ဆယ်စုနှစ်များအတွင်း အပြောင်းအလဲများ…
Vol. 116 Ch. 1599
မီးစာကလေးကလန်မှ ကျင့်ကြံသူသည် နောက်သို့ အမြန်ဆုတ်၏။ သူသည် မည်သို့ ထွက်ပြေးရမှန်းကိုပင် မသိတော့ပေ။ သို့သော် သူ့စိတ်ထဲ၌ တစ်ခုတည်းသောအတွေးမှာ ထွက်ပြေးရန်၊ ထွက်ပြေးရန်သာ ရှိနေ၏။
သို့ပေမည့် သူ မဆိုနှင့်ဦး မီးစာကလေးကလန်ဘိုးဘေး ပြန်ရှင်လာခဲ့လျှင်ပင် ဝမ်လင်းကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။ ဝမ်လင်း၏မျက်လုံးထံမှ ရွှေရောင်အလင်းက ဒီဧရိယာကို ဝေ့ခတ်သွားကာ ဒီဧရိယာအတွင်းရှိ ဟင်းလင်းပြင်အက်ကြောင်းများကို ပျက်စီးစေသည်။
မီးစာကလေးကလန်၏ ကျင့်ကြံသူအတွက်မူ သူသည် ခြေလှမ်းတစ်ဝက်သာ လှမ်းလိုက်နိုင်ပြီးနောက် ရွှေရောင်အလင်းက သူ့ခန္ဓာကိုယ်ကို ခြုံလွှမ်းသွားသည်။ သူသည် နာကျင်စွာအော်ဟစ်ကာ သူ၏မူလစိတ်ဝိညာဉ်သည် ခုခံနိုင်စွမ်းမဲ့ကာ ပျက်စီးသွားသည်။
အရှင်မီးတောက်ကို ဝါးမြိုပစ်ရန် ဆင့်ခေါ်ခံရသော အနက်ရောင်မီးငှက်မှာလည်း ကြောက်လန့်မှုတို့ ပြည့်နေ၏။ ၎င်းက အလန့်တကြား ပြေးရန် ဟန်ပြင်သည်။ သို့ပေမည့် ၎င်းကိုလည်း ရွှေရောင်အလင်းက လွှမ်းခြုံကာ ၎င်း၏တည်ရှိမှုကို ပယ်ဖျက်ပေးလိုက်သည်။
ကောင်းကင်ဘုံဝံပုလွေကလန်မှ ကျင့်ကြံသူသည် တုန်ယင်နေ၏။ သူသည် သူ့အဖော်၏ သေဆုံးမှုကို မမြင်နိုင်ခင်မှာပင် ရွှေရောင်အလင်းတန်းက အစားထိုးသွား၏။ သူသည် ထိုရွှေရောင်အလင်းနောက်မှ ဝမ်လင်း၏ဝိုးတဝါးပုံရိပ်ကို ခပ်ရေးရေး မြင်နေရသည်။
ထိုပုံရိပ်က သူ့အတွက် အိမ်မက်ဆိုးပင်။ သူသည် ပုဆိန်ဆွဲကိုင်ကာ ဝင်ရောက်လာသော ကျင့်ကြံသူများ၊ ပြန်ထွက်ခွာမည့် ကျင့်ကြံသူမြောက်များစွာကို ဟန့်တားခဲ့သည် ထိုပုံရိပ်ကို လုံးဝ မေ့နိုင်မည် မဟုတ်ပေ။ သူသည် ထိုသူ၏နာမည်ကိုလည်း မှတ်မိနေဆဲသာ။
ချိပ်ပိတ်နယ်မြေအရှင်။
ထိုသူ နေရာတွင် ရှိနေရုံဖြင့် ကျင့်ကြံသူထောင်သောင်းချီသည် ခြေလှမ်းတစ်ဝက်ပင် မလှမ်းဝံ့ ဖြစ်ခဲ့ရ၏။
ထိုသူ၏ ပုဆိန်စွမ်းအားက တတိယအသုတ်စစ်တပ်မှ ကျင့်ကြံသူမြောက်များစွာကို ဖျက်စီးခဲ့သည်။
ယနေ့တွင် သူသည် ထိုထိတ်လန့်စရာကောင်းသော ပုံရိပ်ကို ထပ်မံ တွေ့မြင်ရပြန်ပြီ။ အတိုင်းမသိကြောက်ရွှံ့မှုကြောင့် ကောင်းကင်ဘုံဝံပုလွေကလန်မှ ကျင့်ကြံသူသည် မထင်မှတ်စွာဖြင့် ရူးသွားလေသည်။
