ် ပျက်စီးကာ ခုနစ်ကြိမ်မြောက် ကောင်းကင်ဘုံဆိုင်ရာ အပြန်အလှန် ပြောင်းလဲမှု ဖြစ်ပျက်၏။ ခုချိန်တွင် သူ၏ ကြယ်ခုနစ်လုံးလုံး တစစီ ဖြစ်သွားလေပြီ။ အရာအားလုံးမှာ မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ ကြယ်များပျက်စီးတိုင်း သူ၏ခန္ဓာကိုယ်တွင်းရှိ ရှေးအမိန့်စွမ်းအားကို အဆမတန် တိုးပွားစေသည်။ ကြယ်ခုနစ်လုံး ပျက်စီးပြီးနောက် ဝမ်လင်း၏ခန္ဓာကိုယ်တွင်းရှိ ရှေးအမိန့်စွမ်းအားသည် ကောင်းကင်တုန်လှုပ်ဖွယ်ရာ ဖြစ်လာသည်။

ထိုအခိုက်တွင် ရှစ်ကြိမ်မြောက် လည်ပတ်မှုစက်ဝန်း စတင်ပြီ။

ဝမ်လင်း၏ ပျက်စီးသွားသော ကြယ်များက ခုထိ ကြယ်တစ်လုံးအသွင် မဖြစ်ပေါ်နိုင်သေးသော ဝဲကတော့တစ်ခုအဖြစ်သာ ရှိ၏။ သူ၏ခန္ဓာကိုယ်သည် ရှေးအမိန့်နှင့် ကောင်းကင်ဘုံသား ခန္ဓာကိုယ်တို့ကြား ရှစ်ကြိမ်မြောက် မြန်မြန်ဆန်ဆန် ပြောင်းလဲသည်။

ရှစ်ကြိမ်မြောက်ပြီးနောက် ဝမ်လင်းသည် တစစီပျက်စီးရန် ကြယ်မရှိတော့သော အခြေအနေနှင့် ရင်ဆိုင်ရ၏။

သူ၏ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲထွက်ကာ သူ၏အသွေးအသားများ ပြန့်ကျဲကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ထပ်မံ ပေါ်လာပြီး ခုနစ်ကြိမ်တိုင်တိုင် ပျက်စီးပြီးသော ကောင်းကင်ဘုံခန္ဓာကိုယ် ပေါ်လာသည်။ ၎င်းမှာ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်ပင်။

ထိုအင်မောတယ်ခန္ဓာကိုယ်က ကောင်းကင်ဘုံဘိုးဘေး၏ခန္ဓာကိုယ်မှ ဆင်းသက်ခြင်း ဖြစ်၏။ ဝမ်လင်းရှိ အမှတ်အသားကြောင့် ဒီအင်မောတယ်ခန္ဓာကိုယ် ပိုင်ဆိုင်လာခြင်းပင်။ သူ၏မျက်ခုံးကြားရှိ အမှတ်အသားသည် တဖျပ်ဖျပ် လင်းလက်ကာ သူ၏ခန္ဓာကိုယ်တွင်းရှိ ကောင်းကင်ဘုံစွမ်းအင်များ ပိုသိပ်သည်းလာသည်။ သူ၏ရိုးတွင်းခြင်ဆီသည် သွေးများကို ပိုမိုဖန်တီးကာ သူ့ခန္ဓာကိုယ် တလျှောက်စီးဆင်းသည်။ ကြည့်ရသည်မှာ ကောင်းကင်ဘုံခန္ဓာကိုယ်သည် လုံးဝ ပြီးပြည့်စုံကာ သူ၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ဖိနှိပ်တော့မည့်ဟန် ရသည်။

သို့ပေမည့် ပြောဖို့ စောနေသေးသည်။ ဝမ်လင်းကသာ ရှေးအမိန့်အမွေအနှစ်ကို မရခင်က ရှေးဟောင်းနတ်ဘုရားတစ်ပါးသာ ဖြစ်ခဲ့ပါက နောက်ဆုံးတွင် သူ၏ ရှေးဟောင်းနတ်ဘုရားအမွေအနှစ်ကို လက်လွှတ်ရပြီး အစစ်အမှန်ကောင်းကင်ဘုံသား ဖြစ်လာမည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှာ ပေါက်ကွဲ၍ သေဆုံးသွားမည်ပင်။

သို့ရာတွင် သည်ရှေးဟောင်းနတ်ဘုရားအမွေအနှစ်က တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အမွေအနှစ်လည်း ဖြစ်ပြန်၊ ရှေးအမိန့်အမွေအနှစ်ကိုလည်း ပိုင်ဆိုင်ထားပြန်သည်။ ထိုအမှတ်အသားသည် သူ၏ သွေးမျိုးဆက်ကို ပြောင်းလဲစေခဲ့ရုံသာမက သူ၏ခန္ဓာကိုယ်တွင်းရှိ ရှေးအမိန့်အမွေအနှစ်ကိုလည်း မီးစပျိုးပေးသလို ဖြစ်စေသည်။

