တုန်လှုပ်ခြင်း…
Vol. 116 Ch. 1594
“ငါ ဒါကို မြင်ပြီးပြီး။ ဒါက တူညီတဲ့မန္တာန်တစ်ခုတည်း မဟုတ်ဘူး…” ဝမ်လင်း၏ စကားလုံးများက ခိုင်မာ၏။ သူက အရူးကို အေးတိအေးစက် ကြည့်နေသည်။ ထိုအကြည့်ထဲ၌ အထင်သေးဟန်လည်း ပါသည်။ နောင်တရဟန်လည်း ပါနေသည်။
ထိုနောင်တရဟန် အကြည့်က အရူးကို ပို၍ မျက်ရည်တိုင်းသွားစေသည်။ အဆုံးသပ်၌ သူသည် အမှန်တကယ် ငိုလေတော့သည်။
သူ စငိုချိန်၌ ဝမ်လင်းသည် စိတ်ထဲကနေ ဝမ်းနည်းမှုကို ခံစားမိလိုက်သည်။ သူသည် ဦးလေးတစ်ယောက်က ကလေးလက်ထဲမှ အရုပ်ကို ရဖို့ လှည့်ဖြား ကြိုးစားနေသလို ခံစားမိနေသည်။
“ထားလိုက်ပါတော့လေ…။ ကံမ္မ၊ ကံမ္မရေစက်ပဲ။ ငါ ဒီလူ့ကို မြေနိမ့်သားရဲအတွင်းထဲမှာ တွေ့ဆုံခဲ့တာ။ သူက ငါ့ကို ကောင်းကင်ဘုံသွေးမျိုးဆက် ပေးခဲ့တယ်။ ဒီနည်းနဲ့လည်း ငါက သူ့မန္တာန်ကို အရယူနေခဲ့သေးတယ်။ ငါ သူ့ကို ဖြည်းဖြည်းချင်း ပြန်ပေးဆပ်ရမယ်။ ကျင့်ကြံသူတွေဟာ ရူးခဲလှတယ်။ ဒါ့ကြောင့် သူ့နောက်ကွယ်မှာ ကြီးမားတဲ့ဇာတ်လမ်းတစ်ခု ရှိနေမှာ သေချာတယ်။ ငါ ဝမ်လင်းက ငါ့အပေါ် ကျေးဇူးရှိတဲ့သူတွေကို သေချာ မှတ်ထားတဲ့သူ။ အနာဂတ်မှာ ငါ သူ့ကို ပြန်ပေးဆပ်ရမယ်။ သူ့ကိစ္စအားလုံးဟာ ငါ့ကိစ္စပဲ ဖြစ်တယ်…” ဝမ်လင်းသည် အရူးကို ထပ်ကြည့်လိုက်၏။ သို့သော် သူ့အကြည့်ထဲ၌ နူးညံ့မှု ကွယ်ဝှက်စွာ ပါဝင်နေသည်။
“ဒီဘုရင် မလိမ်ဘူး။ ငါက မန္တာန်တစ်ခုတည်းကိုပဲ အစအဆုံး အသုံးပြုခဲ့တာ။ ဒီမန္တာန်ကို စစ်စိတ်ဝိညာဉ်လက်ဝါးလို့ ခေါ်တယ်။ ငါ့အစ်ကိုကြီးက ဒီမန္တာန်ကို ဒွိကောင်းကင်ဘုံအုပ်စိုးသူ ရှိကနေ လုယူလာခဲ့တာ။ ပြီးတော့ ငါ့ကို လွှဲပေးခဲ့တာပဲ…” အရူးသည် ထိုသို့ ပြောနေရင်း ငိုနေကာ မျက်ရည်စက်လက်ဖြင့် ဝမ်လင်းကို ကြည့်သည်။ သူ၏အကြည့်ထဲ၌ ပူဆွေးဝမ်းနည်းမှုတို့ ပါဝင်နေ၏။ သူက အော်ပြောလိုက်ပြန်သည်။
