အပိုင်း(၁၆၀၀)
Vol. 116 Ch. 1600
ဝမ်လင်း၏တည်ငြိမ်သော စကားလုံးများက အရှင်မီးတောက်ကို ပိုမို လေးစားသည့်ဟန်ပန် ဖြစ်သွားစေ၏။
ဝမ်လင်း၏အမူအရာသည် တည်ငြိမ်သည်။ မည်သည့်စိတ်ခံစားမှုမျှ ရှိမနေပေ။ သို့သော် သူ့မျက်လုံးထဲရှိ အေးစက်မှုကတော့ သူ့ရှေ့ရှိ လောကကိုပင် အေးခဲသွားစေနိုင်သည်။ သူက နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်၏။
ထိုခြေလှမ်းဖြင့် လောကသည် တွန့်ခေါက်ပုံပျက်ကာ မရေမတွက်နိုင်သော ဟင်းလင်းပြင်းအက်ကြောင်းများ ပျက်စီးကုန်သည်။ ဝမ်လင်းသည် အရှင်မီးတောက်ကိုပါ ခေါ်လာပြီး အကွာအဝေးများစွာကို ဖြတ်သန်းကာ မဟာမိတ်ဌာနချုပ် အပြင်ဘက်တွင် ပေါ်လာသည်။
ဝမ်လင်း၏ ရှေ့တွင် ငြိမ်သက်စွာ လည့်ပတ်နေသော ဝဲကတော့ကြီးတစ်ခု ရှိ၏။ ၎င်းက တစ်ကြိမ်လှည့်ပတ်တိုင်း မူလစွမ်းအင်များ ဝဲကတော့တွင်းသို့ စုပ်ယူခံရသည့်နှယ်။
သူ၏ရှေ့ရှိ ဧရာမဝဲကတော့ကို ကြည့်ကာ ဝမ်လင်းသည် အတိတ်ကို ပြန်တွေးမိ၏။ အတိတ်တုန်းက သူသည် ဒီနေရာသို့ ဝင်ရောက်နိုင်စွမ်းမရှိခဲ့၊ သို့မဟုတ် ဝင်ရောက်နိုင်မည့် အရည်အချင်း မရှိခဲ့ပေ။
သူ ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ကျင့်ကြံသူလေး ဖြစ်ခဲ့ချိန်က ဤနေရာသည် တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်း၏ အထွတ်အထိပ် ဖြစ်ခဲ့သည်။ ကျင့်ကြံခြင်းမဟာမိတ်၏ ဌာနချုပ်။
အတိတ်တုန်းက ကျင့်ကြံခြင်းမဟာမိတ်သည် တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်း၏ အုပ်ချုပ်သူ ဖြစ်ကာ ၎င်း၏စွမ်းအားက ဒီကြယ်အဖွဲ့အစည်းတခွင် လွှမ်းမိုးပျံ့နှံ့သည်။ သို့ပေမည့် အလုံးစုံကောင်းကင်နှင့်တိုက်ပွဲ၊ ချင်းရွှေ ဝင်ရောက်လာမှုကြောင့် မဟာမိတ်သည် ပြိုလဲခဲ့ရသည်။ ထို့နောက် ဌာနချုပ်သည် ၎င်းဘာသာ အတွင်းဘက်ကနေ ချိပ်ပိတ်သွားခဲ့လေ၏။
အခု ဝမ်လင်းက သည်နေရာသို့ ရောက်နေပြီး မဟာမိတ်ဌာနချုပ်ကို ကြည့်နေလျက် သူ့ဟာသူသာ ကြားရနိုင်သည့် စကားလုံးအချို့ကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“စီနီယာအစ်ကို ချင်းရွှေ၊ သင် အသက်ရှင်နေရမယ်…” ဝမ်လင်းသည် သက်ပြင်းချကာ သူ့ညာလက်ကို ပင့်မြှောက်လိုက်ပြီး ဧရာမဝဲကတော့ထံ လက်ညွှန်လိုက်သည်။
ထိုလက်ညွှန်ချက်နှင့်အတူ သူ့လက်ချောင်းမှ ရွှေရောင်အလင်း တောက်ပသွားသည်။ ထိုရွှေရောင်အလင်းသည် ပျံသန်းထွက်ကာ ဝဲကတော့ပေါ်သို့ ကျရောက်သည်။ ထိုအခိုက်တွင် တုန်လှုပ်ဖွယ်မြည်ဟည်းသံသည် စတင် ပဲ့တင်ထပ်သည်။
