တပည့်အဖြစ် လက်ခံပေးပါ…
Vol. 116 Ch. 1595
အရူး၏ အလန့်တကြားအော်သံက မြေနိမ့်သားရဲကို မင်သက်သွားစေသည်။ ၎င်းသည် အရူးမှာ အရင်တုန်းက သူ တွေ့ခဲ့ဖူးသောလူမှန်း ဖြည်းဖြည်းချင်း မှတ်မိလာ၏။
မှတ်မိသွားသည်နှင့် မြေနိမ့်သားရဲဝိညာဉ်အရိပ်ထံမှ အော်သံ ထွက်ပေါ်လာတော့သည်။ ခုချိန်တွင် ၎င်းသည်လည်း ထိတ်လန့်နေကာ ၎င်း၏ခန္ဓာကိုယ်သည် တုန်ယင်လျက် အော်သံမှာ ပိုကျယ်လာသည်။
၎င်း၏အော်သံက အရူကို ချက်ခြင်း ဖြူရောစေကာ ကြောက်လန့်တကြား နောက်ဆုတ်သွားစေသည်။
ဝမ်လင်းသာ ဒီမှာ ရှိမနေပါက မြေနိမ့်သားရဲသည် ချက်ခြင်း ပြန်ပြေးပေမည်။ သို့ပေမည့် ဒီအခိုက်တွင် ၎င်း၏တခြားစိတ်နေစိတ်ထားက ပေါ်လာလေ၏။ ခဏကြောက်ရွှံ့သွားပြီးနောက် ၎င်း၏အမူအရာသည် ရုတ်တရက် ကြမ်းကြုတ်လာကာ အရူးထံသို့ အော်ဟစ်လိုက်လေသည်။ ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ လုံးဝ ပေါ်လာပြီး အရူးထံ ပြေးဝင်လာတော့သည်။
အရူးသည် နောက်ထပ် အလန့်တကြား အော်ဟစ်ကာ နောက် အမြန်ဆုတ်တော့၏။ သို့ပေမည့် သူ နောက်ဆုတ်လေလေ မြေနိမ့်သားရဲက ပိုကြမ်းတမ်းလာလေပင်။ ၎င်းက အရူးထံသို့ ရောက်လာတော့ပေမည်။
၎င်း၏ရှည်လျားသော အမွေးနှစ်ခုကလည်း ဟိုဟိုဒီဒီ ဆန့်ထွက်လာကာ တစီစီအသံများပင် ထွက်လာ၏။ မြေနိမ့်သားရဲသည် ခုချိန်တွင် အတော်လေး စိတ်လှုပ်ရှားနေ၏။ ၎င်းသည် ထိုအရူးကို အမြဲတမ်း ထိတ်လန့်ကြောက်ရွှံ့နေခဲ့ရ၏။ အခုတွင်တော့ အရူးက အလန့်တကြား ပြေးနေရပြီ။ ထိုပျော်ရွှင်မှုက မြေနိမ့်သားရဲ၏ စိတ်ဝိညာဉ်ကိုပင် ရွှင်မြူးစေသည်။
၎င်းက နီးကပ်လာရင်း အော်သံမှာ ပိုပြင်းထန်လာသည်။ ၎င်း နီးကပ်လာခြင်းကြောင့် ၎င်း၏ လှုပ်ယမ်းနေသော အမွေးနှစ်ခုထဲမှ တစ်ခုက အရူးကို ထိမိသွားသည်။ အရူးသည် ငယ်သံပါအော် အော်ကာ ပိုမြန်ဆန်စွာ ဆုတ်၏။
အလားတူပင် မြေနိမ့်သားရဲ၏ နှုတ်ခမ်းမွေးက သူ့ကို ထိမိသည်နှင့် ၎င်းမှာလည်း တုန်ယင်သွား၏။ ၎င်းက နောက်သို့ ပြန်ဆုတ်လိုက်ပြီးမှ အရူးထံသို့ ပိုကြမ်းတမ်းစွာ အော်ဟစ်လိုက်တော့သည်။
“အနီရောင်လေး…မြန်မြန်…ငါ့ကို လာကယ်အုံး။ နင် သွားပြီး အစားခံလိုက်။ ဒါမှသာ ဒီကောင်ကြီးက ဒီဘုရင်ကို မစားနိုင်တော့မှာ။ ဒီဘုရင်ရဲ့အသားက အရသာမရှိဘူး။ အား…” အရူးသည် တုန်ယင်ကာ လုံးဝ ကြောက်ရွှံ့နေပြီ။