“မင်း ငါ့ကို မယုံကြည်ရင် ငါ မင်းကို လျှို့ဝှက်မန္တာန် ပြောပြလိုက်မယ်။ ဒီဘုရင် ကလေးတည်းက ဘယ်တော့မှ မလိမ်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ငါ့အစ်ကိုကြီးက ငါ လိမ်တာနဲ့ ငါ့ကို ရိုက်ခဲ့လို့ပဲ…” အရူးသည် အလွန်မှားနေပြီဟု ခံစားမိကာ စဉ်းပင်မစဉ်းစားတော့ဘဲ သူက စစ်စိတ်ဝိညာဉ်လက်ဝါးအတွက် မန္တာန်ကို ရွတ်ဆိုပြတော့သည်။
“ကြည့်…ကြည့်…ဒါက လျှို့ဝှက်မန္တာန်ပဲ။ မင်းဘာသာ သွးကျင့်ကြံလိုက်။ ဒါဆိုရင် ငါ မင်းကို မလိမ်ဘူးဆိုတာ မင်း သိလာလိမ့်မယ်။ ငါ ကြိုးစားပြီး အနိုင်ယူပြခဲ့တယ်။ ဒါပေမဲ့ မင်းက ငါ့ကို မယုံကြည်ဘူး။ ငါ မင်းနဲ့ မကစားတော့ဘူး…” အရူးသည် ထပ်မံ ဒေါသထွက်လာ၏။ သူက တစ်ဖက်သို့ လျှောက်သွားတော့သည်။ သူသည် ထိုင်ချလိုက်ရင်း ဝမ်လင်းကိုပါ မကြည့်တော့ပေ။
ဝမ်လင်းသည် နှလုံးခုန်ပေါက်သွားမိ၏။ သူသည် ထိုမန္တာန်ကို မှတ်သားထားလိုက်သည်။ ထို့နောက် သူသည် စိတ်ထဲကနေ ခပ်တိုးတိုး ရေရွတ်ကာ သူ နားမလည်ခဲ့သော အပိုင်းသည် ရုတ်တရက် ရှင်းလင်းသွားတော့သည်။ သူသည် ကောင်းကင်ထက်သို့ လက်ညွှန်လိုက်ရာ စင်စစ်မှန်ကန်သော စစ်စိတ်ဝိညာဉ်လက်ဝါး ပေါ်လာ၏။ ၎င်းသည် သက်ဆင်းကျလာခြင်း မရှိသော်လည်း ပြင်းထန်သောဖိအားတစ်ခု ပျံ့လွင့်လာသည်။
ဝမ်လင်းသည် စစ်စိတ်ဝိညာဉ်လက်ဝါးကို ကြည့်နေရင်း သူ့စိတ်ထဲတွင် လှုပ်ရှားမိနေပြီ။ သူ၏ကျင့်ကြံမှုအဆင့်ဖြင့် ဒီစစ်စိတ်ဝိညာဉ်လက်ဝါးမှာ မန္တာန်တစ်ခု မဟုတ်၊ တာအိုမန္တာန်တစ်ခုဖြစ်မှန်းကို ကောင်းစွာ ပြောနိုင်ပေသည်။
ကောင်းကင်နှင့်မြေကြီးကို ဖျက်စီးနိုင်သော အလွန်အစွမ်းထက်သည့် တာအိုမန္တာန်တစ်ခု။
ထိုမန္တာန်သည် ဝမ်လင်း၏ခွန်အားကို ဆန်းကြယ်သောနည်းဖြင့် ချက်ခြင်း တိုးပွားသွားစေသည်။ ပို၍ အရေးကြီးသည်မှာ ထိုလက်ဝါးအတွင်းရှိ စွမ်းအားအရင်းအမြစ် သုံးခု ရှိနေခြင်းပင်။ ထိုသုံးခုလုံးကို အသုံးပြုလိုက်ပါက လက်ဝါးသုံးခုသည် ခန္ဓာကိုယ်၊ မူလစိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ်တို့ကို တစ်ချိန်တည်း သတ်ပစ်ရန် ဆင်းသက်လာလိမ့်မည်။
