ရှေးနိုင်ငံ၊ကလန်သုံးခု…
Vol. 116 Ch. 1591
အရူးသည် ဝမ်လင်း၏အပြုအမူကို ဆက်လက်၍ ချောင်းကြည့်နေသည်။ သူသည် ခေါင်းကုတ်ကာ ဂရုတစိုက် အနားသို့ လျှောက်လာ၏။ သူ့လက်နှစ်ဖက်ကို ပွတ်ကာ ကျီစယ်စွာ ပြုံး၍ ပြော၏။ “ငါတို့ စကားပြောကြစို့။ မင်း နာမည် ဘယ်လိုခေါ်လဲ။ ဒီဘုရင်ကို ပြောပါ။ ဒါဆိုရင် ဒီဘုရင်က မင်းကို ဆုချီးမြှင့်မယ်…”
ဝမ်လင်းက နှုတ်မဆိတ်သာ ပြန်တုန့်ပြန်သည်။ သူက မျက်လုံးမှိတ်၍ ဆက်လက် ကျင့်ကြံနေသည်။
“မင်း မပြောဘူးလား။ မင်း မပြောဘဲ နေဝံ့တယ်လား။ အနီရောင်လေးကို ငါ ဖမ်းခဲ့တဲ့အချိန်တုန်းက သူလည်း ဘာမှ မပြောခဲ့ဘူး။ ငါက သူ့ဆံပင်အားလုံးကို ဆွဲနှုတ်ပစ်ခဲ့တယ်။ ဘာဆက်ဖြစ်မလဲ မင်း ခန့်မှန်းကြည့်လိုက်…”
အရူးသည် တဖွဖွပြောရင်း ရှေ့ဆက်တိုးလာသည်။ သူက ဝမ်လင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ကာ တရစပ် ပြောလေတော့၏။
“မင်း မခန့်နိုင်ဘူး။ ဒီဘုရင်က အနီရောင်လေးကို ပေးခဲ့တယ်…ဟားဟား..ဟား…ဟီး…”
အရူးက စတင် အူးလိုက်အသည်းလိုက် စတင် ရယ်မောတော့သည်။ တော်တော်ကြာကြာ ရယ်မောပြီးမှ သူက ဝမ်လင်းကို စူးရဲစွာ စိုက်ကြည့်သည်။
“မင်း ဘာကြောင့် မရယ်တာလဲ။ ဒီဘုရင်က ဟာသ မလုပ်တတ်ဘူးလား။ ဒီဘုရင် ပြောတဲ့အချိန်ကြရင် လီမိသားစုတောင် ရယ်ရတယ်ကွ။ မင်း မရယ်ဘဲ နေဝံ့တယ်ဆိုရင် ငါ့အစ်ကိုကြီးကို သွားရှာလိုက်မယ်။ ကြည့်ရတာ ငါ အနီရောင်လေးကို ဘာလုပ်ခဲ့လဲ မင်းကို မပြောရသေးတဲ့ပုံပဲ။ ဟက်…မင်း မတောင်းဆိုရင်တောင် ဒီဘုရင်က မင်းကို ပြောပြလိုက်မယ်။ အတိတ်တုန်းက…အား…ငါ မေ့သွားပြီ…” အရူးသည် မျက်မှောင်ကြုတ်ကာ သူ့ခေါင်းကို ပြန်ခေါက်သည်။ သူ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုများ ပြည့်လာ၏။
“သေစမ်းကွာ…ငါ ဘာကြောင့် ထပ်မေ့နေရတာလဲ…”
အရူးသည် တဖွဖွ ပြောနေတော့၏။ အတောမသပ်နိုင်တော့သည့်အလား။ သူက ရက်အနည်းငယ်ကြာသည့်ထိ မရပ်မနား ပြောနေ၏။ အချိန်ကြာလာလေ သူက ပို စိတ်လှုပ်ရှားလာလေ ဖြစ်နေသည်။ သူ မနှစ်သက်တာ တစ်ခုသာ ရှိ၏။ ၎င်းမှာ ဝမ်လင်းက နားပဲထောင်နေပြီး ဘာမှ ပြန်မဖြေခြင်းပင်။ သို့ပေမည့် သက်ရှိတစ်ယောက်ကို စကားပြောနေရသည်ကိုပင် သူ့အတွက် အတော်လေး ကျေနပ်စရာ ကောင်းနေပြီ။