ဝဲကတော့သည် တုန်ယင်ကာ တဖြည်းဖြည်း လည်ပတ်နေရာကနေ ရပ်တန့်သွားသည်။ ထိုမြင်ကွင်းသည် အရှင်မီးတောက်ကို မျက်လုံးပြူးသွားစေ၏။ သူသည် ဝမ်လင်းမှာ အစွမ်းထက်လှသည်ကို ခန့်မှန်းမိထားသော်လည်း ဒီမြင်ကွင်းက သူ့ကို ကြီးစွာ တုန်လှုပ်မိစေတုန်းပင်။
ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းတွင် အကြီးအကဲတစ်ယောက် ဖြစ်ခဲ့ဖူးသူတစ်ယောက်အနေဖြင့် သူသည် ဒီဝဲကတော့သည် ပထမဆုံးချိပ်ပိတ်မှုမှန်း သိထား၏။ ၎င်းကို ကျင့်ကြံခြင်းမဟာမိတ်အတွင်းသို့ ဝင်ရောက်နိုင်မည့် ပထမဆုံးဂိတ်တံခါးဟုလည်း ဆိုနိုင်သည်။
ထိုချိပ်ပိတ်ခြင်းဝဲကတော့သည် ရှေးဟောင်းကျင့်ကြံခြင်းလောကမှ ဆင်းသက်လာခြင်းပင်။ ၎င်းကို မိုးကောင်းကင်ဘုံနယ်မြေ ပျက်စီးခဲ့ချိန်၌ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့က ရရှိခဲ့ခြင်းပင်။ နောက်ပိုင်းတွင် တခြားသူများကပါ အားဖြည့်ခဲ့သည့်အတွက် ဒီဝဲကတော့သည် အလွန်အစွမ်းထက်သော အစီအရင်တစ်ခု ဖြစ်လာခဲ့ပေသည်။
၎င်းအစီအရင်အသက်ဝင်သည်နှင့် ဘယ်တော့မှ ရပ်တော့မည် မဟုတ်ဘဲ လောကမှ စွမ်းအားကိုလည်း အဆက်မပြတ် စုပ်ယူလိမ့်မည်ဖြစ်ရာ ယင်းအစီအရင်ဝဲကတော့သည် ပိုသန်မာလေနေမည်ပင်။
အတွင်းနယ်မြေမှ ကျင့်ကြံသူများသည် မတူညီသော ခုနစ်ရောင်စုံနယ်မြေများထံ လူစုခွဲသွားခဲ့သော်လည်း အရှင်လုဖူ၊ ဆင့်ခေါ်ခြင်းမြစ်မှ တတိယအဆင့်ကျင့်ကြံသူတို့နှင့်အတူ ကျင့်ကြံသူများစွာက ဒီ မဟာမိတ်ဌာနချုပ်တွင် ရှိနေခဲ့၏။ သူတို့သည်ပင် ဒီဝဲကတော့ကို ရပ်တန့်သွားအောင် လုပ်နိုင်စွမ်း မရှိဘဲ အရှိန်နှေးသွားအောင်သာ လုပ်နိုင်ခဲ့သည်။
အရှင်မီးတောက်က ဝမ်လင်း၏ သာမန်ကာလျှံကာ လက်ညွှန်မှုက ဒီဝဲကတော့ကို ရပ်တန့်သွားစေသည့်အခါ သူသည် ကြောင်ငေးမိသွား၏။
“ ဒီကျင့်ကြံမှုက ဘယ်လိုအရာမျိုးလဲ…” အရှင်မီးတောက်သည် ဝမ်လင်း၏နောက်ကျောကို အထိတ်တလန့် ကြည့်မိ၏။
ဝမ်လင်း၏အမူအရာသည် ပုံမှန်အတိုင်းပင်။ သူက ရှေ့သို့ လက်ညွှန်လိုက်ရာ ဝဲကတော့ ရပ်သွားသည်နှင့် ဘေးတစ်ဖက်သို့ လက်ဝေ့ယမ်းလိုက်သည်။ ဝဲကတော့သည် တုန်ဟည်းကာ ကျယ်လောင်သောမြည်သံများ ထုတ်လွှတ်လာသည်။ ကျင့်ကြံသူထောင်ချီသည် ရုတ်တရက် ဝဲကတော့ထံမှ ပေါ်လာ၏။ သူတို့အားလုံး၏ မျက်ခုံးများကြားတွင် အမှတ်အသားများ ရှိနေကြသည်။ သူတို့မှာ ပြင်ပနယ်မြေမှ ကျင့်ကြံသူများ ဖြစ်၏။
