အရှင်လုံဖန်…
Vol. 116 Ch. 1602
ပြင်ပနယ်မြေမှ ကျင့်ကြံသူများ နေရာတွင် ဒူးထောက်လျက် ရှိနေစဉ် ဝမ်လင်းသည် ဧရာမကျင့်ကြံခြင်းဂြိုဟ်ကို ကြည့်နေ၏။ သူသည် တည်ငြိမ်နေပေသည်။ သို့သော် သူ၏ညာမျက်လုံးထဲရှိ ရှေးဟောင်းမိစ္ဆာကြယ်များသည် တဖျပ်ဖျပ် လင်းလက်နေ၏။ တွန်းကန်အားက ရုန်းကြွလာ၏။ သို့သော် သူက ၎င်းကို ဆက်တိုက် ဖိနှိပ်ထားရာ သို့ဖြစ်သည့်အတွက် မည်သူကမျှ သတိ မပြုမိကြပေ။
သူ့ခန္ဓာကိုယ်ထဲရှိ ထိုတွန်းကန်အားကို ဖိနှိပ်ထားရင်း ဝမ်လင်းက ကျင့်ကြံခြင်းဂြိုဟ်ကြီးကို ကြည့်နေ၏။ ထိုဂြိုဟ်ပတ်လည်တွင် အတားအဆီးတစ်ခု ရှိနေသည်။ ၎င်းမှာ ဝဲကတော့ပြီးနောက် မဟာမိတ်ဌာနချုပ်သို့ ဝင်ရောက်ရမည့် ဒုတိယဂိတ်ပေါက်ဝ ဖြစ်ရမည်။
ထိုအတားအဆီးက အလွန်ရှုပ်ထွေး၏။ ၎င်းက ဘေးပတ်လည်ရှိ ဂြိုဟ်ဆယ့်နှစ်ခုကို အသုံးပြု၍ အစီအရင်ပတ်လမ်းတစ်ခုကို ဖန်တီးထားသော အစီအရင်ပင်။
ဝမ်လင်းသည် အရင်က ဒီလိုအစီအရင်မျိုးကို မမြင်ဖူးခဲ့ပေ။ ထိုအစီအရင်ကို တွေ့မြင်လိုက်ရပြီးနောက် ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာသည်။
“ဒီဂြိုဟ်က စိတ်ဝင်စားစရာပဲ။ အရှင်မီးတောက်…သင် မဟာမိတ်အကြီးအကဲ တစ်ယောက် ဖြစ်ခဲ့ချိန်က ဒီဂြိုဟ်နဲ့ ပတ်သတ်လို့ တစ်ခုခုများ ကြားဖူးထားတာ ရှိလား…”
အရှင်မီးတောက်သည် တုန်လှုပ်နေရာကနေ သတိပြန်ဝင်လာ၏။ သူက ပို၍ လေးစားဟန်အမူအရာဖြင့် ခပ်သွက်သွက် ပြောလိုက်သည်။ “ဂျူနီယာက တချို့ကိစ္စတွေကို ကြားဖူးခဲ့ပါတယ်။ ဒီကျင့်ကြံခြင်းဂြိုဟ်ဟာ သဘာဝကနေ ဖြစ်ပေါ်လာတာ မဟုတ်ဘူး။ ကျင့်ကြံခြင်းဂြိုဟ်အများကြီးကို အသုံးပြုပြီး မဟာမိတ်အဖွဲ့အစည်းက သန့်စင်ထားခဲ့တာ။ ဒီဂြိုဟ်ပေါ်မှာ ကျင့်ကြံရင် အားစိုက်ထုတ်ရတာ တစ်ဝက်တိတိ သက်သာပါလိမ့်မယ်…”
“အရှင်လုံဖန်ရဲ့ အမည်မဲ့မန္တာန်အောက်မှာ ဒါက မဟာမိတ်ရဲ့ ဒုတိယမြောက်အစီအရင် ဖြစ်လာခဲ့ပါတယ်။ ဒီအစီအရင်က ဝဲကတော့ထက် အများကြီး ပိုအားကောင်းတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ အပြင်လူတွေကိုတော့ ဒီနေရာကိုလာဖို့ ခွင့်ပြုခဲတယ်။ ဒါ့ကြောင့် ဂျူနီယာက ဒီအစီအရင်ရဲ့ စွမ်းအားကို မမြင်ဖူးခဲ့ပါဘူး…”