ဝမ်လင်းသည် စကားတစ်ခွန်းကိုမှ မကြားပေ။ သူ့ခန္ဓာကိုယ်က ဗရမ်းဗတာ ဖြစ်နေ၏။ အပြင်ပိုင်းတွင် သူ၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်။ အတွင်းပိုင်း၌ သူ၏ကောင်းကင်ဘုံမူလက သူ့မူလစိတ်ဝိညာဉ်အဖြစ် လုပ်ဆောင်သည်။ ပိုအတွင်းနက်ပိုင်းတွင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ဖြည်းဖြည်းချင်း လှည့်ပတ်လို့နေသည်။
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က တစ်ကြိမ်လှည့်ပတ်ဖို့ ဆယ့်နှစ်နာရီ ကြာ၏။
သူ၏ခန္ဓာကိုယ်တွင်းရှိ မူလစွမ်းအင်များမှာ ပျက်စီးသွားခဲ့ကာ သဲလွန်စမရှိ ပျောက်ကွယ်ခဲ့လေပြီ။ ယင်းနေရာ၌ သူ၏ရိုးတွင်းခြင်ဆီမှ ဖန်တီးပေးသော သွေးသစ်များမှ သိပ်သည်းသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ အစားထိုးလာခဲ့သည်။
အရေအတွက်အားဖြင့် နည်းပါးလွန်းလျှင်ပင် ထိုကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သူ၏မူလစွမ်းအင်ထက် အဆများစွာ ပိုအစွမ်းထက်၏။ သူ၏မူလစွမ်းအင်က မြစ်တစ်စင်းကဲ့သို့ ဖြစ်ခဲ့သည် ဆိုလျှင် ဒီကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက စမ်းချောင်းငယ်တစ်ခုဟု ဆိုနိုင်မည်။
ထိုသို့ဖြစ်သော်လည်း ထိုမျှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ပမာဏသည်ပင် ဝမ်လင်း၏စိတ်ကို တုန်လှုပ်စေနေပြီ ဖြစ်၏။ သူသည် ယင်းစွမ်းအင်ထံမှ ကြောက်မက်ဖွယ်အော်ရာ ထွက်ပေါ်နေခြင်းကို ခံစားမိသည်။
ကြယ်ခုနစ်လုံး ပျက်စီးသွားခြင်းကြောင့် ရှေးဟောင်းနတ်ဘုရားများ၏ ဒုတိယစမ်းသပ်မှုက စောလျှင်စွာ ဖြစ်ခဲ့၏။ သို့ပေမည့် ဒုတိယစမ်းသပ်မှု၏ စွမ်းအားများ မပေါက်ခွဲ ထွက်လာခင်မှာပင် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့က စုပ်ယူပစ်ခဲ့သည်။ ခုချိန်၌ သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ အရင်ထက် အဆများစွာ သန်မာနေခဲ့ပြီ ဖြစ်၏။ သူ၏နှလုံးခုန်သံသည်ပင် မမြင်ရသောလှိုင်းတစ်ခုကို ဖန်တီးကာ ပတ်ဝန်းကျင်ဧရိယာကို လှုပ်ခတ်စေနိုင်သည်။
ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ စွမ်းအားတစ်ခု ပေါက်ကွဲထွက်နေ၏။ သူသည် နိဗ္ဗာနလေဟာနယ်နောက်ဆုံးအဆင့် ကျင့်ကြံသူများသည် သူနှင့် ရင်ဆိုင်ရပါက ထွက်ပြေးရမည်ဟု ယုံကြည်ချက် ရှိနေပြီ။
နိဗ္ဗာနလေဟာနယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကသာ သူနှင့် တိုက်ခိုက်ဖို့ အစွမ်း ရှိကောင်း ရှိနိုင်၏။
ခုချိန်၌ သူသည် ကောင်းကင်ဘုံသားနှင့် ရှေးအမိန့်ပေါင်းစပ်ထားသော သူ ဖြစ်နေကာ အလွန်တရာဖြစ်ခဲလွန်းသော ဆင့်ကဲဖြစ်စဉ်တည်း။
ဝမ်လင်းသည် ထိုပြောင်းလဲမှုက ကောင်းလား၊ဆိုးလားကိုမူ မသိပေ။ သို့သော် ခုလက်ရှိတွင်မူ သူသည် ပြင်းထန်စွာနာကျင်မှု ခံစားနေရ၏။ သူ၏ခန္ဓာကိုယ်နှင့် ကောင်းကင်ဘုံမူလတို့က ပေါင်းစပ်ခြင်းအခြေအနေတွင် ရှိနေပြီ ဖြစ်သော်လည်း တွန်းကန်အားကမူ ထိုစွမ်းအားနှစ်ခုကြားတွင် ခုထိ ရှိနေဆဲ ဖြစ်သည်။
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည်ပင် ၎င်းအဖြစ်ကို ရပ်တန့်အောင်မလုပ်နိုင်၊ တွန်းကန်အားကို ပြောင်းလဲ မပေးနိုင်သည့်ပုံ ရ၏။ ၎င်းပုတီးစေ့က ဝမ်လင်း၏ကောင်းကင်ဘုံမူလနှင့် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ပေါင်းစည်းပေးသော်လည်း ၎င်းက ဒီနာကျင်မှု၏ ရင်းမြစ်ကိုမူ ကွယ်ပျောက်သွားအောင် မလုပ်နိုင်ပေ။
ထိုတွန်းကန်အားကို မဖြေရှင်းပါက ဝမ်လင်းသည် သူ၏စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်မည် မဟုတ်ပါ။ သူက သူ၏ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်သည့်အခါတိုင်း ပြင်းထန်စွာ နာကျင်ရမည် ဖြစ်ပြီး သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်၏ တားဆီးခြင်းကို ခံရမည်။ သူက သူ့စွမ်းအား၏ နှစ်ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သည်။
သို့ရာတွင် ထိုနှစ်ဆယ်ရာခိုင်နှုန်းက နိဗ္ဗာနလေဟာနယ်နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို ချက်ခြင်း သတ်ပစ်နိုင်၏။ ဝမ်လင်းက သူ၏စွမ်းအားအပြည့်အဝဆို မည်မျှ သန်မာမည့်အပေါ် မရေမရာ ဖြစ်နေ၏။ သို့သော် မြင့်မြတ်သောနန်ကျောက်ကဲ့သို့ အဆင့်ရှိသော သူများကတော့ သူ၏ပြိုင်ဘက်မဟုတ်ဟု သူ ယုံကြည်ပေသည်။