“အစောင့်တွေ၊ အစောင့်တွေ၊ စစ်သည်တော် ငါ့ရှိလာပြီး ကာကွယ်ပေးစမ်း…” အရူးသည် နောက်ဆုတ်နေရင်း ငယ်သံပါအောင် အော်နေ၏။ သူသည် မြေပြင်ထက်သို့ လဲကျသွားကာ နောက်သို့ လေးဘက်ထောက် တွားသွားတော့၏။ ထိုအဖြစ်က သူ ဒီမြေနိမ့်သားရဲကို မည်မျှ ကြောက်သည်ကို ပြသနေသည်။
သူ မျှော်လင့်ချက်မဲ့သည်ထက် ပိုလွန်လာတော့မည့် အခိုက်တွင် ဝမ်လင်းသည် ရှေ့လှမ်းဝင်ကာ အရူးရှေ့တွင် ရပ်လိုက်၏။ တစ်ချိန်တည်းမှာ အရူးသည် အလွန်တရာစွမ်းပကားကြီးသူ ကဲ့သို့ ခံစားမိသည်။
“သင်က အကောင်းဆုံးပဲ။ သင်က ငါ့အပေါ် တကယ်ကောင်းတာ။ ငါ့အစ်ကိုကြီးထက်တောင် ပိုကောင်းသေးတယ်။ ဟိုမကောင်းဆိုးဝါးသားရဲ ဒီဘုရင်ကို စားတော့မှာကို သွားတားဆီးလိုက်။ ဒီဘုရင်ရဲ့ အသားက အရသာမရှိဘူး။ အား..”
အရူးသည် ခုလိုမျိုး အရေးတကြီး အချိန်၌ ဝမ်လင်း ပေါ်လာမည်ဟု မထင်ထားမိခဲ့ပေ။ သူသည် စိတ်လှုပ်ရှားသွားရပြီး အရာအားလုံးကို မေ့သွားတော့သည်။
သူ၏အမြင်တွင် ဝမ်လင်းသည် သူ မှီခိုနိုင်သော တစ်ဦးတည်းသောသူ ဖြစ်လာ၏။
“ဒီဘုရင် မင်းကို ဆုချီးမြှင့်မယ်။ ဒီဘုရင်က မင်းကို အနီရောင်လေးကိုလည်း ပေးမယ်။ ငွေရောင်လေးကိုလည်း ပေးမယ်။ ဒီဘုရင်က မင်းကို ခုနစ်ရောင်စုံမိန်းကလေးကိုတောင် ပေးမယ်ကွာ။ ဒီဘုရင်ရဲ့ အနောက်ဘက်နန်းဆောင်မှာ အလှလေးတွေ လေးသောင်းလောက် ရှိတယ်။ သူတို့အားလုံးကို မင်းဆီ ပေးပလိုက်မယ်…”
ဝမ်လင်းသည် စကား မဆိုပေ။ သူက ညာလက်ကို ပင့်မြှောက်လိုက်၏။ ဝမ်လင်းက သတင်းစကားတစ်ခု ပေးပို့လိုက်ရာ မြေနိမ့်သားရဲသည် မင်သက်သွား၏။ ၎င်း၏ နိမ့်ပါးသောဉာဏ်ရည်ဖြင့် ၎င်းသည် ဝမ်လင်း၏ ဆန္ဒကို နားမလည်ပေ။ သူက ကြောင်ရီရီဖြင့် စတင်စဉ်းစားတော့၏။
သို့ပေမည့် တွေးနေရင်း ၎င်း၏ခန္ဓာကိုယ်ကြီးက ဝမ်လင်းထံ တရကြမ်း ပြေးဝင်လာကာ ဝမ်လင်းကို ၎င်း၏ခေါင်းကြီးဖြင့် ပွတ်သပ်ချင်ဟန်ပင်။ အရူး၏အမြင်တွင်မူ မြေနိမ့်သားရဲက ဝမ်လင်းထံ တန်းတန်းမတ်မတ် ပြေးဝင်လာသလို ဖြစ်နေ၏။