ရှုံ့တွစွာ ပြုံးလိုက်ရင်း သူက နောက်ဆုတ်ဖို့ မေ့သွား၏။ သူ့အရေပြားသည် ချက်ခြင်း အရည်ပျော်ကျကာ မူလစိတ်ဝိညာဉ်မှာ ပျက်စီးသည်။ သူ၏တည်ရှိမှုသည် ချက်ခြင်း ပျောက်ကွယ်သွားသည်။
အဖြစ်အပျက်များသည် တဒင်္ဂမျှသာ။ ဝမ်လင်းအတွက် ထိုပြင်ပနယ်မြေမှ ကျင့်ကြံသူနှစ်ယောက်ကို သတ်ရခြင်းသည် ပုရွတ်ဆိတ်များကို ခြေမွပစ်ရသလိုပင်။ သူက ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်ပြီး ခုထိ မတည်မငြိမ်ဖြစ်နေသေးသော အရှင်မီးတောက်ကို ကြည့်သည်။
“အလုံးစုံကောင်းကင်ရဲ့ အနောက်မြောက်ပိုင်း လက်ထောက်တပ်မှူး၊ ချိပ်ပိတ်နယ်မြေအရှင်ရဲ့ အဆင့်သတ်မှတ်ချက် ငါးဆယ့်သုံး၊ အရှင်မီးတောက်က ချိပ်ပိတ်နယ်မြေအရှင်ကို နှုတ်ဆက်ပါတယ်…” အရှင်မီးတောက်သည် စိတ်လှုပ်ရှားစွာ သူ့လက်နှစ်ဖက်ကို ဆုပ်၍ ဝမ်လင်းကို ဦးညွတ်လိုက်သည်။
“ချိပ်ပိတ်နယ်မြေအရှင်၊ အတွင်းနယ်မြေဟာ ရှုံးနိမ့်ခဲ့ရတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း မရေမတွက်နိုင်ခင်အချိန်က အုပ်စိုးသူ ချန်ထားခဲ့တဲ့ ခုနစ်ရောင်စုံနယ်မြေတွေ ရှိပါတယ်။ သူ ပျောက်ကွယ်သွားတဲ့နောက် အရှင်ဟုန်ရှန်နဲ့ တခြားသူတွေဟာ ဒီခုနစ်ရောင်စုံနယ်မြေတွေကို ရှာဖို့အတွက် အင်အားအပြည့် စုစည်းခဲ့ကြတယ်။ အဆုံးသပ်မှာတော့ မဟာမိတ်ဌာနချုပ်က ခုနစ်ရောင်စုံနယ်မြေ အပါအဝင် ကျွန်တော်တို့က စုစုပေါင်းနယ်မြေငါးခုကို ရှာတွေ့ခဲ့ကြတယ်…”
“ဒါပေမဲ့ ဒီခုနစ်ရောင်စုံနယ်မြေငါးခုဟာ အုပ်စိုးသူ ချခင်းထားတဲ့ ထောင်ချောက်တစ်ခု ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကမျှ မထင်ထားမိခဲ့ကြဘူး။ ဒီနယ်မြေတွေထဲက နှစ်ခုကို ဖွင့်လှစ်တဲ့အခါမှာ ပြင်ပနယ်မြေကျင့်ကြံသူ မြောက်များစွာ ပေါ်လာခဲ့ကြတယ်။ အဲ့နောက် ဒုတိယတိုက်ပွဲဟာ ရုတ်ချည်း စတင် ခဲ့တော့တယ်…”
“ခုနစ်ရောင်စုံနယ်မြေငါးခုဟာ အတွင်းနယ်မြေကို ဝင်ရောက်တဲ့ ဂိတ်ပေါက်ဝတွေ ဖြစ်လာခဲ့တယ်။ ဒါ့ကြောင့် ပြင်ပနယ်မြေ ကျင့်ကြံသူတွေက ငါတို့နယ်မြေထဲ ဝင်လာနိုင်ခဲ့တယ်။ ခုနစ်ရောင်စုံနယ်မြေတွေကို အခြေထားပြီး သူတို့က အတွင်းနယ်မြေကို ကျူးကျော်လာခဲ့တယ်။ ထိခိုက်ပျက်စီးမှုတွေကတော့ များပြားလွန်းလှတယ်…”