အလားတူပင် သူ၏ရုပ်ပိုင်းစွမ်းအားမှာလည်း သူ၏ခန္ဓာကိုယ်တွင်းရှိ ကောင်းကင်ဘုံမူလ၏ တားဆီးခြင်းကို ခံထားရသည်သာ။
ထိုမျှသာဆိုလျှင် ပြဿနာ မဟုတ်သေး။ သို့သော် ဝမ်လင်း စိုးရိမ်သည်က ထိုတွန်းကန်အားက တဖြည်းဖြည်း ပိုအားကောင်းလာမည်ကိုပင်။ ၎င်းက အကန့်အသတ်သို့ ရောက်ကာ ပေါက်ကွဲသွားသည်နှင့် သူ၏ခန္ဓာကိုယ်နှင့် ကောင်းကင်ဘုံမူလတို့သည်လည်း ပျက်စီးသွားလောက်သည်။ သူ၏မူလစိတ်ဝိညာဉ်နှင့် အရာအားလုံးပါ ဖျက်စီးခံလိုက်ရနိုင်သည်။
ထိုတွန်းကန်အားက သူ့ခေါင်းထက် ဝဲနေသော ဓားတစ်လက်အလား။ ၎င်းက အချိန်မရွေး သူ့အပေါ် ကျရောက်လာနိုင်ပေ၏။
ဝမ်လင်းက နေရာတွင် ထိုင်လျက် အရာအားလုံးကို ခပ်မြန်မြန် တွေးကြည့်နေ၏။ သူက ထိုတွန်းကန်အားကို ပယ်ဖျက်ထုတ်ဖယ်နိုင်မည့် အရာအားလုံးကို တွေးကြည့်နေသည်။ သို့သော် နောက်ဆုံးတွင်မူ သူက မည်သည့်နည်းလမ်းကိုမျှ တွေးကြည့်မရနိုင်ဘဲ ရှိ၏။
ကောင်းကင်ဘုံဘိုးဘေးအမှတ်အသားက ပျက်စီးသွားခဲ့ပြီး ဖြစ်ဟန် ရသော်လည်း ဝမ်လင်းတစ်ယောက်တည်းသာ ၎င်းမှာ မကွယ်ပျောက်သွားသေးကြောင်းကို သိနေ၏။ ထိုအစား ၎င်းက သူ၏ရှေးဟောင်းနတ်ဘုရားကြယ်ခုနစ်လုံးနှင့် ပေါင်းစည်းထားကာ ရွှေရောင်ကြယ်များကို ပေါ်လာစေခဲ့ခြင်းပင်။ ယင်းအဖြစ်သည် အရင်တုန်းက ရှေးအမိန့်၌ လုံးဝ မဖြစ်ပေါ်ခဲ့ဖူးပေ။
ရက်အတော်အတန်ကြာပြီးနောက် အရူးသည် စိတ်လှုပ်ရှားခြင်းကြီးစွာ ပြောနေစဉ် ဝမ်လင်းက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ၏။ ဝမ်လင်း၏မျက်လုံးထံမှ ရွှေရောင်အလင်းတန်းနှစ်ခု ထိုးထွက်ကာ အရူးပေါ်သို့ ကျရောက်သည်။
အရူးသည် ဝမ်လင်း၏မျက်လုံးထဲရှိ ရွှေရောင်အလင်းတန်းကို စိုက်ကြည့်ကာ စကားပြောနေသည်ကို ရုတ်တရက် ရပ်တန့်လိုက်၏။ သူက စိတ်ရှုပ်ထွေးဟန် ပေါက်သွားကာ ခေါင်းကုတ်လိုက်သည်။ ထို့နောက် သူသည် ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ “ဟေး…မင်းမှာ ငါ့ကလန်ရဲ့ ရွှေရောင်မျက်လုံး ဘာကြောင့် ရှိနေတာလဲ။ ဒါပေမဲ့ ဒီ ရွှေရောင်အလင်းက ခပ်မှိန်မှိန်ပဲ။ ဒါက မလုံလောက်သေးဘူး။ ဒီဘုရင်ရဲ့ ဟာကို ကြည့်လိုက်…”
