မင်း ဘာပြောလိုက်တာလဲ…
Vol. 116 Ch. 1604
အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းအတွင်း၌ ပျက်စီးနေပြီး ဖြစ်သော မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် မည်သည့် သက်ရှိအရိပ်အယောင်မှ ရှိမနေပေ။
ကျိုးပြတ်နေသော ဟင်းလင်းပြင်အက်ကြောင်းများက ပေါ်လိုက်ပျောက်လိုက် ရှိနေ၏။
ထိုအပျက်အစီးမိုးကြိုးကောင်းကင်ဘုံနယ်မြေအတွင်းနက်ပိုင်း၌ အလင်းစက်ဝန်းတစ်ခု ရှိနေ၏။ ထိုစက်ဝန်းသည် ပေတစ်သောင်းနီးပါး ကျယ်ပြောကာ အလင်းအလုံးတစ်ခုနှင့် တူသည်။
ထိုအတွင်း၌ လူတစ်ယောက်သည် မြက်ဦးထုပ်တစ်ခု ရှိကာ ၎င်းကို ပန်းပင်အချို့၊ အပင်အချို့က ဝန်းရံထား၏။ ထိုဦးထုပ်အတွင်း၌ ဝတ်စုံနက်အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သူသည် ကျင့်ကြံနေခြင်း မဟုတ်၊ လက်ထဲတွင် အစိမ်းရောင်သစ်ရွက်တစ်ရွက်ကိုင်ကာ ၎င်းပေါ်ရှိ သစ်ရွက်အကြောများကို လေ့လာနေခြင်းပင်။
ထိုအဘိုးအိုမှာ ပထမတိုက်ပွဲအတွင်း ပေါ်လာခဲ့သည့် အလွန်အစွမ်းထက်သော ကျင့်ကြံသူ၊ တစ္ဆေအိုကြီးကျန့်ပင်။
တစ္ဆေအိုကြီးကျန့် မည်သည့်နေရာတွင် ပုန်းအောင်နေသည်ကို မည်သူကမျှ သိလိမ့်မည် မဟုတ်ပေ။ သို့မဟုတ် သူက ဒီအပျက်အစီးမိုးကြိုးကောင်းကင်ဘုံနယ်မြေအတွင်း၌ ပုန်းနေလိမ့်မည်ဟု မည်သူကမျှ ထင်မိလိမ့်မည် မဟုတ်ပါ။
တစ္ဆေအိုကြီးကျန့်က လက်ထဲတွင် အစိမ်းရောင်သစ်ရွက်ကို ကိုင်ထားလျက် လေ့လာကြည့်ရှုနေ၏။ ထိုစဉ် သူက ရုတ်တရက် အကွာအဝေးတစ်ခုသို့ လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးက တောက်ပသွား၏။ သို့သော် အနီးကပ်ကြည့်ပါက ထိုတောက်ပမှုမှာ ရွှေရောင်အငွေ့အသက် ပါဝင်နေသည်ကို မြင်နိုင်ပေလိမ့်မည်။
သို့ပေမည့် ထိုရွှေရောင်က အားပျော့လွန်း၏။ လုံးဝ မထင်မရှား ဖြစ်လုနီးပါးပင်။
“ကောင်းကင်ဘုံသား…” တစ္ဆေအိုကြီးကျန့်၏ မျက်လုံးသူငယ်အိမ် ကြုံ့သွား၏။ သူ့လက်ထဲရှိ အစိမ်းရောင်သစ်ရွက်မှာလည်း ပျက်စီးသွားသည်။
တစ္ဆေအိုကြီးကျန့်သည် ဖြည်းဖြည်းချင်း ထလာ၏။ သူ၏အကြည့်က လေဟာနယ်ကို ထွင်းဖောက်ကာ သူ့ကို ခံစားမိစေသော အရာထံသို့ လှမ်းကြည့်လိုက်သည့်အလား။
သူ၏အကြည့်က လောကကို ထွင်းဖောက်မြင်နိုင်သည်။ အတွင်းနှင့်အပြင်နယ်မြေနှစ်ခုစလုံးကို မြင်နိုင်၏။ သို့သော် ထိုအခိုက်တွင် သူသည် ထိုခံစားချက်ကို ပေးသော လူကိုမူ မရှာတွေ့နိုင် ဖြစ်ရသည်။
