← Chapters

ထွက်ခွာခြင်း

Vol. 116 Ch. 1596

ထွက်ခွာခြင်း

Vol. 116 Ch. 1596

“မြင့်မြတ်သောဆရာ…ကျေးဇူးပြုပြီး ဒီတပည့်ကို လက်ခံပေးပါ…”

အရူးသည် မြေနိမ့်သားရဲ ဘေးရှိ ဝမ်လင်းရှေ့တွင် ဒူးထောက်ချလိုက်သည်။ သူသည် အဆက်မပြတ် ဦးညွှတ်နေလေ၏။

“ငါ့ကောင်းကင်ဘုံဘိုးဘေးကို ကျိန်ဆိုပြီး ဒီဘုရင် လျန်တောက်ဖေးက သင့်ကို ဆရာအဖြစ် ဦးခိုက်ပါတယ်။ ငါ့တဘဝလုံး သင့်ကို ဘယ်တော့မှ ပုန်ကန်မှာ မဟုတ်ပါဘူး…” အရူးသည် ထိုသို့ပြောနေရင်း သူ့လက်ကို ပင့်မြှောက်ကာ သူ၏မျက်ခုံးနှစ်ခုကြားသို့ ထိရိုက်လိုက်သည်။

ဆန်းကြယ်သောအားတစ်ခုက သူ၏ခန္ဓာကိုယ်မှ ထွက်လာကာ ဝမ်လင်းထံ တရှိန်ထိုး ဝင်ရောက်သည်။ ဖျပ်ခနဲအတွင်း ၎င်းအားက ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။

ထိုအဖြစ်ကြောင့် ဝမ်လင်းသည်ပင် အံ့အားသင့် မင်သက်သွားမိ၏။ သူက ထိုအရူးကို လန့်အောင် လုပ်ကာ မန္တာန်များ ရဖို့အတွက်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ အခုလိုမျိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။

“ဆရာ…ငါ့ကို ဒီလောက်ကြီးတဲ့သားရဲကို ယဉ်ပါးအောင် လုပ်တဲ့ နည်းလမ်းကို မြန်မြန် သင်ပေးပါ။ ငါ ဒီနည်းလမ်းကို တတ်မြောက်ချင်တယ်။ ဒါမှသာ ငါ့ကို စားပစ်ချင်တဲ့ နောက်ထပ် ဒီလိုသားရဲမျိုး တွေ့ရင် ငါ အဲ့ကောင်ရှိ ပြေးဝင်ပြီး ယဉ်ပါးအောင် လုပ်နိုင်မှာ…” အရူးသည် ဝမ်လင်းကို ကြည့်နေရင်း အတော်လေး စိတ်လှုပ်ရှားနေသည်။

သူက ဘေးတွင် ထိုင်ချကာ တွေးနေ၏။ “ဟားဟား…ဒီဘုရင်က တယ်တော်တာပဲ။ ငါ ကျွမ်းကျင်သူတစ်ယောက်ကို ရှာတွေ့တဲ့အပြင် မန္တာန်တွေကိုပါ သင်ယူနိုင်အုံးမယ်။ ဒါ တကယ်ပဲ ကောင်းတယ်။ ငါ့အစ်ကိုကြီးသာ ဒါကို သိရင် သူ ငါ့ကို သေချာပေါက် ချီးကျူးလိမ့်မယ်…”

ဝမ်လင်း၏အမူအရာသည် ထူးထူးခြားခြား ဖြစ်လာသည်။ သူက မြေနိမ့်သားရဲကို ပုတ်လိုက်ရာ ၎င်းသည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။ ဒီဂြိုဟ်သည် ပြန်ငြိမ်သက်လာက သူတို့နှစ်ယောက်သာ ကျန်ခဲ့လေသည်။

