အပိုင်း(၁၅၉၇)
Vol. 116 Ch. 1597
“ပြင်ပကမ္ဘာက ဘယ်လောက်လှလဲ။ ပြင်ပကမ္ဘာမှာ မိန်းမလှတွေကော ရှိလား။ ပြင်ပကမ္ဘာမှာ လူ ဘယ်လောက်များများ ရှိလဲ…” ကျယ်ကျယ်လောင်လောင်အသံများသည် မြေနိမ့်သားရဲ ပုန်းကွယ်နေသော ဧရိယာကနေ ပဲ့တင်ထပ်လို့နေ၏။
ထိုအသံသည် နှစ်ပေါင်းများစွာ ချုပ်တီးထားရသော စိတ်လှုပ်ရှားမှုနှင့် ပြည့်နေသည်။ ထိုအသံနှင့်အတူ ပိန်ပါးညစ်ပတ်တသော ပုံရိပ်တစ်ခုက ဒီဧရိယာအတွင်းမှ ပြေးထွက်လာသည်။
ဝမ်လင်းက အရူး၏ဆူသံညံသံနှင့် အသားကျနေပြီ ဖြစ်ရာ သူ့ကို အာရုံစိုက်မနေတော့ပေ။ ဝမ်လင်းသည် သူ၏ရှေ့ရှိ ကြယ်များကို ငြိမ်သက်စွာ ကြည့်နေရင်း ရင်းနှီးသော အငွေ့အသက်ကို ခံစားမိသည်။
သူ့မွေးရပ်မြေ၏ အငွေ့အသက်။
“နောက်ဆုံးတော့…ငါ အိမ်ပြန်ရောက်လာခဲ့ပြီ…” ဝမ်လင်း၏မျက်လုံးထဲတွင် အတိတ်ကိုအောက်မေ့မှုတို့ ရှိနေ၏။ သူသည် မွေးရပ်ဌာနေတစ်ခု ပိုင်ဆိုင်ခဲ့ဖူးသည်။ ၎င်းမှာ တောက်ပသောလေဟာနယ်၊ ဟင်္သာပြဒါးဂြိုဟ်ပင်။ သို့ပေမည့် သူ့မိသားစုဝင် မည်သူကမျှ မကျန်တော့ဘဲ သေဆုံးသွားသောစိတ်ဝိညာဉ်များအဖြစ်သာ ရှိလေတော့မည်။
သူက ဘာကြောင့် အိမ်ပြန်ချင်မှန်းကို မသိပေ။ ဤစိတ်က ချင်းရွှေ၊ စစ်ထူနန်နှင့် တခြားသူများကြောင့်တော့ မဟုတ်နေဘဲ သူ့စိတ်နှလုံးတွင်း၌ နှစ်ပေါင်းထောင်ချီ မွေးရပ်ဌာနေမှ ထွက်လာပြီးနောက် သူ့ကိုယ်သူ မဖြတ်တောက်ပစ်နိုင်သော ထူးဆန်းသောအားတစ်ခု ရှိလာခဲ့၏။
သူ၏ မိသားစုဝင်များ မရှိတော့လျှင်တောင်မှပေါ့။
ဝမ်လင်း၏မျက်လုံးထဲတွင် ဝမ်းနည်းရိပ်တို့ ပြည့်နေ၏။ ထိုဝမ်းနည်းမှုသည် သူ့တဘဝလုံး သူနှင့်အတူ ရှိခဲ့သည်သာ။ ဝမ်လင်းသည် အချိန်အတန်ကြာ ရှေ့တည့်တည့်သို့ ကြည့်နေပြီးနောက် မျက်လုံးမှိတ်လိုက်၏။ မျက်ရည်များမရှိ၊ နာကျင်မှုသာ ရှိ၏။
အရူး၏အော်သံက တဖြည်းဖြည်း တိုးသွား၏။ သူက ဝမ်လင်းကို ပဟေဠိဖြစ်ဟန်ဖြင့် ကြည့်ကာ ခေါင်းကုတ်သည်။ သူသည် ဝမ်လင်း၏ ခုလိုပုံစံဟန်ပန်မျိုးကို လုံးဝ မမြင်ဖူးခဲ့ချေ။ သို့သော် သူက ဝမ်လင်း၏ဝိညာဉ်မှ ထွက်ပေါ်နေသော ဝမ်းနည်းမှုကိုတော့ ခပ်ရေးရေး ခံစားမိနိုင်၏။
“ဟေး…ကောင်မလေး…ဘာဖြစ်နေတာလဲ။ တစ်ယောက်ယောက် မင်းကို အနိုင်ကျင့်တာဆိုရင် ဒီဘုရင်ကို လာပြောလှည့်။ ဒီဘုရင် မင်းအတွက် တရားမျှတမှု ရှာပေးမယ်…” အရူးသည် လက်ကို ခါးပေါ်ထောက်၊ မေးမော့ကာ သူ့ကိုယ်သူ ကြီးမြတ်သူတစ်ယောက်ဟန်ပန် ပြုလုပ်လိုက်သည်။
