← Chapters

မန္တာန်

Vol. 116 Ch. 1592

မန္တာန်

Vol. 116 Ch. 1592

အချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။ မျက်စိတစ်မှိတ်အတွင်း သုံရက်တာ ကုန်လွန်သွားပြီ။ ဒီသုံးရက်အတွင်း ဝမ်လင်းသည် တွန်းကန်အားကို တောင့်ခံနိုင်ရာတွင် အကူအညီ ဖြစ်စေရန် ယင်းအားကို သူ၏ ရှေးဟောင်းမိစ္ဆာကြယ်ခြောက်လုံးထံသို့ အဆက်မပြတ် ရွှေ့နေ၏။

ရှေးဟောင်းမိစ္ဆာကြယ်ခြောက်လုံးသည် တဖြည်းဖြည်း ရွှေရောင်သမ်းလာကာ သူ၏ရွှေရောင်မိုးကြိုးအောက်တွင် ကွယ်ဝှက်စွာ ရှိ၏။ ထိုအဖြစ်က ယင်းကြယ်များကို အပြင်လူများ မြင်ရဖို့ အလွန်ခက်ခဲမှုကို ဖြစ်စေသည်။

တဖြည်းဖြည်းဖြင့် သူ၏ခန္ဓာကိုယ်တွင်းရှိ ပြင်းထန်သောတွန်းကန်အားကို ဖိနှိပ်လာနိုင်၏။ ထို့ကြောင့် ၎င်းအား၏ ကြီးထွားနိုင်နှုန်းမှာ ဖြည်းဖြည်းချင်း အရှိန်လျော့ပါး သွားတော့သည်။

သို့ရာတွင် ထိုနည်းလမ်းသည် အန္တရာယ်ကို နှေးဖင့်စေခြင်း၊ အချိန်ဆွဲခြင်းသာ ဖြစ်ပြီး ပြဿနာဇာစ်မြစ်ကို ဖြေရှင်းတာ မဟုတ်ပေ။ ထိုတွန်းကန်အားသည် ဝမ်လင်း၏ စိတ်တွင် လွှမ်းမိုးနေသော အရိပ်တစ်ခုကဲ့သို့ ဖြစ်လာ၏။

ဝမ်လင်းသည် မျက်လုံး ဖွင့်လာသည်။ သူ၏အမူအရာသည် အတာ်လေး သုန်မှုန်နေသည်။ သူသည် အရိုးကိုမကြည့်၊ ကောင်းကင်ထက်သို့သာ ကြည့်နေ၏။

“ငါ လီကောင်းရဲ့ မြားကို ရပြီးတဲ့နောက် မြေနိမ့်သားရဲ ပေါ်လာပြီး ရွှေရောင်မုန်တိုင်းကို ထွေးထုတ်ခဲ့တာ မှတ်မိတယ်။ အဲ့နောက် ငါက မြေနိမ့်သားရဲကို ငါ့ကို ဝါးမြိုဖို့ စေခိုင်းခဲ့တယ်။ ဒါ့ကြောင့် ခုချိန်မှာ ငါက မြေနိမ့်သားရဲရဲ့အတွင်းက ကမ္ဘာထဲမှ ရှိနေတာ ဖြစ်မယ်။ ငါသာ ထွက်သွားချင်ရင် လွယ်လွယ်လေးပဲ…” စဉ်းစားနေရင်း အရူးက ဝမ်လင်း မျက်လုံး ဖွင့်လာသည်ကို တွေ့မြင်သည်။ သူသည် ရုတ်တရက် ဝမ်လင်းကို လက်ညှိုးထိုးကာ အော်ဟစ်လေတော့၏။

“မင်းကို အင်မောတယ်ခန္ဓာကိုယ် ဘယ်သူပေးခဲ့တာလဲ ငါ့ကို ပြောစမ်း။ ဒီဘုရင် အဲ့လိုလုပ်ရဲတဲ့ သတောင်းစားကို သိချင်တယ်…” အရူးသည် ဒေါသနှင့် ပြည့်နှက်နေ၏။