ထိုသို့ ပြောလိုက်ပြီးနောက် အရှင်မီးတောက်သည် တစ်ခုခုကို မှတ်မိသွားဟန်တူကာ ဆက်ပြောလာသည်။ “အရှင်လုံဖန်ဟာ မဟာမိတ်အကြီးအကဲခေါင်းဆောင်ပဲ။ သူက အရှင်ကျုံးရွှမ်ရဲ့ ဆရာလည်း ဟုတ်တယ်။ ဒါပေမဲ့ သူ သေသွားခဲ့တာ ကြာလွန်းခဲ့ပါပြီ…”
ဝမ်လင်း၏ မျက်လုံးသည် တလက်လက် ဖြစ်လာသည်။ သူသည် ထိုဂြိုဟ်ကြီးကို ကြည့်နေ၏။ သူသည် အတွင်းမှ အော်ရာလေးခုကို ခံစားမိနိုင်သည်။ အော်ရာသုံးခုသည် တုန်ယင်နေကာ အလွန်ပူပန်နေပုံ ရသည်။
နောက်ဆုံးအော်ရာကတော့ အိပ်စက်နေသည့်ပုံ ရသည်။
ကျင့်ကြံသူထောင်သောင်းချီက သူတို့ ပတ်လည်တွင် ဒူးထောက်နေပြီး တုန်ယင်လို့နေသည်။ ထိုသူတို့၏ စိတ်ထဲတွင် ကြောက်ရွှံ့မှုသာ ကြီးစိုးနေ၏။ သူတို့သည် သူတို့၏ ကံကြမ္မာကို ဆက်၍ မထိန်းချုပ်နိုင်တော့ဘဲ ဝတ်စုံဖြူဖြင့် ချိပ်ပိတ်နယ်မြေအရှင်၏ ထိန်းချုပ်မှုကို ခံထားရပေသည်။
နဂါးနက်သုံးကောင်မှာလည်း ရစ်ခွေကာ တုန်ယင်နေ၏။ ၎င်းတို့၏မျက်လုံးများထဲတွင် ထိတ်လန့်မှုတို့ အထင်းသား။
ဝမ်လင်းက ထိုကျင့်ကြံခြင်းဂြိုဟ်ကြီးထံမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူက သူ၏ကိုယ်တွင်းရှိ တွန်းကန်အားကို ဖိနှိပ်ထားရင်း သူ့ညာလက်ကို ပင့်မြှောက်ကာ နဂါးနက်သုံးကောင်ထံ ဆန့်ထုတ်လိုက်သည်။ နဂါးနက်သုံးကောင်သည် ဝမ်လင်းထံ ပျံသန်းလာကြ၏။
ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ နဂါးနက်သုံးကောင်ထဲမှ တစ်ကောင်သည် သူ့ထံ ပျံလာကာ ဝမ်လင်းက ၎င်းနဂါး၏ လည်တိုင်ကို ဖမ်းဆုပ်လိုက်သည်။
ဝမ်လင်းသည် ထိုနဂါးကို ကြည့်နေရင်း သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူ၏အကြည့်က နဂါးကို ထွင်းဖောက်သွားနိုင်စွမ်း ရှိဟန်တူကာ အတွင်းရှိ အပူဇော်ခံမီးတောက် လောကကို တွေ့မြင်သည်။ ထိုအတွင်း၌ အပူဇော်ခံမီးတောက် စိတ်ဝိညာဉ် ထောင်ချီ ရှိနေကာ ယင်းတို့အားလုံးသည် အတွင်းနယ်မြေမှ ကျင့်ကြံသူများ ဖြစ်မှန်း သိသာသည်။
ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားကာ သူက ခပ်ကြမ်းကြမ်း ဆုပ်ကိုင်ညှစ်ချလိုက်သည်။ ထိုနဂါးနက်သည် အော်မြည်ကာ ဝမ်လင်း၏ညာလက်က ၎င်း၏အတွင်းပိုင်းသို့ ဆန့်ထွက်ဝင်သွား၏။ သူက ဝါးမြိုခံရသော အတွင်းနယ်မြေမှ ကျင့်ကြံသူများကို ဆွဲထုတ်ယူကာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ပို့ဆောင်ပေးလိုက်လေ၏။