“တာအိုပညာရှင်ရေ အသုံးပြုခဲ့တဲ့ တစ်ခုက ခန္ဓာကိုယ်ကိုပဲ သတ်နိုင်တာ။ ငါ အခု သင်ယူလိုက်တဲ့ မန္တာန်ကတော့ တကယ့်အစစ်အမှန် စစ်စိတ်ဝိညာဉ်လက်ဝါးပဲ…” ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်၏။ စစ်စိတ်ဝိညာဉ်လက်ဝါးကို ခိုင်မာစွာ မှတ်သားပြီးနောက် သူက အရူးကို ကြည့်လိုက်သည်။
“ကောင်းပြီ…မငိုနဲ့တော့။ မင်းရဲ့ မန္တာန်က တကယ့်ကို အစွမ်းထက်တာ ငါ ဝန်ခံပါတယ်။ ငါ မင်းကို မှားပြီး အပြစ်တင်ခဲ့မိတာ…” ဝမ်လင်းသည် တောင်းပန်လိုက်၏။ သူက လက်နှစ်ဖက်ဆုပ်ထားပြီး သူ၏အကြည့်ထဲ၌ နူးညံ့မှုအရိပ်အမြွက် ပါရှိနေသည်။
အရူးသည် နှာခေါင်းရှုံ့ကာ မျက်နှာဟိုဘက်လှည့်လိုက်ပြီး ဝမ်လင်းကို မကြည့်တော့ပေ။
ဝမ်လင်းက မချိပြုံးပြုံးကာ သူ၏ညာလက်ကို ဆန့်ထုတ်ရင်း စဉ်းစားသည်။ သူက သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်ကာ ဆေးလုံးအချို့ကို ထုတ်ယူလိုက်၏။ ထိုဆေးလုံးများ ပေါ်လာသည်နှင့် အလွန်မွှေးသော ရနံ့ ကြိုင်လှိုင်တက်လာသည်။
အရူးက နှာခေါင်းကို ရုတ်တရက် ရှုံ့ချည်နှပ်ချည် လုပ်လိုက်သည်။ သူက လျှာသပ်လိုက်သော်လည်း သူ့ကိုယ်သူ လှည့်မကြည့်မိရန် အတင်း ကြိုးစားသည်။ သို့ပေမည့် သူက ဖျပ်ခနဲတော့ လှမ်းကြည့်လိုက်သေး၏။
“ဟက်…ဒီဆေးလုံးတွေက ဘာအတွက်လဲ။ ဘာလုပ်ရမှာလဲ။ ငါ အနီရောင်လေးကို ကျွေးတဲ့ မကောင်းဆုံးဆေးလုံးတွေကတောင် ဒီဟာတွေထက် သာသေးတယ်…”
ဝမ်လင်းသည် မချိပြုံးပြုံးကာ ဆေးလုံးကို ကိုင်ကာ ညှစ်ချေလိုက်သည်။ ၎င်းသည် ချက်ခြင်း ချိုးဖျက်ကာ မွှေးရနံ့ မြန်ဆန်စွာ ပျံ့လွင့်လာ၏။
အရူးသည် သူ့ကိုယ်သူ ဖိနှိပ်ထားသည်။ သို့သော် သူ့ဝမ်းဗိုက်ကမူ တဂွီဂွီမြည်နေပြီ။ သူ မည်သည့်ဆေးလုံးကိုမျှ မသောက်သုံးခဲ့ရသည်မှာ အလွန့်အလွန်ကို ကြာမြင့်ခဲ့ပြီ မဟုတ်လား။ ခုချိန်၌ သူသည် အနည်းငယ် တောင့်မထားနိုင်သလို ခံစားမိရသည်။
“ငါ မင်းကို မှားပြီး အပြစ်တင်ခဲ့မိတဲ့အတွက် ဒီဆေးလုံးတွေ ပေးလိုက်မယ်။ အဆင် ပြေတယ်မလား…” ဝမ်လင်း၏အသံသည် ညင်သာနေပြီး သူက လက်ဝေ့ယမ်းလိုက်သည်။ ထိုဆေးလုံးများက အရူးထံ ပျံသန်းသွားကာ သူ၏ရှေ့တွင် လွင့်ဝဲသည်။
