သေခြင်းရှင်ခြင်းကို ဘယ်သူက ထိန်းချုပ်နိုင်တာလဲ မေးလိုက်…
Vol. 116 Ch. 1601
မြင့်မြတ်သောဆရာထျန်ကျောက်က မောက်မာဟန်ပြုမူကာ အထင်သေးသလို ကြည့်နေသော်လည်း သူသည် လေးလေးနက်နက် ရှိနေပေ၏။ သူက ဝမ်လင်းကို အရင်က မမြင်ဖူးခဲ့သော်ငြား ချိပ်ပိတ်နယ်မြေအရှင်ဟူသော အမည် နှင့်ပတ်သတ်၍ ပြီးခဲ့သောဆယ်စုနှစ်များအတွင်း မကြာဆိုသလို လူအများ ပြောဆိုခဲ့ကြပေသည်။
အထူးသဖြင့် မီးစာကလေးကလန်ဘိုးဘေးကို ထက်ပိုင်းခြမ်းပစ်ခဲ့ခြင်းက သူ့ကို တုန်လှုပ်စေခဲ့သည်။ သို့ပေမည့် ထိုသို့ဆိုသော်လည်း သူသည် စိတ်ထဲမထားပေ။တကယ်တော့ မီးစာကလေးကလန်ဘိုးဘေးသည် နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်တွင်သာ ရှိပြီး သူ အာရုံစိုက်ဖို့ မထိုက်တန်ပေ။
သူ့ကို အမှန်တကယ် တုန်လှုပ်စေသည်က မြင့်မြတ်သောနန်ကျောက်နှင့် ပတ်သတ်၍ ဖြစ်၏။ မြင့်မြတ်သောနန်ကျောက်က သူနှင့် အလားတူ ကျင့်ကြံမှုအဆင့် ရှိသူပင်။ သို့သော် အဆုံးသပ်၌ နန်ကျောက်သည် ဒီချိပ်ပိတ်နယ်မြေအရှင်ကြောင့် ဆိုးဆိုးရွားရွား သေဆုံးခဲ့ရသည်။
ဝမ်လင်းကို ခု ပထမဆုံးအကြိမ် တွေ့မြင်သည့်အခါ၌လည်း သူသည် မဟာမိတ်ဌာနချုပ်အပြင်ဘက်တွင် နှစ်ပေါင်းများစွာ လည့်ပတ်နေသော ဝဲကတော့ကို ရပ်တန့် ဆုတ်ဖြဲပစ်သော ဝမ်လင်း၏ လုပ်ဆောင်မှုကို စောင့်ကြည့်နေခဲ့၏။ ထိုအဖြစ်က သူ့ဦးရေပြားကို ထုံထိုင်းသွားစေသည်။
သို့ပေမည့် ခုချိန်တွင် သူက ယခုလိုအထင်သေးဟန်ပုံစံဖြင့် ပြောရမည်သာ။ သူကသာ နောက်ဆုတ်လိုစိတ်ကို ပြလိုက်ပါက ကျင့်ကြံသူထောင်သောင်းချီ၏ စိတ်များသည် ချက်ခြင်း ပြိုလဲသွားပေလိမ့်မည်။
“ဒီလူက အတိတ်တုန်းက အစီအရင်စိတ်ဝိညာဉ်ရဲ့ စွမ်းအားကို ငှားယမ်း အသုံးပြုခဲ့တယ်။ သူ့ကျင့်ကြံမှုအဆင့်နဲ့ နန်ကျောက်ကို သတ်နိုင်စရာ နည်းလမ်း မရှိဘူး။ ဒီနေ့ သူက ဝဲကတော့ကို သူ့ရဲ့ အတားအဆီးပညာရပ်ပေါ် နားလည်မှုနဲ့ ရပ်တန့်စေခဲ့တယ်။ ဒီအဘိုးအိုက ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန် မရှိရင် သူ အရာအားလုံးကို လုပ်နိုင်တယ်ဆိုတာ မယုံဘူး…”