ဝမ်လင်းသည် ထိုအပူဇော်ခံမီးတောက်နဂါးကို အရှင်မီးတောက်ထံသို့ ပစ်ပေးလိုက်လေ၏။
“သင် မှတ်မိသေးလား။ သင်နဲ့ငါ ပထမဆုံး စတွေ့ခဲ့တဲ့အချိန်တုန်းက သူက ငါဟာ သင်နဲ့ ကံစပ်တဲ့သူလို့ ပြောခဲ့ဖူးတယ်။ ငါ သင့်ကို ဒါ ပေးလိုက်မယ်။ အပူဇော်ခံမီးတောက်တွေဟာ အဆိပ်ရှိတယ်။ ဒါပေမဲ့ သင့်အတွက်တော့ ဆိုးကျိုးထက် ကောင်းကျိုးက ပိုများလိမ့်မယ်။ ဒီအပူဇော်ခံမီးတောက်တွေနဲ့ဆို အခွင့်အရေးရခဲ့ရင် သင် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ကောင်း ဖြစ်လာနိုင်လိမ့်မယ်…”
အရှင်မီးတောက်သည် အလွန်အမင်း စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်နေသည်။ သူသည် ဝမ်လင်း ချိပ်ပိတ်ထားသော နဂါးနက်ကို ဆုပ်ကိုင်လိုက်၏။ သူ ဘာပြောရမှန်းမသိ ဖြစ်နေသည်။ စိတ်လှုပ်ရှားမှု၊ စိတ်ရှုပ်ထွေးမှုတို့ကို ခံစားနေရရင်း သူက ဝမ်လင်းထံ ဦးညွတ်လိုက်၏။
သူတို့ ပထမဆုံး တွေ့ဆုံခဲ့ချိန်ကို သူ မည်သို့ မမှတ်မိဘဲ နေပါ့မည်နည်း။ သူက သူတို့ဟာ ကံစပ်သည်ဟု ပြောခဲ့သည့်အချိန်က ဟာသတစ်ခုအနေဖြင့် ပြောခဲ့ရုံမျှသာ။ သူက ထိုဟာသသည် တဖြည်းဖြည်း အခုလို ကံမ္မကို ဖန်တီးမိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
“ရှန်ကုံးမိသားစုရဲ့ ရှန်ကုံးဟူလို့ခေါ်တဲ့ ကောင်လေး ရှိတယ်။ သူကော အသက်ရှင်နေသေးလား…” ထို့နောက် ဝမ်လင်းသည် ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို ကြည့်လိုက်၏။ သူ့အတွက် ထိုသူများသည် သေလူများပင်။
အရှင်မီးတောက်က နဂါးနက်ကို လက်ကတုန်ကယင်ဖြင့် သိမ်းဆည်းလိုက်၏။ သူသည် နှစ်ပေါင်းထောင်သောင်းချီ ကျင့်ကြံခဲ့သော မွန်းစတားအိုတစ်ယောက် ဖြစ်ပေသည်။ သူသည် သူ၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်ကာ တလေးတစား ပြောလိုက်သည်။ “ရှန်ကုံးဟူ…ဒီဂျူနီယာ မှတ်မိပါပြီ။ သူ အခု အလုံးစုံကောင်းကင်မှာ ရှိနေပါသေးတယ်…”