“မြင့်မြတ်သောကောင်းကင်ဘုံသားများ ဖြစ်နေမလား…” တစ္ဆေအိုကြီးကျန့်သည် တုန်လှုပ်မိနေကော လေးလေးပင်ပင် အသက်ရှုလိုက်မိ၏။ သူသည် အချိန်အတန်ကြာပြီးမှ ပြန်တည်ငြိမ်လာနိုင်သည်။ သူက အစစ်အမှန်ကောင်းကင်ဘုံသားတစ်ယောက်၏ သွေးမျိုးဆက်မှာ အလွန်သန့်စင်ပြီး မြင့်မြတ်သည်ကို သိထားသည့်အလား။ ထို့ကြောင့် သူသည် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို ခံစားမိခြင်းပင်။ သို့သော် သူက ထိုခံစားမှု ထွက်ပေါ်လာသော နေရာကိုမူ မရှာနိုင်ဘဲ ရှိ၏။
ထိုအရာသည် အလွန်ဆန်းကြယ်သောမန္တာန်၊ သွေးမျိုးဆက်မန္တာန်တစ်ခုပင်။
ကောင်းကင်ဘုံသား၏ သွေးမျိုးဆက် ပိုသန့်စင်လေလေ တခြားသူများအဖို့ ထိုကောင်းကင်ဘုံသားကို ရှာတွေ့နိုင်ဖို့ ပိုခက်ခဲလေပင်။ ယေဘုယျနေရာသည်ပင်လျှင် သိပ်သည်းသောမြူများနှင့် ဖုံးအုပ်ထားသည်သာ။
ထို့အတွက်ကြောင့် ဆင့်ခေါ်ခြင်းမြစ်မှ လူငယ်က နားလည်မှုလွဲကာ ကောင်းကင်ဘုံသားတစ်ယောက် ဆင်းသက်လာခြင်းဟု တွေးထင်ခဲ့တာ ဖြစ်၏။ သူက မဟာမိတ်ဌာနချုပ်အတွင်း ဖြစ်ပျက်နေပုံကို မတွေ့မြင်နိုင်ပေ။ သူက တုန်လှုပ်ဖွယ်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သည် အတွင်းနယ်မြေမှ ထွက်ပေါ်လာသည်ကိုသာ ခံစားမိနိုင်သည်။
“အခု ဆင်းသက်လာတဲ့ ကောင်းကင်ဘုံသားမှာ အလွန်သန့်စင်တဲ့သွေးမျိုးဆက် ပိုင်ဆိုင်ထားတဲ့အတွက် သူ့အဆင့်အတန်းဟာ မြင့်မြတ်တော်ဝင်လောက်တယ်။ ဒါပေမဲ့ သူ့ကျင့်ကြံမှုအဆင့်ဟာ သိပ်မမြင့်မားဘူး။ အဆင့်ခုနစ်ကောင်းကင်ဘုံသားပဲ ရှိသေးတယ်။ ငါသာ ဒီမဟာကံကောင်းမှုကို ပိုင်ဆိုင်ပြီး ကောင်းကင်ဘုံအမွေအနှစ်ကိုသာ ရယူနိုင်လိုက်ရင်…။ ငါ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဟာ လေဟာနယ်အတိဒုက္ခအစောပိုင်း အဆင့်ပဲ။ ဒါက မြေကမ္ဘာကောင်းကင်ဘုံ အဆင့်နဲ့ ညီမျှတယ်။ ငါသာ သူ့ရဲ့ သွေးမျိုးဆက်ကို ရလိုက်နိုင်ရင်…”
တစ္ဆေအိုကြီးကျန့်သည် ငြိမ်သက်စွာ စဉ်းစားနေ၏။
အတွင်းနယ်မြေ၌ နောက်ထပ်နေရာတစ်ခု ရှိသေး၏။ ထိုနေရာသည် ကျယ်ပြောသော ကုန်းမြေတစ်ခု ဖြစ်ကာ ကောင်းကင်မှာ မှိန်ဖျော့နေ၏။ ၎င်းက အတွင်းနယ်မြေအတွင်း၌ တည်ရှိခြင်းပင်။ သို့သော် တစ်ချိန်တည်းမှာလည်း မတည်ရှိဟု ဆိုနိုင်သည်။