မြင့်မြတ်သောဆရာနန်ကျောက်သည် ခုနစ်ရောင်စုံနယ်မြေအတွင်းရှိ အကြောင်းကို စဉ်းစားလိုက်ပြီးနောက် တည်ငြိမ်လာ၏။ ထိုအခိုက်အတန့်တွင် သူသည် သူ၏အင်္ကျီလက်အိုးကြီးကို ဝေ့ယမ်းလိုက်ရာ အပူဇော်ခံမီးတောက်နဂါးသုံးကောင်သည် ဝမ်လင်းထံ တရှိန်ထိုး ဝင်လာ၏။
ပြင်ပနယ်မြေမှ ကျင့်ကြံသူထောင်သောင်းချီသည်လည်း စိတ်ပူပန်နေကြ၏။ ဝမ်လင်း ပေါ်လာသည်မှာ ရုတ်ချည်းဆန်လှသည်။ သူတို့၏ အတွေးများကို မထိန်းငြှိနိုင်ခင်မှာပင် သူတို့သည် ကြောက်ရွှံ့မှုများဖြင့် ပြည့်ကုန်သည်။ သူတို့သည် မခုခံဝံ့ဘဲ ဖြစ်ရ၏။
ဝမ်လင်းသည် အတိတ်တုန်းက သူတို့အပေါ်၌ အထင်ကြီးမှုကို ချန်ထားခဲ့ပြီး ဖြစ်သည်။
ပထမတိုက်ပွဲမတိုင်ခင်က ရှေးဟောင်းကြယ်အဖွဲ့အစည်းသည် သတ်ရမည့် စာရင်းတွင် ဝမ်လင်းကို နံပါတ်တစ်ထားထားခဲ့၏။ ထိုစဉ်က ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ လူအများစုသည် ထိုအချက်ကို အထင်အမြင် သေးခဲ့ကြသည်။ သို့သော် ပထမဆုံးတိုက်ပွဲပြီးသည့်နောက်တွင် မည်သူကမျှ ထိုအချက်ကို မေးခွန်းမထုတ်ကြတော့ပေ။
ဝမ်လင်းသည် ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို အတော်လေး ကြောက်လန့်စေသော တစ်စုံတစ်ယောက် ဖြစ်နေလေပြီ။
အပူဇော်ခံမီးတောက် နဂါးနက်သုံးကောင်က ကောင်းကင်တုန်လှုပ်ဖွယ် ဟိန်းသံများ ထုတ်လွှတ်ကာ ဝမ်လင်းထံ တိုးဝင်လာကြ၏။ သူတို့ အနားမရောက်လာခင်မှာပင် လေပြင်းတစ်ခုသည် ဝမ်လင်း၏ဆံပင်များကို လွင့်ဝဲသွားစေသည်။
ဝမ်လင်းပတ်လည်ရှိ ဟင်းလင်းပြင်သည်ပင် ထိုလေပြင်းကြောင့် ပျက်စီးရတော့မည့်အလား။ အက်သံများ ထွက်ပေါ်လာကာ ဟင်းလင်းပြင်အက်ကြောင်းများစွာ ပေါ်လာသည်။
အရှင်မီးတောက်က ဝမ်လင်းနောက်တွင် ရှိနေ၏။ သူ့မျက်လုံး သူငယ်အိမ်ပင် ကြုံ့သွားကာ သူ့အမွေးအမျှင်အားလုံး ထောင်မတ်သွားသည်။ သူသည် အနက်ရောင်နဂါးများထံမှ လေပြင်းအတွင်းရှိ ကြောက်ဖွယ်ရာအားတစ်ခုကို ရှင်းလင်းစွာ ခံစားမိနိုင်သည်။