ဝမ်လင်းသည် ခဏတာ မင်သက်သွားကာ အရူးကို ကြည့်လိုက်သည်။ သူသည် ကြည့်နေရင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်မြင်ယောင်လာ၏။ သူသည် ထိုအရူးသည် အမှန်တကယ် ရူးနေသည်ကို သေချာ၏။ မှတ်ဉာဏ်လည်း မကောင်းတော့တာကို သေချာ သိနေသည်။

ထိုလူသည် နောက်ခံကြီးကြီး ပိုင်ဆိုင်သူ ဖြစ်ရပေမည်။ သူက သူ့ကိုယ်သူ ဘုရင်ဟု ခေါ်ကာ သူ၏စကားလုံးများကလည်း တုန်လှုပ်ဖွယ်ပင်။ ထိုအရူးက မည်သူနည်း။

ဝမ်လင်း၏အကြည့်ကို တွေ့သည့်အခါ အရူး၏အမူအရာသည် စိတ်လှုပ်ရှားလာ၏။ သူက သူ ဘာကြောင့် ဒေါသထွက်နေသည်ကိုပါ မေ့သွားဟန် ပေါ်ကာ ကျီစယ်ပြုံး ပြုံးလိုက်၏။ “အယ်…ကောင်မလေး…နင်က ဒီဘုရင်ကို ပြုံးပြတယ်ပေါ့။ ဒီဘုရင် နင့်ကို ဆုချီးမြှင့်မယ်။ ငါ နင့်ကို ကျိန်းသေပေါက် ဆုချီးမြှင့်မယ်…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်သွား၏။ သူ၏အမူအရာသည် မထူးခြားနား ပြန်ဖြစ်လာသည်။ ထိုအရူးကို လစ်လျူရှုကာ သူက လက်ဝေ့ယမ်းလိုက်ရာ လေးတစ်လက် ပေါ်လာသည်။

သို့ပေမည့် ထိုလေးပေါ်ရှိ လေးကြိုးသည် ကျိုးပြတ်နေကာ လေးကို မတည်မငြိမ် ရှိနေစေ၏။ ထိုလေးကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေရင်း ဝမ်လင်းက သက်ပြင်းချကာ စတင် စဉ်းစားခန်းဝင်သည်။

“တွန်းကန်အားနဲ့ ပတ်သတ်လို့ ငါ ဘယ်လိုနည်းလမ်း အသုံးပြုပြီး ဖြေရှင်းရပါ့မလဲ…”

ဝမ်လင်းက သူ့ကို လစ်လျူရှုထားသည်ကို မြင်သည့်နောက် အရူးသည် အေးစက်စက်နှာခေါင်းရှုံ့ကာ ပွစိပွစိ ရေရွတ်သည်။ “နင်က ငါ့ကို မပြုံးပြဘူးဆိုရင် မပြုံးနဲ့ပေါ့။ ဒီဘုရင် နင့်ကို ဆုချီးမြှင့်မှ မဟုတ်တော့ဘူး။ ဒီဘုရင်ရဲ့ သွေးက အလွန့်ကို အဖိုးတန်တယ်။ ငါ နင့်ကို တစ်စက်လေးတောင် မပေးနိုင်ဘူး။ တစ်စက်လေးတောင်နော်…”

ထိုသို့ ပြောနေသော်လည်း သူက မျက်လုံးကစားလိုက်ကာ ဂုဏ်ဝင့်ဟန် ပြုံးသည်။ သူသည် ဝမ်လင်းကို ပြုံး၍ ကြည့်ကာ ပြောလိုက်၏။ “ထားလိုက်တော့…ရှိစေတော့။ ဒီဘုရင်က မနှမြောတတ်ပါဘူး။ နင်က ရှက်နေမှတော့ နောက်ကျမှ ပြုံးပြနိုင်တယ်။ ဒီမှာ ကောင်မလေး…ဒီဘုရင်ကို နင့်နာမည် ပြောစမ်း။ ဒီဘုရင် နင့်ကို ဆုချီးမြှင့်မယ်…”