ဝမ်လင်းက အရူးကိုကြည့်ကာ ဖြည်းဖြည်းချင်း ပြုံးလာ၏။

ဝမ်လင်းသည် အေးအေးဆေးဆေး ပြောလိုက်သည်။ “ဒီသားရဲကို ယဉ်ပါးအောင် လုပ်တဲ့ မန္တာန်က အရမ်းခက်လွန်းတယ်။ အခု ငါ မင်းကို သင်ပေးနိုင်တဲ့ အချိန်အခါ မရောက်သေးဘူး။ ဆရာက မင်း ဘာတွေ သိထားလဲဆိုတာ သိဖို့ လိုတယ်…”

အရူးသည် မျက်လုံးကစားကာ ပြောလာ၏။ “ငါ ထပ်ပြီးမသိတော့ဘူး။ တခြားအရာတွေအားလုံး ငါ မေ့သွားပြီ…”

“မင်း မပြောချင်မှတော့ ထားလိုက်ပါတော့…” ဝမ်လင်းသည် ပြုံး၍ တခြားခေါင်းစဉ်ကို လွှဲပြောသည်။ “မင်း ဒီနေရာကနေ ထွက်သွားချင်လား…”

အရူး၏အမူအရာသည် စိတ်လှုပ်ရှားလာသည်။ သူသည် ဆက်ခနဲ ပြန်ထကာ ကျယ်လောင်စွာ ပြောလိုက်၏။ “ငါ အမြဲတမ်း ထွက်သွားချင်တာပေါ့။ ဒါပေမဲ့ ငါ ရှာနေခဲ့တာ ကြာလှနေပြီ။ ခုထိ ထွက်လမ်းကို မတွေ့နိုင်သေးဘူး…”

ဝမ်လင်းသည် ဘေးတွင် ထိုင်ချကာ ပြုံး၍ ငြင်သာစွာ ပြောသည်။ “ငါ မင်းကို အပြင်ကို ခေါ်သွားနိုင်တယ်။ ဒါပေမဲ့ မင်း သိထားတဲ့ အစွမ်းထက်ဆုံး တာအိုမန္တာန်ကိုတော့ ငါ သိဖို့ လိုတယ်…”

“ကောင်းကင်ကိုးထပ် အမြစ်ဖျက်ခြင်း တာအို…” အရူးသည် ထိုသို့ ပြောလိုက်ပြီးနောက် သူက ချက်ခြင်းပင် ပါးစပ်ပြန်ပိတ်ကာ ခေါင်းယမ်းလိုက်သည်။

“ငါ အသေးစိတ်တော့ မပြောပြနိုင်ဘူး။ ငါ့ခန္ဓာကိုယ်မှာ ကျိန်ဆိုမှုတစ်ခု ရှိတယ်။ ငါသာ ပြောလိုက်ရင် ငါ အပြစ်ပေးခံရလိမ့်မယ်…” အရူးသည် ထိုသို့ ပြောလိုက်ရင်း သူ့နှာခေါင်းကို ညှစ်ကာ ဝမ်လင်းကို ကြည့်သည်။

ကြည့်ရသည်မှာ သူက အမှန်ကို မပြောသည့်ပုံပင်။

ဝမ်လင်းသည် ပြုံး၍ ခေါင်းယမ်းလိုက်၏။ သူက ဆက်၍ မမေးတော့ပေ။ သူသည် လောဘကြီးပါ၏။ သို့သော် အတင်းအကြပ်တော့ တွန်းအားပေးမည် မဟုတ်ပေ။ သူက ဒီလူ့ထံမှ အများကြီး ရခဲ့ပြီးပြီး ဖြစ်ကာ လောဘထပ်ကြီးနေခြင်းက နည်းနည်းများနေပြီပင်။

ထို့အပြင် ဝမ်လင်းကို ထိုအရူး ပေးခဲ့သော မန္တာန်လေးခုကို နားလည်ဖို့ကိုလည်း သူ့အတွက် အချိန်ယူရပေမည်။ သူက နောက်ထပ်မန္တာန်များကို ဆင်ခြင်တွေးတောဖို့ အချိန်ရှိမနေပေ။