အရူးသည် ထိုသို့ ပြောနေရင်း အသက်ဝဝရှုသွင်းကာ သူ့ရင်ဘက်သည် ဖောင်းလာ၏။ သူ၏ခန္ဓာကိုယ်သည်ပင် စတင် ဖောင်းကြွလာကာ သူက လေများကို ခန္ဓာကိုယ်တွင်းသို့ ရှိုက်သွင်းလိုက်သည့်အလား။
သူ ဖောင်းကြွလာနေရင်း သူ၏မှိန်ဖျော့သော မျက်လုံးသည် စူးရှလာ၏။ သူ၏မျက်လုံးထံမှ ရွှေရောင်အလင်းတန်းနှစ်ခု ပေါက်ကွဲထွက်လာသည်။
ထိုရွှေရောင်အလင်း၏အောက်တွင် အရူးသည် မတူကွဲပြားသောလူတစ်ယောက် ဖြစ်လာသည့်အလား။ သူသည် ခမ်းနားထည်ဝါမှုနှင့် ပြည့်နှက်သူ ဖြစ်လာ၏။
“ဘယ်လိုလဲ…ဘယ်လိုလဲ…။ ဒီဘုရင်က ကြမ်းတယ်မလား…” အရူး ထိုသို့ ပြောလိုက်စဉ်မှာပင် ထိုခမ်းနားထည်ဝါမှုက ကွယ်ပျောက်သွားလေ၏။
“ခဏစောင့်…ဒီဘုရင်က ပိုကြမ်းပြနိုင်တယ်…” အရူးသည် လေရှိုက်သွင်းလိုက်ပြန်၏။ သူ၏ခန္ဓာကိုယ်သည် ဖောင်းကြွကာ အက်သံများ ပဲ့တင်ထပ်လာသည်။ သူ၏ပိန်ပါးသော ခန္ဓာကိုယ်က ကြီးလာကာ အသွေးအသားတို့ပြည့်လာ၏။ တစ်ချိန်တည်းမှာ ခမ်းနားထည်ဝါမှုက နောက်တစ်ကြိမ် ပေါ်လာ၏။
သို့ပေမည့် ထိုအခိုက်အတန့်တွင် ကျယ်လောင်သော စီခနဲ မြည်သံ ထွက်ပေါ်ကာ အရူး၏ဖင်မှ လေပူတစ်ချက် ထွက်လာ၏။ သူ၏ခန္ဓာကိုယ်သည် ပြားချပ်သွားသော လေပူးပေါင်းအလား ပြန်ဖြစ်သည်။ သူ့မျက်လုံးထဲရှိ ရွှေရောင်အလင်းလည်း ကွယ်ပျောက်ကာ အစောပိုင်းကလို ကြမ်းသည့်ဟန်အမူအရာ မရှိတော့ပေ။
အရူးသည် ရှက်သလို ခံစားလိုက်ရပြီး ခေါင်းကုတ်၏။ သူ့မျက်နှာသည် အနည်းငယ် နီမြန်းသွားကာ ခေါင်းယမ်း၏။ “မတော်တဆ၊ ဒါက မတော်တဆပဲ…”
ဝမ်လင်းသည် အရူးကို စိတ်ရှုပ်ဟန်ဖြင့် ကြည့်၏။ ထိုအရူးသည် ဝမ်လင်း၏အကြည့်ကြောင့် ပိုရှက်လာသည်။ သူက သူ့တင်ပါးကို ကိုင်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။
“မတော်တဆ၊ ငါ ပြောခဲ့ပြီးပြီး ဒါ မတော်တဆလို့။ မင်း ငါ့ကို ဘာကြောင့် ဒီလို ကြည့်နေရတာလဲ။ ထူးဆန်းတယ်။ ဒီဘုရင်က လေလည်ခဲပါတယ်။ တစ်ယောက်ယောက်ကများ ငါ့ကို လွမ်းနေတာများလား…” အရူးက သူ့တင်ပါးကို ညာလက်ဖြင့် ပွတ်သပ်ကာ သူ့ညာလက်ကို ပြန်နမ်းရှုံ့ကြည့်၏။