ဝမ်လင်းက မျက်လုံးဖွင့်လာပြီး ခေါင်းယမ်းလိုက်၏။ သူသည် အကွာအဝေးတစ်ခုထံသို့ လေးလံသော ခြေလှမ်းများနှင့်အတူ လျှောက်လှမ်းသွားလေသည်။
သူသည် ဖြည်းနှေးစွာ လျှောက်သွားရင်း သူ၏အကြည့်က ကြယ်များပေါ်သို့ ကျရောက်သည်။ သူက ဒီနေရာရှိအရာအားလုံးမှာ ရင်းနှီးနေသလို ခံစားရ၏။ ထိုခံစားချက် ပိုရှင်းလင်းလာလေ သူက အောက်မေ့တမ်းတမှုကို ပိုခံစားမိရသည်။
သူသည် ထိုခံစားမှုက အလုံးစုံကောင်းကင်ကို ပြန်ရောက်လာခဲ့ချိန်ကထက် ဘာကြောင့်ပိုနေသည်ကို နားမလည်နိုင် ဖြစ်ရ၏။
“ဒီလို လုပ်မနေနဲ့။ နင် ဒီလိုလုပ်ရင် ဒီဘုရင်ပါ ဝမ်းနည်းသလို ခံစားရတယ်။ ဒီဘုရင်လည်း အခု အိမ်လွမ်းနေပြီ။ အနီရောင်လေး၊ ငွေရောင်လေး၊ နင်တို့နှစ်ယောက် ဘယ်များ ရောက်နေကြလဲ။ ဒီဘုရင်ကို ခုထိ ဘာကြောင့်များ လာမတွေ့ရတာလဲ။ ငါ အိမ်ကို လွမ်းတယ်။ ငါ အိမ်ပြန်ချင်တယ်…” အရူးသည် ဝမ်လင်းနောက်သို့ လိုက်လာရင်း ဝမ်လင်းစိတ်ခံစားမှုများ၏ လွှမ်းမိုးမှုကိုပါ ခံရလေသည်။
သို့ပေမည့် အရူး၏စိတ်အခြေအနေက ခပ်မြန်မြန် ပြောင်းလဲသွား၏။ သူ့အတွက် ခုလေးတင် ခံစားလိုက်ရသော ဝမ်းနည်းမှုကို ချက်ခြင်း မေ့သွားကာ တဖန် စိတ်လှုပ်တရှား ဖြစ်လာပြန်သည်။ သူက အော်ဟစ်ကာ သူ့ပတ်လည်ရှိ ကျောက်တုံးများကို ထိန်းချုပ်လိုက်သည်။
ဝမ်လင်းသည် ရှေ့သို့ ဆိတ်ငြိမ်စွာ လျှောက်နေရင်း ဝမ်းနည်းမှုကို မြှုပ်နှံ့၊ မောပန်းမှုကို ဖုန်းကွယ်လိုက်သည်။ သူ လုပ်ရမည့် အရာများစွာ ရှိနေသေး၏။ သူသည် ခုထိ အနားမယူနိုင်သေးပေ။
အကွာအဝေးတစ်ခုတွင်ကစားနေသော အရူးကို ကြည့်ကာ ဝမ်လင်းသည် ထိုအရူး၏ပျော်ရွှင်နေမှုကို မနာသလိုပင် ဖြစ်လာ၏။ အရူးသည် အရာအားလုံးကို မေ့ပစ်နိုင်စွမ်း ရှိကာ သူ့ကိုယ်သူ ပျော်ဖို့အတွက် အမြဲတမ်း နည်းလမ်းတစ်ခုမဟုတ် တစ်ခု ရှိနေသည်။ ဝမ်လင်းကတော့ ထိုသို့ မလုပ်နိုင်ပေ။
ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် အကွာအဝေးတစ်ခုဆီ လျှောက်လှမ်းလာကြသည်။ အရူး၏ ရယ်သံ၊အော်သံများကတော့ ပဲ့တင်ထပ်လျက်။
မကြာခင်တွင် သူတို့ရှေ့တွင် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ပေါ်လာ၏။ ထိုဂြိုဟ်မှာ အလွန်ကြီးမားကာ ထျန်ယွမ်ဂြိုဟ်လောက် အရွယ်အစား ရှိသည်။ သို့ပေမည့် ထိုဂြိုဟ်ကို ကာကွယ်ထားသော ဂြိုဟ်ငယ်လေးများ၏ ပမာဏမှာ ထျန်ယွမ်ဂြိုဟ်ထက် ပိုများပြားသည်။