ထိုစွမ်းအားသည် ဟင်းလင်းပြင်ကိုယ်ပါ သူ့ဟာသူ ပြိုလဲ သွားစေနိုင်၏။ ထိုစွမ်းအားတစ်စွန်းတစ်စသာ သူ့ပေါ်သို့ ကျရောက်လာပါက သူ၏ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်မှာ ဖျက်စီးခံလိုက်ရမည်ပင်။ သူသည် အရှင်လုဖူ ရောက်လာခဲ့လျှင်ပင် အရှင်လုဖူပါ နောက်သို့ အမြန်ဆုတ်ရမည်ကို ခံစားမိ၏။ အနည်းငယ်မျှ ဂရုမစိုက်မိသည်နှင့် အရှင်လုဖူသည်ပင် ဒဏ်ရာအပြင်းအထန် ရသွားမည်ပင်။
သို့ရာတွင် ထိုလေပြင်းသည် အရှင်လုဖူကို ထိတ်လန့်စေမည့်၊ သူ့ကို ထိတ်လန့်စေမည် ဖြစ်သော်လည်း ဝမ်လင်းကိုမူ မချိန်းခြောက်နိုင်ပေ။ ဝမ်လင်းသည် တည်ငြိမ်စွာသာ ရှိနေ၏။
ထိုအဖျက်အစီးလေပြင်းက သူ့အတွက် လေပြေလေညှင်းအလား။
“အပူဇော်ခံမီးတောက် နဂါးနက်သုံးကောင်…” ဝမ်လင်းသည် ထိုကြမ်းကြုတ်သော နဂါးနက်များကို ကြည့်နေရင်း သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက သူ၏ကိုယ်တွင်းရှိ တွန်းကန်အား ကန်မထွက်လာစေချင်ပါက သူ့စွမ်းအား၏ နှစ်ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သည်။ နိဗ္ဗာနလေဟာနယ်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပါက ဝမ်လင်းသည် ချက်ခြင်း သတ်ပစ်နိုင်စွမ်း ရှိ၏။ သို့ရာတွင် ထိုစွမ်းအား နှစ်ဆယ်ရာခိုင်နှုန်းသည် စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်ဖို့ကမူ မလုံလောက်သေးပေ။
သို့ပေမည့် သူ ဒီနေ့လုပ်ဆောင်ရမည့် အရာများ ရှိနေပေသည်။ ချင်းရွှေကို ကယ်တင်ခြင်းနှင့် တာအိုစိတ်ဝိညာဉ်ကို ရယူခြင်းက သူ ကျိန်းသေပေါက် လုပ်ဆောင်ရမည့် အရာများပင်။ ဝမ်လင်းက ဆုံးဖြတ်ချက် ချလိုက်ပြီ။
“ခုချိန်မှာ ငါ ဒီတွန်းကန်အားကို လစ်လျူရှုထား ရလိမ့်မယ်။ ဒါက ငါ ဒီတွန်းကန်အားကို ဖိနှိပ်ထားနိုင်မယ့် အချိန်ကို တိုတောင်သွားစေခဲ့ရင်လည်း ငါ ဒီတစ်ကြိမ်တော့ လုပ်မှ ဖြစ်မယ်…” ဆုံးဖြတ်ချက် ချပြီးနောက် ဝမ်လင်းသည် မည်သည့်မန္တာန်ကိုမျှ အသုံးမပြုပေ။ ထိုစဉ် နဂါးနက်သုံးကောင် နီးကပ်လာလေပြီ။ ဝမ်လင်း၏ မျက်လုံးထံမှ ရွှေရောင်အလင်း ဖျပ်ခနဲ လင်းလက် ထုတ်လွှတ်သည်။
ဖျပ်ခနဲအတွင်း ရွှေရောင်အလင်းက ဒီဧရိယာတွင် ပြည့်နှက်သည်။ ဝမ်လင်း၏ပုံရိပ်သည် ထိုရွှေရောင်အလင်းအောက်တွင် ဝေဝါးလာသည်။ ကောင်းကင်တုန်လှုပ်ဖွယ်အော်ရာသည် သူ၏ခန္ဓာကိုယ်မှ ပျံ့လွင့်လာသည်။