ဝမ်လင်းသည် သက်ပြင်းချမိသည်။ ထိုအရူးက သူ့ကို မဟာကံကောင်းမှုကြီးတစ်ခု ပေးခဲ့၏။ သို့သော် ထိုကံကောင်းမှုက သူ့ကို သေရတော့မလိုပင် ဖြစ်ခဲ့ရ၏။ အမှန်တော့ ကောင်းကင်ဘုံအင်ပါယာစာလုံးကြောင့် မဟုတ်ပါက ဝမ်လင်း၏ ခန္ဓာကိုယ်သည် ခုလိုမျိုး သနားစရာကောင်းသော အနေထားသို့ ရောက်လိမ့်မည် မဟုတ်ပေ။ တွန်းကန်အား ရှိနေအုံးမည် ဖြစ်သော်လည်း အခုလောက်ထိ ကြမ်းလိမ့်မည် မဟုတ်ပါ။
“ထားလိုက်ပါတော့လေ။ အရူးတစ်ယောက်နဲ့ ငြင်းခုန်နေတော့ရော ဘာ အဓိပ္ပာယ်ရှိ မှာလဲ…” ဝမ်လင်းက ခေါင်းယမ်းလိုက်၏။ ခုချိန်တွင် သူ စိတ်အပူပန်ဆုံးမှာ တွန်းကန်အားပင်။ စဉ်းစားနေရင်း ဝမ်လင်းက သူ့လက်ကို လေဟာနယ်ထံ ဆန့်ထုတ်ကာ သူ၏သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်လိုက်၏။ မိစ္ဆာစွမ်းအင်များ မြင့်တက် ပေါက်ကွဲလာ၏။
သူ ရှေးအမိန့်သင်္ချိုင်းတွင် ရခဲ့သော ရှေးဟောင်းမိစ္ဆာက သူ၏ရှေ့တွင် ပေါ်လာ၏။
ထိုရှေးဟောင်းမိစ္ဆာ၏ခန္ဓာကိုယ်သည် ကျောက်သား ဖြစ်နေခဲ့ပြီးပင်။ သို့သော် ဝမ်လင်းက ရှေးအမိန့်အမွေအနှစ်ကို ရယူနိုင်ခဲ့သည့်အတွက် ၎င်းကို အသွေးအသားရှိလာအောင် ပြန်လုပ်ခဲ့၏။ ၎င်းရှေးဟောင်းမိစ္ဆာ၏ ညာမျက်လုံးထဲတွင် မိစ္ဆာကြယ်ခြောက်လုံး လှည့်ပတ်နေသည်။ သို့သော် ထိုခန္ဓာကိုယ်တွင် စိတ်ဝိညာဉ် ရှိမနေပေ။ ထို့ကြောင့် ၎င်းမှာ အလောင်းတစ်လောင်းသာ ဖြစ်နေဆဲပင်။
ဝမ်လင်းက ကြယ်ခြောက်လုံးရှေးဟောင်းမိစ္ဆာကို စိုက်ကြည့်နေ၏။ မူလတုန်းကတော့ သူက သူ၏ရှေးဟောင်းမိစ္ဆာခန္ဓာကိုယ်အတွက် ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်တစ်ခုကို သိပ်သည်းစေမည်ဟု ကြံထားခဲ့၏။ သို့သော် အခု သူ၏ခန္ဓာကိုယ်တွင်းရှိ တွန်းကန်အား အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ သူ စိတ်ပြောင်းသွားခဲ့ပြီ။
သူ၏မျက်လုံးသည် တလက်လက် ဖြစ်လာကာ ရှေ့သို့ လက်ညွှန်သည်။ ရှေးဟောင်းမိစ္ဆာက အပြင်းအထန် တုန်ယင်လျက် ၎င်း၏ခန္ဓာကိုယ်ကြီးသည် မြန်ဆန်စွာ ကြုံ့လာ၏။ ၎င်း၏အသွေးအသားအားလုံး၊ မိစ္ဆာစွမ်းအင်များအားလုံးသည် ၎င်း၏ညာမျက်လုံးထဲတွင် ကြယ်များအဖြစ် စုစည်းတော့သည်။