အရူးသည် ကြိတ်၍ တံတွေးမျိုချရ၏။ သူက ဆေးလုံးကို စိုက်ကြည့်ကာ အထင်သေးဟန်ဖြင့် ပြောလာသည်။ “ဒီဘုရင်က အတိတ်တုန်းကဆို ဒီလိုဆေးလုံးမျိုးတွေကို ကြည့်တောင်မကြည့်ဘူး။ ဒါတွေက အမှိုက်သာသာပဲ။ ဒါပေမဲ့ မင်းက ငါ့အပေါ် တောင်းပန်တဲ့ပုံ ပေါ်နေမှတော့ ဒီဘုရင် ဒါတွေကို သောက်လိုက်မယ်…”
ထိုသို့ပြောရင်း သူ့ညာလက်ကို ခပ်မြန်မြန် ဆန့်ထုတ်ကာ ဆေးလုံးများကို ဖမ်းယူကာ ပါးစပ်ထဲ ချက်ခြင်း ကောက်ထည့်လိုက်တော့သည်။ သူက အနည်းငယ်ဝါးလိုက်ပြီးနောက် ခပ်သွက်သွက် မြိုချလိုက်သည်။
ဝမ်လင်းက ပြုံး၍ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “မင်းရဲ့ မန္တာန်က တကယ့်ကိုပဲ အံ့ဖွယ်ရာပါ။ ဒါပေမဲ့ မင်းမှာ ဒီမန္တာန်တစ်ခုပဲ ရှိတာလား…ငါ သိချင်မိတယ်…”
အရူးသည် ဂုဏ်ဝင့်သွား၏။ သို့သော် သူက ရုတ်တရက် ဝမ်လင်းကို မော့ကြည့်ကာ သတိအနေအထား ဖြစ်သွားသည်။
“အရင်တုန်းက ငါ့ကို တစ်ယောက်ယောက် ဒီလိုပုံစံမျိုး ပြောခဲ့ဖူးတာ ငါ မှတ်မိတယ်။ ဘယ်သူလဲ။ အနီရောင်လေး…အဲ့လို ပြောခဲ့တာ ဘယ်သူလဲ။ ဒါပေမဲ့ ဒီဘုရင်က ဒိလူဟာ ငါ့မန္တာန်တွေကို သိချင်လို့ ငါ့ကို လှည့်ဖြားနေတယ်ဆိုတာကို မှတ်မိတယ်။ ဟက်ဟက်…ဒီဘုရင်က ဉာဏ်ရှိတယ်။ ငါက ဘယ်လိုလုပ် အရူး လုပ်ခံရမှာလဲ။ ငါ့တာအိုမန္တာန်တွေအတွက် ငါ့ကို လှည့်စားဖို့ မကြိုးစားလေနဲ့…”
“ငါ သေရမယ်ဆိုရင်တောင် ငါ မင်းကို မန္တာန်တွေရဲ့ လျှို့ဝှက်ချက်ကို ဘာတစ်ခုမှှ ပြောမှာ မဟုတ်ဘူး…”
အရူးသည် ခေါင်းမော့ကာ နှာခေါင်းရှုံ့လိုက်၏။ သူက ခေါင်းယမ်းကာ သက်ပြင်းချသည်။ “တာအိုမန္တာန်အများကြီး သင်ယူခဲ့ရတာဟာ အတော့်ကို စိတ်ရှုပ်ဖို့ ကောင်းလွန်းတယ်။ အား။ ဒီဘုရင်ရဲ့ ပါရမီဟာ မြင့်မားလွန်းတယ်။ မင်းက ငါ့ကို ဒီလောက် လေးစားနေမှတော့ ငါ မင်းကို ပြသပေးလိုက်မယ်။ ဒါပေမဲ့ ငါ မင်းကို သင်ပေးမှာတော့ မဟုတ်ဘူး…”