“သုံးရက်အတွင်း ငါ မင်းကို ဒီကနေ ခေါ်သွားပေးမယ်…” ဝမ်လင်းသည် စဉ်းစားလိုက်၏။ ထို့နောက် သူက မျက်လုံး မှိတ်လိုက်သည်။ သူက အချိန်သည် ပဓာန ဖြစ်ကြောင်းကို သိထား၏။ သူသည် သူ့ခေါင်းတွင်ဝဲနေသော ဓားတစ်လက်ကဲ့သို့ တွန်းကန်အားကို ဖြေရှင်းဖို့ တာအိုသစ်သီးလုံလောက်စွာ ရမှ ဖြစ်ပေမည်။

သူသည် သူ၏ခန္ဓာကိုယ်ထဲရှိ တွန်းကန်အားကို အဆင့်တစ်ခုထိ ဖိနှိပ်ထားရအုံးမည်။ သို့ဖြစ်မှသာ သူသည် ကျန်ရှိနေသေးသော လုပ်ဆောင်ရမည့်တာဝန်များအတွက် စွမ်းအား ရှိပေလိမ့်မည်။

“မဟုတ်သေးဘူး။ ဒီဘုရင်က သင့်ကို ဆရာအဖြစ် ဦးညွှတ်ခဲ့ပြီးပြီး။ သင်က ခုထိ ငါ့ကို မန္တာန်တစ်ခုတောင် မသင်ပေးသေးဘူး။ ဒါကို ဒီဘုရင် သဘောမတူနိုင်ဘူး။ ငါ့ကို မန္တာန်တစ်ခု မြန်မြန်သင်ပေးပါ။ မဟုတ်ရင် သင်က ဒီဘုရင်ကို အနိုင်ကျင့်နေတာပဲ…”

အရူးသည် ဝမ်လင်းမျက်လုံးမှိတ်လိုက်သည်ကို တွေ့မြင်သည့်အခါ သူက ဝမ်လင်းဘေးနားသို့ ခပ်မြန်မြန် ရောက်လာ၏။ သူက ထပ်၍ အော်ပြန်သည်။

သူ့အော်သံက ပိုပိုကျယ်လောင်လာ၏။ ခဏအကြာတွင် သူက ပင်ပန်းသွားဟန်ရကာ ဝမ်လင်း၏မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်၏။

“သင် ငါ့ကို ဒီလိုမျိုး အနိုင်မကျင့်နဲ့။ ငါ သင့်ကို မန္တာန်တွေအများကြီး ပေးပြီးပြီး။ ဒါကြောင့် သင့်အနေနဲ့ ငါ့ကို နည်းလည်းလောက် ပြန်သင်ပေးရမယ်။ အနည်းဆုံးတော့ တစ်ခုတော့ သင်ပေးရမယ်။ အား။ အနီရောင်လေး…သူက ဒီဘုရင်ကို အနိုင်ကျင့်နေတာ မဟုတ်ဘူးလား။ ဒီဘုရင် သည်းခံနိုင်ပါတယ်။ ဒါပေမဲ့ အနီရောင်လေး…နင်ဆိုရင်ရော သည်းခံနိုင်ပါ့မလား….”

ဝမ်လင်းသည် မျက်လုံးပြန်ဖွင့်လာ၏။ သူက လက်ဝေ့ယမ်းလိုက်ရာ ရွှေရောင်လေပြင်းတစ်ခု ကောင်းကင်ထက်တွင် ပေါ်လာ၏။ ရွှေရောင်နဂါးကိုးကောင် ပေါ်လာကာ ခရမ်းရောင်လေပြင်းတစ်ခု တိုက်ခတ်သည်။ ခရမ်းရောင်လေပြင်းသည် မြေပြင်ထုကို ရိုက်ခတ်သွားရာ မြေပြင်ထုသည် စတင် အေးခဲလာသည်။

“ဒီလေဆင့်ခေါ်ခြင်းမန္တာန်ကို ငါ မင်းကို သင်ပေးမယ်…”