ခဏအကြာတွင် မြေနိမ့်သားရဲသည် ဝမ်လင်း၏ခန္ဓာကိုယ်ကို ထိသွား၏။ ဝမ်လင်း၏အမူအရာသည် ပြောင်းလဲသွားကာ သူ သွေးအန်လိုက်ရသည်။ သူက အရူးကို ဖမ်းကိုင်ကာ နောက်သို့ အမြန်ဆုတ်လိုက်သည်။
ဝမ်လင်း၏ နောက်ဆုတ်မှုက မြေနိမ့်သားရဲကို ပိုကြောင်သွားစေသည်။ ၎င်းက ၎င်း၏သခင်သည် ဘာကြောင့် နောက်ဆုတ်သည်ကို သိချင်နေမိသည်။
သို့ပေမည့် ဝမ်လင်းက သတင်းစကားတစ်ခု ပို့လွှတ်လိုက်ရာ ၎င်းက နားထောင်ရန် ဆုံးဖြတ်လိုက်၏။ ၎င်း၏စိတ်ထဲတွင်မူ သခင်က ၎င်းနှင့်အတူ ကစားလိုနေသည်ဟု ထင်လိုက်၏။ ထိုသို့ တွေးမိသည့်အခါ ထိုသားရဲသည် စိတ်လှုပ်ရှားလာပြန်ကာ ဟိန်းသံ ထုတ်ဖော်ပြီး ဝမ်လင်းထံ စတင် တိုးဝင်လာတော့သည်။ ထိုအဖြစ်က ကောင်းကင်ကိုပါ အရောင်များ ပြောင်းလဲသွားစေ၏။ ၎င်း၏အော်ရာမှာ ကြောက်မက်ဖွယ်ကောင်းလွန်း၏။
“အား…မင်း ထွက်လာနေပြန်ပြီ။ ထပ် လာနေပြန်ပြီ။ ငါကို စားတော့မယ်။ ငါ အဲ့လိုဖြစ်ခွင့် မပြုနိုင်ဘူး…” ဝမ်လင်း ဆုပ်ကိုင်ထားလျက်ဖြင့် အရူးသည် အလန့်တကြား အဆတ်မပြတ် အော်တော့၏။
ဝမ်လင်း၏မျက်လုံးထဲရှိ တောင်းပန်သောအကြည့်က ပိုအားကောင်းလာ၏။ သို့သော် သူက ထိုအရာကို ကောင်းကောင်း ဖုံးကွယ်ထားလိုက်သည်။
“စစ်သည်တော်…ငါ့ကို ကယ်ပါ။ ငါ့ကို ကယ်ပါ…။ မင်းကို ဘုရင်ငယ်ရာထူးပေးဖို့ ငါ့အစ်ကိုကြီးကို ငါ ပြောလိုက်ပါ့မယ်။ သူ့ရဲ့ ကိုယ်လုပ်တော်တွေအားလုံး မင်းကို ပေးဖို့လည်း ပြောလိုက်ပါ့မယ်။ ငါ့ကို ကယ်ပေးပါ…”
“ဒီသားရဲက အရမ်းစွမ်းလွန်းတယ်။ ငါက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ဒီသားရဲက လူတွေကို စားရတာ ကြိုက်တယ်။ အထူးသဖြင့် သက်ရှိတွေကိုပဲ။ ဒီကောင်က လူတွေကို တဖြည်းဖြည်း ဝါးပြီး အစာချေပစ်တာ။ မင်းရဲ့ ခန္ဓာကိုယ်သာ ထိလွယ်ရှလွယ်ရင် မဆိုးသေးဘူး။ ဘာလို့လဲဆိုတော့ မင်းက ချက်ခြင်း သေရမှာ မလို့…”
“ကြောက်ဖို့အကောင်းဆုံးကတော့ ဖျက်စီးမရနိုင်တဲ့ခန္ဓာကိုယ်တွေပဲ။ သူတို့ဟာ အဝါးခံရတဲ့ ဒဏ်ကို ခံစားရပြီး နှစ်ပေါင်းထောင်ချီ အစာချေဖျက်ခံရပြီးမှ သေသွားရမှာ…”
ဝမ်လင်းသည် အရူးကို လက်ဖြင့် ကိုင်ထားရင်း နောက်သို့ မြန်ဆန်စွာ ဆုတ်နေသည်။ သို့ပေမည့် သူသည် မြေနိမ့်သားရဲနှင့် အဝေးသို့ မသွားဘဲ အကွာအဝေးတစ်ခု ခြားထား၏။ ယင်းအကွာအဝေးဖြင့်ဆို မြေနိမ့်သားရဲ၏ နှုတ်ခမ်းမွှေးက သူတို့၏ရှေ့သို့ ရောက်လုရောက်ခင် ဖြစ်ဖို့ လုံလောက်ပေသည်။