ဝမ်လင်းသည် အရင်တုန်းက ဒီဂြိုဟ်ကို မလာခဲ့ဖူးပေ။ ထို့အတွက် သူက နည်းနည်းတော့ စိမ်းနေ၏။
ဂြိုဟ်ထံမှ လှိုင်းဂယက်များ ပဲ့တင်ထပ်နေရင်း အတားအဆီးများ၏ အော်ရာကို ပေးစွမ်းနေသည်။
ဂြိုဟ်တစ်ခုလုံးသည် လုံးဝ ငြိမ်သက် တိတ်ဆိတ်နေ၏။
သူ လှမ်းမျှော်ကြည့်လိုက်စဉ် အရူးကလည်း ထိုကျင့်ကြံခြင်းဂြိုဟ်ကို မြင်၏။ သူက ချက်ခြင်းပင် ရွှင်မြူးသွားကာ မျက်လုံးတလက်လက် ဖြစ်၍ စတင် အော်ဟစ်တော့သည်။
“ဝိုး…ဝိုး…။ လူတွေအများကြီးပဲ၊ မိန်းကလေးတွေ အများကြီးပဲ။ ဒီနေရာက အတော်လေး ကောင်းတယ်။ နောက်ဆုံးတော့ ဒီဘုရင် တခြားလူတွေကို တွေ့မြင်ရပြီး။ ပျော်စရာပဲ။ ပျော်စရာပဲ…” အရူးသည် လက်ဝေ့ယမ်းကာ ဝမ်လင်းကို ကြည့်သည်။
“ငါ ဒီမှာ ကစားချင်တယ်…”
ဝမ်လင်း၏အကြည့်က ထိုကျင့်ကြံခြင်းဂြိုဟ်ပေါ်သို့ ဖြတ်သန်းသွား၏။ ဒီဂြိုဟ်ပေါ်ရှိ မည်သည့်ကျင့်ကြံသူကမျှ သူ့ကို သတိမပြုမိကြပေ။ သူကသာ အခြေအနေတစ်ခုလုံးကို ရှင်းလင်းစွာ တွေ့မြင်နေ၏။
သည်ဂြိုဟ်မှာ အဆင့်ခုနစ်ဂြိုဟ်တစ်ခု ဖြစ်ကာ နိုင်ငံရာချီဖြင့် ဖွဲ့စည်း ပိုင်းခြားထားသည်။ ကျင့်ကြံသူများစွာလည်း ရှိနေ၏။ သို့သော် အများစုသည် ပထမအဆင့်တွင်သာ ရှိသည်။ ဒီနေရာတွင် ဒုတိယအဆင့်ကျင့်ကြံသူ သိပ်များများ ရှိမနေပေ။
အပေါ်ယံကြည့်ပါက သည်ဂြိုဟ်ပေါ်တွင် အမြင့်ဆုံးကျင့်ကြံမှုအဆင့်ရှိသူမှာ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ရှိ သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ သို့ပေမည့် ဂြိုဟ်၏ ဗဟိုချက်တွင်မူ အမြဲလိုလို တံခါးပိတ်ကျင့်ကြံနေသော မွန်းစတားအိုလေးယောက်လည်း ရှိနေသည်။
အမြင့်မားဆုံး ကျင့်ကြံမှုအဆင့်နှင့်သူမှာ တတိယကောင်းကင်ဘုံဒုက္ခအဆင့်တွင် ဖြစ်၏။ အခြားနှစ်ယောက်က ပထမကောင်းကင်ဘုံဒုက္ခအဆင့်တွင် ရှိကာ နောက်ဆုံးတစ်ယောက်ကတော့ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်တွင်ပင်။
သည်ဂြိုဟ်၏ ဗဟိုချက်ရှိ လှိုဏ်ဂူထဲတွင် မီးနှင့်ရေခဲအားများ ရှိနေသည်။ ထိုလူများသည် ယင်းစွမ်းအားများကို ငှားယမ်း၍ သူတို့၏ကောင်းကင်ဘုံဒုက္ခများကို ဖိနှိပ်ထားကြကာ သူတို့ပေါ်သို့ ဖြည်းဖြည်းချင်း ကျော်လွန်သွားရန် ရည်ရွယ်တာဆူထားသည်။
“ငါ့မှာ အရေးတကြီး လုပ်စရာတွေ ရှိနေတယ်။ ဒါ့ကြောင့် ငါ မင်းနဲ့ မကစားပေးနိုင်ဘူး…” ဝမ်လင်းသည် သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူက ဒီနေရာရှိ မည်သူကမျှ အရူးကို ဒဏ်ရာရအောင်၊ထိခိုက်အောင် မလုပ်နိုင်သည်ကို သိပေသည်။