အရူးသည် ကောင်းကင်ထက်သို့ အထင်သေးဟန်ဖြင့် ကြည့်၏။

“ငါ့ကို အရူးမလုပ်နဲ့။ ငါ မတုံးဘူး။ ငါက ဒီလိုမန္တာန်လေးကို မသင်နိုင်ဘူး…”

ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ နဂါးကိုးကောင် ပျောက်ကွယ်သွားသည်။ ထို့နောက် သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေရာ ကောင်းကင်သည် တိမ်စိုင်တိမ်နက်များဖြင့် ပြည့်လာ၏။ လျှပ်စီးမိုးကြိုးများ လင်းလက် လာကာ ရွှေရောင်မိုးများ မြန်ဆန်စွာ ရွာဆင်းကျလာသည်။ ထိုမိုးသည် လောကရှိ မူလစွမ်းအင်ကို မြန်ဆန်စွာ စုဝေးစေသည်။

“ဒါက မိုးရွာနေတာပဲ။ အနီရောင်လေး ကြည့်စမ်း မိုးရွာနေပြီ…” အရူးသည် ခဏတာ မင်သက်သွားပြီးနောက် သမ်းဝေလိုက်၏။ သူက ခေါင်းယမ်းကာ ပွစိပွစိ ပြောသည်။ “ငါ့ကို အရူးလုပ်နေတုန်းလား။ ဒါက ဘယ်လိုမန္တာန်လဲ။ ဒီဘုရင် ဒါကို မသင်နိုင်ဘူး…”

ဝမ်လင်းသည် လေဆင့်ခေါ်ခြင်း၊ မိုးဆင့်ခေါ်ခြင်း၊ ဆန်းကြယ်လက်နက်၊ တောင်ခြေမွခြင်း မန္တာန်များကို အသုံးပြုပြခဲ့၏။ သို့ပေမည့် ထိုအရူးက တစ်ချက်သာ ကြည့်ကာ ခေါင်းယမ်းသည်။ သူသည် တဖြည်းဖြည်း ဒေါသထွက်လာဟန်တူကာ ဝမ်လင်းကို အော်တော့သည်။

“တစ္ဆေအိုကြီး…မင်းက တော်တော် ကပ်စီးနည်းတာပဲ။ မင်း ငါ့ကို ကောင်းမွန်တဲ့မန္တာန်တစ်ခု မသင်ပေးချင်ဘူးလား။ မင်း…မင်း…မင်း တော်တော်များသွားပြီ…”

ဝမ်လင်းသည် အရူးကို စိုက်ကြည့်လိုက်၏။ အသက်ဝဝရှုသွင်းပြီးနောက် သူသည် ကောင်းကင်ပြောင်းပြန်ဖြစ်ခြင်းတံဆိပ်တုံး၊ အလင်းနှင့်အရိပ်ဒိုင်း၊ တာအိုပေါင်းစည်းခြင်း မန္တာန်များကို ပြသလိုက်ပြန်သည်။

“ဒါက ဘယ်လိုအရာမျိုးလဲ။ ဒါကို ကောင်းကင်ပြောင်းပြန်ဖြစ်ခြင်းလို့ ခေါ်တာလား။ ငါ ဒါကို မသင်နိုင်ဘူး…”

“ခန္ဓာကိုယ်ကို အလင်းတွေနဲ့ ဖုံးနေတာ။ ဒါကရော ဘာမန္တာန်လဲ။ ငါ မသင်နိုင်ဘူး….”

“ဒီပေါင်းစည်းခြင်းတာအိုမန္တာန်က အားနည်းလိုက်တာ။ ဒီဘုရင်ရဲ့ သွေးက ဘယ်အရာကိုမဆို ပျော်ဝင်နိုင်တယ်။ ငါ ဒါကို မသင်နိုင်ဘူး…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း မေးလိုက်၏။ “မင်း ဘာကို သင်ချင်တာလဲပြော…”

အရူးသည် ပိုဒေါသထွက်လာကာ အော်ပြောလေ၏။ “မင်း ငါ့ကို မသင်ပေးချင်ဘူး။ ငါက မင်း ဟိုသားရဲကြီးကို ဖမ်းလိုက်တဲ့ မန္တာန်ကို သင်ချင်တာ…”