ထိုတိုတောင်းသော အကွာအဝေးက အရူးကို ဖိအားများစေပြီး အတိုင်းမသိ ကြောက်လန့်နေစေသည်။
“ငါတို့ ဘာလုပ်သင့်လဲ။ ငါတို့ ဘာလုပ်သင့်လဲ။ မင်း ဒီကောင်ကြီးရဲ့ အစားခံလိုက်ရင်ရော ဘယ်လိုလဲ။ ဒါဆိုရင် ဒီကောင်က ဗိုက်ပြည့်သွားလို့ ငါ့ကို မစားနိုင်လောက်တော့ဘူး…”
အရူးသည် တုန်ယင်ကာ ငိုတော့မည့်ဟန်ပင်။ သူ၏မျက်လုံးများတွင် မျက်ရည်များ ရစ်သိုင်းလာလေပြီ။
ဝမ်လင်းသည် အရူး၏အပြောကြောင့် ဒေါသတကြီး စတင် ရယ်မော၏။ သူက အရူးကို စိုက်ကြည့်ကာ တစ်လုံးချင်း ပြောသည်။ “ဒီကောင်ကြီးရဲ့ ခန္ဓာကိုယ်ကိုလည်း ကြည့်လိုက်အုံး။ ဒီသားရဲကြီးက လူတစ်ယောက်ကို စားလိုက်ရုံနဲ့ ဗိုက်ပြည့်သွားမယ်လို့ မင်း ထင်လို့လား…”
အရူးသည် ခဏတာ မင်သက်သွား၏။ သူက သူတို့နောက် လိုက်လာသော မြေနိမ့်သားရဲကို သေသေချာချာ လှမ်းကြည့်လိုက်၏။ သူ့မျက်နှာသည် ချက်ခြင်း ဖြူရောသွားပြီး ခေါင်းယမ်းလိုက်တော့သည်။
“ကံမကောင်းတာက ငါ့မှာ ကျင့်ကြံမှုအဆင့်ပဲ ရှိပြီး၊ မန္တာန်တွေ မရှိနေတာ။ ငါ့မှာသာ မန္တာန်တွေ ပိုင်ဆိုင်ထားရင် ဒီသားရဲကို ဝေးဝေး မောင်းထုတ်လိုက်နိုင်မှာပဲ…”
ဝမ်လင်းသည် သက်ပြင်းချကာ ဆို၏။
“ကောင်းပြီ။ ငါတို့ ဘာလုပ်သင့်လဲ။ ငါတို့ ဘာလုပ်သင့်လဲ။ ငါ သေရတော့မှာ။ ငါ အစားခံရတော့မှာ….” အရူးသည် တုန်ယင်လျက် သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့လာ၏။
“ငါ ဒီကြမ်းကြုတ်တဲ့သားရဲတွေကို ကလေးတည်းက ကြောက်ခဲ့တာ။ အထူးသဖြင့် ဒီလောက်ကြီးတဲ့ သားရဲတွေကိုပဲ…”
ထိုအခိုက်တွင် မြေနိမ့်သားရဲ၏ အမွေးက အရူး၏မျက်နှာပေါ်သို့ ဖြတ်ကျော်သွားကာ သူ့ကို အလန့်တကြားဖြင့် ငယ်သံပါအောင် ထပ်အော်မိစေသည်။
အရူး၏မျက်လုံးက ရုတ်တရက် လက်ခနဲ ဖြစ်လာကာ အော်ပြောလိုက်တော့၏။ “ငါ မန္တာန်တွေကို သိတယ်။ ငါ သိတယ်။ ဟုတ်ပြီ။ ဒါပဲကွ။ ဒီဘုရင်က တော်လွန်းတာပဲ။ မင်း ဒီမန္တာန်တွေကို မြန်မြန် သင်ယူလိုက်။ ပြီးရင် ဒီသားရဲကို အဝေး မောင်းထုတ်လိုက်တော့…”
သူသည် နယ်မြေလောင်ကျွမ်းခြင်းထီး အတွက် မန္တာန်ကို တုံ့ဆိုင်းခြင်းမရှိ ရွတ်ပြတော့၏။ ထိုမန္တာန်နှင့် ပတ်သတ်သမျှအားလုံးကို ဝမ်လင်းထံ ပြောပြတော့သည်။