“ဘယ်သူ ချိုးဖျက် ဝင်လာရဲတာလဲ…”
“အတွင်းနယ်မြေက ပုရွတ်ဆိတ်တွေ…မင်းတို့တွေ သေချင်နေတာလား…”
“ဟားဟား တိတ်ဆိတ်နေတာ နှစ်ပေါက်လာတော့ နောက်ဆုံးမှာ ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားလာတဲ့ တစ်စုံတစ်ယောက် ရှိလာပြီပေါ့။ ဒီအဘိုးအိုက မင်းတို့ လူ ဘယ်လောက်များများ ရောက်လာလဲ မြင်ချင်မိတယ်…”
ထိုသူများသည် အော်ဟစ်လိုက်ပြီးနောက် လူသတ်လိုသော ဟန်ပန်များကို လှစ်ဟဖော်သည်။ သူတို့က သွေးဆာနေသည့်ဟန် ပေါက်နေ၏။ သူတို့သည် အချိန်အတန်ကြာ တိုက်ခိုက်ခြင်းကနေ ရပ်ထားရသဖြင့် ဖိနှိပ်ထားရသော သတ်ဖြတ်လိုစိတ်သည် နောက်ဆုံးတွင် ပေါက်ကွဲထွက်လာလေပြီ။ အခု တစ်စုံတစ်ယောက်က ချိုးဖျက် ဝင်လာသည့်အခါ သူတို့သည် စိတ်လှုပ်ရှားလာသည်။
ချက်ခြင်းပင် ကျင့်ကြံသူထောင်ချီသည် ဝဲကတော့အတွင်းမှ ထိုးထွက်လာ၏။ ကြမ်းကြုတ်သောအော်ရာတစ်ခု ပေါက်ကွဲထွက်လာကာ ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါမည့် ဟိန်းအော်သံများ ထွက်ပေါ်သည်။
“လူနှစ်ယောက်တည်းလား…”
“ပုရွတ်ဆိတ်နှစ်ကောင်တည်း သေချင်လို့ လာရဲတာလား…”
“အာ…ဒီလူ…ဒီလူက…” ထိုကျင့်ကြံသူထောင်ချီသည် မူလတုန်းက ကြမ်းကြုတ်ရက်စက်မည့် ဟန်ပန်များနှင့် ပြည့်နေ၏။ သို့ပေမည့် သူတို့ထဲမှ အချို့သည် ဝမ်လင်း၏မထူးခြားနားအကြည့်ကို မှတ်မိသွားကြသည်။ သူတို့၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ သူတို့၏ ရက်စက်မည့်ဟန်ပန်၊ စိတ်လှုပ်ရှားသည့် အမူအရာသည် ပြိုလဲကာ မယုံကြည်နိုင်မှုနှင့် အကြောက်တရားက အစားထိုး ဝင်ရောက်လာသည်။
“ဒါက…သူ…သူက ချိပ်ပိတ်နယ်မြေအရှင်…”
“ချိပ်ပိတ်နယ်မြေရဲ့ အရှင်ပဲ…”
“သူ မသေသေးဘူးလား။ သူ…သူက ချိပ်ပိတ်နယ်မြေအရှင်ပဲ…” သံပြိုင်အော်ဟစ်မှုကို ဖြစ်စေကာ တိုးဝင်လာသော ကျင့်ကြံသူထောင်ချီသည် အားလုံး နောက်ပြန်ဆုတ်ကုန်သည်။ သူတို့ထဲက မည်သူကမျှ ရှေ့သို့ ခြေလှမ်းတစ်ဝက်ပင် မလှမ်းဝံ့တော့ချေ။
သူတို့၏အမူအရာများသည် ထိတ်လန့်မှုများနှင့် ပြည့်နှက်ကုန်သည်။ ဝမ်လင်း၏ပုံရိပ်က သူတို့ထံ၌ ကပ်ငြိတွယ်နေသော အိပ်မက်ဆိုးပင်။ ထိုကျင့်ကြံသူအများစုသည် တတိယအသုတ်စစ်တပ်တွင် ပါဝင်ခဲ့ဖူးကြ၏။ သူတို့က ဝမ်လင်းကို တွေ့မြင်သည့်အခါ အတိတ်တုန်းက ကြောက်ရွှံ့မှုများ ပြန်ပေါ်လာသည်။