ဝမ်လင်းသည် ခေါင်းကိုက်သလို ခံစားမိနေပြီ။ အနည်းငယ် စဉ်းစားပြီးနောက် သူက လက်မြှောက်ကာ ချိပ်ဟန်တစ်ခု ဖြစ်စေ၍ လက်ညွှန်သည်။ ဒီဂြိုဟ်တစ်ခုလုံးသည် ရုတ်တရက် နက်မှောင်လာပြီး အဆုံးမဲ့ပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းလေ၏။ ထို့နောက် နေမင်းသည် မြင့်တက်လာကာ နေသာသောညစွမ်းအားသည် စတင် ပေါ်ပေါက်လာသည်။

အရူး၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သို့သော် ချက်ခြင်း ပြန်မှိန်သွားသည်။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ “ဒါက မဆိုးပါဘူး။ ဒါပေမဲ့ ငါ ဒီထက်ကောင်းတဲ့ မန္တာန် ငါ့မှာ ရှိတယ်…”

ဝမ်လင်းသည် နောက်ဆုံးတွင် ကသိကအောက် ဖြစ်လာ၏။ သူက ညာလက်ကို ဝေ့ယမ်းလိုက်သည်။ အမှောင်ထုသည် ချက်ခြင်း ပျောက်ကွယ်ကာ ဧရာမကျောက်တံခါးချပ်ကြီး ပေါ်လာ၏။ အချိန်စီးဆင်းမှုစွမ်းအားသည် လျင်မြန်စွာ ပျံ့လွင့်လာသည်။

အချိန်သည် နှစ်ပေါင်းထောင်ချီ စီးဆင်းဖြတ်သန်းသွားသည့်အလား။

အရူးသည် ခဏတဖြုတ် သေချာ ကြည့်လိုက်သေး၏။ ထို့နောက် သူက ခေါင်းယမ်းလိုက်သည်။

“ဒီကျောက်တံခါးက ငါ့ရဲ့ အိမ်တော်တံခါးချပ်လောက် မကောင်းဘူး။ ငါ ဒါကိုလည်း မသင်ချင်ဘူး…”

ဝမ်လင်း၏ စိတ်အခြေအနေက မည်မျှ ကောင်းနေပါစေ သူသည် နည်းနည်းတော့ သည်းမခံနိုင် ဖြစ်လာ၏။ သူက အသက်ဝဝရှုသွင်းကာ သူ့တဘလုံး သိရှိခဲ့သော မန္တာန်များကို အရူး ရွေးချယ်နိုင်ဖို့အတွက် ပြသပေးခဲ့သည်။ သို့ပေမည့် ထိုအရူးက ဆက်၍သာ ခေါင်းခါနေခဲ့သည်။

အရူးက ခေါင်းခါရုံသာမက သူက ဝမ်လင်းထက်ပင် ပိုဒေါသထွက်နေသေး၏။ သူသည် ဝမ်လင်းကို အကြိမ်များစွာ အော်ဟောက်ခဲ့ပေသည်။

“မင်းက ကျွမ်းကျင်သူပဲ။ မင်း ဒီမန္တာန်တွေကိုပဲ သိထားတာ မဖြစ်နိုင်ဘူး။ မင်း ငါ့ကို မသင်ပေးချင်တာမလား…”

“တော်လောက်ပြီ…” ဝမ်လင်းသည် အရူး၏အော်သံကို ကြားဖြတ်ကာ ပြောလိုက်၏။ သူသည် ဒေါသတကြီး ရယ်ကာ အေးစက်စက် ပြောလိုက်တော့၏။ “ဒါက နောက်ဆုံးမန္တာန်ပဲ။ မင်း ဒါကို သင်ချင်ရင်သင်၊ မသင်ချင်ရင်လည်း ထားလိုက်တော့…”

ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ သူက ချိပ်ဟန်တစ်ခုကိုပင် မဖန်တီးတော့ပေ။ သူသည် သူ့ဘဝတွင် ပထမဆုံး သင်ယူခဲ့ဖူးသော ဆွဲငင်ခြင်းမန္တာန်ကို အသုံးပြုလိုက်လေ၏။

ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ဖြင့် ချီစုဆောင်းမှုအဆင့် ဆွဲငင်ခြင်းမန္တာန်ကို အသုံးပြရသည်မှာ လွယ်လွန်းလှ၏။ မြေပြင်ထု တုန်ခါလာကာ ကျောက်တုံးများသည် ကောင်းကင်ထက်သို့ စက်ဝန်းအသွင် ပျံသန်းတက်သွားသည်။

အရူးသည် ခဏတာ မင်သက်သွားပြီးနောက် ကောင်းကင်ထက်ရှိ ကျောက်တုံးများကို ကြည့်သည်။ သူ၏မျက်လုံးက တလက်လက် ဖြစ်ကာကာ ထခုန်၏။ သူ့မျက်လုံးကို ပွတ်သပ်လိုက်၏။ ထို့နောက် သူက လက်ခုပ်လက်ဝါးတီးတော့သည်။

“ဒါက ပျော်စရာပဲ။ ဟားဟား…ဒါက ပျော်ဖို့ ကောင်းတယ်။ ငါ ဒါကို သင်မယ်….။ ကျွမ်းကျင်သူ…ဆရာ…သင်က တကယ့်ကို ကျွမ်းကျင်သူပဲ။ သင့်ရှိမှာ ဒီလို တုနှိုင်းမဲ့မန္တာန် ပိုင်ဆိုင်ထားတာကိုး…”

ဝမ်လင်းသည် ဒီအရူးကို အာရုံစိုက်ရတာ အတော်လေး ငြီးငွေ့နေပေပြီ။ သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ကာ ဆွဲငင်ခြင်းမန္တာန်ကို ၎င်းပေါ်တွင် ခပ်နှိပ်ပေးလိုက်၏။ သူက ထိုကျောက်စိမ်းပြားကို အရူးထံသို့ ပစ်ပေးလိုက်ကာ မျက်လုံးမှိတ်၍ ကျင့်ကြံနေလိုက်တော့သည်။

အရူးက ကျောက်စိမ်းပြားကို ဖမ်းယူကာ သူ၏နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူက ချက်ခြင်းပင် ပျော်ရွှင်စွာဖြင့် လေထဲသို့ ထခုန်ကာ ထိုမန္တာန်ကို သင်ယူသည်။ သူက အကွာအဝေးတစ်ခုထံ မြန်ဆန်စွာ ပြေးသွားပြီး လက်ဝေ့ယမ်းလိုက်သည်။ မြေပြင်သည် တုန်ခါကာ ကျောက်စကျောက်နများ လေထဲသို့ ပျံဝဲတက်လာသည်။

“ပျော်ဖို့ကောင်းတယ်။ တကယ် ပျော်ဖို့ ကောင်းတယ်…” အရူးက စိတ်လှုပ်ရှားမှု ပြည့်နှက်နေပြီး အကြိမ်များစွာ လက်ညွှန်နေတော့သည်။ သူက ကျောက်တုံးများစွာကို လေထဲသို့ ပျံတက်စေပြီး သူ့ပတ်လည်တွင် လည်ပတ်စေသည်။ သူ၏ စိတ်လှုပ်ရှားစွာ ရယ်သံက လုံးဝ ရပ်တန့်မသွားပေ။

သူက ထိုမျှ စိတ်လှုပ်ရှားနေရုံဖြင့် မလုံလောက်သေးသဖြင့် အကွာအဝေးတစ်ခုထံ ပြေးသွားပြီး လေထဲသို့ ပျံတက်သည်။ သူက လေထဲသို့ လက်ညွှန်လိုက်ရာ သူ့အောက်မှ မြေပြင်ထုသည် တုန်ဟည်းလာ၏။ ကျောက်တုံးမြောက်များစွာ လေထဲသို့ ပျံတက်လာတော့သည်။