“ဒုတိယတိုက်ပွဲအတွင်း အရှင်ဟုန်ရှန်က အေးစက်စက်ကောင်လေးနဲ့ ပြင်ပနယ်မြေက တခြားတတိယအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အဆုံးသပ်မှာ သူက ဆင့်ခေါ်ခြင်းမြစ်မှာ ရှိတဲ့ ခုနစ်ရောင်စုံနယ်မြေ အတွင်းမှာ ပိတ်မိနေခဲ့တယ်။ ဒီနယ်မြေကို ကျင့်ကြံသူသုံးသောင်းက စောင့်ကြပ်နေပါတယ်။ ခုလက်ရှိမှာ အတွင်းနယ်မြေကို ဦးဆောင်နေတဲ့သူကတော့ သူ့ကိုယ်ပွားတွေထဲက တစ်ယောက်ပါ…”
“စီနီယာအရှင်တောက်ပိုင်းတိမ်ကတော့ အုပ်စိုးသူကြောင့် ဒဏ်ရာအပြင်းအထန် ရသွားပြီး တံခါးပိတ်ကျင့်ကြံနေတယ်။ ဒီနေ့ထိ သူ ထွက်လာမယ့် အရိပ်အယောင် မရှိသေးဘူး…”
“ဒုတိယတိုက်ပွဲက ကြယ်အဖွဲ့အစည်းလေးခုလုံးပေါ် သက်ရောက်ခဲ့တယ်။ အရေးကြီးဆုံး အခိုက်အတန့်မှာ ကောင်းကင်ဘုံအင်ပါယာချင်းလင်က မိုးကောင်းကင်ဘုံနယ်မြေကနေ ထွက်လာခဲ့ပြီး တိုက်ပွဲကို ဦးဆောင်ခဲ့တာ။ ဆင့်ခေါ်ခြင်းမြစ်က တတိယအဆင့်ကျင့်ကြံသူတွေက သူတို့ကို အချိန်ဆွဲခဲ့တာတောင် ငါတို့ဟာ ပြင်ပနယ်မြေ စစ်တပ် ချဉ်းကပ်လာတာကို ရပ်တန့်နိုင်စွမ်း မရှိခဲ့ဘူး…”
“ပြင်ပနယ်မြေဟာ ငါတို့ အတွင်းနယ်မြေထက် တတိယအဆင့်ကျင့်ကြံသူ ပိုများပြားနေတယ်။ အဆုံးသပ်မှာ ကောင်းကင်ဘုံအင်ပါယာချင်းလင်က ရှေးဟောင်းကောင်းကင်ဘုံမန္တာန်တစ်ခုကို အသုံးပြုခဲ့ပြီး ခုနစ်ရောင်စုံနယ်မြေတွေနဲ့ ပြင်ပနယ်မြေကြား ချိတ်ဆက်မှုကို ချိပ်ပိတ်ဖို့ ရှေးဟောင်းအလင်းကို ဆင့်ခေါ်ခဲ့တယ်။ ဒါက ဒီလမ်းကြောင်းကို အချိန်တိုအတွင်းပဲ ချိပ်ပိတ်ထားနိုင်ခဲ့ပြီး ငါတို့ကို ရှင်သန်လို့ရအောင် လုပ်ပေးခဲ့ရုံပဲ…”
“အတွင်းနယ်မြေကို ဝင်ရောက်လာတဲ့ ပြင်ပနယ်မြေကျင့်ကြံသူတွေဟာ စစ်တပ်ငါးခုအဖြစ် ခွဲပြီး ခုနစ်ရောင်စုံနယ်မြေငါးခုမှာ ရှိနေကြတယ်။ သူတို့က ငါတို့အတွင်းနယ်မြေကို စိုက်ဝင်နေတဲ့ လက်သည်းတွေလိုပဲ…”