“ဒါက တကယ် သူ ဖြစ်နေတာပဲ…”
“ပထမဆုံးစစ်ပွဲကွင်းပြင်မှာ ချိပ်ပိတ်နယ်မြေအရှင်က ပြင်ပနယ်မြေ ကျင့်ကြံသူတွေ အများအပြားကို သတ်ဖြတ်ခဲ့ပြီး ဖျက်စီးခဲ့တယ်…”
အချို့လူများဆို ဝမ်လင်းကို မြင်သည်နှင့် ထိတ်လန့်စွာ အော်ဟစ်မိကုန်သည်။ သူတို့သည် အရာအားလုံးကို မေ့သွားသည့််အလား နောက်ဆုတ်ရန် ကြိုးစားတော့၏။
ထိုကျင့်ကြံသူထောင်ချီသည် ချက်ခြင်းလိုလို ဗြောင်းဆန်ကုန်သည်။
ထိုသည်ကိုကြည့်ကာ အရှင်မီးတောက်သည် တုန်ယင်မိ၏။ သူက အတွင်းနယ်မြေတစ်ခုလုံးတွင် လူတစ်ယောက်ကသာ ထိုသို့ လုပ်နိုင်သည်ကို နားလည်ထားပေ၏။ ဝမ်လင်းကသာ ထိုကျင့်ကြံသူထောင်ချီ၏ စိတ်ဓာတ်ကို ပြိုလဲအောင်လုပ်နိုင်ပေသည်။
သည်အရှိန်အဟုန်၊ သည်ထည်ဝါမှု၊ သည်သတ်ဖြတ်လိုစိတ်မှာ မည်သူကမျှ တုပနိုင်မည့် အရာ မဟုတ်ပေ။ ဤကား ချိပ်ပိတ်နယ်မြေအရှင်ပင်။
ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ ဝဲကတော့သည် တုန်ဟည်းလာပြီး အတွင်း၌ ဧရာမအက်ကြောင်းကြီးတစ်ခု ပေါ်လာသည်။ ဧရာမလက်ကြီးတစ်စုံက ၎င်းကို ဆွဲဖြဲဖွင့်ဟ လိုက်သည့်အလား။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၍ ဝဲကတော့သည် ထက်ပိုင်း ဆွဲဖြဲခံရသည်။ဝမ်လင်းက ရှေ့သို့ လှမ်း၏။ သူသည် နှေးဟန်ရသော်လည်း အမှန်တွင်မူ သူသည် အလွန်မြန်သောနှုန်းဖြင့် ပွင့်ဟသွားသော ဝဲကတော့ထံ ဦးတည်ဝင်လာသည်။
ဝမ်လင်းရှေ့သို့ တိုးဝင်လာသည်နှင့် ဝဲကတော့ပေါ်ရှိ ဆုတ်ပြဲမှုက ပိုပြင်းထန်လာသည်။ ဝမ်လင်းသည် မမြင်ရသောဓားတစ်လက်အလား။ မကြာခင်မှာပင် နီးကပ်လာနေရင်း မမြင်ရသောဓားစွမ်းအင်က သူ့လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်စီးပစ်ပေတော့မည်။
လည်ပတ်နေသော ဝဲကတော့သည် ထက်ပိုင်းဆုတ်ပြဲသွားကာ ဘေးတစ်ဖက်သို့ ပြန့်ကျဲ၏။ ကျင့်ကြံသူရာချီသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး ထိုဝဲကတော့ ပြိုလဲပျက်စီးမှုက သူတို့အပေါ်သို့ သက်ရောက်ကာ သေဆုံးရသည်။
ဝမ်လင်းသည် ရှေ့သို့ တိုးလာရင်း သူက ဝဲကတော့အတွင်းသို့ ခြေလှမ်းလိုက်၏။ ထို့နောက် သူ့ညာခြေထောက်ကို ပင့်မြှောက်ကာ ကြမ်းတမ်းစွာ စောင့်နင်းချလိုက်သည်။
ဟင်းလင်းပြင်သည်ပင် တုန်ယင်လာကာ အက်သံများစွာ မြည်ဟည်း၏။ ပင့်ကူအိမ်သဖွယ် အက်ကြောင်းများ ပေါ်လာကာ ချက်ခြင်း ပျက်စီးသည်။