သုံးရက်တာသည် ခဏအတွင်း ဖျပ်ခနဲ ကုန်ဆုံးသွား၏။ ဝမ်လင်းသည် မျက်လုံးဖွင့်လာပြီး ရွှေရောင်အလင်းကို ဖြည်းဖြည်းချင်း ဖုံးကွယ်လိုက်သည်။ အနီးကပ် သေသေချာချာ မကြည့်ပါက သင်သည် ထိုရွှေရောင်အလင်းကို သတိပြုနိုင်လိမ့်မည် မဟုတ်ပါ။

သူက အကွာအဝေးတစ်ခုထံသို့ ကြည့်ကာ မျက်မှောင်ကြုတ်၍ ခေါင်းယမ်းပြီး ခါးသီးစွာ ပြုံးမိသည်။

သူက အရူးသည် ဒေါသတကြီး ရယ်မောနေသည်ကို လှမ်းမြင်၏။ အရူး၏ပတ်လည်တွင် စစ်သားများအလား ကျောက်တုံးများစွာ ရှိနေ၏။ သူ၏ ဆန့်ကျင်ဘက်တွင်တော့ ကျောက်တုံးစစ်သားများသည် ရန်သူများအလား ရှိနေသည်။

သူက ကျောက်တုံးအုပ်စုကို ညွှန်ကြား၍ ယင်းတို့ကို လေထဲ၌ ရင်ဆိုင်တိုက်ခိုက်ခိုင်းသည်။

“ခုနစ်ရောင်စုံကောင်မလေး။ နင် ဒီဘုရင်ကို နာခံမှာလား။ ဒီဘုရင်မှာ ထောင်သောင်းချီတဲ့ စစ်တပ် ပိုင်ဆိုင်ထားတယ်။ နင် ငါ့စကား နားမထောင်ရင် ဒီဘုရင် ဒေါသ ထွက်ရလိမ့်မယ်…” ထိုသို့ အော်ဟစ်ပြီးနောက် သူက ဆန့်ကျင်ဘက်သို့ ပြေးသွားသည်။ သူက သူ့ခန္ဓာကိုယ်ကို တွန့်ခေါက်ကာ စွဲဆောင်မှုရှိဟန် ဆောင်၏။

“ဖောက်ပြန်သူ…မင်းမှာ သတ္တိသိပ်ရှိနေရင် လာခဲ့စမ်း…”

ဝမ်လင်းသည် ငိုရမလား၊ ရယ်ရမလားပင် မသိတော့ပေ။ အရူးက ပျော်ရွှင်စွာ ကစားနေသည်ကို ကြည့်နေပြီးနောက် သူက ထရပ်ကာ ရှေ့သို့ လှမ်းလိုက်၏။

“တော်လောက်ပြီ။ ထွက်သွားကြစို့။ ဒါဆို မင်း ဒီထပ် ပိုကစားနိုင်လိမ့်မယ်…”

အရူးသည် အဆုံးမသပ်ချင်သေးပေ။ သို့သော် သူက ဝမ်လင်းနောက်သို့ စိတ်လှုပ်ရှားစွာ လိုက်ပါလာ၏။ သူက မထွက်သွားချင်သည့်အလား နောက်ပြန်ကြည့်နေသေးသည်။ သူက ထိုကျောက်တုံးစစ်သားများကို သူနှင့်အတူ ခေါ်သွားရင် ကောင်းမလားဟု စဉ်းစားနေ၏။

ဝမ်လင်းက အကူအညီမဲ့စွာ ပြောလိုက်ရဿည်။ “အပြင်ဘက်မှာ ပိုကစားလို့ကောင်းတဲ့ အရာတွေ အများကြီး ရှိတယ်…”

သူတို့နှစ်ယောက်သည် ဝေးသထက်ဝေးစွာ လှမ်းလျှောက်သွားရင်း ဒီလောကထံမှ ပျောက်ကွယ်သွားတော့သည်။

***

All Chapters