“ဒီတိုက်ပွဲက ခဏတော့ ငြိမ်သက်သွားခဲ့တယ်။ ပြင်ပနယ်မြေက ရှေးဟောင်းအလင်းကို ချိုးဖျက်ဖို့ အချိန်တစ်ခုတော့ လိုအုံးမှာ။ အဲ့ဒီနောက် အတွင်းနယ်မြေရဲ့ တတိယအဆင့်ကျင့်ကြံသူတွေရယ်၊ ကျန်တဲ့ကျင့်ကြံသူတွေရယ်ကို စုစည်းပြီး တတိယမြောက် တိုက်ပွဲကို စတင်ခဲ့တယ်။ ဒီတတိယတိုက်ပွဲရဲ့ ရည်ရွယ်ချက်က ခုနစ်ရောင်စုံနယ်မြေငါးခုကို တစစီ ဖြစ်အောင် လုပ်ဖို့ပဲ…”
“ဒါပေမဲ့ အဆုံးသပ်မှာ ငါတို့က ခုနစ်ရောင်စုံနယ်မြေသုံးခုကိုပဲ ဖျက်စီးနိုင်ခဲ့တယ်။ နှစ်ဘက်လုံး ထိုခိုက်သေဆုံးမှုတွေ ရှိခဲ့ကြတယ်။ ပြင်ပနယ်မြေရဲ့ တတိယအဆင့်ကျင့်ကြံသူတွေလည်း အသက်ခံရသလို ဒဏ်ရာအပြင်းအထန် ရခဲ့ကြတယ်။ ဒါပေမဲ့ ငါတို့လည်း တူတူပဲ။ ကောင်းကင်ဘုံအင်ပါယာချင်းလင် ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ ဆင့်ခေါ်ခြင်းမြစ်က တတိယအဆင့်ကျင့်ကြံသူနှစ်ယောက် သေဆုံးခဲ့တယ်။ ကျန်တဲ့သူတွေလည်း ဒဏ်ရာကုသဖို့ အတင်းအကြပ် တံခါးပိတ်ကျင့်ကြံခဲ့ရတယ်…”
“အခုချိန်ဟာ တတိယမြောက်တိုက်ပွဲပြီးတဲ့နောက် ကိုးနှစ်မြောက်ပဲ။ အရှင်ဟုန်ရှန်ရဲ့ တွက်ချက်မှုအရဆို ပြင်ပနယ်မြေက ရှေးဟောင်းအလင်းကို ချိုးဖျက်ဖို့ အချိန်သိပ်မလိုတော့ဘူး။ အဲ့ကျရင် သူတို့က ဝင်ရောက်လာပြီး ခုနစ်ရောင်စုံနယ်မြေနှစ်ခုမှာ ကျန်နေတဲ့အင်အားတွေနဲ့ ပေါင်းစည်းကြလိမ့်မယ်။ အတွင်းနယ်မြေဟာ ခုဆို အန္တရာယ်တွင်းထဲမှာ…”
အရှင်မီးတောက်သည် ဝမ်လင်းကို ဖြစ်ပျက်ခဲ့သမျှကို မြန်မြန်သွက်သွက် ပြန်ပြောလိုက်၏။ သူသည် တတိယတိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန် ရခဲ့ကာ သူ၏ကျင့်ကြံမှုအဆင့်လည်း လျော့ကျသွားခဲ့၏။ မဟုတ်ပါက သူသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်၏ အမဲလိုက်ခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။
ဖြစ်ပျက်ခဲ့သမျှကို အတိအကျ ပြောပြပြီးနောက် သူက သွေးအန်ထွက်လိုက်ရသည်။ သူ့ပုံစံက ဖြူဖပ်ဖြူရော ဖြစ်နေ၏။ သူ၏ဒဏ်ရာများ ပေါက်ကွဲထွက်လာကာ သူသည် အဆုံးသပ်ခါနီးချိန် ရောက်နေလေပြီ။
“ချိပ်ပိတ်နယ်မြေအရှင်။ အတွင်းနယ်မြေဟာ အန္တရာယ်ကျရောက်နေတယ်။ အလုံးစုံကောင်းကင်မှာ ခုနစ်ရောင်စုံနယ်မြေမရှိဘူး။ တိမ်ပင်လယ်ကတစ်ခုကိုလည်း သင်က ဖျက်စီးပစ်ခဲ့ပြီးပြီး။ သင် ပျောက်သွားတဲ့နောက်မှာ ငါတို့က နောက်ထပ် ငါးနေရာကို ရှာတွေ့ခဲ့ကြတယ်။ တောက်ပသောလေဟာနယ်က တစ်ခုကလွဲလို့ ကျန်တဲ့နယ်မြေလေးခုဟာ ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းမှာ ရှိနေခဲ့တာ…”