ထိုအော်ရာသည် လောကကိုပါ လှုပ်ခါစေနိုင်သည်။ ရွှေရောင်အလင်းက ဒီဧရိယာကို ခြုံလွှမ်းသွား၏။
ဝမ်လင်းထံ တိုးဝင်လာသော နဂါးနက်သုံးကောင်သည် နာကျင်ထိတ်လန့်စွာ အော်ဟစ်ကုန်၏။ ရွှေရောင်အလင်း ရိုက်ခတ်သွားသည့်နောက် ယင်းတို့၏ခန္ဓာကိုယ်များသည် တုန်ယင်ကာ အနားသို့ မချဉ်းကပ်လာဝံ့တော့ပေ။ ထိုနဂါးများက နောက်ပြန်ဆုတ်ချင်၏။
သို့သော် ရွှေရောင်အလင်း ပျံ့နှံ့လာသည့်အခါ အပူဇော်ခံမီးနောက် နဂါးနက်သုံးကောင်သည် ဆယ့်နှစ်ပေခန့်သာ ဆုတ်လိုက်ရပြီးနောက် ဆက်မလှုပ်ဝံ့တော့ပေ။ ၎င်းတို့က ဝမ်လင်းကို ကြောက်လန့်စွာ ကြည့်မိကာ သူတို့၏ခန္ဓာကိုယ်ကြီးများသည်ပင် သေးငယ်သွားစေသည်။ သူတို့၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုက သူတို့ကို ဆွဲချသွားသည့်အလား။
ထိုနဂါးများက ဒီရွှေရောင်အလင်းကို သိပေသည်။
၎င်းတို့၏မှတ်ဉာဏ်အတွင်းနက်ပိုင်း၌ ထိုရွှေရောင်အလင်းမှာ ဖျောက်ဖျက်မပစ်နိုင်သော တစ်စုံတစ်ရာ ဖြစ်နေသည်။
ထိုနဂါးများက ငယ်ရွယ်စဉ်တည်းက မြင့်မြတ်သောဆရာထျန်ကျောက်၏ ဖမ်းဆီးခြင်း ခံခဲ့ရသော်လည်း အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များအဖြစ် သန့်စင်ခြင်း ခံခဲ့ရသော်လည်း သူတို့၏အမွေအနှစ်တွင်းရှိ ထိုရွှေရောင်အလင်းနှင့် ပတ်သတ်သော မှတ်ဉာဏ်ကိုမူ မဖျောက်ဖျက် ပစ်နိုင်ပေ။
ထိုနဂါးများသည် ဟိုးလွန်ခဲ့သော လွန်ခဲ့သော အချိန်များက ထိုရွှေရောင်အလင်းကို ပိုင်ဆိုင်ထားသူ မှန်သမျှသည် လောက၏ အထွတ်အထိပ်တွင် ရပ်တည်ခဲ့ကြသူများဟု ရှင်းလင်းစွာ မှတ်မိသည်။ သူတို့၏မိဘများသည်ပင် ထိုရွှေရောင်အလင်းကြောင့် တုန်ယင်ခဲ့ရသည်သာ။
သူတို့သာ ထိုရွှေရောင်အလင်းကို အံတုဝံ့ပါက သူတို့၏နဂါးနက်ကလန်တစ်ခုလုံး အမြစ်ဖျက် ချေမှုန်း ခံရလိမ့်မည်။
သို့သော် ဒီရွှေရောင်အလင်းက သူတို့၏မှတ်ဉာဏ်များအတွင်းမှ အလင်းထက် များစွာ ပိုသန့်စင်နေသည်။ ယင်းမှာ အလွန်တရာ စစ်မှန်သော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ပင် ဖြစ်သည်။