ဝမ်လင်းသည် အတိတ်ကို ပြန်အောက်မေ့သွားသည်။ ရှန်ကုံးဟူနှင့် ပတ်သတ်သော မှတ်ဉာဏ် သူ့စိတ်ထဲတွင် ပြန်ပေါ်လာ၏။ အတိတ်တုန်းက သူသည် ရှန်ကုံးဟူထက် အားနည်းခဲ့သည်။ သို့သော် ရှန်ကုံးဟူက ဝမ်လင်းကို သူ၏အရှင်အဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့ပေသည်။ ဝမ်လင်းသည် ထိုအကြောင်းကို ပြန်တွေးမိတိုင်း ပြုံးမိလေ၏။
“ဒီရှန်ကုံးဟူက ငါ့ကို အရင်က ကူညီပေးခဲ့ဖူးတယ်။ မင်း အလုံးစုံကောင်းကင်ကို ပြန်ရောက်တဲ့အခါကျရင် ငါ့အစား သူ့ကို ဂရုစိုက်လိုက်ပါ…” ဝမ်လင်းသည် သူ၏ညာလက်ကို ဝေ့ယမ်းလိုက်ရာ ဒုတိယမြောက်နဂါးနက် ပျံသန်းလာချေသည်။ သူက အတွင်းနယ်မြေမှကျင့်ကြံသူများ၏ စိတ်ဝိညာဉ်များကို ထုတ်ယူပြီး၊ ၎င်းနဂါးကို ချိပ်ပိတ်ပြီးနောက် အရှင်မီးတောက်ထံ ပစ်ပေးလိုက်သည်။
“ဒါကို ရှန်ကုံးဟူထံ ပို့ပေးပါ။ ပြီးတော့ ဒီလက်ဆောင်က သူ ငါ့ကို အရှင်တစ်ယောက်လို သတ်မှတ်ခဲ့တဲ့အတွက်ကြောင့်လို့ သူ့ကို ပြောပြလိုက်…”
အရှင်မီးတောက်သည် ခဏတာ မင်သက်သွား၏။ သူက မနာလိုမိသလိုပင် ခံစားလိုက်ရ၏။ သူသည် မြန်မြန် ခေါင်းညိတ်ကာ ဒုတိယမြောက် အပူဇော်ခံမီးတောက် နဂါးနက်ကို သိမ်းဆည်းလိုက်သည်။
ဝမ်လင်း၏ ရွှေရောင်သမ်းသောအကြည့်က တတိယမြောက် နဂါးနက်ထံ ကျရောက်သွားသည်။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးကာ သူသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မင်း ငါ့စကားတွေကို နားလည်တယ်မလား။ ဒီမှာရှိတဲ့ ကျင့်ကြံသူအားလုံးကို ဝါးမြိုလိုက်၊ ငါ့အတွက် ဒီအစီအရင်ကို ချိုးဖျက်လိုက်။ ဒါဆို ငါ မင်းကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ပေးမယ်…” ထိုနဂါးနက်သည် တုန်ယင်ကာ မော့ကြည့်လာ၏။ ထို့နောက် ၎င်းက လှည့်၍ ဟိန်းသံပေးကာ ပြင်ပနယ်မြေမှ ကျင့်ကြံသူများထံ ပြေးဝင်သွားလေသည်။
ကြယ်များကြား၌ နာကျင်ထိတ်လန့်စွာ အော်သံဟစ်သံများ ပဲ့တင်ထပ်ကုန်၏။ ထိုအော်ဟစ်သံများကို ကြားလိုက်ရသည့်အခါ အရှင်မီးတောက်၏ မျက်လုံးသည်ပင် ဆတ်ခနဲ လှုပ်ခတ်သွား၏။ သူသည် အတွင်းနယ်မြေမှ ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ထိုနဂါးနက်၏ရှေ့တွင် ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် အားနည်းပျက်စီးလွယ်ပုံကို စောင့်ကြည့်နေကာ တုန်လှုပ်မိဆဲပင်။