“ဒါ့ကြောင့် ဒုတိယတိုက်ပွဲ စတဲ့အချိန်မှာ ဆင့်ခေါ်ခြင်းမြစ်ဟာ ကျရှုံးခဲ့တယ်။ ဒီနေ့ထိ ငါတို့က ဆင့်ခေါ်ခြင်းမြစ်ကို ပြန်ယူဆောင်နိုင်စွမ်း မရှိသေးဘူး။ အဲ့နေရာဟာ ပြင်ပနယ်မြေကျင့်ကြံသူတွေ သိမ်းပိုက်ထားတဲ့နေရာ ဖြစ်လာခဲ့ပြီ။ သူတို့က ဆင့်ခေါ်ခြင်းမြစ်က ကျင့်ကြံသူတွေကို မကြာဆိုသလို နှိပ်စက်ကလူ ပြုကြတယ်…”
“ပထမတိုက်ပွဲအတွင်းမှာ တိမ်ပင်လယ်ဟာ ပျက်စီးလုနီးနီးပဲ။ ဒါပေမဲ့ ဒါက ငါတို့ထိန်းချုပ်မှုအတွင်းမှာ ရှိခဲ့တယ်။ အလုံးစုံကောင်းကင်ကတော့ အတည်ငြိမ်ဆုံးပဲ။ အများကြီး ထိခိုက်ပျက်စီးခဲ့တာ မရှိဘူး။ ဒါပေမဲ့ တောက်ပသောလေဟာနယ်ကတော့ ဆင့်ခေါ်ခြင်းမြစ်နဲ့ တူတူပဲ။ မဟာမိတ်ဌာနချုပ်ထဲက ခုနစ်ရောင်စုံနယ်မြေကြောင့် ဒီကြယ်အဖွဲ့အစည်းကို နှစ်ဘက်လုံးက ထိန်းချုပ်ထားကြတာ..”
“အရှင်ဟုန်ရှန်က ကျန်တဲ့ခုနစ်ရောင်စုံနယ်မြေတွကို ဖျက်စီးဖို့ ကြိုးစားခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ စတုတ္ထအကြိိမ်တိုက်ပွဲဖြစ်လာခဲ့ရင် အတွင်းအပြင် ညှပ်ပိတ်ခံရမှာ စိုးရိမ်လို့ပဲ…။ ဒါပေမဲ့ သူ အကြိမ်များစွာ ကြိုးစားခဲ့ပြီးပြီး။ ဒါပေမဲ့ အတွင်းနယ်မြေဟာ ဒီနယ်မြေတွေကို ထပ်ဖျက်စီးနိုင်တဲ့ စွမ်းအား မရှိတော့ဘူး။ လူတိုင်းက တံခါးပိတ်ကျင့်ကြံနေရတယ်…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ၏မျက်လုံးထဲတွင် အေးစက်မှု တဖျပ်ဖျပ် ဖြစ်ပေါ်နေသည်။ သူသည် မြေနိမ့်သားရဲခန္ဓာကိုယ်အတွင်း၌ ရှိနေခဲ့စဉ် ခုလောက် အချိန်ကုန်တာ မြန်နေလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။
“ဆင့်ခေါ်ခြင်းမြစ်ဟာ ကျရှုံးခဲ့တယ်။ မဟာမိတ်ဌာနချုပ်ကိုလည်း ပြင်ပနယ်မြေကလူတွေ သိမ်းပိုက်ထားတာ…” ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် တလက်လက် ဖြစ်ပေါ်သည်။