“နင်က နင့်နာမည်ကိုတောင် မပြောဘူး ဟုတ်စ။ နင် ငါ့ကို အသေဒေါသထွက်အောင် လုပ်နေတာပဲ။ နင်…နင်…နင်… နင် အနည်းဆုံးတော့ နင့်ရဲ့ မိသားစုနာမည်ကိုတော့ ပြောသင့်တယ်…”

“နင်က ခုထိ မပြောသေးဘူးလား။ ကောင်းပြီး။ ဒီဘုရင်က နင့်လိုမျိုး ခေါင်းမာတဲ့ မိန်းကလေးတွေကို သဘောကျတာ။ နင် ဒီလိုလုပ်လေ ဒီဘုရင်က ပို စိတ်လှုပ်ရှားလာလေပဲ…”

အရူးသည် ရယ်မော၍ စတင် ပြောဆိုလေတော့သည်။ သူသည် ပြောနေရင်း ဝမ်လင်းကို ပတ်၍ လျှောက်နေ၏။ ဝမ်လင်းသည် နားထောင်ရာကနေ တဖြည်းဖြည်း စိတ်ကသိကအောက် ဖြစ်လာ၏။ သူက အရူးကို မော့ကြည့်၍ ပြောလိုက်၏။ “ဆူညံလိုက်တာ…”

အရူးသည် မင်သက်သွားသည်။ သူက မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ဝမ်လင်းကို ကြည့်ကာ အော်လိုက်သည်။ “ဘယ်သူကမှ ဒီဘုရင်ကို အဲ့လိုပုံစံမျိုး မပြောရဲဘူးကွ။ မင်း တော်တော်လေးကို…”

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွား၏။ သူက သူ၏ညာလက်ကို ဝေ့ယမ်းလိုက်သည်။ ဒီဂြိုဟ်ကိုယ်ပင် တုန်ခါသွားစေသော ရွှေရောင်လေပြင်းတစ်ခု ပေါ်လာ၏။ အရူးသည် အလန့်တကြား အော်ဟစ်ကာ နောက်သို့ လွင့်ထွက်သွားတော့သည်။

နောက်ဆုံးတွင်တော့ နည်းနည်းအေးငြိမ်းတိတ်ဆိတ်မှု ရှိလာနိုင်ခဲ့ပြီ။

ဝမ်လင်းသည် သူ့လက်ကို အောက်ပြန်ချကာ နောက်တဖန် စဉ်းစားနေပြန်သည်။

သို့ပေမည့် ဝမ်လင်းက အရူး၏ ပြတ်သားမှုကို လျှော့တွက်ထားခဲ့သည်။ သူက ကြာကြာ မစဉ်းနိုင်ခင်မှာပင် အကွာအဝေးတစ်ခုမှ အော်သံ ထွက်ပေါ်လာပြီး အရူးသည် မြန်မြန်သုတ်သုတ် ပြေးလာပြန်၏။ သူသည် အတော်မြန်ကာ ချက်ခြင်း ဝမ်လင်းရှေ့ ရောက်လာသည်။ သူက အော်၍ စကားပြောရန် ပြင်လိုက်၏။

“တကယ်…”

ဝမ်လင်းသည် လက်ဝေ့ယမ်းလိုက်ပြန်ရာ မုန်တိုင်းတစ်ခု ထပ်မံ ပေါ်လာပြန်သည်။ အရူးသည် အထိတ်တလန့်အော်ကာ ထပ်မံ လွင့်ထွက်သွားပြန်သည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်။ ခုနစ်ကြိမ်၊ ရှစ်ကြိမ် တိုင်လာ၏။ အရူးသည် မောင်းထုတ်ခံရတိုင်း ချက်ခြင်းလိုလို မြန်ဆန်စွာ ပြန်ရောက်လာပြီး သူ၏ စကားကို အဆုံးသပ်ချင်ကာ အော်ဟစ်ပြောရန် ပြင်နေ၏။