ဟင်းလင်းပြင် ကိုယ်တိုင်သည်ပင် စတင် ပြိုလဲ၏။ ၎င်းသည် ပြိုလဲနေရင်း ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းသည်။ ရွှေရောင်အလင်းတန်းထိုးထွက်ကာ ရွှေရောင်မုန်တိုင်းတစ်ခု ဒီဧရိယာကို လွှမ်းခြုံ တိုက်ခတ်သည်။
ထိုရွှေရောင်မုန်တိုင်း၏အောက်တွင် တိုးဝင်လာသော ကျင့်ကြံသူအားလုံးမှာ သေဆုံးရသည်။ သူတို့သည် တန်ပြန် တိုက်ခိုက်နိုင်ခြင်းပင် မရှိပေ။
ထို့နောက်တွင် ကျင့်ကြံခြင်းမဟာမိတ်ဌာနချုပ် လှစ်ဟပေါ်လာ၏။
မရေမတွက်နိုင်သော ဂြိုဟ်ငယ်များက ဧရာမကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကို ဝန်းရံလို့ထားသည်။ ထိုဂြိုဟ်၏ အောက်ဘက်မှ ကြောက်မက်ဖွယ်သွေးအလင်းကို ထုတ်လွှတ်နေသည်။ အကြည့်တစ်ချက်ဖြင့်ပင် ထိုကျင့်ကြံခြင်းဂြိုဟ်၏ အောက်တွင် ဟင်းလင်းပြင် အက်ကြောင်းတစ်ခု ရှိနေသည်ကို မြင်နိုင်ပြီး သွေးအလင်းက ထိုအက်ကြောင်းထံမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
အရှင်မီးတောက်သည် ဝမ်လင်းနောက်သို့ လိုက်လာရင်း သူက အဖြစ်အပျက်များကို မုန်းတီးစွာ ကြည့်နေ၏။ သူက သူ့ရှေ့ရှိ ဧရာမဂြိုဟ်ကြီးကို ကြည့်ကာ လက်ညှိုးထိုးလိုက်သည်။ “ချိပ်ပိတ်နယ်မြေအရှင်….ဒါက ကျင့်ကြံခြင်းမဟာမိတ် တည်ရှိတဲ့ အဓိကနေရာပဲ။ အရှင်ကျုံးရွှမ်က အဲ့နေရာမှာ ရှိတယ်…”
တစ်ချိန်တည်းမှာ တဂျိန်းဂျိန်းအသံများ အဘက်ဘက်မှ ထွက်ပေါ်လာ၏။ ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ထိုဂြိုဟ်ထံမှ ပြေးထွက်လာကြကာ ကျင့်ကြံသူ ထောင်သောင်းချီ ပေါ်လာသည်။ သူတို့သည် ဝမ်လင်းကို မြင်သည့်အခါ သူတို့၏ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်မှာ ရုတ်တရက် ကွယ်ပျောက်ကုန်ပြီး သူတို့၏အမူအရာများသည် ကြီးစွာ ပြောင်းလဲသွားသည်။
သူတို့သည် ဝမ်လင်းကို မည်သူမည်ဝါမှန်း သိပေ၏။
အရှင်မီးတောက်သည် ထိုကျင့်ကြံသူသောင်းချီကို တွေ့မြင်သည့်အခါ စိတ်ပူပန်လာ၏။ သို့သော် ဝမ်လင်းကို ကြည့်လိုက်သည့်နောက်မှ သူက စိတ်အေးသွားတော့၏။ ဝမ်လင်း၏တည်ငြိမ်သော အမူအရာက သူ့အတွက် ထိုလူများမှာ ပမွှားဟု ဆိုလိုနေသည့်အလား။
“ချိပ်ပိတ်နယ်မြေအရှင်…” ကျင့်ကြံခြင်းဂြိုဟ်ကြီးထံမှ နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်။ ထို့နောက်တွင် အနက်ရောင်မြူများ ပေါ်လာ၏။ ဝတ်စုံနက်အဘိုးအိုတစ်ယောက် လှမ်းထွက်လာသည်။ သူ ပေါ်လာသည်နှင့် ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် စိတ်ဓာတ် ပြန်တက်ကြွလာ၏။