“မင်းကရော ဘာကြောင့် ဒီမှာ ရှိနေတာလဲ…” ဝမ်လင်း၏သတ်ဖြတ်လိုစိတ်က ရွှေရောင်အလင်းတန်းကို အမှုမဲ့အမှတ်မဲ့ စိမ့်ထွက်သွားစေသည်။ ထိုအလင်းက အရှင်မီးတောက်ထံ ကျရောက်လာသည့်အခါ သူသည် ဝမ်လင်းရှေ့၌ ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရ၏။ ဝမ်လင်းသည် ကောင်းကင်နှင့်မြေကြီးအလား။ သူသည် ဝမ်လင်းမှာ အရင်ထက် များစွာ ပိုသန်မာလာခဲ့ပြီဟု ခံစားမိနေခဲ့သည်။
“ချိပ်ပိတ်နယ်မြေအရှင်…သင်က ဒီကို လာခဲ့မယ်လို့ ပြောထားခဲ့တယ်လေ…။ ငါ…ငါ…သင် သေသွားပြီဆိုတာကို မယုံခဲ့ဘူး။ သင် ပေါ်လာတာနဲ့ ဒီနေရာကို လာမယ်လို့ ငါ ခန့်မှန်းခဲ့တာ။ ဒါ့ကြောင့် ငါက ဒီနှစ်တွေမှာ ဒီနေရာကို အကြိမ်ပေါင်းများစွာ လာခဲ့တာပဲ…”
“ဒါ့အပြင် အရှင်ဟုန်ရှန်ကလည်း ဒီနေရာကို လေ့လာစောင့်ကြည့်ဖို့ ငါ့ကို အမိန့်ပေးထားခဲ့သေးတယ်။ ခုနစ်ရောင်စုံနယ်မြေနဲ့ ပတ်သတ်လို့ တစ်ခုခု ဖြစ်ခဲ့ရင် ငါက ဒါကို တင်ပြဖို့ လိုတယ်…” အရှင်မီးတောက်သည် အလွန်အမင်း လေးစားသည့်ဟန် ဖြစ်ပေါ်နေ၏။ သူက ဝမ်လင်း၏မျက်လုံးကိုပင် မကြည့်ဝံ့ချေ။ ထိုရွှေရောင်အလင်းက သူ့ကို ကြောက်လန့်မှု ခံစားရစေ၏။
ဝမ်လင်းသည် စဉ်းစားနေရင်း သူ့ညာလက်ကို ပင့်မြှောက်ကာ အရှင်မီးတောက်ထံ လက်ဝေ့ယမ်းလိုက်ရသည်။ ရွှေရောင်အလင်းတန်းက အရှင်မီးတောက်ထံသို့ ပျံသန်းဝင်သွားကာ သူ၏ခန္ဓာကိုယ်သည် တုန်ယင်သည်။ သူ့မျက်နှာပေါ်ရှိ သွေးကြောများ ဖောင်းကြွလာပြီး ချွေးများ ပြန်လာသည်။ သို့သော် သူ၏မျက်လုံးက ပိုတောက်ပသထက် တောက်ပလာသည်။
ချက်ခြင်းပင် သူသည် နာကျင်စွာ အော်ဟစ်လိုက်မိ၏။ သူ့ခန္ဓာကိုယ်မှ ချွေးများသည် မဲနက်ကာ အနံ့ဆိုးဝါးလှသည်။ သို့သော် သူ၏ ပြန့်ကျဲနေသော အော်ရာကမူ စတင်သိပ်သည်းလာသည်။ သူသည် အဆင့်ချိုးဖျက်မည့် အရိပ်အယောင်ပင် ပြသလာချေသည်။
အရှင်မီးတောက်၏ မျက်လုံးများက တောက်ပနေ၏။ သူ၏ဆံပင်ဖြူများက ရုတ်တရက် နက်မှောင်သွားသည်။ သူ၏ အဘိုးအိုတစ်ယောက်အသွင်က သက်လတ်ပိုင်းအရွယ်သို့ ပြောင်းလဲသွားသည်။ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေကာ သူသည် ဒီခန္ဓာကိုယ်ကို ကြည့်ကာ ပို၍ပင် စိတ်လှုပ်တရှား ဖြစ်လာမိသည်။