အရူးက ထိုသို့ ပြောပြီးနောက် ထရပ်ကာ သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။ သူသည် ဂုဏ်ယူဟန်ဖြင့် သူ့လက်ကို ပင့်မြှောက်လိုက်သည်။ ထို့နောက် ကောင်းကင်သည် ရုတ်တရက် နက်မှောင်လာသည်။ အနီရောင်အလင်းတောက်တောက် ပေါ်လာကာ ကြီးမားသောထီးတစ်လက် ရုတ်တရက် ပေါ်လာလေ၏။
ထိုထီးသည် ကောင်းကင်ကို ထီးအမိုးအဖြစ် အသုံးပြုထားကာ မီးပင်လယ်ကိုမူ ထီးရိုးအဖြစ် အသုံးပြုသည်။ ဖျက်စီးခြင်းမီးက ရုတ်တရက် အဘက်ဘက်သို့ ပျံ့နှံ့ကာ မီးမျိုးစေ့များအလား ထီးကိုးလက် ဖြစ်ပေါ်သည်။ ထိုမီးမျိုးစေ့များက အလွန်ကြောက်မက်ဖွယ် အော်ရာကို ပေးစွမ်းလေသည်။
ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားသည်။ သူသည် ထိုမန္တာန်မှာ သူ သိထားသော နယ်မြေလောင်ကျွမ်းခြင်းထီးနှင့် ဆင်တူသည်ကို သိလိုက်သည်။ သို့သော် ကွာခြားမှုမှာ သူ သူ၏မန္တာန်ကို အသုံးပြုသည့်အခါ ထီးကို ဖွင့်လှစ်ရခြင်းပင်။ သို့သော် ဒီအရူး အသုံးပြုသည့်အခါတွင်မူ ထီးက ဖွင့်လှစ်ပြီးသား ဖြစ်နေ၏။
ဆင်တူသော်လည်း ကွာခြားမှုကတော့ မိုးနှင့်မြေပင်။
“ဘယ်လိုလဲ။ ဒီဘုရင်က သန်မာတယ်မလား။ ဒီထီးသာ ပိတ်သွားခဲ့ရင် စွမ်းအားဟာ အတော့်ကို အားကောင်းမှာ…” အရူးသည် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ကောင်းကင်ထက်မှ ထီးသည် ပြန်ပျောက်ကွယ်သွားသည်။
“ဟက်…ငါ မင်းကို သင်ပေးမှာ မဟုတ်ဘူး။ ငါ မင်းကို မြင်ခွင့်ပဲ ပြုမယ်။ ဒါပေမဲ့ ငါ မင်းကို မသင်ပေးနိုင်ဘူး။ ဒီဘုရင် မင်းကို ထပ်ပြလိုက်မယ်…” အရူးသည် ဂုဏ်ယူစွာ ပြော၍ သူ့လက်ကို မြှောက်ကာ လေးတစ်လက် ပစ်တော့မည့် ကိုယ်အမူအရာကို ဖြစ်ပေါ်စေလိုက်သည်။ သူ့လက်ထဲတွင်သာ လေးရှိပါက ဝမ်လင်းသည် ၎င်းက လီကောင်း ပြုလုပ်ခဲ့သော ကိုယ်နေဟန်ထားနှင့် ချွတ်ဆွတ်နီးပါး တူသည်ကို သိပေလိမ့်မည်။
အရူးထံမှ ချောက်ခြားဖွယ်ရာ မြားစွမ်းအင် အရူးအမူး ထွက်လာ၏။ သူသာ လက်လွှတ်လိုက်ပါက ထိုမြားစွမ်းအင်သည် လောကကို ဆုတ်ဖြဲပစ်တော့မည့်နှယ်။