ဝမ်လင်း၏အမူအရာသည် ပြောင်းလဲမသွားပေ။ သို့သော် သူ့စိတ်နှလုံးကမူ မြန်ဆန်စွာ ခုန်ပေါက်နေမိပြီ။ သူသည် ထိုမန္တာန်စာသားများကို တစ်လုံးမကျန် မှတ်သားထားလိုက်ပြီး သူ့စိတ်ထဲ၌ အသေအချာ ထည့်သိမ်းလိုက်သည်။
သူ ပို၍ တိကျသေချာအောင် လုပ်လေ ပို၍ လေးနက်လာလေပင်။ ထိုမန္တာန်စာသားသည် အလွန်အမင်း တိကျလွန်း၏။ ဒုတိယဟင်္သာငှက်မျိုးဆက်သခင်သည်ပင် ဒီမဟာတာအိုမန္တာန်ကို သင်ခဲ့ရလိမ့်မည် မဟုတ်၊ ဒီမန္တာန်၏ လျှို့ဝှက်ချက်ကို သိလိမ့်မည် မဟုတ်ပေ။
သို့ပေမည့် ထိုတာအိုမန္တာန်မှာ ချက်ခြင်း နားလည်နိုင်သော အရာ မဟုတ်ပေ။ ၎င်းကို နားလည်ဖို့အတွက် တံခါးပိတ်ကျင့်ကြံကာ နှစ်ပေါင်းများစွာ သင်ယူအားထုတ်ဖို့ လိုမည်။
ဝမ်လင်းက သူ၏ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခုနှင့် အတားအဆီးသန်းချီကို ဖြစ်စေလိုက်၏။ထိုအခါ သူ တတ်မြောက်ထားသော နယ်မြေလောင်ကျွမ်းခြင်းထီးကို တုပထားသော မန္တာန် ပေါ်လာလေ၏။
နယ်မြေလောင်ကျွမ်းခြင်းထီး ပေါ်လာသည်နှင့် မြေနိမ့်သားရဲ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ဖြစ်ပေါ်သည်။ ၎င်း၏ ဝေတေတေစိတ်ထဲ၌ မည်သို့ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်။ ၎င်း၏သခင်က ဘာကြောင့် ခုလို မန္တာန်ကို အသုံးပြုနေသည်ကို မသိဘဲ ရှိနေ၏။
ထိုထီး ပေါ်လာသည်နှင့် ၎င်းက ပျက်စီးသွားသည်။ ဝမ်လင်းသည် အရူးနှင့်အတူ နောက်သို့ မြန်မြန် ဆုတ်ကာ ပြောလိုက်သည်။ “မလုံလောက်သေးဘူး…”
“အား…မလုံလောက်သေးဘူးလား။ ငါ့မှာ လီကောင်းရဲ့ ကောင်းကင်ဘုံပစ်ခွင်းဖျက်စီးခြင်းလေးတာအို ရှိတယ်။ ငါ မင်းကို သင်ပေးလိုက်မယ်။ မြန်မြန် ဒီသားရဲကို မောင်းထုတ်ပါတော့…” အရူးသည် စိတ်ပူပန်လာ၏။ ချက်ခြင်းပင် သူက ထိုတာအိုမန္တာန်ကို ဝမ်လင်းအား ရွတ်ဆိုပြလိုက်၏။
သူ ထိုသို့ ပြောဆိုပြပြီးနောက်တွင်လည်း သူသည် စိတ်မချ ဖြစ်နေသေးသည်။ ထိုစဉ် မြေနိမ့်သားရဲ၏ အမွေးက ထပ်မံ ဝေ့ခတ်လာကာ အရူးသည် မြန်မြန် ပြောပြလိုက်တော့သည်။ “ငါ မင်းကို ခုနစ်ရောင်စုံတာအိုမန္တာန်ကိုလည်း ပြောပြမယ်။ ဒါပေမဲ့ ငါ ဒါကို တခြားသူတွေကို ပြောမပြနိုင်ဘူး။ ငါ ဝါးမြိုခံရမယ်ဆိုရင်တောင် ငါ မင်းကို ပြောပြလို့ မရဘူး။ အား…”