၎င်းနဂါးများ တုန်ယင်နေရင်း တစ်ကောင်သည် တောင့်မခံနိုင်တော့ဘဲ ထိတ်လန့်စွာ အော်ဟစ်လိုက်၏။ ၎င်း၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သွေးနက်များမှာ ၎င်း၏ကြေးခွံများထဲမှ စိမ့်ထွက်လာ၏။
ကျန်သည့် နဂါးနှစ်ကောင်ကလည်း ထိတ်လန့်တကြား အော်ဟစ်ကာ သွေးများစွာ ထွေးထုတ်သည်။ တုန်ယင်နေလျက် ၎င်းတို့သည် ရစ်ခွေကာ ဝမ်လင်းကို စတင် ပူဇော်သမှု ပြုသည်။
ထိုရွှေရောင်အလင်းတန်းနှင့် ထိမှန်ခြင်း ခံရသော ကျင့်ကြံသူထောင်သောင်းချီမှာလည်း အတိုင်းမသိထိတ်လန့်ကြောက်ရွှံ့မှုကို ခံစားမိသည်။ ဝမ်လင်းထံမှ အော်ရာဖြင့်ပင် သူတို့အားလုံး တုန်ယင်ရ၏။ သူတို့သည် သေမျိုးများက တန်ခိုးရှင်တစ်ယောက်ဖြင့် တွေ့ဆုံသည့်အလား။
ထိုရွှေရောင်အလင်းထံမှ မမြင်ရသော ခမ်းနားထည်ဝါမှု ထွက်ပေါ်နေ၏။ ကျင့်ကြံသူထောင်သောင်းချီထဲမှ တစ်ယောက်သည် ဆက်တောင့်မခံနိုင်တော့ဘဲ သွေးအန်ထုတ်လိုက်၏။ သူ့ဒူးမှာ ညွတ်ကျလာသည်။ သူက ဒူးထောက်ရ၏။ သူသာ ဒူးထောက်ပြီး ပူဇော်သမှု မပြုပါက သူ့စိတ်မှာ ပြိုလဲပျက်စီးသွားရလိမ့်မည်။
သွေးအန်လျက် ထိုသူက ဒူးထောက်ချလိုက်သည်။
သူ့ဘေးမှ ပြင်ပနယ်မြေမှ ကျင့်ကြံသူများစွာသည်လည်း ထိုနည်းလည်းကောင်းပင်။ သူတို့အားလုံး သွေးအန်ကာ ဒူးထောက်လိုက်ကြ၏။ ကျင့်ကြံသူထောင်သောင်းချီ ဒူးထောက်ချလိုက်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ မားမားရပ်နိုင်သည့် ခွန်အား ရှိမနေပေ။
ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ အလွန်သန့်စင်မြင့်မြတ်သော သွေးမျိုးဆက်ရှိနေပြီး ဒီလောကရှိ ကျင့်ကြံသူအားလုံးက သူ့ကို ပူဇော်ရမည့်အလား။
ကျင့်ကြံသူတစ်ယောက် ဖြစ်နေသ၍ သူတို့သည် သူတို့၏စိတ်ဝိညာဉ်တွင်းမှ ကြောက်ရွှံ့မှုကို မခုခံနိုင်ပေ။ ထိုအခိုက်တွင် သူတို့သည် အတွင်းနယ်မြေ၊ အပြင်နယ်မြေများ အားလုံးကို မေ့သွားခဲ့ပေပြီ။ ခုချိန်တွင် သူတို့အားလုံးသည် ဝမ်လင်းကို သူတို့၏အထက်တွင် ရပ်တည်သော ဘုရင်တစ်ပါးအလား ကြည့်မြင်သည်။