အရူး ပြောခဲ့သလိုပင် ထိုအမှတ်အသားကို အပြင်လူများထံသို့ ပေး၍ မရနိုင်ပေ။ အတိအကျဆိုပါက ရှေးနိုင်ငံမှ ကလန်သုံးခုထံသို့ ပေး၍ မရနိုင်ပေ။

ဝမ်လင်း၏ ပါးစပ်မှ ဟိန်းအော်သံ ထွက်ပေါ်လာကာ သူ၏ကောင်းကင်ဘုံခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများစွာ ထင်းလာ၏။ တစ်ချိန်တည်းမှာ သူ၏ကိုယ်တွင်းရှိ ရှေးအမိန့်စွမ်းအားသည် မြင့်တက်လာသည်။ ဖောက်ခွဲဖျက်စီးရန် ကြယ်များ မကျန်တော့သော်လည်း သည်မြင့်တက်မှုက ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရား ဒုတိယကြိမ်မြောက် စမ်းသပ်မှုကို စောစီးစွာ ရောက်လာစေတော့သည်။ ထိုဒုတိယကြိမ်စမ်းသပ်မှု စောစီးစွာ ရောက်လာခြင်းမှာ ရှေးအမိန့်စွမ်းအားသည် မောင်းထုတ်ခံရမည်ကို ရင်ဆိုင်ခဲ့ရချိန်၌ ထိုစွမ်းအား၏ စိတ်ဆန္ဒကြောင့် ဖြစ်ပေသည်။

ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ ခပ်ရေးရေး ဆန္ဒနှစ်ခု ရှိနေ၏။ ရှေးအမိန့်နှင့် ကောင်းကင်ဘုံသား စိတ်ဆန္ဒနှစ်ခုပင်။ ထိုစိတ်ဆန္ဒနှစ်ခု ထိပ်တိုက်တွေ့မှုက ဝမ်လင်းကို အန္တရာယ်ဖြစ်စေသလို၊ ကံကောင်းမှုကိုလည်း ဖြစ်စေသည်။

ဒုတိယစမ်းသပ်မှု စောစီးစွာ ရောက်လာခြင်းက ကောင်းကင်ဘုံခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာစေပြီးနောက် ပေါက်ကွဲထွက်သွားစေသည်။ ထိုပေါက်ကွဲမှုစွမ်းအားသည် ဒုတိယစမ်းသပ်မှု စွမ်းအားနှင့် ထိပ်တိုက်တွေ့သည်။ ထိုစွမ်းအားနှစ်ခုသည် တစ်ခုနှင့်တစ်ခု တိုက်ခိုက် ဖျက်စီးကြ၏။ တစ်ခုကိုတစ်ခု အမြစ်ဖျက် သုတ်သင်ပစ်လိုသည်။ ထိုအခိုက်တွင် အရာအားလုံးက ဖျက်စီးခံရတော့မည့် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်အတွင်း၌ ဖြစ်ပျက်နေခြင်းတည်း။ ကောင်းကင်တုန်လှုပ်ဖွယ်ရာပင်။

ဝမ်လင်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် စတင် လွင့်ပျောက်လာ၏။ သူ၏ရှေးဟောင်းနတ်ဘုရား အသွေးအသားတို့က ဒီဂြိုဟ်အတွင်းသို့ ဝင်ရောက်ကာ မြေပြင်ထုကို တုန်ဟည်းစေသည်။ မမြင်ရသောလှိုင်းများ ပျံ့နှံ့သည်။ ထိုလှိုင်းများသည် တောင်များကို ပျက်စီးစေကာ ကုန်းမြေထုကို ကြေးမုံအလား ပြန့်ပြူးသွားစေသည်။

သူ၏ကောင်းကင်ဘုံခန္ဓာကိုယ် ပျက်စီးကာ ကျိုးပြတ်နေသော မူလစိတ်ဝိညာဉ်နှင့်အတူ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ကောင်းကင်သည် မြေနိမ့်သားရဲအတွင်းရှိ လောကကနေ ခွဲခြားသွားသည့်အလား။ ၎င်းက အရာအားလုံးကို အစားထိုးပြီးနောက် ကောင်းကင်သည် ရွှေရောင် ဖြစ်လာသည်။

ကောင်းကင်နှင့်မြေကြီးသည် ပြောင်းလဲသွားခဲ့ပြီ။

ရွှေရောင်ကောင်းကင်နှင့် အနက်ရောင်မြေပြင်။ ယင်းကာ ဒဏ္ဍာရီအတွင်း၌သာ ရှိသော အရာမျိုးနှင့် တူနေသည်။ သို့သော် ၎င်းက ခုချိန်တွင် ထွက်ပေါ်လာခဲ့ချေပြီ။