ထိုအဖြစ်သနစ်ကို ကြည့်၍ ကျေနပ်စွာ ခံစားမိနေရင်း သူက ဝမ်လင်း၏ရက်စက်မှုအပေါ် ပို၍ လေးစားသမှု ပေးမိတော့သည်။
ထိုကျင့်ကြံသူထောင်သောင်းချီသည် ခုခံဖို့ငှာ အစွမ်းမဲ့ရသည်။ နဂါးနက်သည် ကြောက်ရွှံ့မှု၊ မျှော်လင့်ချက်မဲ့မှုတို့နှင့် ပြည့်နှက်နေ၏။ ၎င်းက ဝမ်လင်းထံမှ အသက်ရှင်နိုင်မည့် အခွင့်အရေးတစ်ခုဟု ကြားလိုက်ရသည့်အခါ ရူးသွပ်လုနီးနီး ဖြစ်သွားလေသည်။ ဆယ့်ငါးမိနစ်မပြည့်ခင်မှာပင် ပြင်ပနယ်မြေမှ ကျင့်ကြံသူအားလုံးနီးပါး မကျန်တော့ပေ။
ပြင်ပနယ်မြေမှ ကျင့်ကြံသူအားလုံးသည် ဝါးမြိုခံရကာ သူတို့၏စိတ်ဝိညာဉ်များသည် ၎င်းနဂါး၏ ခန္ဓာကိုယ်တွင်းရှိ အပူဇော်ခံမီးတောက်နယ်မြေ၏ အစိတ်အပိုင်းများ ဖြစ်လာသည်။ ထိုကျင့်ကြံသူများ၏ အသွေးအသားတို့က ၎င်း၏ခန္ဓာကိုယ်နှင့် သမူဟ ဖြစ်သွားရာ ထိုနဂါးသည် ခရမ်းရောင်တောက်ပမှုကို ပေးစွမ်းလေသည်။
၎င်း၏ခန္ဓာကိုယ်ပတ်လည်ရှိ ထက်ရှသော ဆူးချွန်များသည်ပင် အနည်းငယ် ပိုကြီးလာသည်။ ၎င်း၏ခေါင်းထက်ရှိ တစ်ခုတည်းသော ဦးချိုသည်လည်း တစ်လက်မ ကြီးထွားလာသည်။
နဂါးနက်က ပို၍လည်း ရှည်လျားလာ၏။ ၎င်း၏ခန္ဓာကိုယ်သည် ပေသောင်းချီရှည်ကာ ဟိန်းသံပေး၍ ကျင့်ကြံခြင်းဂြိုဟ်ထံ ဦးတည်ဝင်သွားလေ၏။
၎င်းက ချက်ခြင်းလိုလို ဂြိုဟ်အနီးသို့ ရောက်သွားကာ ဝင်ဆောင့်သည်။ ကျယ်လောင်စွာမြည်ဟည်းသံများ ထွက်ပေါ်လာသည်။
ထိုအသံများ ကျယ်လောင်စွာ ပဲ့တင်ထပ်နေတော့၏။ ဧရာမကျင့်ကြံခြင်းဂြိုဟ်မှာ တုန်ယင်လာပြီးနောက် အားတစ်ခုခုဖြင့် ထိန်းချုပ်ထားဟန်ရသော ဂြိုဟ်ငယ်များသည် နဂါးနက်ထံ တိုးဝင်လာကြသည်။
နဂါးနက်က ဂြိုဟ်တစ်ခုနှင့် ဝင်ဆောင့်ရင်း တုန်ခါလှိုင်း ပျံ့နှံ့၏။ နဂါးသည် တုန်ယင်သွားကာ နောက်သို့ ပြန်လွင့်စင်သွားသည်။ ဧရာမဂြိုဟ်ကြီးသည်လည်း တုန်ယင်၏။ ၎င်းပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာသည်။
ဝမ်လင်းသည် နေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေ၏။ သူ၏ခန္ဓာကိုယ်တွင်းရှိ တွန်းကန်အားကို ဖြည်းဖြည်းချင်း ဖိနှိပ်နေရင်း သူက ထိုဂြိုဟ်ကို စိုက်ကြည့်နေသည်။ ဂြိုဟ်ပေါ်တွင် အက်ကြောင်းများ ပေါ်လာသည့်အခါ အိပ်ပျော်နေဟန်ရသော လေးခုမြောက်အော်ရာက ရုတ်တရက် နိုးထလာသည်။