“ပြဿနာမရှိဘူး။ ငါ့ဘာသာ သွားကစားလိုက်မယ်။ သင် ငါ့နောက်ကို လိုက်လာရင်သာ ငါ မသက်မသာ ခံစားရသေးတယ်။ သင် ငါ့နောက်ကို အတင်းအကြပ် လိုက်လာမယ်ဆိုရင်တောင် ဒီဘုရင်က သဘောတူမှာ မဟုတ်ဘူး…” အရူးသည် နှာခေါင်းရှုံ့လိုက်၏။
ဝမ်လင်းက အရူးကို ကြည့်ကာ အနည်းငယ် စဉ်းစားသည်။ သူ၏မျက်လုံးထဲတွင် နူးညံ့မှုအရိပ်အယောင် ရှိိနေသည်။ သူက ပြောလိုက်၏။ “ဒီမှာပဲနေခဲ့မှာလား။ မင်း ငါ့နောက်လိုက်လာရင် ပိုကောင်းမယ်။ ငါ့ကိစ္စပြီးတာနဲ့ ငါ မင်းကို ကစားဖို့ ခေါ်လာပေးမယ်…”
အရူးသည် ခေါင်းယမ်းကာ ထိုကျင့်ကြံခြင်းဂြိုဟ်ထံသာ လှည့်ကြည့်သည်။ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နေရင်း သူက ပွစိပွစိ ပြောလေ၏။ “ဒီမှာ လူတွေ အများကြီးပဲ။ ဒါက ပျော်ဖို့သိပ်ကောင်းမှာ။ မိန်းမတွေလည်း အများကြီး။ ကျင့်ကြံသူတွေလည်း အများကြီး။ ဟားဟား…ငါ ဒီလိုနေရာမျိုးမှာ ကစားဖို့အတွက် အတိတ်တုန်းကလည်း ထွက်ပြေးလာခဲ့ဖူးသေးတယ်။ ငါ ဘယ်မှ မသွားချင်ဘူး။ ဒီမှာပဲ နေမယ်…”
အရူး၏အမူအရာကို မြင်သည့်အခါ ဝမ်လင်းသည် မချိပြုံးပြုံးမိ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူသည် မလွယ်ကူသလို ခံစားမိရသည်။ တကယ်တော့ အရူးသည် ကလေးစိတ်နှင့်လူကြီးတစ်ယောက်ပင်။ သူ့ထံ၌ အင်မောတယ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသော်လည်း သူ လှည့်ဖြားခံရမည်မှာ မလွဲသေချာပေသည်။
ဝမ်လင်းကသာ သူ့ကို လှည့်ဖြားခြင်းသည် အဆင်ပြေအုံးမည်။ သို့သော် သူသည် တခြားသူများ ဒီအရူးကို လှည့်ဖြားမည်ကို ခွင့်မပြုနိုင်ပေ။ ဝမ်လင်းသည် သူ့အပေါ် ကြင်နာပေးသူမှန်သမျှကို ပြန်ပေးဆပ်တတ်၏။ အရူးသည် သူ့ကို မဟာကံကောင်းမှုကြီး ကမ်းလှမ်းခဲ့သူ ဖြစ်သည်။ သူသည် ထိုအရူးကို အခြားသူများ နာကျင်အောင် လုပ်ဖို့ ခွင့်ပြုမည် မဟုတ်ပေ။
“မရဘူး…” ဝမ်လင်းက သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု အရူးထံ တိုးဝင်သွားသည်။ ထိုအလင်းက အရူးကို ထွေးပတ်လိုက်ပြီးနောက် သူသည် အရိုးကို တုပ်နှောက်ကာ ထွက်လာ၏။
အရူး၏မျက်လုံးထဲတွင် ဒေါသဖြစ်ဟန် ပေါ်လာကာ သူသည် စအော်သည်။ သူက ရုန်းကန်ကာ တချို့အမည်မသိနည်းလမ်းကို အသုံးပြု၍ ရွှေရောင်အလင်းကို ချိုးဖျက်လိုက်သည်။ ထို့နောက် သူသည် ဝမ်လင်းကို ဂုဏ်ယူစွာ ခံစားရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