အရူးလည်း နိုးလာကာ နေရာတွင် လှဲလျောင်းလျက် အရာအားလုံးကို စောင့်ကြည့်နေသည်။ သူသည် မျက်လုံးပွတ်သပ်ကာ ပွစိပွစိ ပြောလိုက်ပြန်၏။ “ဒီဘုရင်ရဲ့ မျက်လုံး မကောင်းတော့ဘူးလား။ ရွှေရောင်ကောင်းကင်နဲ့ အနက်ရောင်မြေပြင်ထု။ ဒါက ငါ့အစ်ကိုကြီး ပြောပြခဲ့သလို ကောင်းကင်ဘုံဘိုးဘေးတွေ ဆင်းသက်လာတာရဲ့ ပထမဆုံးလက္ခဏာ မဟုတ်ဘူးလား…”

ထိုအခိုက်အတန့်တွင် မြေပြင်ထုထံမှ ကောင်းကင်တစစီဖြစ်နိုင်သော ဟိန်းသံ ထွက်ပေါ်လာသည်။ စွမ်းအားတစ်ခု ထိုးထွက်လာကာ မြေပြင်တစ်ခုလုံး တုန်ယင်လာ၏။ အရူးသည် မြေပြင်ထက်မှ ထိုးထွက်လာသော ဧရာမအနက်ရောင်အရိပ်ကြီးကို တွေ့မြင်သည်။ ၎င်းမှာ တောင်ကြီးတစ်ခုအလား မိုးထိ ထိုးနေ၏။

ထိုအရိပ်သည် မိုးကောင်းကင်တမျှ ရှည်လျားမြင့်မားကာ ၎င်းသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သည်။ ၎င်းသည် ဝမ်လင်းနှင့် အလွန်တူသည်။ သူ၏ကြယ်ခုနစ်လုံးသည် မြန်ဆန်စွာ လှည့်ပတ်လျက် ရှိပြီး သူသည် ဧရာမလက်သီးကြီးကို ကောင်းကင်ထက်သို့ ပစ်သွင်းလိုက်သည်။

ထိုအခိုက်တွင် ရွှေရောင်ကောင်းကင်မှာလည်း ရွှေရောင်ပင်လယ်တစ်ခုအလား။ ရွှေရောင်ပုံရိပ်တစ်ခု ၎င်းထံမှ လှမ်းထွက်လာ၏။ ထိုရွှေရောင်ပုံရိပ်သည် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်လျှံလျက် ထည်ဝါမြင့်မြတ်သော အော်ရာကို ပေးစွမ်းသည်။ သူက မြင့်တက်လာသော ရှေးဟောင်းနတ်ဘုရားကို အေးစက်စက် စိုက်ကြည့်ကာ သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းရာ အဆုံးအဆမဲ့ ရွှေရောင်လှိုင်းဂယက်များ ဖြစ်ပေါ်လာ၏။

အဝေးမှ ကြည့်ပါက ကောင်းကင်ထက်ရှိ လူသည် ကြီးမားလွန်းသော ရွှေရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားသည့်နှယ်။ သို့သော် ထိုဝတ်ရုံကား ကောင်းကင်တစ်ခုလုံး ဖြစ်နေ၏။ ထိုလူသည်လည်း ဝမ်လင်းနှင့် ချွတ်ဆွတ်တူသည်။ လုံးဝန်းသောအမှတ်အသားက အတိုင်းမသိရွှေရောင်အလင်းကို ထုတ်လွှတ်နေကာ သူ့လက်ကို ဝေ့ယမ်းပြီး သူသည် ရှေးဟောင်းနတ်ဘုရားထံသို့ ဦးတည်ဝင်လာသည်။

ဝမ်လင်းနှစ်ယောက်က ချက်ခြင်း နီးကပ်လာကာ တစ်ယောက်နှင့်တစ်ယောက် အရိုးကြေကြေ အရေခမ်းခမ်း တိုက်ခိုက်ကြတော့မည့်အလား။

သူတို့သည် နီးသထက် နီးလာ၏။ ဖျပ်ခနဲအတွင်း ဝမ်လင်းနှစ်ယောက် ထိပ်တိုက်တွေ့သည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တောင်ကြီးနှစ်လုံး တစ်လုံးနှင့်တစ်လုံး ခြေမွပစ်တော့မည့်ခါနီး၌ သူတို့နှစ်ယောက်ကြားတွင် တစ္ဆေအလင်းတစ်ခု လင်းလက်သည်။

ထိုတစ္ဆေအလင်းမှာ ပုတီးစေ့တစ်ခုပင်။ ထိုပုတီးစေ့သည် ကလေးလက်သီးအရွယ်အစားမျှသာ ရှိသည်။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ထပ်မံ ပေါ်လာပြန်ပြီ။