ကျင့်ကြံသူထောင်သောင်းချီက ဒူးထောက်လျက် နဂါးနက်သုံးကောင်က အညံ့ခံလိုက်ပြီ။ သေခြင်းရှင်ခြင်းကို မည်သူက ထိန်းချုပ်သနည်းဟု ကောင်းကင်နှင့်မြေကြီးကို မေးနိုင်သည်။
တည်ငြိမ်သေ ဟန်ပန်ဖြင့် ဝမ်လင်းသည် မြင့်မြတ်သောဆရာထျန်ကျောက်ထံ ဦးတည်၍ လှမ်းလျှောက်လာသည်။
အရှင်မီးတောက်သည် အာစေးမိနေ၏။ သူသည် ဖြစ်ပျက်သမျှကို စိုက်ကြည့်နေရင်း သူ့စိတ်မှာ ဗလာကျင်းမိနေ၏။ သူသည် သူ တွေ့မြင်ရသည့်အရာကို မယုံကြည်ဝံ့ဘဲ ဖြစ်နေသည်။
မြင့်မြတ်သောဆရာနန်ကျောက်က ထိုရွှေရောင်အလင်းကို တွေ့မြင်လိုက်သည်နှင့် သူ့မျက်လုံးထဲတွင် ထိတ်လန့်မှုတို့ ကြီးစိုးလာကာ သူသည် အထိန်းအချုပ်မဲ့စွာ အော်ဟစ်လိုက်၏။ သူက ထိုရွှေရောင်အလင်းကို တွေ့မြင်သည့်အခါ တစ်ခုခုကို မှတ်မိသွားသည့်အလား။ သူ၏အမူအရာသည် ကြီးစွာ ပြောင်းလဲကာ အရူးအမူး နောက်ဆုတ်တော့၏။
ပြင်ပနယ်မြေနှင့်အတွင်းနယ်မြေကြား တိုက်ပွဲ၊ ဂုဏ်မာန၊ အုပ်စိုးသူကောင်စီ၏အမိန့်…။ သူသည် ထိုအရာများအားလုံးကို မေ့သွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး အလျင်အမြန် နောက်ဆုတ်တော့သည်။
“ဒါ မဖြစ်နိုင်ဘူး။ ဒါ…ဒါ…ဒီရွှေရောင်အလင်းက…”
ဝမ်လင်း၏ပုံရိပ်သည် တည်ငြိမ်သည်။ လူတိုင်းသည် အရှင်သခင်တစ်ယောက်၏ အော်ရာကို မြင်နိုင်ပေမည်။ သူသည် မြင့်မြတ်သောဆရာထျန်ကျောက်ထံ လှမ်းလာကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ရွှေရောင်မုန်တိုင်းတစ်ခု ပေါ်လာကာ ဧရာမရွှေရောင်လက်သီးအဖြစ် ဖွဲ့စည်းသည်။ ၎င်းက လေဟာနယ်ကို ချိုးဖျက်ကာ မြင့်မြတ်သောဆရာထျန်ကျောက်၏ ခန္ဓာကိုယ်ရှေ့ ရောက်လာသည်။
ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး ထျန်ကျောက်သည် သွေးအန်လိုက်ရ၏။ သူ၏ခန္ဓာကိုယ်မှာ တစစီ ဖြစ်သွားသည်။ အပူဇော်ခံမီးတောက်များစွာက နောက်ထပ်ခန္ဓာကိုယ်တစ်ခု ဖွဲ့စည်းလိုသည့်ငှာ ပေါ်လာ၏။