“ဒီဘုရင်က နောက်ထပ် အများကြီး သိထားသေးတယ်။ ဒါက ဘာဟုတ်အုံးမှာလဲ…” အရူး၏ စိတ်အခြေအနေသည် ပြောင်းလဲသွားသည့်ပုံပင်။ အထူးသဖြင့် ဝမ်လင်း အလေးအနက် ဖြစ်နေသည်ကို တွေ့မြင်သည့်နောက်တွင် ဖြစ်၏။ သူက လက်ဖြေလျှော့လိုက်ရာ မြားစွမ်းအင်သည် ကွယ်ပျောက်သွားတော့သည်။ တစ်ချိန်တည်းမှာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ဝေ့ယမ်းလိုက်လေ၏။
လောကသည် တုန်ယင်ကာ အနီ၊လိမ္မော်၊အဝါ၊အစိမ်း၊မဲနယ်၊အပြာ၊ ခရမ်းရောင်တို့ ပေါ်လာ၏။ ထိုအလင်းခုနစ်ခုသည် မြန်ဆန်စွာ စုဝေးလျက် ခုနစ်ရောင်စုံလှံ ဖြစ်ပေါ်သည်။
ထိုလှံသည် ကောင်းကင်တုန်လှုပ်ဖွယ်ရာပင်၊ ကောင်းကင်တခွင်ကို သိမ်းပိုက်စိုးမိုးထားသည်။ ကောင်းကင်သည် ထိုလှံကြောင့် တစစီ ဖြစ်ရတော့မည့်အလား။ ဝမ်လင်းက သူ့ဦးရေပြား ထုံထိုင်းသုံးသလို ခံစားမိလိုက်ကာ သူ့ခန္ဓာကိုယ်တွင် ချွေးစေးများ ပြန်လာသည်။
ခုနစ်ရောင်စုံအလင်းထဲ၌ စိတ်ခံစားမှုများ ပါဝင်နေ၏။ ၎င်း ပေါ်လာသည်နှင့် ၎င်းကို တွေ့မြင်သူတိုင်း၏ စိတ်ခံစားမှုများအပေါ်တွင် သက်ရောက်မှု ရှိနေပေမည်။ ယင်းကာ သိမ်မွေ့ဆန်းကြယ်မီးနှင့် ဆင်တူသည်။ သို့သော် ဝမ်လင်းသည် ၎င်းလှံက သိမ်မွေ့ဆန်းကြယ်မီးထက် အဆများစွာ ပိုအစွမ်းထက်သည်ကို ခံစားမိပေသည်။
အရူးက ရယ်မောကာ သူ့လက်ကို ဖြေလျှော့လိုက်၏။ ကောင်းကင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ အရူးက ပြုံး၍ ပြောသည်။ “ဘယ်လိုလဲ။ ဘယ်လိုလဲ။ ဒီဘုရင်က မသန်မာဘူးလား။ မင်း ဒါကို သင်ချင်လား။ သင်ချင်လား…”
“ဒီဘုရင် မင်းကို ပြောလိုက်မယ်။ ငါ့တာအိုမန္တာန်တွေကို သင်ချင်တဲ့သူတွေ အများကြီး ရှိတယ်။ ဟက်…ဟက်…ဒီဘုရင်က ဘာလို့ မမြင်နိုင်ရမှာလဲ။ ဘယ်သူကမှ ငါ့ကို မလှည့်စားနိုင်ဘူး။ မင်းငါ့ကို သေတဲ့အထိ ရိုက်နှက်ရင်တောင် ငါ မင်းကို မသင်ပေးနိုင်ဘူး…”
“မင်း သင်ချင်တယ်ဆိုရင်တောင် အသုံးမဝင်ဘူး။ ဒီဘုရင် မင်းကို ကူညီမပေးနိုင်ဘူး။ တကယ့်ကို သနားစရာကောင်လေးပဲ…” အရူးသည် ခေါင်းယမ်းလိုက်၏။ သူက ပို၍ ဝင့်ကြွားလာသည်။