ထိုအော်ရာ နိုးထလာသည့်အခါ ဧရာမဂြိုဟ်သည် အသက်ဝင်လာဟန် ရသည်။ ၎င်းပတ်လည်ရှိ ဂြိုဟ်ငယ်များသည် အတန်းနှစ်ခုသဖွယ် ဖြစ်တည်ကာ တစ္ဆေအလင်းတစ်ခုက ယင်းဂြိုဟ်ငယ်များကို အတူတကွ ချိတ်ဆက်ပေးသည်။ ယင်းတို့သည် ဧရာမဂြိုဟ်ပေါ်ရှိ ဟိုဘက်ဒီဘက်တွင် တည်မှီသည်။
ဧရာမဂြိုဟ်ထံမှ အဖြူရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။ ထိုအဖြူရောင်အလင်းသည် လေထဲသို့ ထိုးတက်လာကာ ဆံဖြူအဘိုးအိုအရိပ်အဖြစ် ပေါ်လာ၏။
ထိုဆံဖြူအဘိုးအို၏အရိပ်ခန္ဓာကိုယ်မှာ ဒီဂြိုဟ်ကြီးနှင့် ချိတ်ဆက်ထားသည့်ပုံ ပေါ်သည်။ သူကိုယ်တိုင်သည်ပင် ထိုဂြိုဟ် ဖြစ်နေသည့်အလား။
“မဟာမိတ်ကို ရန်စတဲ့သူမှန်သမျှ ဖျက်စီးခံရမယ်…” ရှေးဟောင်းအသံတစ်သံသည် ထိုအဘိုးအို၏စိတ်ဝိညာဉ်တွင်းမှ ထွက်ပေါ်လာသည်။ ထိုအသံက ဝမ်လင်း၏စိတ်ဝိညာဉ်နှင့် အရှင်မီးတောက်၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသည်။
အရှင်မီးတောက်က ထိုဆံဖြူအဘိုးအိုကို မြင်သည့်အခါ မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်ကာ အံ့အားတသင့် ဆိုမိ၏။ “အရှင်လုံဖန်…”
အဝေးမှကြည့်ပါက ကျင့်ကြံခြင်းမဟာမိတ်ဌာနချုပ်သည် အလွန်အမင်း တုန်လှုပ်ဖွယ်ရာ ကောင်းသည့်ပုံ ပေါ်နေ၏။ ဧရာမဂြိုဟ်ကြီးသည် ခြေထောက်မရှိသော ခန္ဓာကိုယ်နှင့်တူကာ အတန်းလိုက်ဂြိုဟ်ငယ်များက ၎င်း၏လက်နှစ်ဖက်နှင့် ဆင်တူနေသည်။
ထိုဂြိုဟ်နှင့် ချိတ်ဆက်ထားသော အဘိုးအိုကမူ သည်ခန္ဓာကိုယ်၏ ဦးခေါင်းကဲ့သို့ ဖြစ်နေသည်။
ဤက မည်သို့သော ကျင့်ကြံခြင်းဂြိုဟ်မျိုးနည်း။ ၎င်းမှာ လူတစ်ယောက်အသွင် ဖြစ်နေသည်မှာ ရှင်းနေသည်။
“ဘယ်လောက် သတ္တိကောင်းလိုက်လဲ။ သူက သူမူလစိတ်ဝိညာဉ်နဲ့ ဝိညာဉ်ကို ဒီကျင့်ကြံခြင်းဂြိုဟ်နှင့် ပေါင်းစပ်လိုက်တာပဲ။ ဒီနည်းနဲ့ သူဟာ အင်မောတယ်အဖြစ်ကို ရနိုင်စွမ်း ရှိသွားတယ်…” ဝမ်လင်းသည် ဒီဂြိုဟ်နှင့် ပတ်သတ်၍ တစ်ခုခုမှားနေသလို ခံစားမိခဲ့၏။ ထို့ကြောင့်လည်း သူက နဂါးနက်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုအခိုက်တွင် နောက်ဆုံး၌ သူ အရာအားလုံးကို နားလည်သွားပေပြီ။