လက်သီးချက်ပြီးနောက် ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ သူ၏ညာမျက်လုံးမှ ရွှေရောင်မိုးကြိုး ထွက်ပေါ်လာသည်။ မဟာမိတ်ဌာနချုပ်သည် ရွှေရောင်မိုးကြိုးနှင့် ပြည့်နှက်သွား၏။ ရွှေရောင်မိုးကြိုးတန်းတစ်ခုက မြင့်မြတ်သောဆရာထျန်ကျောက်၏ မူလစိတ်ဝိညာဉ်ပေါ်သို့ သက်ဆင်းလာသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၍ ထျန်ကျောက်သည် နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရ၏။
“ကောင်းကင်ဘုံမိုးကြိုး…ဒါက ကောင်းကင်ဘုံမိုးကြိုးပဲ…” မြင့်မြတ်သောဆရာထျန်ကျောက်သည် မူလစွမ်းအင်အနှစ်သာရ ပါးစပ်အပြည့် အန်ထုတ်လိုက်ရ၏။ သူ၏မျက်လုံးများထဲ၌ အတိုင်းမသိ ကြောက်ရွှံ့မှု ပြည့်နှက်ကာ သူသည် နောက်သို့ ကမန်းကတမ်း ဆုတ်သည်။
“ကောင်းကင်ဘုံသား…မင်းက အစစ်အမှန်ကောင်းကင်ဘုံသားပဲ…” ထျန်ကျောက်သည် စဉ်းစားဉာဏ်လွတ်ကင်း လုနီးပါး ဖြစ်ရကာ ခုခံမည့်ဆန္ဒအားလုံးကိုလည်း လက်လွှတ်လိုက်၏။ သူသည် မခုခံဝံ့ပေ။ အတိတ်တုန်းက သူ နဂါးနက်သုံးကောင်ကို ဖမ်းဆီးခဲ့ချိန်က သူသည် အရင်က ကောင်းကင်ဘုံသားတစ်ယောက်ထံမှ ထိုကဲ့သို့ ရွှေရောင်အလင်းကို တွေ့မြင်ခဲ့ဖူးသည်။ ထိုစဉ်က ထိုသူ၏ အကြည့်တစ်ချက်ဖြင့်ပင် သူသည် ဆယ်နှစ်တိုင်တိုင် မေ့မြောသွားခဲ့ဖူးသည်။
ဝမ်လင်းသည်လည်း သူ၏ခန္ဓာကိုယ်တွင်းမှ ပြင်းထန်သောနာကျင်မှုကို ခံစားရ၏။ တွန်းကန်အား ပေါက်ကွဲထွက်လာမည့် အရိပ်အယောင် ပြလာသည်။ သူက ၎င်းကို အာရုံမစိုက်ရန် ဆုံးဖြတ်လိုက်ပြီး လက်ဝေ့ယမ်းလိုက်၏။ သူက နောက်ဆုတ်နေသော မြင့်မြတ်သောထျန်ကျောက်ထံ လက်ညွှန်လိုက်ရာ သူ၏ဘယ်မျက်လုံးမှ ရွှေရောင်မီး ပျံသန်းထွက်လာ၏။ ထိုရွှေရောင်မီးပင်လယ်သည် ထျန်ကျောက်ကို ချက်ခြင်း လွှမ်းခြုံသွားသည်။ ထို့နောက် အင်ပါယာမီးပြင်းဖို ပေါ်လာကာ အရာအားလုံး လက်စသပ်သွားတော့၏။
မြင့်မြတ်သောဆရာ ထျန်ကျောက်၏ မူလစိတ်ဝိညာဉ်သည် ချက်ခြင်း စုဆောင်းခံလိုက်ရလေပြီ။
ဝမ်လင်းသည် တစ်ချိန်လုံး စကားတစ်ခွန်းမှ မဆိုခဲ့ပေ။ သို့ပေမည့် သူ မြင့်မြတ်သောဆရာထျန်ကျောက်ကို လွယ်ကူစွာ သတ်ပစ်ခဲ့သည့်အခါ၌ သူသည် သူ၏အမေးကို တိတ်ဆိတ်စွာ ပြုလုပ်ခဲ့သည်။
သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်သည်မှာ မည်သူနည်းဟု ကောင်းကင်နှင့်မြေကြီးကို မေးပါ။
***