“မင်း ဘယ်လိုတုန့်ပြန်မလဲ ငါ မှန်းကြည့်လိုက်မယ်။ တစ်ယောက်ယောက်က ငါ့မန္တာန်တွေကို မသင်ချင်ဘူးဆိုပြီး ဟန်ဆောင်ဖြေ၊ ဒီဘုရင်ရဲ့ စိတ်ဝင်စားမှု ရအောင် လုပ်ခဲ့ဖူးတာ ငါ မှတ်မိတယ်။ ရလဒ်ကတော့…ဟားဟား..ဟားဟား…။ ငါ ခန့်မှန်းလိုက်ပြီ တွေ့လား…ဟားဟား…။ ငါ ရယ်ရလွန်းလို့ သေတော့မှာပဲ…”
အရူးသည် ဗိုက်နှိပ်ကာ စတင် ရယ်လေတော့သည်။
အရူးသည် တဖွဖွ ပြောနေရင်း ပို၍ စိတ်လှုပ်ရှားလာတော့သည်။
အရူးကို ကြည့်ကာ ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြုံးလိုက်၏။
“မြေနိမ့်သားရဲရဲ့ မှတ်ဉာဏ်ထဲမှာ ဒီလူဟာ မြေနိမ့်သားရဲနဲ့ပတ်သတ်လို့ မသိနေဘဲ ဒီသားရဲကို အလွန်ကြောက်လန့်တယ်ဆိုတာ ငါ မှတ်မိပြီ…” ဝမ်လင်း၏အပြုံးသည် ပို၍ ပီပြင်လာသည်။
ဝမ်လင်းသည် ဝမ်လင်းက သူ့ကို စိုက်ကြည့်၍ ပြုံးနေသည်ကို တွေ့မြင်သည့်အခါ တစ်ခုခု ဆိုးရွားတာ ဖြစ်လာတော့မည်ဟု ခံစားမိနေ၏။
ထိုအခိုက်တွင် ဒီကျင့်ကြံခြင်းဂြိုဟ်သည် တုန်ယင်လာကာ ကောင်းကင်သည် နက်မှောင်လာ၏။ မိုးကြိုးမြည်ဟည်းသံများ ပေါ်လာပြီးနောက် ဧရာမအရိပ်ကြီးတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။
ထိုအရိပ်သည် ကြီးမားလွန်းကာ ဝေလငါးကြီးတစ်ကောင်အလား။ ၎င်းတွင် ရှည်လျားသော နှုတ်ခမ်းမွေးနှစ်ခု ရှိပြီး ယင်းတို့က လေထဲတွင် ကခုန်နေသည်။
၎င်းမှာ မြေနိမ့်သားရဲပင်။ ဝမ်လင်း၏ ခေါ်သံကို ကြားလိုက်ရသည့်နောက် ၎င်း၏ အရိပ်ပုံစံသည် သူ၏ကိုယ်ပိုင်လောကအတွင်း၌ ပေါ်လာခဲ့ခြင်းပင်။
၎င်း ပေါ်လာသည်နှင့် အရူးမျက်နှာပေါ်ရှိ ဂုဏ်ဝင့်ကြွားမှုသည် ရုတ်တရက် ပျက်စီးသွားတော့သည်။ သူ၏မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားပြီး သူ့ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်ကာ ထိတ်လန့်တကြီး အော်ဟစ်လိုက်တော့သည်။
“အား…မင်း…မင်း…မင်း ဒီနေရာထိ ငါ့နောက်ကို လိုက်လာတာလား။ သေစမ်းကွာ။ မင်း ငါ့ကို ခုထိ အလွတ်မပေးသေးဘူးလား။ ငါ့ အသားက စားမကောင်းဘူး။ တကယ် အရသာ မရှိဘူး…အား…”
***