အရှင်ကျုံးရွှမ်၏ဆရာ၊ အရှင်လုံဖန်သည် သူ့ဘဝ၏ အဆုံးသပ်ကို ရောက်နေခဲ့စဉ် သူက ဒီတုန်လှုပ်ဖွယ်အကြံကို စဉ်းစားမိတာ ဖြစ်ပေမည်။ ထို့အပြင် သူက ထိုအကြံကိုလည်း ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်ခဲသည်။
မည်သည့်မွန်းစတားအိုကိုမျှ လျှော့တွက်၍ မရပေ။ ထိုသို့သောနည်းလမ်းကို အောင်မြင်အောင် လုပ်နိုင်သော မည်သူမဆို အလွန်တော်သူများသာ ဖြစ်လိမ့်မည်။ ဝမ်လင်းသည် ထိုအဘိုးအိုကို ကြည့်လိုက်၏။ သူတို့သည် ရန်သူများဖြစ်သော်လည်း သူက လေးစားမိပေသည်။
အရှင်မီးတောက်သည် အဖြစ်အပျက်အားလုံးကို ကြည့်နေ၏။ သူလည်း ဉာဏ်ကောင်းလှသူ ဖြစ်ရာ အနည်းငယ်စဉ်းစားပြီးနောက် အဖြစ်သနစ်ကို ဖမ်းဆုပ်မိသွားသည်။
“ငါ အရှင်လုံဖန်နဲ့ တစ်ခါပဲ တွေ့ခဲ့ဖူးတာ။ သူ သေသွားလောက်ပြီလို့ ငါ ထင်နေခဲ့တာ။ ငါ မမျှော်လင့်ထားမိဘူး…။ ဒါကို မထင်ထားမိခဲ့ဘူး…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေရင်း သူက ရှေ့သို့ လက်ညွှန်လိုက်သည်။ နောက်လွင့်လာသော နဂါးနက်သည် စတင်ရုန်းကန်ကာ အော်ဟစ်၏။ ၎င်းသည် ဟိန်းသံပေးကာ ကျင့်ကြံခြင်းဂြိုဟ်ထံ တိုးဝင်လာပြန်သည်။
၎င်းက နီးကပ်လာသည့်အခါ ပါးစပ်ဟလိုက်၏။ ၎င်း၏အပူဇော်ခံမီးတောက်နယ်မြေသည် ပွင့်ဟလာကာ အပူဇော်ခံမီးတောက်စိတ်ဝိညာဉ် မြောက်များစွာသည် ထိုကျင့်ကြံခြင်းဂြိုဟ်ထံ ပျံသန်းလာကြ၏။
သို့ပေမည့် ထိုစဉ် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာသည်။ ထိုကျင့်ကြံခြင်းဂြိုဟ်ထံမှ ဗလုံးဗထွေးအော်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုအော်သံတွင် ရူးသွပ်မှု၊ တုနှိုင်းမဲ့သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေ၏။
ထိုသတ်ဖြတ်လိုစိတ်သည် သတ်ဖြတ်ခြင်းအနှစ်သာရ ဖြစ်နေသည်မှာ ရှင်းလင်းနေသည်။
ဝမ်လင်းသည် ထိုအော်သံနှင့် ရင်းနှီးပေ၏။ ယင်းအသံ ထွက်ပေါ်လာသည်နှင့် ဝမ်လင်း၏အမူအရာသည် ပထမဆုံးအကြိမ် ပြောင်းလဲသွားသည်။ သူ့ထံမှ စိတ်လှုပ်ရှားမှု ပေါ်လာ၏။
“စီနီယာအစ်ကို ချင်းရွှေ…”
***