ပို၍ တိတိကျကျဆိုရသော် ယင်းနေရာသည် အတွင်းနယ်မြေနှင့် ထပ်နေသော လောကတစ်ခု ဖြစ်၏။ သို့သော် ၎င်းကအတွင်းနယ်မြေ၏ အထက်တွင် တည်ရှိနေခြင်းပင်။
ဆိုလိုသည်မှာ ပန်းချီကားတစ်ချပ်အတွင်း၌ ဖုံးကွယ်ထားသော နောက်ထပ်ပန်းချီကားတစ်ချပ်နှယ်။ ပထမပန်းချီကားကို ဖွင့်လှစ်နိုင်မှသာ အတွင်းရှိ အစစ်အမှန်ကို မြင်တွေ့နိုင်မည့် သဘောမျိုးပင်။
ထိုနေရာတွင် ရှေးဟောင်းနတ်ဘုရားများ၊ ရှေးဟောင်းနတ်ဆိုးများ၊ ရှေးဟောင်းမိစ္ဆာများ၏ ရုပ်တုများ ပြန့်ကျဲတည်ရှိနေ၏။ ယင်းနေရာသည် ဝမ်လင်း သူ၏နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်ကျော်ခဲ့ချိန်က တွေ့မြင်ခဲ့ရဖူးသော နေရာပင်။ ဆင့်ခေါ်ခြင်းမြစ်မှ လူငယ်သည်လည်း ဤနေရာကနေ လာခဲ့သူ ဖြစ်သည်။
ထိုနေရာသည် အတွင်းနယ်မြေ၏ ကောလဟာလများအရ ပျောက်ကွယ်သွားပြီ ဖြစ်သော ရှေးဟောင်းကောင်းကင်ဘုံနယ်မြေပင် ဖြစ်လေ၏။
ထိုနေရာတွင် ရုပ်တုပေါင်းတစ်သောင်းနီးပါး ရှိကာ နေရာအနှံ့ ပျံ့နေသည်။ ဗဟိုချက်တွင်မူ ကျန်သည့်ရုပ်တုများထက် ပိုကြီးမားသော ရုပ်တုလေးခု ရှိနေ၏။
မျက်ခုံးနှစ်ခုကြား၌ ရှေးဟောင်းနတ်ဘုရားကြယ်များ မရှိတော့သော ရှေးဟောင်းနတ်ဘုရားတစ်ပါး။ တစ်ယောက်ယောက်က ထိုကြယ်များကို စုပ်ယူသွားခဲ့သည့်အလား။ အနီးကပ်ကြည့်ပါက ထိုရှေးဟောင်းနတ်ဘုရား၏မျက်ခုံးကြားတွင် ခပ်နက်နက်အပေါက်တစ်ခု ရှိနေ၏။ ထိုအပေါက်အတွင်း၌ ရွှေရောင်အလင်းဖြင့် ခြုံလွှမ်းထားသော ပုံရိပ်တစ်ခု ထိုင်နေသည်။
ကျန်သည့်အဓိကရုပ်တု သုံးခုမှာလည်း အလားတူပင်။
“ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်…။ ဘယ်လောက်အစွမ်းထက်လိုက်တဲ့ စွမ်းအင်လဲ။ ဆရာသာ ဒီစွမ်းအင်ကို ရခဲ့ရင် သူ့နိုးထမှုနှုန်း ပိုမြန်သွားပြီး သူ့မှတ်ဉာဏ်တွေပါ ပြန်ရလာနိုင်လောက်တယ်…” ပထမဆုံးရုပ်တုအတွင်းရှိ ရွှေရောင်ပုံရိပ်က ထိုသို့ ခပ်တိုးတိုး ရေရွတ်၏။ ထို့နောက် သူ့ညာလက်ကို ရှေးဟောင်းနတ်ဘုရားထံမှ ဆန့်ထုတ်သည်။ သို့သော် သူ့လက် ပင့်မြှောက်လိုက်ချင်းချင်း ရှေးဟေင်းနတ်ဘုရားထံမှ ထူးဆန်းသောအားတစ်ခု ထွက်ပေါ်လာကာ မျက်ခုံးနှစ်ခုကြားတွင် မြန်ဆန်စွာ စုဝေး၍ ဆန်းကြယ်သောချိပ်ပိတ်မှု တစ်ခုအဖြစ် ပြောင်းလဲသည်။
ထိုရွှေရောင်ပုံရိပ်၏ ညာလက်က ထိုချိပ်ပိတ်မှုနှင့် ထိမိသွားသည်နှင့် နောက်ပြန်ကန်သွားသည်။ ထိုတွင်းပေါက်ထံမှ ဒေါသတကြီးအော်သံ ထွက်ပေါ်လာလေ၏။