သို့ပေမည့် သူသည် ထိုအခွင့်အရေးကို လုံးဝ မရပေ။ သူ ပြန်ရောက်လာတိုင်း ပြန်ပြန် လွင့်ထွက်သွားနေရ၏။ အထိတ်တလန့်အော်သံများကို ဒီဂြိုဟ်ပေါ်တွင် ရှင်းရှင်းလင်းလင်း ကြားနေရလေပြီ။

ဆယ့်ငါးကြိမ်မြောက်ထိ ရောက်မလာခင်မှာပင် ဝမ်လင်း၏မျက်လုံးထဲရှိ အေးစက်မှုက ပိုအားကောင်းလာ၏။ သူက အရူး၏ အထိတ်တလန့်အော်သံထဲတွင် ပျော်မြူးနေသည့် အရိပ်အယောင်ပါဝင်နေသည်ကို ခပ်ရေးရေး ကြားမိသည်။ အရူး ပြန်ရောက်လာပြီးနောက် ဝမ်လင်းက လက်မဝေ့ယမ်းတော့ဘဲ သူ စကားဆုံးမည့်အထိ စောင့်နေလိုက်တော့သည်။

“တကယ့်ကို စိတ်လှုပ်ရှားစရာပဲ…” အရူးသည် စိတ်လှုပ်ရှားမှုနှင့် ပြည့်နေ၏။ သူက ဝမ်လင်းကို အော်ဟစ်လိုက်ပြီးနောက် ချက်ခြင်း မျက်လုံးမှိတ်လိုက်သည်။ သူက တစ်ခုခုကို စောင့်နေသည့်ပုံစံမျိုးပင်။

ခဏအကြာတွင် သူ့မျက်နှာထက်တွင် သံသယဝင်လာဟန် ပေါ်ကာ သူက မျက်လုံးဖွင့်၍ ဝမ်လင်းကို ကြည့်သည်။ ဝမ်လင်းကလည်း သူ့ကို ကြည့်နေ၏။ ဝမ်လင်း၏မျက်လုံးထဲရှိ အေးစက်မှုက ပိုပိုအားကောင်းလာသည်။

“ပျံ…ပျံ…ပျံမယ်….” အရူးသည် တတွတ်တွတ် ပြောရင်း သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ အကြိမ်အနည်းငယ် ခုန်ပျံလိုက်၏။ ဝမ်လင်းက မည်သို့မှ မတုန့်ပြန်သည်ကို မြင်သည့်အခါ သူသည် စိတ်ရှုပ်လာကာ ဝမ်လင်းကို ကြည့်သည်။ အကြိမ်အနည်းငယ် ထပ်ခုန်ပြီးနောက် သူက ဒေါသတကြီး ပြောလာ၏။ “ဒီဘုရင်က ကစားရတာ ပျော်နေတာလေ။ မင်း ကောင်းကောင်းဆက်လုပ်ပေး…”

ဝမ်လင်းသည် ပြိုလဲတော့မတတ် ခံစားမိ၏။ သူသည် အံတင်းတင်းကြိတ်ထားသည်။ သူ၏အင်္ကျီလက်အိုးကိုမူ မဝေ့ယမ်းတော့ပေ။ ထိုအစား သူက ထရပ်ကာ အရူး၏ဖင်ကို စောင့်ကန်ထုတ်လိုက်တော့၏။ သူသည် တွန်းကန်အား မပေါ်လာစေနိုင်ရန် သူ၏ရုပ်ပိုင်းခွန်အား ခုနစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြု၍ ကန်ထည့်လိုက်ခြင်းပင်။

ထိုအားသည်ပင် နိဗ္ဗာနလေဟာနယ်အလယ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ဖို့ရာ လုံလောက်သည်။