“ဒါ…ဒါ…ကျေးဇူး…ကျေးဇူးတင်ပါတယ်…ချိပ်ပိတ်နယ်မြေအရှင်…” အရှင်မီးတောက်၏မျက်လုံးထဲတွင် ဝမ်းမြောက်မှုတို့ ရှိနေ၏။ သူက ဝမ်လင်းကို လေးလေးနက်နက် ဦးညွတ်လိုက်သည်။ သူက ထိုရွှေရောင်အလင်းက သူ၏ခန္ဓာကိုယ်ကို ပြန်လည်မွေးဖွားပေးလိုက်သည်ကို သိပေသည်။
သူက ထိုရွှေရောင်အလင်းက မည်သို့အရာ ဖြစ်သည်ကို မသိပေ။ သို့သော် သူက ထိုအလင်းမှာ အစွမ်းထက်ဇစ်မြစ်တစ်ခုမှ လာမှန်းကိုမူ ခန့်မှန်းမိသည်။
“ဒီနယ်မြေကို ဖျက်စီးပစ်ဖို့ ငါ့နောက် လိုက်ခဲ့…” ဝမ်လင်းသည် အရင်က မဟာမိတ်ဌာနချုပ်၊ အခု ပြင်ပနယ်မြေကျင့်ကြံသူများ သိမ်းပိုက်ထားသော နေရာထံသို့ ဦးတည်၍ ခြေလှမ်းလိုက်လေ၏။
ထိုစကားတစ်ခွန်းဖြင်ပင် ဝမ်လင်း၏ မိမိကိုယ်ကို ယုံကြည်မှုနှင့် ပြတ်သားမှုကို လှစ်ဟ ပြနေ၏။ ထိုစကားက အရှင်မီးတောက်ကိုပါ ယုံကြည်မှု ရလာစေ၏။ ဝမ်လင်းနှင့်သာ သွားပါက ခုနစ်ရောင်စုံနယ်မြေသည် မည်မျှ အန္တရာယ်များပါစေ ရန်သူသည် ဝမ်လင်းကို တစ်စက်မှ ဟန့်တားနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
အရှင်မီးတောက်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် လင်းလက်၏။ သူက ခေါင်းညိတ်လိုက်သည်။ သူသည် စိတ်လှုပ်ရှားမှုကို ဖိနှိပ်လျက် ဝမ်လင်းနောက်သို့ လိုက်လာ၏။ သူက ဝမ်လင်း၏ ရွှေရောင်သမ်းသော ပုံရိပ်ကို ကြည့်မိသည့်အခါ ဝမ်လင်းသည် ဤလောကမှ မဟုတ်သကဲ့သို့ ခံစားမိရသည်။
ထိုရွှေရောင်အလင်းက သူ့ကို အင်မတန်ကြောက်လန့်စေ၏။ သူသည် ဦးညွတ်ပူဇော်လိုစိတ်ပင် ထက်သန်လာရသည်။
အရှင်မီးတောက်သည် ဝမ်လင်းနောက်သို့ လိုက်လာရင်း တလေးတစား ပြောသည်။ “ချိပ်ပိတ်နယ်မြေအရှင်…အုပ်စိုးသူကောင်စီရဲ့ ဒုတပ်မှူး၊ မြင့်မြတ်သောဆရာ ထျန်ကျောက်က မဟာမိတ်ဌာနချုပ်ရဲ့ ခုနစ်ရောင်စုံနယ်မြေထဲမှာ ရှိပါတယ်။ သူက စိတ်ဝိညာဉ်လေဟာနယ်အစောပိုင်းအဆင့် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ပါ။ ဒါ့အပြင် မဟာမိတ်အဖွဲ့အစည်းထဲမှ အတားအဆီးများစွာနဲ့ ရတနာများစွာလည်း ကျန်ရှိနေသေးတယ်။ အရှင်ကျုံးရွှမ်တောင် အသက်ရှင်လျက် ရှိနေနိုင်ပြီး ပြင်ပနယ်မြေရဲ့ ခွေးတစ်ကောင် ဖြစ်နေလောက်တယ်…”
“ပြဿနာမရှိဘူး…” ဝမ်လင်း၏အသံသည် တည်ငြိမ်၏။ သူသည် ကျင့်ကြံခြင်းမဟာမိတ်ဌာနချုပ်နှင့် နီးသထက် နီးကပ်လာသည်။
***