ဒုတိယရုပ်တုအတွင်း၌လည်း နောက်ထပ် ရွှေရောင်ပုံရိပ်တစ်ခု ရှိနေသည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “တောက်…ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို နောက်ထပ် ထပ်မဖြုန်းတီးတော့နဲ့။ ဒီချိပ်ပိတ်မှုက ငါတို့ကို ပိတ်လှောင်ထားတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ဒါပေမဲ့ ငါတို့ ဒါကို ချိုးဖျက်နိုင်ဖို့က သိပ်ကြာတော့မှာ မဟုတ်ဘူး…”
“ဟင်္သာငှက်အိုကြီး…မင်းက ဉာဏ်များတဲ့နေရာ၊လှည့်ဖြားတဲ့နေရာမှာ တော်တယ်။ ဒီအစီအစဉ်ရဲ့ အောင်မြင်နိုင်တဲ့ အခွင့်အရေးက ဘာများလဲ…” တတိယရုပ်တုထံမှ လေးလေးနက်နက်အသံတစ်သံ ထွက်ပေါ်လာသည်။
“ဒါက မကျရှုံးလောက်ဘူး။ ရလဒ်က မကြာခင် ပေါ်လာတော့မှာပါ…”
ထိုကြီးမားသော ရုပ်တုလေးခုသည် ရှေးဟောင်းကောင်းကင်ဘုံအင်ပါယာ၏ မဟာဗိုလ်ချုပ်လေးယောက်ကို ချိပ်ပိတ်ထားခြင်း ဖြစ်သည်။ ထိုဗိုလ်ချုပ်လေးယောက်မှာ အဇူရာနဂါး၊ ကျားဖြူ၊ ဟင်္သာငှက်နှင့် လိပ်နက်တို့ ဖြစ်ကြသည်။
ဝမ်လင်းသည် ဒီနေရာတွင် ရှိနေပြီး ဤအဖြစ်ကို တွေ့မြင်ခဲ့ပါက သူသည် တုန်လှုပ်မိပေမည်။ သူ ပထမဆုံး တွေးမိမည်မှာ အစစ်အမှန်ဟင်္သာငှက်ကို ဒီနေရာတွင် ချိပ်ပိတ်ထားသည် ဆိုပါက သူ့ကိုယ်သူ ပထမမျိုးဆက်ဟင်္သာငှက်ဟု ဟန်ဆောင်ခဲ့သော လူမှာ မည်သူ ဖြစ်နေမည်နည်း။
တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်း၊ မဟာမိတ်ဌာနချုပ်။ ဝမ်လင်းက သူ့ညာလက်ဖြင့် ကောင်းကင်ထက်သို့ လက်ညွှန်လိုက်ရာ ဧရာမလက်ဝါးကြီးသည် တောင်နှင့်မြစ်ပန်းချီကားပေါ်သို့ သက်ဆင်းကျလာ၏။
ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေဟန် ပေါက်သော်လည်း အမှန်တော့ သူသည် အလေးအနက် ဖြစ်နေ၏။ အရှင်လုံဖန် နိုးထလာသည့်အခါ သူသည် နိဗ္ဗာနလေဟာနယ်အဆင့်တွင်သာ ရှိနေသေးချိန်၌ ဝမ်လင်းသည် သူ၏လက်နှစ်ဖက်ကို ချိုးဖျက်နိုင်စွမ်း ရှိခဲ့သည်။
သို့ပေမည့် တောင်နှင့်မြစ်ပန်းချီကား ပေါ်လာသည့်အခါ ဒီဂြိုဟ်ကြီးနှင့် ပေါင်းစပ်ထားသော အရှင်လုံဖန်ထံမှ စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့် အစွမ်းထက် အရှိန်အဝါကို ပေးစွမ်းလာတော့သည်။
တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ အပူဇော်ခံမီးတောက်များနှင့် ဆိုပါက သူ၏အော်ရာအရှိန်အဝါသည် ပို၍ပင် သိပ်သည်းကာ အစစ်အမှန် ဖြစ်လာခဲ့သည်။