အရူးသည် နာကျင်စိတ်လှုပ်ရွားစွာ အော်ဟစ်ရင်း လေထဲသို့ မြောက်တက်လွင့်ထွက်သွားသည်။ သူက သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ သူ့ခန္ဓာကိုယ်သည် အကွာအဝေးတစ်ခုရှိ ပျံသန်းထွက်သွားရင်း စက်ဝန်းတစ်ခုကိုပင် ရေးဆွဲလိုက်သေးသည်။

ခဏအကြာတွင် အရူးက ဆယ့်ခုနစ်ကြိမ်မြောက် ပြေးလာ၏။ သူ၏စိတ်လှုပ်ရှားမှုမှာ အကန့်အသတ် ရောက်လာသည်။ သူက စကားမဆိုဘဲ ဝမ်လင်းကို အော်၍သာနေတော့သည်။ ထို့နောက် ချက်ခြင်း နောက်လှည့်သည်။ သူ့ တင်ပါးနှစ်ဖက်ကို ပင့်တင်ကာ မျက်လုံးမှိတ်၊ လက်ကား ထားလိုက်သည်။

ဝမ်လင်းသည် လက်သီးခပ်တင်းတင်း ဆုပ်မိ၏။ အသက်ခပ်ဝဝရှုသွင်းလိုက်ပြီးနောက်မှ သူက ပြန်တည်ငြိမ်လာသည်။

“မင်းက အော်ကတာ ကြိုက်တယ်ဟုတ်လား။ ကောင်းပြီ…” ဝမ်လင်းက သူ့လက်ကို မြှောက်ကာ လေဟာနယ်ထဲသို့ ဆန့်ထုတ်ပြီး သူ၏သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်သည်။ ထိုအခါ အနက်ရောင်လူဝံကြီး ပေါ်လာ၏။

ထိုလူဝံမှာ ဝမ်လင်း တိမ်ပင်လယ်ရှိ ကုန်းမြေတစ်ခုပေါ်တွင် တွေ့ခဲ့သော လူဝံပင်။ ၎င်းက အားနည်းသော်လည်း ဟိန်းအော်ရာတွင်မူ တော်ပေသည်။

ထိုလူဝံနက် ပေါ်လာသည့်အခါ ၎င်းက အော်လေတော့၏။ ၎င်း၏ လက်နှစ်ဖက်ကို ဖြန့်ကားကာ ရင်ဘက်စည်တီး၍ အော်ဟစ်လေသည်။

အရူးသည် မင်သက်သွားကာ လူဝံနက်ကို လှည့်ကြည့်သည်။ သူသည် လူဝံနက် ရှေ့သို့ ရောက်လာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်တော့သည်။ သူသည်လည်း လူဝံထံမှ သင်ယူကာ သူ့ရင်ဘက်ကိုယ်သူ ထုရိုက်၍ အော်တော့သည်။

လူဝံနက်က သူ့ရှေ့မှလူကို ကြည့်ကာ သံသယတို့ ပြည့်လာ၏။ ထိုလူက သူ့ကို ရန်စနေသည်ဟု ခံစားမိသည်။ ထိုလူထံမှ ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းနေသော်လည်း ဝမ်လင်း၏စိတ်ဆန္ဒကြောင့် ကြောက်ရွှံ့မှု လွင့်ပျောက်ကာ ဒေါသအစားထိုးလာပြီး ၎င်းက ဒေါသတကြီး ဟစ်အော်တော့သည်။

ထိုသို့ဖြင့် လူနှင့်လူဝံတို့သည် မျက်နှာချင်းဆိုင်ကာ အပြန်အလှန် အော်နေကြသည်။ နှစ်ဖက်လုံးက တစ်ယောက်ကိုတစ်ယောက် ဖိနှိပ်ချင်သည်။ အော်သံများက ပိုပို ပြင်းထန်လာ၏။

ဝမ်လင်းက ခုမှ စိတ်သက်သာရာ ရကာ ထိုအရူးအပေါ် အာရုံထပ်စိုက်မနေတော့ပေ။ သူက မျက်လုံးမှိတ်၍ တွန်းကန်အားကို မည်သို့ ဖြေရှင်းရမည့်အပေါ် စဉ်းစားလိုက်သည်။ သူက တဖြည်းဖြည်း တချို့အကြံများကို တွေးမိလာသည်။