ဝမ်လင်းသည် အရူးကို အများကြီး တွန်းအား မပေးပေ။ ထိုမန္တာန်များက သူ့အတွက် အလွန်အရေးပါသည့်အတွက်ကြောင့်သာ မဟုတ်ပါက သူသည် ခုလိုမျိုး လုပ်လိမ့်မည် မဟုတ်ပေ။ သူက အရူးအပေါ် ပို၍ တောင်းပန်ဖို့ လိုလာသည်ဟု ခံစားမိပေသည်။ တစ်ချိန်တည်းမှာပင် ကံမ္မမျိုးစေ့ ချပြီးသွားခဲ့လေပြီ။ အခုလိုလုပ်ရပ်က နည်းနည်း အရှက်မဲ့သော်လည်း ဝမ်လင်းသည် အခုလုပ်ရပ်အတွက် နောင်တွင် ပြန်ပေးဆပ်ပေမည်။
ကျင့်ကြံခြင်းလမ်းကြောင်းတွင် သူသည် ဆုံးဖြတ်ချက် ချပြီးသည်နှင့် တုံ့ဆိုင်း၍ မရပေ။ ဤသည်က ဝမ်လင်း၏ လမ်းကြောင်းပင်။ ထိုအရူး သူ့ကို ပေးခဲ့သော ကံကောင်းမှုများကို သူ့စိတ်နှလုံးထဲတွင် ထာဝရ မှတ်ထားပေမည်။ ဒီအဖြစ်က အနာဂတ်တွင် သူ့အပေါ် ကပ်ဘေးဒုက္ခ ယူဆောင်လာခဲ့လျှင်ပင် သူသည် ဒီလမ်းကြောင်းကို တွေဝေခြင်းမရှိ ဆက်ရွေးချယ်မည်သာ။ သူသည် သူ လက်ခံရရှိသော ကြင်နာမှုအားလုံးကို ပြန်ပေးဆပ်ရမည်ဟု ယုံကြည်ထားသည်။
ခုနစ်ရောင်စုံလှံနှင့် လီကောင်းလှံကို မှတ်သားပြီးနောက် ဝမ်လင်းသည် ရုတ်တရက် ရပ်တန့်သည်။ သူက ဘယ်လက်ကို မြှောက်ကာ မြေနိမ့်သားရဲပေါ်သို့ ဖိချလိုက်သည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ဝမ်လင်းက သူ့လက်ကို လွှတ်လိုက်ပြီး အရူးကို မြေပြင်ထက်သို့ ပစ်ချလိုက်သည်။ သူက သူ၏ညာလက်ကို ဝေ့ယမ်းလိုက်ရာ သိပ်သည်းသောမြူများသည် သူနှင့်မြေနိမ့်သားရဲတို့ကို ဝန်းရံသွားသည်။ ထို့အတွက် အရူးသည် ဘာကိုမှ မမြင်နိုင်တော့ပေ။
ကျယ်လောင်စွာ တုန်ဟည်းသံများ လောကတခွင် ပဲ့တင်ထပ်သည်။ အရူးသည် မြေပေါ်သို့ ပြုတ်ကျသွားပြီးနောက် လေထဲရှိ မြူများကို စိတ်လှုပ်ရှားစွာ ကြည့်သည်။
“မင်းက စစ်သည်တော် မဟုတ်တော့ဘူ။ ငါ့ကျေးဇူးရှင်ပဲ။ ငါ့အစ်ကိုကြီးက ငါ့အပေါ် ကျေးဇူးရှိတဲ့သူကို ပြန်ပေးဆယ်ရမယ်လို့ ပြောထားခဲ့ဖူးတယ်။ မင်း စိတ်ချနေပါ။ မင်း သေသွားခဲ့ရင်လည်း ငါ မင်းကို ပြန်ပေးဆပ်မှာပါ။ ဒါ့ကြောင့် ကျေးဇူးပြုပြီး ဒီသားရဲကို တားဆီးပေးပါ…” အရူးသည် ထိုသို့ ပြောရင်း ကောက်ခါငင်ကာ ထ၍ နောက်မကြည့်ဘဲ ပြေးတော့သည်။