“သေစမ်း…။ သင်က ဒီဘုရင်ကို အတင်းအကြပ် လုပ်ရဲတယ်လား။ အစ်ကိုကြီးတောင် ငါ့ကို မထိန်းချုပ်နိုင်ဘူး။ ဒီဘုရင် ဒီမှာ ကစားချင်တယ်ဆိုရင် ဒီဘုရင် သွားမှာပဲ။ သင်က ဒီဘုရင်ရဲ့ ဆရာဖြစ်တယ်ဆိုရင်တောင် ဘာဖြစ်သေးလဲ။ ဟားဟား…ဒီဘုရင်မှာ ဆရာတွေ အများကြီးပဲ။ ငါ ရေပြမယ်။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်…ရှစ်ယောက်။ ထားလိုက်ပါတော့လေ။ သင်က ငါ့ကို အတင်းအကြပ် လုပ်ဝံ့တယ်လား…”
“ငါ အဲ့ကို သွားကစားမယ်…” အရူးသည် ဝမ်လင်းကို ဖျပ်ခနဲ ကြည့်ကာ သွားဖြဲပြပြီး ဒေါသတကြီးဟန်ပန် လုပ်ပြသည်။
ဝမ်လင်းသည် အရူးကို အေးစက်စက် ကြည့်သည်။ အရူး၏ပြတ်သားသည့် ဟန်ပန်ကို ကြည့်ကာ သူသည် အေးစက်စက်နှာခေါင်းရှုံ့ကာ လက်ဝေ့ယမ်းလိုက်သည်။ အလင်းတန်းနှစ်ခုသည် သူ၏သိုလှောင်နေရာလွတ်ထဲမှ ပျံသန်းထွက်လာသည်။
ပထမအလင်းတန်းထံမှ စိတ်လှုပ်တရှား အော်သံ ထွက်ပေါ်လာ၏။
“ငါ ပြန်မဝင်တော့ဘူး။ ဘာပဲ ဖြစ်ဖြစ် ပြန်မဝင်တော့ဘူး။ သင်က ငါ့ကို လိုတဲ့အချိန်တိုင်း အပြင်ထုတ်တယ်။ မလိုတော့ရင် သိုလှောင်နေရာလွတ်ထဲ ပြန်ပစ်ထည့်တယ်။ ငါက ဓားစိတ်ဝိညာဉ်တစ်ယောက် ဆိုပေမဲ့ သင့်လို မိစ္ဆာကောင်အတွက် ငါ အများကြီး အကျိုးဆောင်ပေးခဲ့တယ်။ သင် ငါ့ကို ဒီလိုပုံစံမျိုး ထပ်မလုပ်နဲ့…” ထိုအလင်းတန်းသည် ရှုလီကော ဖြစ်၏။ သူ ပေါ်လာသည်နှင့် သူက အရူးကို မြင်သွားသည်။
အရူးသည် ခဏတာ မင်သက်သွားကာ ရှုလီကောကို ကြည့်သည်။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေစဉ် ဒုတိယအလင်းတန်းထံမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ လျှိုကျင်းပြောင်ပင်။ လျှိုကျင်းပြောင်က သူ့ပတ်ပတ်လည်ကို ကြည့်၏။ ထို့နောက် သူက အရူးကို စူးစမ်းသလို ကြည့်သည်။ နောက်ဆုံးတွင် သူသည် ချောင်းဟန့်ကာ ဂရုတစိုက် လှမ်းထွက်လာသည်။
“မင်းတို့နှစ်ယောက်။ သူနဲ့အတူ နေခဲ့ပြီး ဒီကျင့်ကြံခြင်းဂြိုဟ်ပေါ်မှာ ငါ့ကို စောင့်နေပါ။ အဲ့အချိန်အတွင်း ဘယ်သူကမျှ သူ့ကို ထိခိုက်အောင် မလုပ်စေနဲ့…” ဝမ်လင်းသည် စကားအနည်းငယ်သာ ပြောလိုက်သော်လည်း ထိုစကားလုံးများထဲတွင် ဖိအားအငွေ့အသက် ပါဝင်နေသည်။