“ငါ့အနှစ်သာရငါးခုမှာ အခက်ခဲဆုံးက သေခြင်းရှင်ခြင်း၊ ကံမ္မ၊ အမှန်နဲ့အမှား အနှစ်သာရတွေပဲ။ ဒီအနှစ်သာရသုံးခုသာ ပြီးပြည့်စုံသွားရင် ငါက ဒီတွန်းကန်အားကို ထိန်းချုပ်နိုင်စွမ်း ရှိလာလောက်တယ်…”

“ငါက သေခြင်းရှင်ခြင်းအနှစ်သာရကို အသုံးပြုပြီး ဒီတွန်းကန်အားကို သေခြင်းနဲ့ရှင်ခြင်းအဖြစ် ခွဲခြမ်းပစ်လို့ ရမယ်…”

“အဲ့ဒီနောက် ငါက ကံမ္မအနှစ်သာရကို အသုံးပြုပြီး လောကတစ်ခုကို ဖွဲ့စည်းမယ်။ ပြီးရင် ဒီသေခြင်းရှင်ခြင်းတွန်းကန်အားကို စက်ဝန်းတစ်ခုအသွင် ဖြစ်ပေါ်စေမယ်…”

“နောက်ဆုံးကျရင် ငါက အမှန်အမှားအနှစ်သာရကို အသုံးပြုပြီး ဒီတွန်းကန်အားကို လှည့်ဖြားမှုတာအိုလိုမျိုး ဖြစ်စေမယ်။ ဒါဆိုရင် ကောင်းကင်ဘုံမူလနဲ့ ရှေးအမိန့်စွမ်းအားတို့ဟာ တစ်ခုတည်းအဖြစ် လုံးဝ ပေါင်းစည်းသွားနိုင်လိမ့်မယ်…”

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူက ထိုသို့ သေချာတွေးနေရင်း သူ၏မျက်လုံးထဲတွင် ပြတ်သားမှုတို့ ပြည့်နှက်လာသည်။

“ဒီလိုသာဖြစ်လာခဲ့ရင် ပြီးပြည့်စုံတဲ့အနှစ်သာရငါးခုကို ငါ့လက်ချောင်းငါးခုအဖြစ် လုံးဝ ပြည့်စုံစေမယ်။ အဲ့နောက်ကျရင် ငါက လေဟာနယ်ဂိတ်တံခါးကို ဖွင့်လှစ်နိုင်ပြီး တတိယအဆင့်ကျင့်ကြံသူတစ်ယောက် အမှန်တကယ် ဖြစ်လာနိုင်ပြီ။ အဲ့ကျရင် ငါက ဘယ်လောက် သန်မာသွားနိုင်မလဲ…” ဝမ်လင်းသည် လက်သီးခပ်တင်းတင်း ဆုပ်လိုက်၏။

“သေခြင်းရှင်ခြင်း၊ ကံမ္မ၊ အမှန်နဲ့အမှား…။ ငါက ဒီအနှစ်သာရသုံးခုကို ပြီးပြည့်စုံစေဖို့ ဘယ်လိုများ လုပ်ရပါ့မလဲ။ အရင်တုန်းက ငါ့ လေ့လားထားချက်အရ ငါ့အခွင့်အရေးတွေကို တိုးတက်စေနိုင်တဲ့ တစ်ခုခု ကင်းမဲ့နေတာကို သိထားခဲ့ပြီ…”

“တာအိုသစ်သီး။ ငါ နောက်ထပ်တာအိုသစ်သီးအနည်းငယ် လိုအပ်တယ်။ များလေ ပိုကောင်းလေပဲ…”