“ကျေးဇူးရှင်…အေးအေးချမ်းချမ်းသွားပါ။ ဒီဘုရင် ဒီကိစ္စကို မှတ်ထားမှာပါ။ မင်းကို သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်…” အရူးသည် မြန်သထက်မြန်မြန် ပြေးသွားရင်း မျက်စိတစ်မှိတ်အတွင်း အတော်ဝေးဝေးသို့ ရောက်သွားတော့သည်။
ကောင်းကင်သည် ပို၍ ပြင်းထန်စွာ တုန်ဟည်းလာ၏။ သို့သော် ထိုတုန်ဟည်းမှုသည် သိပ်မကြာလိုက်ပေ။ မြူများ ပြန်လွင့်ပါး သွား၏။ ဝမ်လင်းသည် လှမ်းထွက်လာကာ အရူးထံ လှမ်းကြည့်ပြီးနောက် ရှေ့သို့ လှမ်းလိုက်သည်။
မြေနိမ့်သားရဲကလည်း ဝမ်လင်းနောက်သို့ ကြမ်းကြုတ်သည့်ဟန်ဖြင့် လိုက်လာ၏။
အရူးက ပြေးနေရင်း နောက်ထပ် အလန့်တကြား အော်ပြန်သည်။ “ပြီးပြီး…သွားပြီ… ငါ ခုတော့ အစားခံရတော့မယ်…”
ကြောက်ရွှံ့မှုများ ပြည့်လျက် သူက မျက်လုံးမှိတ်ကာ အံတင်းတင်းကြိတ်သည်။ ထို့နောက် သူ့လည်ပင်းကိုယ်သူ ဆွဲကုတ်ကာ အော်ပြောလိုက်၏။ “စားစမ်း…စားလေ…စားတော့ရော ဘာဖြစ်သေးသလဲ…”
သို့ပေမည့် အချိန်အတန်ကြာ စောင့်နေသည့်နောက်တွင်လည်း သူသည် အစားမခံရသေးပေ။ ကြောက်လန့်နေဆဲဟန်ဖြင့် သူက အားတင်း၍ မျက်လုံး ဖွင့်ကြည့်ရာ မင်သက်သွားတော့သည်။
သူက သူ့ကို ကြောက်လန့်စေသော သားရဲကြီးသည် ယဉ်ပါးသွားကာ ဝမ်လင်းကို ပွတ်သပ်နေသည်အား မြင်လိုက်ရ၏။ ဝမ်လင်းက ထိုသားရဲကို သူ့ညာလက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးနေသည်။
“မင်း ဒီကောင်ကြီးကို ယဉ်ပါးအောင် လုပ်ခဲ့တာလား။ မင်း…မင်း…မင်း…မင်း တကယ်ပဲ ဒီကောင့်ကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့တယ်…” အရူးသည် တဒင်္ဂ တောင့်တင်းသွား၏။ သူ၏မျက်လုံးထဲတွင်လည်း သဘောကျမှုတို့ ပေါ်လာကာ ဝမ်လင်းကို စိုက်ကြည့်နေတော့သည်။
“ငါ့အစ်ကိုကြီးက ကြယ်တွေကြားမှာ အစွမ်းထက်တဲ့သူတွေ အများကြီး ရှိတယ်လို့ ပြောခဲ့ဖူးတယ်။ ဒီသားရဲက တကယ်ကိုပဲ ထိတ်လန့်စရာ ကောင်းလှတယ်။ ငါ့အစ်ကိုကြီးတောင် ဒီကောင့်ကို ယဉ်ပါးအောင် လုပ်နိုင်လိမ့်မယ်လို့ ငါ မထင်ဘူး။ ကျွမ်းကျင်သူ…။ မင်း ငါ့ကို တပည့်အဖြစ် လက်ခံပေးရမယ်။ ငါ့ကို မင်းတပည့်အဖြစ် လက်ခံပါ…”
***