ဝမ်လင်းသည် အရူးကို ကြည့်လိုက်ပြီးနောက် လှည့်ထွက်ကာ အကွာအဝေးတစ်ခုထံ လျှောက်လှမ်းသွားလေသည်။ သင့်တော်သော ကျင့်ကြံမှုအဆင့်ရှိသည့် ရှုလီကော၊ လှည့်ဖြားရာတွင် ကျွမ်းကျင်သော လျှိုကျင်းပြောင်တို့နှင့်ဆို အရူးသည် ဒီဂြိုဟ်ပေါ်တွင် ဘေးကင်းကင်းရှိလောက်မည်သာ။
ထို့အတွက်ကြောင့် သူသည် စိတ်ချနိုင်ပြီ။ ထို့နောက်တွင် ဝမ်လင်းသည် ကျင့်ကြံခြင်းမဟာမိတ်ဌာနချုပ်ထံ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
“စီနီယာအစ်ကို ချင်းရွှေ။ ဝမ်လင်း လာနေပြီ…”
ဝမ်လင်း ထွက်သွားသည့်နောက် အရူးနှင့် ရှုလီကောတို့သည် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် သူတို့နှစ်ယောက်က တစ်ပြိုင်နက်တည်းလိုလို စကားပြောလိုက်သည်။
“ကောင်မလေး…မင်းနာမည်က ဘယ်သူလဲ။ ဒီဘုရင်ကို ပြောစမ်း…”
“သင် ဘယ်သူလဲ…”
ရှုလီကောသည် ခဏတာ ကြောင်သွား၏။ ချက်ခြင်း သူက ဒေါသထွက်လာသည်။ သူက အရူးကို ခပ်ကြမ်းကြမ်း စိုက်ကြည့်ကာ ပြောလိုက်၏။ “ဘယ်သူက ကောင်မလေးလဲ။ ဒီအဘိုးအိုက ယောက်ျားကွ…”
အရူးသည် ရယ်မောကာ ရှုလီကောထံ လက်ညှိုးထိုးလိုက်၏။ သူက တစ်ခုခု ပြောရန်ဟန်ပြင်လိုက်သည်။ သို့သော် သူက ဗိုက်ဖိ၍ အဆက်မပြတ် ရယ်တော့သည်။
“နင်က ယောက်ျားလား။ ဟားဟား…အနီရောင်လေး…လာကြည့်စမ်းပါအုံး။ ဒီဓားစိတ်ဝိညာဉ်က သူဟာ ကောင်မလေးမဟုတ်ဘူးတဲ့။ ဟားဟား…ဒီဘုရင်တော့ ရယ်ရလွန်းလို့ သေတော့မှာပဲ…။ အား…မိုးရွာနေပြီ။ အနီရောင်လေး…ငါ့အတွက် ထီးသွားယူလာခဲ့…” အရူးသည် သူ့ကိုယ်သူ ပြောနေရင်း သူ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်လာသည်။ သူက တဖြည်းဖြည်း ရယ်နေတာကို ရပ်ကာ ရှုလီကောကို စိုက်ကြည့်သည်။
ရှုလီကောက ထူးဆန်းသလို ခံစားလိုက်ရ၏။ သူသည် လျှိုကျင်းပြောင်ထံ မေးခွန်းထုတ်ဟန် အကြည့်ဖြင့် လှမ်းကြည့်သည်။
လျှိုကျင်းပြောင်သည် အလေးအနက် ဟန်ပန်ဖြစ်လာကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည်။ သူသည် အရူးကို သေချာလေ့လာကြည့်၏။ ထို့နောက် သူသည် ရှုလီကောကို ပြုံး၍ ကြည့်သည်။ သို့ပေမည့် လူတစ်ယောက်သည် မည်သို့ပင်ကြည့်ကြည့် ထိုအပြုံးသည် အော့အန်ချင်စရာ ကောင်းနေသည်။
“အရူးတစ်ယောက်လား…”
“ဟုတ်တယ်။ အရူးပဲ။ သံသယ ဖြစ်စရာ မလိုဘူး…”
ရှုလီကောနှင့် လျှိုကျင်းပြောင်တို့က မျက်လုံးချင်း စကားပြောလိုက်၏။ သူတို့သည် တစ်ချိန်တည်း ခေါင်းလှည့်ကာ အရူးထံသို့ ပြုံး၍ ကြည့်လိုက်ကြသည်။
***