ဝမ်လင်းသည် အရှင်လုံဖန်မှာ အပူဇော်ခံမီးတောက်များ ပိုင်ဆိုင်သည့် တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခြင်းအပေါ် အံ့အားမသင့်သွားပေ။ ထိုသူက အရှင်ကျုံးရွှမ်၏ ဆရာ၊ ကောင်းကင်ဘုံနယ်မြေ မပြိုလဲမပျက်စီးခင်တည်းက နေထိုင်ရှင်သန်ခဲ့သူ ဖြစ်သည်။ သူသည် ချိပ်ပိတ်နယ်မြေအရှင်သခင်ဟောင်းနှင့်လည်း မျိုးဆက်တူသူ ဖြစ်သည်။
ကောင်းကင်ဘုံနယ်မြေလေးခု မပျက်စီးခင်က ယင်းတို့သည် အပူဇော်ခံမီးတောက်များကို ထုတ်လုပ်နိုင်ခဲ့ကြ၏။ အရှင်လုံဖန်သည် ထိုစဉ်က မဟာကံကောင်းမှုတစ်ခုကို ရရှိခဲ့တာ ဖြစ်ရပေမည်။
သူက သည်ဂြိုဟ်နှင့် ပေါင်းစည်းသည့်အချိန်က မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်ကို မသိရသော်လည်း သူသည် အလွန်အစွမ်းထက်မည်မှာ သေချာသည်။
“စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့်…” ဝမ်လင်းသည် စဉ်းစားနေရင်း သူ့မျက်လုံးက တောက်ပလာ၏။ သူက မြင့်မြတ်သောဆရာထျန်ကျောက်ကို လွယ်လွယ်ကူကူ သတ်ပစ်ခဲ့သည့်ပုံ ပေါက်သော်လည်း အမှန်တွင်မူ သူသည် တွန်းကန်အား၏ အကျိုးဆက်ကို လစ်လျူရှုကာ သူ၏စွမ်းအားအပြည့်ကို အသုံးပြုခဲ့ရပေသည်။
ထိုအရာက သူ၏အကန့်အသတ်သို့ ရောက်နှင့်ပြီးပင်။ အကျိုးဆက်မှာ အလွန်ပြင်းထန်ကာ တွန်းကန်အားကို ဖိနှိပ်ထားနိုင်ဖို့ အလွန်ခက်ခဲလာ၏။ ၎င်းအားက သူ့ခန္ဓာကိုယ်အတွင်း၌ ဗြောင်းဆန်နေကာ သူ၏ခန္ဓာကိုယ် ပျက်စီးတော့မတတ် ခံစားရစေသည်။ တခြားသူများက ထိုအခြင်းအရာကို မတွေ့မြင်နိုင်သော်လည်း ဝမ်လင်းကမူ ယင်းတွန်းကန်အားကို တင်းခံထားရသည်။
ထိုအခိုက်အတန့်တွင် စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နေရစဉ် ဝမ်လင်းထံ၌ ယုံကြည်မှု ရှိမနေတော့ပေ။ ထို့အတွက်ကြောင့်လည်း သူက စွန့်စားကာ စစ်စိတ်ဝိညာဉ်လက်ဝါးကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
စစ်စိတ်ဝိညာဉ်လက်ဝါးကို အသုံးပြုခြင်းသည် ဝမ်လင်းက တွန်းကန်အားနှင့် ပတ်သတ်၍ ဂရုမစိုက်ဘဲ သူ၏စွမ်းအားကို အပြည့်အဝ အသုံးပြုခဲ့ရသော ဒုတိယအကြိမ်ပင်။ သူ့ခန္ဓာကိုယ်တွင်းရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များအားလုံး ပေါက်ကွဲထွက်လာကာ တွန်းကန်သည် သူ၏ခန္ဓာကိုယ်တလျှောက်တွင် ဗြောင်းဆန်လေပြီ။ သူ့အဝတ်အစားအောက်မှ သွေးကြောများသည် ဖောင်းကြွလာကာ မျက်စိဖြင့်ပင် မြင်နိုင်သည်။