ဖျပ်ခနဲအတွင်း ရှေးဟောင်းမိစ္ဆာခန္ဓာကိုယ်က ပျောက်ကွယ်ကာ ရှေးဟောင်းမိစ္ဆာကြယ်ခြောက်လုံးအဖြစ် စုစည်းသွား၏။ ဝမ်လင်းက ၎င်းတို့ကို ဖမ်းယူလိုက်ရာ ယင်းတို့သည် သူ၏ညာမျက်လုံးထံ ပျံသန်းလာသည်။
ချက်ခြင်းပင် မိစ္ဆာကြယ်ခြောက်လုံးက ဝမ်လင်း၏ညာမျက်လုံးထဲ ဝင်ရောက်လာပြီးနောက် ရွှေရောင်မိုးကြိုးအောက်တွင် ခပ်နှိပ်သွားသည်။
ရှေးဟောင်းမိစ္ဆာကြယ်များ သူ၏ခန္ဓာကိုယ်တွင်းသို့ ဝင်လာသည့်အခါ ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်၏။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေသည်။ သူ၏မျက်ခုံးနှစ်ခုကြားမှ ရွှေရောင်ရှေးဟောင်းနတ်ဘုရားကြယ်ခုနစ်လုံးက လင်းလက်သည်။ ရွှေရောင်အလင်းတန်းများက သူ၏ညာမျက်လုံးထဲ ဝင်ရောက်လာသည့်ပုံ ရသည်။ ထို့နောက်တွင် ယင်းအလင်းတို့သည် ရှေးဟောင်းမိစ္ဆာကြယ်ခြောက်လုံးဖြင့် မြန်ဆန်စွာ ပေါင်းစပ်သည်။
အရူးသည် သိပ်မဝေးသော နေရာသို့ ဆုတ်သွားကာ ထိုမြင်ကွင်းကို စိုက်ကြည့်နေ၏။ သူက သူ့မျက်လုံးကို ပွတ်သပ်ကာ ကြည့်ရင်း ပွစိပွစိ ရေရွတ်လိုက်သည်။ “ရှေးဟောင်းနတ်ဘုရားကို ခန္ဓာကိုယ်အဖြစ် အသုံးပြု၊ ရှေးဟောင်းမိစ္ဆာကို ကိုယ်ပွားအဖြစ် အသုံးပြုတာ။ ဒါက ရှေးနိုင်ငံရဲ့ ကလန်သုံးခုပဲ…”
“ရှေးနိုင်ငံရဲ့ ကလန်သုံးခု။ ဂျီနိုင်ငံဟာ သူတို့ရဲ့ရင်းမြစ်အဖြစ် နတ်ဆိုးကို ပိုင်ဆိုင်တယ်။ ရှီနိုင်ငံဟာ သူတို့ရဲ့ ရင်းမြစ်အဖြစ် မိစ္ဆာကို ပိုင်ဆိုင်တယ်။ ထူးဆန်းတယ်။ သူက ငါ့ရဲ့ ကောင်းကင်ဘုံကလန်ဝင်တစ်ယောက်ပါ။ သူ့မှာ ငါနဲ့ငါ့အစ်ကိုကြီးလိုမျိုး အင်မောတယ်ခန္ဓာကိုယ်လည်း ရှိတယ်။ ရှေးနိုင်ငံရဲ့ ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ဒီအင်မောတယ်ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်ပါ့မလဲ။ ထူးဆန်းတယ်။ တော်တော် ထူးဆန်းနေတယ်။ ဟက်။ ရှေးနိုင်ငံရဲ့ ကျင့်ကြံသူဆီ ငါတို့ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်ကို ဘယ်သူကများ ပေးရဲခဲ့တာလဲ။ ငါ့အစ်ကိုကြီးသာ ဒါကို သိသွားရင် အတော်လေးကို စိတ်ဆိုးသွားမှာ…”
“ဒီလို ဖြစ်ခွင့် မပြုနိုင်ဘူး။ ဒီဘုရင်က ဒီလောက်ရဲတင်းတဲ့ သတောင်းစားကို ရှာမှ ဖြစ်မယ်…” အရူးသည် အလေးအနက် ဖြစ်လာ၏။
***