စဉ်းစားနေရင်း ဟိန်းသံအော်သံများသည် ပိုပို တိုးလာ၏။ လူဝံနက်သည် ဆက်လက်၍ မဟိန်းအော်နိုင်တော့သည့်ပုံ ပေါက်လာ၏။ ၎င်း၏အသံသည် တဖြည်းဖြည်း ဝင်လာသည်။ အရူးထံသို့ ကြည့်နေသော ၎င်း၏မျက်လုံးထဲတွင် ကြောက်လန့်မှု ဖြစ်ပေါ်လာခဲ့ပြီပင်။

၎င်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၏။ လူဝံနက်သည် ဆက်လက်၍ မအော်ရဲတော့ပေ။ သူက ဝမ်လင်းကို အသနားခံဟန် လှမ်းကြည့်လိုက်သည်။

အရူးသည် ပိုပို၍ ဂုဏ်ဝင့်လာ၏။ သူက ပင်ပန်းနေသော်လည်း သူ့အသံကမူ စွာနေဆဲပင်။ သူ့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုက ပိုပြင်းထန်လာ၏။ သူက သူ့ရင်ဘက်ကို ပုတ်ကာ ပြုံးပြုံးကြီး လုပ်သည်။ “ငါ ကြီးပြင်းလာတဲ့အချိန်ကစလို့ ဒီဘုရင်က ငါ့အစ်ကိုကြီးကို အော်ဟစ်နေခဲ့တာ။ အနီရောင်လေးက ငါ့အော်သံကို အမြဲတမ်း ကြားခဲ့ရတယ်။ ကောင်းကင်ဘုံအင်မောတယ်ကုန်းမြေပေါ်က လူတိုင်းဟာ ငါ့အသံဟာ အကျယ်ဆုံး၊အလှပဆုံးဆိုတာ သိကြတယ်ကွ။ မင်းလို မျောက်လေးက ဒီဘုရင်နဲ့ လာပြီး ယှဉ်ပြိုင်အော်ဟစ်ရဲတယ်လား…”

“လာ…လာ…လာစမ်းပါ။ ငါတို့ အော်သံချင်း ပြိုင်ပြီးရင် ငါတို့ မန္တာန်ချင်း ပြိုင်ကျတာပေါ့။ ဒီဘုရင်ရဲ့ မန္တာန်တွေ ဘယ်လောက် လှပကောင်းမွန်လဲဆိုတာ ကြည့်လိုက်…”

ပြောပြောဆိုဆို အရူးသည် သူ့လက်ကို ပင့်မြှောက်ကာ လေထဲသို့ ညွှန်လိုက်၏။ ကောင်းကင်ထက်တွင် အလင်းတစ်ခု တဖျပ်ဖျပ် လင်းလက်သွားသည်။ ဧရာမလက်ဝါးကြီးတစ်ခု ကောင်းကင်ထက်တွင် ပေါ်လာ၏။ ၎င်းထံမှ ပြင်းထန်သောဖိအားကို ပေးစွမ်းသည်။ ထိုလက်ဝါးကို ရှင်းလင်းစွာ မြင်နိုင်ပြီး ၎င်းက ကောင်းကင်ထက်မှ သက်ဆင်းလာသည်။

စစ်စိတ်ဝိညာဉ်လက်ဝါး။ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်ကာ သူ၏အမူအရာသည် ပြောင်းလဲသွား၏။ သူက သူ မလှုပ်ရှားနိုင်ခင်အချိန်က အရူးသည် သူ့အပေါ်သို့ မန္တာန်အမျိုးမျိုး အသုံးပြုခဲ့သည်ကို သတိရသွားသည်။ ထိုမန္တာန်တစ်ခုစီသည် အစစ်အမှန်ဖြစ်လွန်းခဲ့၏။

စစ်စိတ်ဝိညာဉ်လက်ဝါး ဆင်းသက်လာသည်ကို စိုက်ကြည့်နေရင်း ဝမ်လင်းက လှုပ်ရှားလာသည်။

သည်အရာမှာ ကောင်းကင်ဘုံသွေးမျိုးဆက်အပြင် ထိုအရူး သူ့ကို ပေးသော နောက်ထပ် မဟာကံကောင်းမှုကြီးတစ်ခုပင်။

***

All Chapters