သို့ပေမည့် ဝမ်လင်းသည် လုံးဝ ဂရုမစိုက်ပေ။ သူက ဒီနေရာသို့ ချင်းရွှေကို ကယ်တင်ရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဝမ်လင်းသည် ချင်းရွှေကို ကယ်တင်ပေမည်။
ဝမ်လင်း၏အမူအရာက ကြမ်းကြုတ်နေ၏။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထို့နောက် သူ့ညာလက်ကို အောက်ချကာ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များစွာကို စုပ်ယူပြီးနောက် စစ်စိတ်ဝိညာဉ်လက်ဝါးသည် အစစ်အမှန်ကောင်းကင်ဘုံမန္တာန်တစ်ခု ဖြစ်လာတော့သည်။
ကျယ်လောင်စွာ မြည်ဟိန်းမှုများသည် ကောင်းကင်တုန်လှုပ်ဖွယ်ရာတည်း။ လှိုင်းဂယက်များစွာ လက်ဝါးပတ်လည်တွင် ထ၍ ၎င်းလက်ဝါးချက်သည် တောင်နှင့်မြစ်ပန်းချီကားထံ နီးကပ်လာသည်။ ထိုမြင်ကွင်းသည် အလွန်ချောက်ချားဖွယ်ရာပင်။
ထိုလက်ဝါးသည် တောင်နှင့်မြစ်ပန်းချီကားကို ဆွဲဖြစ်လှစ်ဟ တော့မည့်နှယ်။ လက်ဝါးပတ်လည်ရှိ လှိုင်းဂယက်များက တောင်နှင့်မြစ်ပန်းချီကားနှင့် ထိမိလာသည်။ တောင်နှင့်မြစ်ပန်းချီကားထံမှ စုပ်အားက တိုးပွားလာကာ ထိုလှိုင်းဂယက်များကို တွန့်ခေါက်သွားစေ၏။
လှိုင်းများ တွန့်ခေါက်ပုံပျက်သွားစဉ် ဧရာမလက်ဝါးသည် တောင်နှင့်မြစ်ပန်းချီကားနှင့် ထိမိလေပြီ။
ကျယ်လောင်စွာ တုန်ဟည်းသံများ လောကတခွင် ပျံ့နှံ့သည်။ ပြင်းထန်သောဖိသိပ်အားအဖြစ် ပြောင်းလဲ၍ အဘက်ဘက်သို့ ပြန့်ကျဲသည်။ ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တွင်းရှိ တွန်းကန်အားသည် ပေါက်ကွဲထွက်လာသည်။ ၎င်းက သူ၏ခန္ဓာကိုယ်တွင်း၌ ရုန့်ရင်းစွာ သောင်းကြမ်းလေပြီ။
သူ၏မူလစိတ်ဝိညာဉ်ကဲ့သို့ ကောင်းကင်ဘုံခန္ဓာကိုယ်သည် သူ၏အသွေးအသားများကို တိုက်ခိုက်၏။ သူ့အသွေးအသားသည် ကောင်းကင်ဘုံခန္ဓာကိုယ်ကို ဖျက်စီးရန် အလို့ငှာ ပေါက်ကွဲထွက်လာသည်။
ထိုဆန့်ကျင်ဘက်အားနှစ်ခု ထိပ်တိုက်တွေ့မှုက ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ ဆုတ်ဖြဲသံတစ်သံကို ထွက်ပေါ်လာစေတော့၏။ သူ၏ခန္ဓာကိုယ်မှာ ထက်ပိုင်းခြမ်းသွားတော့မည့်အလား။
စစ်စိတ်ဝိညာဉ်လက်ဝါး တောင်နှင့်မြစ်ပန်းချီကား ပေါ်သို့ ကျရောက်သွားသည့်အခါ မထင်မှတ်စွာဖြင့် ထောင့်တစ်ခုကို ဆုတ်ပြဲသွားစေသည်။ ၎င်းလက်ဝါးချက်က ပန်းချီကားအတွင်းသို့ ဝင်ရောက်ကာ အတွင်းရှိ တောင်များ၊မြစ်များကို ခြေမွပစ်လေသည်။