အရှင်မီးတောက်က ခပ်မြန်မြန် ပြောလိုက်သည်။ “သူက မြင့်မြတ်သောဆရာထျန်ကျောက်ပဲ…”
ဝမ်လင်း၏ ဘာမထီအကြည့်က ထိုဝတ်စုံနက်အဘိုးအိုထံသို့ ကျရောက်သွားသည်။ ထို့နောက် သူက ရှေ့သို့ လှမ်းလိုက်သည်။ ဝမ်လင်း လှုပ်ရှားသည်နှင့် ဝတ်စုံနက်အဘိုးအိုက ပြုံး၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ အတိုင်းအဆမဲ့ အပူဇော်ခံမီးတောက်စွမ်းအင်များ ပေါ်လာသည်။
“သူက ချိပ်ပိတ်နယ်မြေအရှင် ဖြစ်နေတော့ကော ဘာအရေးလဲ။ မင်းတို့အားလုံး…ဒီအဘိုးအိုက ချိပ်ပိတ်နယ်မြေအရှင်ကို ဘယ်လို သတ်မလဲ ဆိုတာ စောင့်ကြည့်ချေ။ ငါ သူ့ကို သတ်ပြီးရင် ဒီအဘိုးအိုက ရှေးဟောင်းကြယ်အဖွဲ့အစည်း အဆင့်သတ်မှတ်ချက်မှာ ပထမ ရလိမ့်မယ်…” ဝတ်စုံနက်အဘိုးအိုသည် နှာခေါင်းရှုံ့ကာ ရှေ့သို့ လှမ်းဝင်လာ၏။ သူက သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ အပူဇော်ခံမီးတောက်စွမ်းအင်များသည် နဂါးနက်သုံးကောင် ဖြစ်လာသည်။ ယင်းတို့ကို ဆူးချွန်များက ဖုံးအုပ်ထားကာ ကျာပွတ်နက်သုံးခုနှင့်ပင် တူနေသေးသည်။
စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံသူများ၏ အထူးစွမ်းအင်ဖြစ်သော စိတ်ဝိညာဉ်စွမ်းအားသည် ပျံ့လွင့်လာကာ ထူးဆန်းသော တိုးတိုးရှရှအသံ မြည်လာ၏။ နဂါးသုံးကောင်းသည် ပါးစပ်ဟလာကာ အပူဇော်ခံမီးတောက်တပည့်များ ပါဝင်သော အပူဇော်ခံမီးတောက်နယ်မြေ သုံးခုကို လှစ်ဟပြသည်။ အပူဇော်ခံမီးတောက်များက ထိုနဂါးနက်သုံးကောင်ထံ ဝင်ရောက်နေရင်း အပူဇော်ခံမီးတောက်နဂါးသုံးကောင်အဖြစ်သို့ ပြောင်းလဲသည်။
ဤကား မြင့်မြတ်သောဆရာထျန်ကျောက်၏ ဝှက်ဖဲပင်။ ၎င်းမှာ ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ပင် ကျော်ကြားလှပေ၏။ ထိုနဂါးများသည် အသေများ မဟုတ်ပေ။ သူက အန္တရာယ်အဖုံဖုံကို ဖြတ်ကာ ဆန်းကြယ်သောကုန်းမြေတစ်ခုမှ အစစ်အမှန်နဂါးသုံးကောင်ကို ဖမ်းဆီးထားခဲ့တာ ဖြစ်သည်။
နှစ်ပေါင်းသောင်းချီ သန့်စင်မွန်းမံပြီးနောက် မြင့်မြတ်သောဆရာထျန်ကျောက်က ထိုနဂါးနက်သုံးကောင်က သူ့ကို ပူဇော်အောင် လုပ်နိုင်ခဲ့၏။ သူ၏အပူဇော်ခံမီးတောက် စိတ်ဝိညာဉ်များ ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။
***