နေရာတွင်ပင် လှဲလျောင်းနေသော အရူးသည် ရုတ်တရက် မျက်လုံးဖွင့်ကာ ထိုပုတီးစေ့ကို စိုက်ကြည့်သည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဒါက…ဒါက အလွန်အရေးကြီးတဲ့ပုံပဲ။ တော်တော်လေးကို အရေးကြီးလောက်တယ်။ ငါ့အစ်ကိုကြီးကတောင် ဒီပုတီးစေ့ကို ရှာနေတာ။ ဒီအရာက…ဒါက…အား ငါ မေ့သွားပြီ။ ဒါက ဘာလဲ။ အနီရောင်လေး…ဒါက ဘာလဲလို့…”

ကျယ်လောင်စွာ ပေါက်ကွဲသံ ပဲ့တင်ထပ်၏။ ရွှေရောင်ကောင်းကင်နှင့် အနက်ရောင်မြေကြီးထု၏ စွမ်းအားသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့နှင့်အတူ ထိပ်တိုက်တွေ့လေပြီ။

ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည် ဖြည်းဖြည်းချင်း လှည့်ပတ်၏။ တစ်ကြိမ်လှည့်ပတ်ပြီးနောက် ရွှေရောင်ကောင်းကင်သည် ထိုပုတီးစေ့၏ စုပ်ယူခြင်း ခံရသည်။ ထို့နောက် ရွှေရောင်ခန္ဓာကိုယ်တစ်ခု ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ အပြင်ဘက်တွင် ရုတ်ချည်း ပေါ်လာသည်။

ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့က ထပ်မံ လှည့်ပတ်သည်။ ဒုတိယအကြိမ် လှည့်ပတ်ပြီးနောက် ရှေးဟောင်းနတ်ဘုရားသည်လည်း ရွှေရောင်ကောင်းကင်ကဲ့သို့ စုပ်ယူခြင်း ခံရသည်။ ရှေးဟောင်းနတ်ဘုရားစွမ်းအားများသည် ရွှေရောင်ကောင်းကင်ဘုံမူလထံ စိမ့်ဝင်ကာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ခန္ဓာကိုယ် ဖြစ်တည်သည်။

သို့ပေမည့် ထိုရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်က ခပ်ဖျော့ဖျော့ ရွှေရောင်တောက်ပမှုကို ပေးစွမ်းသည်။ သူကား ဝမ်လင်းပင်။

ထိုအခိုက်တွင် အချိန်သည်ပင် ရပ်တန့်သွားသည့်ဟန်။ အချိန်မည်မျှ ကုန်ဆုံးမှန်း မသိပြီးနောက် ဝမ်လင်းသည် ရုတ်တရက် မျက်လုံး ဖွင့်လာ၏။ သူ၏ဘယ်မျက်လုံးထဲတွင် ရွှေရောင်အစက်တစ်စက် ရှိကာ ညာမျက်လုံးထဲတွင် ရွှေရောင်မိုးကြိုးတန်းတစ်ခု ရှိသည်။ သူ၏မျက်ခုံးနှစ်ခုကြားမှ လုံးဝန်းသောအမှတ်အသားတစ်ခုသည် ပျောက်ကွယ်သွားကာ ၎င်း၏နေရာတွင် ရှေးဟောင်းနတ်ဘုရားကြယ်ခုနစ်လုံးက လှည့်ပတ်နေသည်။ သို့သော် ထိုကြယ်များသည်ပင် ခုချိန်၌ ရွှေရောင်ရှိနေလေ၏။

ရွှေရောင်ကြယ်များ။

သူ မျက်လုံး ဖွင့်လာသည်နှင့် သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သွေးများစွာ အန်ထုတ်လိုက်ရသည်။ သူသည် ကြောင်ရီနေသော အရူးထံသို့ ခပ်ကြမ်းကြမ်း စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် ခြေလှမ်းကာ မြေပြင်ထက်သို့ ဆင်းသက်လိုက်သည်။ သည့်နောက်တွင် သူသည်မျက်လုံးမှိတ်၍ စတင် ကျင့်ကြံတော့သည်။

အရူးသည် တုန်ယင်နေကာ သူ ဘာမှ မမြင်သလို၊မသိသလို ဟန်ဆောင်နေ၏။ သူက လေတချွန်ချွန် လုပ်နေကာ တခြားတစ်ဖက်သို့ ကြည့်နေသည်။ သို့ပေမည့် သူ့မျက်လုံးထောင့်ကနေတော့ သူက ဝမ်လင်း၏လုပ်ဆောင်မှုအမူအရာကို လေ့လာကြည့်ရှုနေသည်။

***

All Chapters