သို့ပေမည့် တောင်နှင့်မြစ်ပန်းချီကားသည် အလွန်အမင်း ဆန်းကြယ်၏။ တောင်နှင့်မြစ်များ ပျက်စီးသည့်အခိုက်တွင် ယင်းတို့သည် ပန်းချီကားပေါ်တွင် အလျင်အမြန် ပြန်ရေးဆွဲသည်။ တစ်ချိန်တည်းမှာ ဧရာမလက်ဝါးကြီး ပေါ်လာကာ စစ်စိတ်ဝိညာဉ်လက်ဝါးကို စတင်လေ့လာသည့်ပုံ ပေါ်သည်။ ခဏအကြာတွင် ၎င်းက ပုံစံအသွင်သဏ္ဌာန် ဖွင့်တည်လာပြီး ဝမ်လင်း၏စစ်စိတ်ဝိညာဉ်လက်ဝါးနှင့် ထိပ်တိုက်တွေ့လေ၏။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ လောကသည် တုန်ခါသည်။ ဂြိုဟ်အတွင်းမှ ဆံဖြူအဘိုးအို၏အော်ရာသည် ထပ်မံ တိုးတက်လာသည့် ပုံရကာ စိတ်ဝိညာဉ်လေဟာနယ်အလယ်အထွတ်အထိပ်အဆင့် တစ်ယောက်၏ ကြောက်မက်ဖွယ်စွမ်းအား လှစ်ဟပေါ်သည်။
“မဟာမိတ်ကို တိုက်ခိုက်တဲ့သူမှန်သမျှ ဖျက်စီးခံရမယ်…” ရှေးဟောင်းအသံ မြည်ဟိန်းကာ ဆုတ်ပြဲသွားသော တောင်နှင့်မြစ်ပန်းချီကားသည် မြန်ဆန်စွာ ပြန်ကောင်းမွန်လာသည်။ ၎င်းသည် ပျံ့နှံ့ကာ ဝမ်လင်းပေါ်သို့ သက်ဆင်းလာသည်။
ဝမ်လင်းသည် ဒေါသတကြီး ပြုံးလိုက်၏။ သူက အဖြူရောင်အလင်းတွင်းရှိ အဘိုးအိုကို စိုက်ကြည့်သည်။ သူ၏ညာလက်ကို ဝေ့ယမ်းသည်။ သူ၏ခန္ဓာကိုယ်မှ လေးတစ်လက် ပေါ်လာသည်။
“သင့်ရဲ့ မဟာမိတ်က ဘာများ အသုံးကျလို့လဲ။ ပြင်ပနယ်မြေဟာ ကျူးကျော်လာခဲ့ပြီး အတွင်းနယ်မြေဟာ များစွာ ထိခိုက်ဆုံးရှုံးထားတယ်။ တိမ်ပင်လယ်ဟာ အမြစ်ဖျက်ခံရလုနီးနီး၊ ဆင့်ခေါ်ခြင်းမြစ် ကျရှုံးသွားပြီ။ အလုံးစုံကောင်းကင်က အစွမ်းကုန် လုပ်ခဲ့တယ်။ တောက်ပသောလေဟာနယ်က ရုန်းကန်နေရတယ်။ ဒါပေမဲ့ သင့်တပည့်ဟာ ပြင်ပနယ်မြေရဲ့ ခွေးတစ်ကောင် ဖြစ်လာခဲ့ပြီး သင့်ရဲ့ မဟာမိတ်ဌာနချုပ်ဟာ ပြင်ပနယ်မြေရဲ့ သိမ်းပိုက်တာ ခံထားရတယ်။ ပြီးတော့ ဒီနေရာမှာ ဖုံးကွယ်နေတဲ့ ခုနစ်ရောင်စုံနယ်မြေတစ်ခုလည်း ရှိနေသေးတယ်…”
“ငါက ခုလက်ရှိ ချိပ်ပိတ်နယ်မြေအရှင်ပဲ။ ငါ ဒီကိုလာခဲ့တာဟာ ခုနစ်ရောင်စုံနယ်မြေကို ဖျက်စီးဖို့နဲ့ ငါ့စီနီယာအစ်ကို ချင်းရွှေကို ကယ်ဖို့၊ ပြင်ပနယ်မြေက ကျင့်ကြံသူတွေကို သတ်ပစ်ဖို့ပဲ။ သင်က ငါ့ကို ဘာကြောင့် တားပိုင်ခွင့် ရှိရတာလဲ…”
“ဘာ…မင်း ဘာပြောလိုက်တယ်…” ရှေးဟောင်းအသံသည် ခဏတာ တုံ့ဆိုင်းသွားလေ၏။
***